အခန်း (၂၇) - ရိက္ခာ
အမတ်များက တညီတညွတ်တည်း တောင်းဆိုကြသော်လည်း ဧကရာဇ်ဝမ်သည် ချက်ချင်း စကားမဆိုဘဲ တန့်နေလေသည်။
“အရှင်မင်းကြီး... ဆဋ္ဌမမင်းသားကို ဟွမ်နိုင်ငံအဖွဲ့နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ခွင့် ပေးရင်ရော ဘယ်လိုလဲ”
ထိုအချိန်တွင် ရှောင်ဝမ်ချိုသည် နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားကာ ရှေ့သို့ ထွက်၍ လျှောက်တင်လေသည်။
“ဆဋ္ဌမမင်းသား ကိုယ်တိုင် ဝန်ခံထားတာကို ထပ်ပြီး ရင်ဆိုင်နေဖို့ လိုသေးလို့လား”
ရှိစစ်ဖူက အသံကို မြှင့်ကာ ဆိုသည်။ “သူ့ကို အခွင့်အရေး ပေးခဲ့ရင်တောင် ဟွမ်နိုင်ငံသားတွေက ဝန်ခံကြမှာတဲ့လား”
ရှိစစ်ဖူ၏ စကားကို အမတ်အများစုက ထောက်ခံကြပြန်သည်။ ယွမ်ကျန်း ကိုယ်တိုင်ပင်လျှင် ထိုစကားကို လက်ခံမိ၏။ ထိုသို့သော အခွင့်အရေး ရခဲ့လျှင်ပင် ၎င်းမှာ အချိန်ဆွဲရုံသာ ရှိမည်။ ဘန်ဘူသည် သူ့ကို အကွက်ဆင်နေခြင်းဖြစ်ကြောင်း မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။ အကယ်၍ အခွင့်အရေး ရပါက မီးလောင်ရာ လေပင့်ကာ ပို၍ပင် အကျပ်ရိုက်အောင် လုပ်ပေလိမ့်မည်။
ရှိစစ်ဖူ၏ စကားတစ်ခွန်းက ရှောင်ဝမ်ချိုကို ဘာမှ ပြန်မပြောနိုင်အောင် ဆွံ့အသွားစေသည်။ စစ်သားတစ်ဦးဖြစ်သော ရှောင်ဝမ်ချိုသည် စကားအရာတွင် အမတ်များကို ယှဉ်နိုင်ရန် ခဲယဉ်းလှ၏။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှောင်ဝမ်ချိုသည် ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးကာ ဒုန်းခနဲ အသံနှင့်အတူ ဒူးထောက်ချလိုက်လေသည်။ “အရှင်မင်းကြီး... ဆဋ္ဌမမင်းသားဟာ မင်းသားတစ်ပါး ဖြစ်ပါတယ်၊ သူ့ကို အသေသတ်မယ်ဆိုရင်တောင် စာတစ်စောင်တည်းနဲ့ မဆုံးဖြတ်သင့်ပါဘူး၊ ကျွန်တော်မျိုးကို ဒီကိစ္စ စုံစမ်းခွင့်ပေးပါ၊ ကျွန်တော်မျိုး အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ပေးပါ့မယ်”
ဒူးထောက် အသနားခံနေသော ရှောင်ဝမ်ချိုကို ကြည့်ပြီး ယွမ်ကျန်း၏ စိတ်ထဲ၌ ကျေးဇူးတင်စိတ်များ ပေါ်ထွက်လာသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် မိမိဘက်မှ ရပ်တည်ပေးသူ ရှိနေခြင်းမှာ အလွန်ပင် တန်ဖိုးရှိလှ၏။ အမှန်တော့ သူနှင့် ရှောင်ဝမ်ချိုမှာ အရင်က မည်သည့် ရင်းနှီးမှုမျှ မရှိဘဲ၊ မနေ့ညက ဧည့်ခံပွဲတွင်သာ စကားအနည်းငယ် ပြောခဲ့ဖူးခြင်း ဖြစ်သည်။
သူ့တွင် ဤအကွက်ကို ဖျက်ရန် နည်းလမ်း ရှိသော်လည်း ရှောင်ဝမ်ချို၏ စေတနာကိုမူ သူ မှတ်သားထားလိုက်လေသည်။
“စစ်သူကြီး ထပါ”
ဧကရာဇ်ဝမ်က မူရွှန့်ကို အချက်ပြ၍ ရှောင်ဝမ်ချိုကို ထူခိုင်းလိုက်ပြီးနောက် ခေါင်းညိတ်ပြသည်။ “စစ်သူကြီး ပြောတာ အကျိုးအကြောင်း ရှိပါတယ်၊ ယွမ်ကျန်းကို အပြစ်မပေးခင်မှာ ဒီကိစ္စကို အရင်ဆုံး အပြတ် စုံစမ်းရမယ်”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
“ကျေးဇူးတင်ပါတယ် ခမည်းတော်”
ရှောင်ဝမ်ချိုနှင့် ယွမ်ကျန်းတို့က ပြိုင်တူ ဆိုလိုက်ကြသည်။
ရှိစစ်ဖူနှင့် ယွမ်လိတို့မှာ ရှောင်ဝမ်ချိုကို မကျေမနပ် ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲနေကြ၏။ သို့သော် ၎င်းတို့မှာ အထူးတလည် စိုးရိမ်ခြင်းတော့ မရှိကြပေ။ ၎င်းတို့သည် အမှိုက်စပင် မကျန်အောင် ရှင်းလင်းထားပြီး ဖြစ်လေသည်။ ရှောင်ဝမ်ချို မည်မျှပင် စုံစမ်းစေကာမူ မည်သည့် အထောက်အထားမျှ ရလာမည် မဟုတ်ပေ။
ရှောင်ဝမ်ချိုက အမှန်တရားကို မဖော်ထုတ်နိုင်သရွေ့ ယွမ်ကျန်းသည် သေဖို့သာ ရှိတော့သည်။ ဤသည်မှာ မူလကပင် သေတွင်းအဖြစ် အကွက်ဆင်ထားခြင်း မဟုတ်ပါလား။
ဧကရာဇ်ဝမ်က ယွမ်ကျန်းကို စိုက်ကြည့်ကာ ဆိုသည်။ “ငါကိုယ်တော့်ကို ကျေးဇူးတင်မနေနဲ့၊ စစ်သူကြီးရှောင်ကိုပဲ ကျေးဇူးတင်လိုက်”
“ကျေးဇူးတင်ပါတယ် နယ်စားမင်း” ယွမ်ကျန်းက အလေးပြုလိုက်၏။
ရှောင်ဝမ်ချိုက လက်ကာပြကာ လေးလေးနက်နက် ဆိုလေသည်။ “အဖိုးကြီးက မင်းသားကို တစ်ကြိမ်လောက် ယုံကြည်ကြည့်ချင်ရုံပါ”
“ကျေးဇူးပါ” ယွမ်ကျန်းက တည်ငြိမ်စွာ ဆိုသည်။
“ကဲ... ဒီကိစ္စကို ခဏ ထားလိုက်ဦးမယ်” ဧကရာဇ်ဝမ်က လက်ကာပြလိုက်ပြီး အမတ်များကို မေးမြန်းသည်။ “နောက်ထပ် တင်ပြစရာ ကိစ္စ ရှိသေးလား”
ဧကရာဇ်ဝမ်သည် စကားပြောရင်း မျက်လုံးထောင့်မှ ယွမ်လိကို တစ်ချက် ဝေ့ကြည့်လိုက်၏။ သို့သော် ယွမ်လိမှာမူ ဧကရာဇ်ဝမ် တော်တော်ကြာ စောင့်နေသော်လည်း ရှေ့သို့ ထွက်မလာပေ။
“အရှင်မင်းကြီး... ဆဋ္ဌမမင်းသားကို အရင်ဆုံး ဖမ်းဆီးထားသင့်ပါသလား” ရှိစစ်ဖူက ဦးညွှတ် မေးမြန်းသည်။
“မလောပါနဲ့ဦး” ဧကရာဇ်ဝမ်က လက်ကာပြလိုက်၏။ “ဟွမ်နိုင်ငံ အဖွဲ့နဲ့ အရင် တွေ့ပြီးမှ ဆက်စဉ်းစားတာပေါ့၊ သူက ထွက်ပြေးနိုင်မှာ မို့လို့လား”
ရှိစစ်ဖူမှာ ဆက်ပြော၍ မရတော့ဘဲ နေရာမှာ ပြန်ရပ်နေရလေသည်။
ယွမ်ကျန်း စိတ်ထဲမှ တွေးတောနေမိသည်။ ”ကြည့်ရတာ ဒီအဘိုးကြီးက ကောလာဟလတွေကို ကြားထားပြီးပြီ ထင်တယ်။ ဧကရာဇ်ဝမ်က အခု သရုပ်ဆောင်နေတာပဲ။ ငါ အကွက်ဆင်ခံရတာကို သူ သိနေတာ သေချာတယ်။ ဘယ်သူက နောက်ကွယ်ကနေ ကြိုးကိုင်နေသလဲ ဆိုတာကို သူက စောင့်ကြည့်ချင်နေတာပဲ။ မဟုတ်ရင်တော့ ငါ့ကို ထောင်ထဲကို အရင် ထည့်ထားမှာပေါ့”
ထိုစဉ် နန်းတော်အပြင်ဘက်မှ မိန်းမစိုးတစ်ဦးက ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝင်ရောက် တင်ပြလေသည်။
“ဝင်ခွင့်ပေးလိုက်”
ဧကရာဇ်ဝမ်က အမိန့်ပေးပြီးနောက် အမတ်များကို မှာကြားလိုက်သည်။ “ယွမ်ကျန်းရဲ့ ကိစ္စကို ဟွမ်နိုင်ငံ အဖွဲ့ရှေ့မှာ ဘယ်သူမှ မဟကြနဲ့၊ သူတို့တွေ ဘယ်လိုအကွက်နဲ့ ပူးပေါင်းနေကြသလဲ ဆိုတာကို ငါကိုယ်တော် ကိုယ်တိုင် ကြည့်ချင်တယ်”
အမတ်များက အမိန့်ကို နာခံကြ၏။ မကြာမီ ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်လာသည်။ ၎င်းတို့သည် အရင်အတိုင်းပင် မောက်မာသော အမူအရာဖြင့် လျှောက်လှမ်းလာကြလေသည်။
“တချန်းဧကရာဇ်ကို တွေ့ရတာ ဝမ်းသာပါတယ်”
ဘန်ဘူသည် သူ၏ ညာဘက်လက်ကို ရင်ဘတ်ပေါ် တင်၍ ဟွမ်နိုင်ငံ၏ လောကဝတ်အတိုင်း အလေးပြုလိုက်သည်။
ဧကရာဇ်ဝမ်က မျက်မှောင်ကြုတ်ကာ မကျေမနပ် ဆို၏။ “နိုင်ငံတော်ဆရာကြီးက ငါနဲ့ ထားခဲ့တဲ့ လောင်းကြေးကို မေ့သွားပြီလား”
“မမေ့ပါဘူး” ဘန်ဘူက ခေါင်းခါပြသည်။ “ဒူးထောက် အလေးပြုတာဟာ မနေ့ညက ပွဲအတွက်ပဲ သက်ရောက်တာပါ၊ ဒီနေ့အတွက်တော့ မဆိုင်တော့ဘူး ထင်တယ်”
”ခွေးအိုကြီး။ အကွက်ချောင်းနေတာပဲ” ဟု ဧကရာဇ်ဝမ်က စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
“ထားလိုက်ပါတော့၊ မနေ့ညကတော့ မင်း ငါ့ကို ဒူးထောက်ခဲ့ပြီးပြီပဲ” ဧကရာဇ်ဝမ်က လက်ကာပြကာ တည်ငြိမ်စွာ ဆိုလေသည်။ “ငါကိုယ်တော် အခုတလော စိတ်မကြည်ဘူး၊ ဒါကြောင့် စကားတွေ အများကြီး ပြောမနေတော့ဘူး၊ ဟွမ်နိုင်ငံက ငါတို့ဆီကနေ ရိက္ခာ ဘယ်လောက်အထိ အကူအညီ တောင်းချင်တာလဲ တည့်တည့်သာ ပြောတော့”
“ရိက္ခာ တင်း သုံးသန်း” ဘန်ဘူက တိုက်ရိုက်ပင် ဆိုလိုက်၏။
“ဘာ”
“တင်း သုံးသန်း ဟုတ်လား”
“ဒါက လုံးဝ မဖြစ်နိုင်ဘူး”
“ရိက္ခာတွေ အကုန် ဟွမ်နိုင်ငံကို ပေးလိုက်ရင် ငါတို့ တချန်းအင်ပါယာက လူတွေက ဘာစားရမှာလဲ”
“ဟုတ်တယ်... ငါတို့ရဲ့ တစ်နှစ်စာ အခွန် ရိက္ခာကတောင် ရှစ်သန်းပဲ ရှိတာကို...”
အမတ်များမှာ ချက်ချင်းပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတော့သည်။ ယွမ်ကျန်းလည်း စိတ်ထဲမှ ကဲ့ရဲ့လိုက်မိ၏။ တင်း သုံးသန်း ဆိုသည်မှာ တကယ်ကို မနည်းလှပေ။
”မင်းတို့ကတော့ တကယ့်ကို အိပ်မက် ကောင်းကောင်း မက်နေတာပဲ”
“မဟုတ်ဘူး... မဟုတ်ဘူး”
ဘန်ဘူက ခေါင်းခါလျက် ပြုံးပြုံးလေး ဆိုသည်။ “ငါ ကြားထားတာကတော့၊ တချန်းအင်ပါယာဟာ ဒီနှစ်မှာ ရိတ်သိမ်းမှု ကောင်းလို့ အခွန် ရိက္ခာ တင်း သန်း သုံးဆယ် ကျော် ရတယ်ဆိုပဲ၊ ငါတို့ တောင်းတာဟာ မင်းတို့ ရသမျှရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိပါဘူး”
ဘန်ဘူ၏ စကားထွက်လာသည်နှင့် အမတ်များအားလုံး မျက်နှာ ပျက်သွားကြသည်။ ထို့နောက် လူအားလုံး၏ အကြည့်မှာ ယွမ်ကျန်းထံသို့ တညီတညွတ်တည်း ရောက်သွားကြတော့၏။
အခွန် ရိက္ခာ မည်မျှ ရရှိသည် ဆိုသည်မှာ လျှို့ဝှက်ချက် မဟုတ်သော်လည်း၊ အဆင့်မြင့် အရာရှိကြီးများနှင့် ဧကရာဇ်၏ အနားတွင် ရှိသူများသာ အတိအကျ သိရှိနိုင်ခြင်း ဖြစ်သည်။ ဘန်ဘူက ဤမျှ အသေးစိတ် မည်သို့ သိနေရသနည်း။ ဤသည်မှာ ယွမ်ကျန်းက သတင်းပေးထားခြင်း ဖြစ်ရမည်ဟု လူတိုင်းက ထင်မှတ်လိုက်ကြတော့သည်။
ယွမ်ကျန်းမှာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ ငြိမ်နေရလေသည်။ ”တကယ်ကို တော်တဲ့ အကွက်ပဲ။ ငါ့ကို မျက်ရိပ်လည်း မပြဘူး၊ အကူအညီလည်း မတောင်းဘူး၊ ဒါပေမဲ့ ဒီစကားတစ်ခွန်းတည်းနဲ့တင် ငါ ဟွမ်နိုင်ငံနဲ့ ပူးပေါင်းနေတယ် ဆိုတာကို အတည်ပြုလိုက်သလို ဖြစ်သွားပြီ။ ဒီအကွက်ကို ဆင်တဲ့သူဟာ တကယ်ပဲ လူယုတ်မာပဲ”
ယွမ်ကျန်းသည် ရှိစစ်ဖူနှင့် ယွမ်လိကို လှမ်းကြည့်လိုက်၏။ ထိုလူနှစ်ဦးမှာ မိမိကို အစိုးရိမ်ဆုံးသူများ ဖြစ်ကြသည် မဟုတ်ပါလား။ ရှိစစ်ဖူကတော့ မျက်နှာတွင် ဒေါသထွက်ဟန် ပြနေသော်လည်း စိတ်ထဲတွင်မူ အားရပါးရ ရယ်မောနေလေသည်။
“တင်း သုံးသန်း ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” ဧကရာဇ်ဝမ်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။ “ငါတို့နိုင်ငံက အများဆုံး တင်း ငါးသိန်းပဲ အကူအညီ ပေးနိုင်မယ်၊ ပိုပြီး လိုချင်တယ် ဆိုရင်တော့ စစ်မြင်းတွေနဲ့ လဲခိုင်းလိုက်”
“စစ်မြင်း ကိစ္စကိုတော့ နောက်မှ ဆွေးနွေးတာပေါ့”
ဘန်ဘူက လက်ကာပြကာ ပြုံးလျက် ဆိုသည်။ “တင်း သုံးသန်း ဆိုတာ တကယ်တော့ အများကြီး မဟုတ်ပါဘူး၊ ငါတို့ ဟွမ်နိုင်ငံမှာ သံချပ်ကာ မြင်းတပ် စစ်သည် ခြောက်သိန်း ရှိတယ်၊ လူတစ်ယောက်နဲ့ မြင်းတစ်ကောင်ဟာ တစ်နေ့ကို ရိက္ခာ တစ်တင်းခွဲခန့် ကုန်ကျပါတယ်၊ အကယ်၍ ချွေချွေတာတာ သုံးမယ်ဆိုရင်တောင် အဲ့ဒီ ရိက္ခာတွေက ငါတို့ကို နှစ်လလောက်ပဲ အောင့်ထားနိုင်မှာပါ...”
စစ်သည် ခြောက်သိန်း ဟုတ်လား။
ဘန်ဘူ၏ စကားကြောင့် လူတိုင်း၏ မျက်နှာမှာ တွန့်ရှုံ့သွားကြ၏။ ဤသည်မှာ ဗြောင်ကျကျ ခြိမ်းခြောက်ခြင်းပင် မဟုတ်ပါလား။ ဟွမ်နိုင်ငံတွင် စစ်သည် ခြောက်သိန်း ရှိသည်ဆိုသည်မှာ အနည်းငယ် အပိုပြောခြင်း ဖြစ်နိုင်သော်လည်း၊ သုံးလေးသိန်းလောက် ရှိမည်မှာတော့ အမှန်ပင် ဖြစ်လေသည်။
တချန်းအင်ပါယာတွင် စစ်သည် တစ်သန်း ရှိသော်လည်း မြင်းများ ရှားပါးသဖြင့် မြင်းတပ်မှာ တစ်သိန်းခန့်သာ ရှိလေသည်။ အကယ်၍ ဟွမ်နိုင်ငံ၏ မြင်းတပ်များ တောင်ဘက်သို့ ဆင်းလာပါက တချန်းအင်ပါယာအတွက် ခုခံရန် အလွန် ခက်ခဲပေလိမ့်မည်။
ဧကရာဇ်ဝမ်သည် လက်သီးကို တင်းတင်းဆုပ်ကာ အေးစက်စက် ဆိုလေသည်။ “ငါကိုယ်တော် ထပ်ပြောမယ်၊ တင်း သုံးသန်း ဆိုတာ မဖြစ်နိုင်ဘူး၊ အကယ်၍ ဟွမ်နိုင်ငံက စစ်တိုက်ချင်တယ် ဆိုရင်လည်း ငါတို့ တချန်းအင်ပါယာက အဆုံးထိ ယှဉ်ပြိုင်ဖို့ အသင့်ရှိတယ်”
“ဟုတ်တယ်” ရှောင်ဝမ်ချို ထွက်လာကာ ရက်စက်သော အရှိန်အဝါဖြင့် ဆိုသည်။ “ကျွန်တော်မျိုး အသက်ကြီးပြီ ဆိုပေမဲ့ စစ်တပ်ကို ဦးဆောင်နိုင်ပါသေးတယ်၊ အရှင်မင်းကြီး ခွင့်ပြုမယ်ဆိုရင် ကျွန်တော်မျိုး အခုချက်ချင်း စစ်မြေပြင်ကို သွားပါ့မယ်”
ရှောင်ဝမ်ချို ထွက်လာသည်နှင့် စစ်တိုက်လိုသော အုပ်စုဝင် အမတ်များအားလုံး စစ်ထွက်ရန် အသီးသီး တောင်းဆိုကြတော့သည်။
“ငါတို့ ဟွမ်နိုင်ငံဟာ တကယ်ကို စေတနာနဲ့ အကူအညီ လာတောင်းတာပါ”
ဘန်ဘူက အသာအယာ ပြုံးလျက် ဆိုလေသည်။ “အကယ်၍ တချန်းအင်ပါယာက တစ်ခါတည်းနဲ့ တင်း သုံးသန်း ပေးဖို့ ခက်ခဲနေတယ် ဆိုရင်တော့၊ ငါတို့ နည်းလမ်းလေး တစ်ခုလောက် ပြောင်းကြည့်ရင်ရော ဘယ်လိုလဲ”
“ဘယ်လို နည်းလမ်းလဲ” ဧကရာဇ်ဝမ်က လူအများကို တိတ်စေလိုက်ပြီး မေးမြန်းလိုက်၏။
ဘန်ဘူက ပြုံးလျက် ပြန်လည် ဖြေကြားသည်။ “ငါတို့ နှစ်ဖက်စလုံး သဘောတူစာချုပ် တစ်ခု ချုပ်ကြတာပေါ့၊ အချိန်ကာလကို တစ်လ သတ်မှတ်မယ်၊ တချန်းအင်ပါယာက ပထမဆုံးနေ့မှာ ငါတို့ကို ရိက္ခာ နှစ်တင်း ပေးရမယ်၊ ဒုတိယနေ့မှာ လေးတင်း၊ တတိယနေ့မှာ ရှစ်တင်း၊ အဲ့ဒီလိုမျိုး နောက်ရက်တိုင်းမှာ အရင်နေ့ထက် နှစ်ဆ တိုးပြီး ပေးရမယ်၊ အဲ့ဒီလိုနဲ့ တစ်လ ပြည့်အောင် ပေးရင်ပဲ ငါတို့ ဟွမ်နိုင်ငံအတွက် လုံလောက်ပါပြီ...”