အခန်း (၂၆) - ဆဋ္ဌမမင်းသားကို အသေသတ်ရန် အမိန့်ပေးတော်မူပါ
ဧကရာဇ်ဝမ်၏ စကားကို ကြားလိုက်ရချိန်တွင် အမတ်များအားလုံး ချက်ချင်း နားလည်သွားကြသည်။
သူလျှို။
တိုင်းပြည်အတွင်း၌ ဟွမ်နိုင်ငံနှင့် တိတ်တဆိတ် ပူးပေါင်းနေသူ ရှိနေသည်။ ဧကရာဇ်ဝမ် ဤမျှအထိ ဒေါသထွက်နေသည်မှာလည်း မဆန်းပေ။ ကြည့်ရသည်မှာ တစ်ယောက်ယောက်တော့ ဒုက္ခရောက်တော့မည်မှာ သေချာလှသည်။
ယွမ်လိနှင့် ရှိစစ်ဖူတို့သည် တိတ်တဆိတ် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြ၏။ ၎င်းတို့ ထင်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့ပြီ။ ဘန်ဘူသည် အစီအစဉ်အတိုင်း အကွက်ဆင်ပေးခဲ့ပြီ ဖြစ်သည်။ ယွမ်လိက ယွမ်ကျန်းကို လှမ်းကြည့်ကာ စိတ်ထဲမှ အားရပါးရ ရယ်မောနေမိ၏။
”အသုံးမကျတဲ့ကောင်။ ဒါ ငါ့ကို ပြစ်မှားခဲ့တဲ့ အကျိုးဆက်ပဲ။”
ယွမ်ကျန်းကတော့ ခေါင်းငုံ့ထားသော်လည်း စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ ”သေစမ်း။ တော်သေးတာပေါ့ ငါက ကြိုပြီး အကွက်ဆင်ထားလို့။ မဟုတ်ရင်တော့ ဒီတစ်ခါ တကယ်ပဲ အကွက်ဆင် အသတ်ခံရတော့မှာပဲ။”
မူရွှန့်သည် ဦးညွှတ်လျက် ဧကရာဇ်ဝမ်၏ လက်ထဲမှ စာကို လက်နှစ်ဖက်ဖြင့် လှမ်းယူကာ လူတိုင်း ကြားနိုင်အောင် အသံကျယ်ကြီးဖြင့် ဖတ်ပြလေသည်။ “ဆဋ္ဌမမင်းသား...”
စာ၏ အကြောင်းအရာမှာ အလွန် ရိုးရှင်းလှသည်။ ဘန်ဘူက ယွမ်ကျန်းထံ စာရေးပြီး အသိပေးထားခြင်း ဖြစ်၏။ ၎င်းတို့သည် အစောပိုင်း ဧည့်ခံပွဲတွင် ယွမ်ကျန်းနှင့်အတူ ဇာတ်တူကန်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ ရိက္ခာကိစ္စ ဆွေးနွေးသည့်အခါတွင်လည်း ယွမ်ကျန်းဘက်မှ ကူညီပေးရန်နှင့် ကိစ္စပြီးမြောက်ပါက ဟွမ်နိုင်ငံမှ အကြီးအကျယ် ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ရေးသားထားခြင်း ဖြစ်လေသည်။
မူရွှန့် ဖတ်ပြနေသည်ကို နားထောင်ရင်း လူတိုင်း၏ အကြည့်မှာ ယွမ်ကျန်းထံသို့ ရောက်သွားကြတော့သည်။ မူရွှန့် ဖတ်ပြီးသည်နှင့် အမတ်များကြားတွင် တိုးတိုးတိတ်တိတ် ဝေဖန်သံများ ထွက်ပေါ်လာ၏။
“ဆဋ္ဌမမင်းသားက အဲ့ဒီ ရူးဘစ်တုံးကို ဖြေရှင်းနိုင်တာ မဆန်းတော့ဘူး၊ ဒါက ကြိုတင် အကွက်ဆင်ထားတာကိုး”
“နောက်ကွယ်က လောင်းကြေးထပ်တဲ့ ကိစ္စတွေလည်း သူတို့ ကြိုတင် တိုင်ပင်ထားတာ ဖြစ်ရမယ်”
“သေချာတာပေါ့။ နယ်မြေတွေ ပြန်ရအောင် လုပ်ပေးတာက အကြီးမားဆုံး ဂုဏ်ကျေးဇူးပဲလေ။ အဲ့ဒီ ဂုဏ်ကျေးဇူးနဲ့ ဘုရင်အဖြစ် ချီးမြှင့်ခံရအောင် သူတို့ ကြိုပြီး အပိုင်တွက်ထားတာပဲ”
“ဆဋ္ဌမမင်းသားက မြောက်ပိုင်းကို သွားမယ်လို့ ဇွတ်ပြောနေတာက ဟွမ်နိုင်ငံနဲ့ ပူးပေါင်းပြီး ငါတို့ တချန်းအင်ပါယာကို သိမ်းပိုက်ဖို့ ကြံစည်နေတာပဲ ဖြစ်ရမယ်”
“တကယ်ကို နက်နဲတဲ့ အစီအစဉ်ပဲ...”
လူတိုင်းက ယွမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ဝိုင်းဝန်း အပြစ်တင်ကြတော့သည်။ ဉာဏ်ကောင်းလှပါသည်ဆိုသော သူများပင် မဖြေရှင်းနိုင်သည့် ရူးဘစ်တုံးကို ဤအသုံးမကျသော မင်းသားက မျက်စိတစ်မှိတ်အတွင်း ဖြေရှင်းနိုင်ခဲ့သည်မှာ ယခုတော့ အဖြေပေါ်သွားပြီ မဟုတ်ပါလား။ ဒါတွေအားလုံးဟာ ဟန်ဆောင်မှုတွေသာ ဖြစ်လေသည်။
“အရှင်မင်းကြီး... ဒါက တစ်ခုခု ထူးဆန်းနေပါတယ်”
ထိုစဉ် ရှောင်ဝမ်ချိုက ရှေ့သို့ ထွက်လာကာ ဦးညွှတ်၍ လျှောက်တင်လေသည်။ “ကျွန်တော်မျိုး အမြင်အရဆိုရင် ဒါဟာ ဟွမ်နိုင်ငံဘက်က လက်စားချေဖို့အတွက် ဆဋ္ဌမမင်းသားကို တမင် အကွက်ဆင် စွပ်စွဲတာပဲ ဖြစ်ရပါမယ်။ ဆဋ္ဌမမင်းသားဟာ နန်းတော်ထဲမှာပဲ အမြဲ နေထိုင်ခဲ့တာကို အားလုံး သိကြတာပဲ၊ သူက ဟွမ်နိုင်ငံသားတွေနဲ့ ဘယ်လိုလုပ် အဆက်အသွယ် ရှိနိုင်မှာလဲ”
“နယ်စားမင်း ပြောတာ မှားနေပါပြီ”
ယွမ်ချုံက ချက်ချင်း ထွက်လာကာ အသံကျယ်ကြီးဖြင့် ဆိုသည်။ “ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ မရောက်ခင်မှာတင် ဆဋ္ဌမမင်းသားက နန်းတော်ထဲကနေ အပြင်ကို ပြောင်းသွားခဲ့တာပါ။ ဟွမ်နိုင်ငံဘက်က လူတွေက အဖွဲ့ထက် အရင် စောရောက်ပြီး မင်းသားနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
“လိမ်မနေနဲ့” ရှောင်ဝမ်ချိုက အော်ဟစ်လိုက်သည်။ “ဒါဆို အဲ့ဒီမတိုင်ခင်ကရော။ ဆဋ္ဌမမင်းသား အိမ်မပြောင်းခင်ကတည်းက သူ မြောက်ပိုင်းကို သွားပြီး အသေခံမယ်လို့ ပြောခဲ့တာလေ၊ အဲ့ဒီအချိန်မှာလည်း သူက ဟွမ်နိုင်ငံသားတွေနဲ့ တိုင်ပင်ထားပြီးသားလို့ ပြောချင်တာလား”
“အဲ့ဒီအချိန်မှာ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး”
ရှိစစ်ဖူက နောက်ဆုံးတွင် ရှေ့သို့ ထွက်လာကာ ဆိုလေသည်။ “ကျွန်တော်မျိုး အထင်တော့ ဟွမ်နိုင်ငံသားတွေက မြို့တော်ကို ရောက်တာနဲ့ ဆဋ္ဌမမင်းသား မြောက်ပိုင်းကို သွားမယ့်အကြောင်း စုံစမ်းမိသွားလို့၊ မင်းသားကို ရှာပြီး ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်နိုင်ပါတယ်”
ရှိစစ်ဖူ၏ စကားကို လူအများက ချက်ချင်းပင် ဝိုင်းဝန်း ထောက်ခံကြပြန်သည်။
“အကျိုးအကြောင်း ရှိတယ်”
“နယ်စားမင်း ပြောတာ မှန်တယ်”
“ကျွန်တော် သိရသလောက်တော့ ဆဋ္ဌမမင်းသားဟာ သူ မြောက်ပိုင်းကို သွားမယ့်အကြောင်း လူတိုင်းကို လိုက်ပြောနေတာပါ၊ ဒါကို ဟွမ်နိုင်ငံသားတွေ သိသွားဖို့က မခက်လှပါဘူး”
“ဟုတ်တယ်... ငါတို့နိုင်ငံထဲမှာ သူတို့ရဲ့ သူလျှိုတွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ...”
ခဏအတွင်းမှာတင် ယွမ်ကျန်းသည် လူအားလုံး၏ ပစ်မှတ် ဖြစ်သွားတော့သည်။ အားလုံးက အမှန်တရားကို သိမြင်သွားပြီဟု ယူဆနေကြ၏။ ရှောင်ဝမ်ချိုလည်း ဘာမှ ပြန်မပြောနိုင်တော့ဘဲ ဧကရာဇ်ဝမ်အား ဤသည်မှာ ဟွမ်နိုင်ငံ၏ အကွက်သာ ဖြစ်ကြောင်း ထပ်မံ လျှောက်တင်နေသော်လည်း၊ အများစုကမူ ယွမ်ကျန်းအား သစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။
ယွမ်ကျန်းကတော့ မျက်လုံးအသာပင့်ကာ ထိုလူများ၏ မျက်နှာကို တစ်ဦးချင်း မှတ်သားထားလိုက်သည်။ သူ၏ စာရင်းထဲတွင် လူအချို့ ထပ်တိုးလာပြန်ပြီ ဖြစ်၏။
“ပါးစပ်ပိတ်ကြစမ်း”
ဧကရာဇ်ဝမ်က ရုတ်တရက် အော်ဟစ်လိုက်သဖြင့် လူအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။
“ယွမ်ကျန်း... မင်းမှာ ဘာပြောစရာ ရှိလဲ”
ဧကရာဇ်ဝမ်သည် ယွမ်ကျန်းကို အေးစက်စက် စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
ယွမ်ကျန်းက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ ခါးသီးစွာ ပြုံးလျက် ဆိုလေသည်။ “ကျွန်တော်မျိုး... ဘာမှ ပြောစရာ မရှိပါဘူး”
“ဒါဆိုရင်... မင်း ဝန်ခံတာပေါ့”
ဧကရာဇ်ဝမ်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
“ကျွန်တော်မျိုး ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ ထူးခြားမှာ မဟုတ်ပါဘူး” ယွမ်ကျန်းက ဆက်လက် ပြုံးလျက် ဆိုသည်။ “ကျွန်တော်မျိုးမှာ ဖြေရှင်းစရာလည်း မရှိသလို၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းကြောင်း သက်သေပြဖို့လည်း နည်းလမ်း မရှိပါဘူး။ ကျွန်တော်မျိုး မဝန်ခံရင်တောင်၊ ဟွမ်နိုင်ငံသားတွေ ချန်ထားခဲ့တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှေ့မှာ ကျွန်တော်မျိုး ဘာပြောနိုင်မှာလဲ”
“မင်းသား... မင်းဖြေရှင်းလို့ ရပါတယ်” ရှောင်ဝမ်ချိုက သတိပေးလိုက်သည်။ “အဲ့ဒီ ရူးဘစ်တုံး အကြောင်းကို ရှေးဟောင်းကျမ်းထဲမှာ တွေ့ဖူးတယ်လို့ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒီကျမ်းကိုသာ ထုတ်ပြနိုင်ရင် မင်းသားအပြစ်ကင်းကြောင်း သက်သေပြနိုင်မှာပဲ”
ဤသည်မှာ ယွမ်ကျန်းအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ အကယ်၍ သူသာ စာအုပ်ထဲမှ ဖတ်ခဲ့ဖူးကြောင်း သက်သေပြနိုင်လျှင် သူသည် ဟွမ်နိုင်ငံသားများနှင့် ပူးပေါင်းခြင်း မရှိကြောင်း အလိုအလျောက် သက်သေပြပြီးသား ဖြစ်ပေလိမ့်မည်။
“မှန်တယ်” ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြသည်။ “အဲ့ဒီကျမ်းစာကို ငါကိုယ်တော်ဆီ ယူလာပြစမ်း”
“ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စတွေပါ” ယွမ်ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြသည်။ “ကျွန်တော်မျိုး မှတ်မိတာကတော့ အဲ့ဒီကျမ်းအမည်က ‘ကဲဝူ’ ပါ၊ အခုတော့ အဲ့ဒီကျမ်း ဘယ်ရောက်သွားပြီလဲ ဆိုတာကို ကျွန်တော်မျိုးလည်း မသိတော့ပါဘူး...”
ယွမ်ကျန်း၏ စကားကို ကြားသောအခါ ရှောင်ဝမ်ချိုပင် ခေတ္တ ဆို့နင့်သွားရသည်။ စာအုပ်ကို ရှာမတွေ့တော့ဘူး ဟုတ်လား။ နာမည်တစ်ခုတည်း သိနေရုံနဲ့ ဘာအသုံးဝင်မှာလဲ။ နာမည်ကလည်း မင်းဘာသာမင်း လျှောက်ပေးထားတာ ဖြစ်နိုင်တာပဲ မဟုတ်လား။
သေတွင်း။ ဤသည်မှာ တကယ့်ကို သေတွင်းပင် ဖြစ်လေသည်။
ယွမ်ကျန်းသည် အရင်က အသုံးမကျခဲ့သဖြင့် သူ ရှေးဟောင်းကျမ်းစာကို ဖတ်ခဲ့ဖူးသည် ဆိုသည်မှာလည်း မည်သူမျှ ယုံကြည်ရန် ခက်ခဲနေသည်။ မိမိကိုယ်ကိုယ် သက်သေမပြနိုင်သည့် အခြေအနေတွင် ဤအကွက်မှာ သေတွင်းသာ ဖြစ်ချေတော့သည်။ ရန်သူနှင့် ပူးပေါင်းပြီး တိုင်းပြည်ကို ရောင်းစားခြင်းမှာ မင်းသားတစ်ပါး ဖြစ်စေကာမူ သေဒဏ်မှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။
“ညီတော် ခြောက်... မင်းကတော့ ငါတို့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ”
ယွမ်လိက ဟန်ဆောင်ပန်ဆောင် ဝမ်းနည်းဟန်ဖြင့် ဆိုသည်။ “ခမည်းတော်က မင်းအပေါ် ဒီလောက် ယုံကြည်ခဲ့တာ၊ အမတ်တွေ အားလုံးကလည်း မင်း ပုန်ကန်လိမ့်မယ်လို့ မယုံခဲ့ကြဘူး၊ ဒါပေမဲ့ မင်းက ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ရောင်းစားတယ် ဟုတ်လား”
“ဒါက ခမည်းတော်ရဲ့ စိတ်ကို နာကျင်အောင် လုပ်တာပဲ မဟုတ်လား”
“မင်း ခမည်းတော်အပေါ် ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ၊ တိုင်းပြည်ကိုတော့ မရောင်းစားသင့်ဘူးလေ”
ယွမ်လိက ထိုသို့ဆိုရင်း ရင်ထုမနာ ဖြစ်နေဟန် လုပ်ပြနေ၏။ ယွမ်လိ၏ နောက်ဆုံး စကားလုံးမှာ အလွန်ပင် ထိရောက်လှသည်။ ယွမ်ကျန်း ဘာကြောင့် ဤသို့ လုပ်ရသနည်း ဟူသော အကြောင်းပြချက်ကိုပါ တစ်ခါတည်း လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်လေသည်။
ယွမ်ကျန်းသည် အချိန်အတော်ကြာ လျစ်လျူရှုခံထားရသဖြင့် ဧကရာဇ်ဝမ်အပေါ် ရန်ငြိုးရှိနေခြင်းမှာ ဖြစ်နိုင်ချေ ရှိသည် မဟုတ်ပါလား။ ထိုစကားကို ကြားသောအခါ အမတ်များအားလုံး ခေါင်းတငြိမ့်ငြိမ့် ဖြစ်ကုန်ကြသည်။
ယွမ်ကျန်းသည် ယွမ်လိကို အေးစက်စက် ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောပေ။ ဤသည်မှာ ယွမ်လိနှင့် ဟွမ်နိုင်ငံ အဖွဲ့ ပူးပေါင်းပြီး သူ့ကို အကွက်ဆင်ခြင်းဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။ သို့သော် သူ့တွင် အထောက်အထား မရှိသဖြင့် ပြောသော်လည်း အပိုသာ ဖြစ်ပေလိမ့်မည်။
“ခမည်းတော်... ကျွန်တော်မျိုးကို အဆိပ်သောက်ပြီး သေခွင့် ပေးပါတော့”
ကြာမှသာ ယွမ်ကျန်းသည် အားအင်ကုန်ခမ်းနေသော ပုံစံဖြင့် သက်ပြင်းချကာ ဆိုလိုက်လေသည်။
သူသည် ယခုအခါ လောင်းကြေးထပ်နေခြင်း ဖြစ်၏။ ရဲ့ကျိကို လွှတ်၍ ဖြန့်ခိုင်းထားသော ကောလာဟလများ ဧကရာဇ်ဝမ်၏ နားထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့်၊ ဧကရာဇ်ဝမ်သည် သူ့ကို အလွယ်တကူ သေခွင့်ပေးမည် မဟုတ်ကြောင်းကို သူ လောင်းကြေး ထပ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဤအဘိုးကြီးက တကယ်ပဲ အဆိပ်သောက်ခိုင်းလျှင်လည်း ဘန်ဘူနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ခွင့် တောင်းပြီး အချိန်ဆွဲရန်သာ ရှိတော့သည်။
ယွမ်ကျန်း၏ စိတ်ပျက်နေသော ပုံစံကို ကြည့်ပြီး ဧကရာဇ်ဝမ်သည် အတွေးထဲ၌ နစ်မြောသွားလေသည်။
ခဏအကြာတွင် ဧကရာဇ်ဝမ်သည် ခေါင်းမော့ကာ အမတ်များကို ဝေ့ကြည့်လိုက်၏။ “ယွမ်ကျန်းက အပြစ်ကို ဝန်ခံလိုက်ပြီဆိုတော့၊ မင်းတို့ အထင် သူ့ကို ဘယ်လို အပြစ်ပေးသင့်သလဲ”
ဧကရာဇ်ဝမ်၏ စိတ်ထဲတွင် ဘာရှိသည်ကို မည်သူမျှ မခန့်မှန်းနိုင်သဖြင့် ခဏမျှ တိတ်ဆိတ်သွားကြသည်။ နောက်ဆုံးတွင် ရှိစစ်ဖူက ရှေ့သို့ ထွက်လာကာ ပြတ်သားစွာ ဆိုလေသည်။ “အရှင်မင်းကြီး... ရန်သူနှင့် ပူးပေါင်းပြီး တိုင်းပြည်ကို ရောင်းစားခြင်းဟာ ဘယ်သူပဲဖြစ်ဖြစ် ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပါ၊ ဆဋ္ဌမမင်းသား တောင်းဆိုတဲ့အတိုင်း အဆိပ်သောက် သေစေခြင်းဖြင့် နိုင်ငံတော် ဥပဒေကို တရားမျှတအောင် လုပ်ဆောင်ပေးဖို့ ကျွန်တော်မျိုး တင်ပြပါတယ်”
“ဆဋ္ဌမမင်းသားကို အသေသတ်ရန် အမိန့်ပေးတော်မူပါ”
ထိုခဏတွင် အမတ်အများစုသည် ဦးညွှတ်လျက် တညီတညွတ်တည်း လျှောက်တင်ကြတော့သည်။
ထိုလူများကို ကြည့်ရင်း ဧကရာဇ်ဝမ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တိတ်တဆိတ် ဖြတ်ပြေးသွားလေသည်။