အခန်း (၂၈) - အလောင်းအစား
ဘန်ဘူ၏ စကားအဆုံးတွင် ယွမ်ကျန်း၏ မျက်ခုံးများ ရုတ်တရက် လှုပ်ရှားသွားသည်။
ဘန်ဘူဆိုတဲ့ ခွေးအိုကြီးက ငါ့လိုပဲ တခြားကမ္ဘာက ကူးလာတာလား။ ဒါမှမဟုတ် ဟွမ်နိုင်ငံမှာ ငါ့လိုလူမျိုး တစ်ယောက်ယောက် ရှိနေတာလား။
တစ်ချိန်တည်းမှာပင် တချန်းအင်ပါယာ၏ အမတ်များသည် စိတ်ထဲမှ တွက်ချက်နေကြသည်။
ဒါ... ကြည့်ရတာ အများကြီး မဟုတ်သလိုပဲ။
တစ်လတည်း မဟုတ်လား။
ဒီနည်းလမ်းအတိုင်း ပေးမယ်ဆိုရင် ရိက္ခာ တင်း ငါးသိန်း၊ ခြောက်သိန်းလောက်ပဲ ကုန်မှာပါ။
တင်း သုံးသန်းထက်စာရင် အများကြီး သက်သာတာပဲ။
ဧကရာဇ်ဝမ်သည်လည်း စိတ်ထဲမှ တွက်ချက်နေ၏။ သို့သော် တချန်းအင်ပါယာတွင် သင်္ချာဆိုင်ရာ အယူအဆများမှာ အလွန်ပင် အားနည်းလှသည်။ ဧကရာဇ်ဝမ်သည် အတော်ကြာ တွက်ချက်ကြည့်သော်လည်း ဤနည်းလမ်းမှာ အတော်လေး အဆင်ပြေမည်ဟုသာ ထင်မိသည်။
သို့သော် ဘန်ဘူက ၎င်းတို့ကို ကျော့ကွင်းဆင်နေခြင်းလားဟု သူ အနည်းငယ် စိုးရိမ်မိ၏။ ဒါပေမဲ့ ဘယ်လိုပဲ တွက်တွက် ကျော့ကွင်းဟု မထင်ရပေ။ ဤသို့ ပေးလှူခြင်းက တချန်းအင်ပါယာအတွက် ဖိအားလည်း နည်းစေသည် မဟုတ်ပါလား။ အင်း... ဒီအကြံပြုချက်က မဆိုးဘူးပဲ။
“ခမည်းတော်... ဒီနည်းလမ်းက တကယ့်ကို ကောင်းပါတယ်”
ယွမ်လိက ရှေ့သို့ထွက်၍ အကြံပြုလိုက်သည်။ “ကျွန်တော်မျိုး ခုနက တွက်ကြည့်တာတော့၊ ဒီအတိုင်း ပေးမယ်ဆိုရင် ရိက္ခာ တင်း တစ်သန်းတောင် ပြည့်မှာ မဟုတ်ပါဘူး၊ ပြီးတော့ တစ်လတောင် အချိန်ရတာဆိုတော့ ကျွန်ုပ်တို့နိုင်ငံအတွက် ဖိအား အများကြီး လျော့နည်းသွားပါလိမ့်မယ်”
“အင်း”
ရှိစစ်ဖူကလည်း ခေါင်းညိတ် ထောက်ခံသည်။ “ကျွန်တော်မျိုး အထင်တော့ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ”
၎င်းတို့နှစ်ဦး စကားပြောပြီးနောက် အမတ်များလည်း ဝိုင်းဝန်း ထောက်ခံကြတော့သည်။
“အရှင်မင်းကြီး... မဖြစ်နိုင်ပါဘူး”
ထိုစဉ် အမတ်ကြီး ကျန်းဟွေ့က ရုတ်တရက် ကန့်ကွက်လိုက်၏။ “ကျွန်တော်မျိုး ခုနက သေချာ တွက်ချက်ကြည့်တာတော့၊ အကယ်၍ ဒီနည်းလမ်းအတိုင်းသာ ပေးမယ်ဆိုရင်၊ ကျွန်ုပ်တို့နိုင်ငံကနေ ပေးရမယ့် ရိက္ခာဟာ တင်း ငါးသန်းထက်တောင် ပိုသွားနိုင်ပါတယ်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယွမ်လိက ခေါင်းခါလျက် ရယ်မောလိုက်သည်။ “အမတ်ကြီးကျန်း... ဦးနှောက်များ ချောင်နေလို့ တွက်ချက်တာ မှားသွားတာလား”
တင်း ငါးသန်း ဟုတ်လား။ ဘယ်လိုများ တွက်လိုက်တာလဲ။
“ဟုတ်တယ်”
ဒုတိယမင်းသားကလည်း ခေါင်းညိတ်သည်။ “ရက်ပေါင်း သုံးဆယ်တည်းလေ၊ ဘယ်လိုလုပ်ပြီး ရိက္ခာ သန်းနဲ့ချီ ကုန်မှာလဲ။ အမတ်ကြီးကျန်း... အသက်ကြီးပြီဆိုတော့ ဇဝေဇဝါ ဖြစ်နေတာ နေမှာပါ”
“မှားနေပြီ။ မင်းတို့အားလုံး တွက်ချက်တာ မှားနေပြီ”
ကျန်းဟွေ့က ခေါင်းခါလျက် ဆိုသည်။ “ဒါဟာ ကျော့ကွင်းပဲ၊ တင်း ငါးသန်းထက် သေချာပေါက် ပိုလိမ့်မယ်”
ကျန်းဟွေ့သည် စိတ်ပူလွန်းသဖြင့် ရင်ဘတ်ကို ထုကာ ဧကရာဇ်ဝမ်အား လျှောက်တင်ပြန်သည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုး အသက်နဲ့ အာမခံရဲပါတယ်၊ ကျွန်တော်မျိုး တွက်ချက်တာ လုံးဝ မမှားစေရပါဘူး၊ ဒါဟာ တကယ့်ကို ကျော့ကွင်းပါပဲ”
ကျန်းဟွေ့၏ စကားကြောင့် ဧကရာဇ်ဝမ် အတွေးထဲ၌ နစ်မြောသွားလေသည်။ မှန်ပေသည်။ သူကိုယ်တိုင်လည်း ဒါဟာ ကျော့ကွင်းဖြစ်မည်ဟု ထင်နေခြင်း ဖြစ်၏။ သို့သော် သူ အတိအကျ တွက်ချက်၍ မရချေ။ ကျန်းဟွေ့သည် ပညာရှိကြီး တစ်ဦးဖြစ်သလို ဧကရာဇ်ဝမ် အိမ်ရှေ့စံဘဝကတည်းက ဆရာဖြစ်ခဲ့သူ ဖြစ်ရာ၊ အခြားကိစ္စများတွင် မည်သို့ပင်ရှိစေကာမူ ပညာရပ်ပိုင်းဆိုင်ရာတွင်တော့ ကျန်းဟွေ့သည် အလွန် ကျွမ်းကျင်သူ ဖြစ်လေသည်။ ထို့အပြင် ကျန်းဟွေ့က အသက်နှင့်ပင် အာမခံနေသည် မဟုတ်ပါလား။ ဧကရာဇ်ဝမ်သည် ကျန်းဟွေ့ကိုသာ ယုံကြည်ရန် ဆုံးဖြတ်လိုက်၏။
“နိုင်ငံတော်ဆရာကြီး... မင်းက ငါတို့ တချန်းအင်ပါယာမှာ လူတော်မရှိဘူးလို့ ထင်နေတာလား”
ဧကရာဇ်ဝမ်က လှောင်ရယ်လိုက်သည်။ “ငါတို့ တိုင်းပြည်က လူတွေက ဂဏန်းတောင် မတွက်တတ်ဘူးလို့ မင်း ထင်နေတာလား”
“ငါ တချန်းအင်ပါယာကို အထင်သေးမိသွားတာပဲ”
ဘန်ဘူက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်၏။ “ဒါပေမဲ့ ဒီနည်းလမ်းက တချန်းအင်ပါယာရဲ့ ဖိအားကို လျှော့ချပေးနိုင်တာတော့ အမှန်ပဲလေ၊ အခုတော့ မင်းတို့ အကွက်မြင်သွားပြီဆိုမှတော့ ငါလည်း အပိုတွေ ပြောမနေတော့ပါဘူး။ ဒီနည်းလမ်းအတိုင်းသာ သဘောတူစာချုပ် ချုပ်မယ်ဆိုရင်၊ ငါတို့ဘက်က စစ်မြင်း ငါးထောင်ကို ပြန်လည် လဲလှယ်ပေးဖို့ အသင့်ရှိပါတယ်”
စစ်မြင်း ငါးထောင် ဟုတ်လား။
ဘန်ဘူ၏ စကားကြောင့် လူတိုင်း မျက်လုံးများ တောက်ပသွားကြသည်။ စစ်မြင်း ငါးထောင် ဆိုသည်မှာ မနည်းလှပေ။ တချန်းအင်ပါယာ၏ မြင်းမွေးမြူရေးခြံ အားလုံးပေါင်းမှပင် တစ်နှစ်လျှင် စစ်မြင်း တစ်သောင်းခန့်သာ ထွက်ရှိလေသည်။ စစ်မြင်း ငါးထောင်နှင့် ရိက္ခာ တင်း ငါးသန်း လဲလှယ်ခြင်းမှာ တချန်းအင်ပါယာအတွက် အနည်းငယ် ရှုံးသော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။ အနည်းဆုံးတော့ တင်း သုံးသန်း တိုက်ရိုက် ပေးလှူရသည်ထက်စာရင် အများကြီး ပိုပြီး တန်ဖိုးရှိလှ၏။
“ငါးထောင်ဆိုတာ နည်းနည်း နည်းသေးတယ်”
ယွမ်လိသည် ခုနက အရှက်ကွဲခဲ့သဖြင့် ယခုအခါတွင် မိမိ၏ တည်ရှိမှုကို ပြရန် အမြန်ပင် ဆိုလိုက်သည်။ “စစ်မြင်း တစ်သောင်း ဆိုရင်တော့ သင့်တော်ပါတယ်”
“ဟုတ်တယ်၊ ဟုတ်တယ်” ရှောင်ဝမ်ချိုကလည်း ထူးထူးခြားခြား ထောက်ခံလိုက်၏။ “အနည်းဆုံး တစ်သောင်းပဲ”
“မဖြစ်နိုင်ဘူး”
ဘန်ဘူက ချက်ချင်း ငြင်းဆိုသည်။ “အများဆုံး ခြောက်ထောင်ပဲ၊ ဒါဟာ ငါတို့ ဟွမ်နိုင်ငံရဲ့ အဆုံးစွန်ပဲ”
“ကိုးထောင်... ဒါက ငါတို့ရဲ့ နောက်ဆုံးပဲ”
“ခုနစ်ထောင်... ထပ်ပြီး မတိုးနိုင်တော့ဘူး”
“မရဘူး... နှစ်ဖက်လုံး လျှော့ကြရအောင်၊ ရှစ်ထောင်”
“ဒါကတော့...”
ရှစ်ထောင်ဟု ပြောလိုက်ချိန်တွင် ဘန်ဘူသည် စဉ်းစားဟန်ဖြင့် တွန့်ဆုတ်နေလေသည်။ ဧကရာဇ်ဝမ်သည် ထိုအခြေအနေကို မြင်သောအခါ အခွင့်အရေးကို အရယူကာ ဆိုလိုက်၏။ “စစ်မြင်း ရှစ်ထောင်ပဲ၊ အကယ်၍ နိုင်ငံတော်ဆရာကြီး သဘောတူတယ်ဆိုရင် အခုချက်ချင်းပဲ သဘောတူညီချက်မှာ လက်မှတ်ထိုးကြတာပေါ့”
“ဒါကတော့...” ဘန်ဘူသည် စဉ်းစားနေဆဲ ဖြစ်၏။
ဘန်ဘူ၏ ပုံစံကို ကြည့်ပြီး ယွမ်ကျန်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
”ဒီခွေးအိုကြီးက တကယ့်ကို လူယုတ်မာပဲ။ တချန်းအင်ပါယာက စစ်မြင်း လိုအပ်နေတာကို အသုံးချပြီး၊ အာရုံကို စစ်မြင်း အရေအတွက်ဆီ ပြောင်းလိုက်တာပဲ။ ညီလာခံတစ်ခုလုံးက လူတွေဟာ ရိက္ခာ ဘယ်လောက်အထိ ကုန်သွားမလဲ ဆိုတာကို ဂရုမစိုက်ကြတော့ဘူးလား။ ဒီအဖိုးကြီးကတော့ တစ်ဆင့်ချင်းစီကို သူ့ကျော့ကွင်းထဲ ဆွဲသွင်းနေတာပဲ”
“ခမည်းတော်... ခဏလေးပါဦး”
ယွမ်ကျန်းသည် နောက်ဆုံးတွင် ရှေ့သို့ ထွက်လာခဲ့သည်။ သူသည် ဘန်ဘူကို သေချာပေါက် ဆုံးမရန် ဆုံးဖြတ်လိုက်၏။ ဤသည်မှာ သူ အပြစ်ကင်းကြောင်း သက်သေပြရန် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။
“ယွမ်ကျန်း... မင်းနဲ့ မဆိုင်ဘူး၊ ဖယ်စမ်း”
ယွမ်လိက ဒေါသတကြီး ဟောက်လိုက်သည်။ “မင်းရဲ့ အပြစ်တွေကို မမေ့နဲ့ဦး”
လေးယောက်မြောက် ယွမ်ထင်ကလည်း ယွမ်ကျန်းကို စိုက်ကြည့်ကာ ဆို၏။ “ဒီကိစ္စက မင်း ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး”
“ကျွန်တော်မျိုး သေချာပေါက် ဝင်ပါရပါလိမ့်မယ်”
ယွမ်ကျန်းက ခေါင်းခါလျက် ဘန်ဘူကို စိုက်ကြည့်ကာ ဆိုလေသည်။ “နိုင်ငံတော်ဆရာကြီး... မင်းရဲ့ အကွက်က တကယ့်ကို ကောင်းပါတယ်”
“ဟင်”
ဘန်ဘူက ယွမ်ကျန်းကို ပြုံးပြုံးလေး ကြည့်ကာ မေးသည်။ “ဆဋ္ဌမမင်းသားမှာ ဘာထူးခြားတဲ့ အမြင်ရှိလို့လဲ”
ပြောရင်းနှင့် ဘန်ဘူက ယွမ်ကျန်းကို တမင်တကာ မျက်ရိပ်ပြလိုက်ပြန်၏။
၎င်းတို့နှစ်ဦး၏ အကြည့်ချင်း ဖလှယ်မှုကို မြင်သောအခါ ယွမ်လိသည် ဧကရာဇ်ဝမ်အား အမြန် လျှောက်တင်လေသည်။ “ခမည်းတော်... ယွမ်ကျန်းကို ခန်းမထဲကနေ အမြန် ဆွဲထုတ်သွားခိုင်းပါ၊ သူ ဟွမ်နိုင်ငံသားတွေနဲ့...”
“ပါးစပ်ပိတ်စမ်း”
ဧကရာဇ်ဝမ်က ယွမ်လိကို စိုက်ကြည့်လိုက်သည်။ “သူတို့ ပြောတာကို အဆုံးထိ နားထောင်ဦးမယ်၊ သူတို့ ဘာတွေ ပြောကြဦးမလဲဆိုတာ ငါကိုယ်တော် သိချင်တယ်”
ဧကရာဇ်ဝမ်၏ အမိန့်ကြောင့် ယွမ်လိသည် မကျေမနပ်ဖြင့် နေရာသို့ ပြန်သွားရလေသည်။ ရှိစစ်ဖူကတော့ ယွမ်လိအား စကားများများ မပြောရန် မျက်ရိပ်ပြလိုက်၏။ မည်သို့ပင်ဖြစ်စေ ယွမ်ကျန်းသည် သေတွင်းထဲ ရောက်နေပြီဖြစ်ရာ၊ သူ မည်သို့ပင် ကြိုးစားစေကာမူ ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်လိမ့်မည် မဟုတ်ပေ။
“နိုင်ငံတော်ဆရာကြီး... ငါတို့ နောက်ထပ် တစ်ပွဲ လောင်းကြမလား”
ယွမ်ကျန်းက ဘန်ဘူကို စိန်ခေါ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဟင်”
ဘန်ဘူက စိတ်ဝင်တစား မေးသည်။ “ဆဋ္ဌမမင်းသားက ဘယ်လို လောင်းချင်လို့လဲ၊ မနေ့ညက ငါ မင်းကို ရှုံးခဲ့တာဆိုတော့၊ အခု အခွင့်အရေးရတုန်း ပြန်လောင်းချင်တာပေါ့”
သူသည် ယွမ်ကျန်းကို ရှုံးခဲ့သော အရှက်ကို ပြန်လည် ဆယ်ယူချင်နေသည်မှာ အမှန်ပင် ဖြစ်၏။
ယွမ်ကျန်းက ပြုံးလျက် မေးလိုက်သည်။ “အကယ်၍ နိုင်ငံတော်ဆရာကြီး ပြောတဲ့အတိုင်းဆိုရင်၊ ရက်ပေါင်း သုံးဆယ် ပြည့်တဲ့နေ့မှာတင်၊ ငါတို့ဘက်က ပေးရမယ့် ရိက္ခာက အတိအကျ ဘယ်လောက် ရှိမလဲ မင်းသိသလား”
ဘန်ဘူက မဖြေဘဲ ပြန်မေး၏။ “မင်းသားကရော သိလို့လား”
“ငါ သိတယ်လို့ မင်း ထင်သလား” ယွမ်ကျန်းက ပြန်မေးလိုက်သည်။
ဘန်ဘူ ခေတ္တ စဉ်းစားပြီး ပြုံးပြသည်။ “အကြမ်းဖျင်း ဘယ်လောက်ဆိုတာကိုတော့ မင်းသား သိနိုင်ပေမဲ့၊ အတိအကျ ဘယ်လောက်လဲ ဆိုတာကိုတော့ မင်းသား သေချာပေါက် သိမှာ မဟုတ်ဘူး”
သူသည် ယွမ်ကျန်းက အတိအကျ တွက်ချက်နိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။ ဤကမ္ဘာပေါ်တွင် အတိအကျ တွက်ချက်နိုင်သူ ရှိကောင်း ရှိနိုင်သော်လည်း၊ အချိန် အနည်းဆုံး နာရီဝက်ခန့် မယူဘဲနှင့်တော့ မည်သူမျှ မတွက်ချက်နိုင်ကြောင်း သူ သေချာပေါက် သိထားသည်။
“ဒါဆိုရင် အဲ့ဒီအချက်နဲ့ပဲ လောင်းကြတာပေါ့”
ယွမ်ကျန်းက လေးလေးနက်နက် ဆိုလေသည်။ “အကယ်၍ ငါကသာ အဲ့ဒီ ကိန်းဂဏန်းကို အတိအကျ ပြောပြနိုင်ခဲ့မယ်ဆိုရင်၊ ဟွမ်နိုင်ငံဘက်ကနေ ငါတို့နိုင်ငံကို စစ်မြင်း တစ်သောင်း အခမဲ့ ပေးရမယ်”
“ဆဋ္ဌမမင်းသားရဲ့ အလိုရမ္မကတော့ တကယ့်ကို ကြီးမားတာပဲ”
ဘန်ဘူက ရယ်မောလျက် မေးသည်။ “အကယ်၍ မင်းသား ပြောတာ မှားသွားခဲ့ရင်ရော”
ယွမ်ကျန်းက ပြုံးလျက် ဆိုလိုက်၏။ “ငါ့ရဲ့ ဒီဦးခေါင်းကိုပဲ မင်းကို ပေးလိုက်မယ်”
“ဟားဟား”
ဘန်ဘူက အားရပါးရ ရယ်မောလိုက်ပြီး အထင်သေးစွာ ဆိုလေသည်။ “ဆဋ္ဌမမင်းသား... အားနာနာနဲ့ ပြောရရင်တော့၊ မင်းရဲ့ ဦးခေါင်းဟာ စစ်မြင်း တစ်သောင်းနဲ့ မတန်ပါဘူး”
အသုံးမကျတဲ့ မင်းသားတစ်ပါးရဲ့ ဦးခေါင်းက စစ်မြင်း တစ်သောင်းနဲ့ လဲမယ် ဟုတ်လား။ အိပ်မက် မက်နေတာပဲ။ မင်းရဲ့ ခေါင်းကို ရွှေနဲ့ လုပ်ထားရင်တောင် အဲ့ဒီလောက် တန်ဖိုး မရှိဘူး။
“အင်း... အဲ့ဒါလည်း ဟုတ်တာပဲ”
ယွမ်ကျန်းက ခေါင်းကို ပွတ်ရင်း စဉ်းစားဟန် ပြုလိုက်ပြီးနောက် ရုတ်တရက် ယွမ်လိကို လက်ညှိုးညွှန်ပြကာ ပြုံးလျက် ဆိုလိုက်ပါတော့သည်။
“ဒါဆိုရင်တော့ ငါ့ရဲ့ ဦးခေါင်းအပြင်၊ ငါ့ရဲ့ နောင်တော် တတိယရဲ့ ဦးခေါင်းကိုပါ ထပ်ပေါင်းပေးလိုက်မယ်လေ”