အခန်း (၂၄) - အိမ်အရောက်လာပြီး အကွက်ဆင်ခံရသူ
ပန်းပဲဆရာများကို ကောင်းဟယ်၏ ဓားပုံစံအတိုင်း မိမိအတွက် အဆင်ပြေမည့် လက်နက်တစ်ခု ထုလုပ်ရန် မှာကြားပြီးနောက် ယွမ်ကျန်းသည် မိမိအိမ်တော်လိပ်စာကို ပေးခဲ့ပြီး လူသုံးယောက်နှင့်အတူ ထွက်ခွာလာခဲ့သည်။
အပြန်လမ်းတွင် ရှန်မော့ယန့်သည် ယွမ်ကျန်းကို ကြည့်သည့် အကြည့်မှာ အနည်းငယ် ထူးခြားနေ၏။
“ရှင့်မှာလည်း အားသာချက်တွေ ရှိသားပဲ” ရှန်မော့ယန့်က ယွမ်ကျန်းကို ကြည့်ကာ ခဲရာခဲဆစ် ပြုံးပြလိုက်သည်။
“ငါကတော့ တချန်းအင်ပါယာအတွက် သွေးမြေကျ အသက်ပေးခဲ့တဲ့ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မပျက်ပြားစေချင်ရုံတင်ပါ” ယွမ်ကျန်းက အသာအယာ ခေါင်းခါလျက် ဒေါသတကြီး ဆက်ပြောသည်။ “မနက်ဖြန် ညီလာခံမှာ ဒီကိစ္စကို ခမည်းတော်ဆီ အစီရင်ခံရမယ်၊ ဒီကိစ္စကို သေချာပေါက် အပြတ်စစ်ဆေးခိုင်းရမယ်”
“မင်းသား... မဖြစ်ပါဘူး” ကောင်းဟယ်က ရုတ်တရက် တားမြစ်လိုက်၏။
“ဟင်” ယွမ်ကျန်းက ကောင်းဟယ်ဘက် လှည့်ကြည့်ကာ “ဘာလို့ မဖြစ်ရမှာလဲ၊ မင်းလည်း စစ်တပ်ထဲကပဲလေ၊ မင်းရဲ့ ညီအစ်ကိုတွေရဲ့ နစ်နာကြေးတွေ အခိုးခံရတာကို မင်းက ဘာမှမဖြစ်သလို နေနိုင်လို့လား” ဟု မေးလိုက်သည်။
“အင်းလေ” ရှန်မော့ယန့်ကလည်း လေးလေးနက်နက် ခေါင်းညိတ်ကာ ရက်စက်သော အကြည့်ဖြင့် ဆိုသည်။ “ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ နစ်နာကြေးကို ခိုးတဲ့သူဟာ သေဒဏ်နဲ့ပဲ ထိုက်တန်တယ်”
ကောင်းဟယ်က ခေါင်းခါလျက် လေးလေးနက်နက် ဆိုလေသည်။ “မင်းသားရဲ့ ဒီလုပ်ရပ်ဟာ လူအများကြီးရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါလိမ့်မယ်၊ အဲ့ဒီအခါကျရင် မင်းသားရဲ့ ညီလာခံမှာ ရပ်တည်မှုက ပိုပြီး ခက်ခဲသွားပါလိမ့်မယ်”
”ဟင်... ကောင်းဟယ်က ငါ့အတွက် စဉ်းစားပေးနေတာလား။ သူ ငါ့ဘက်ကို တဖြည်းဖြည်း ပါလာပြီလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ကြည့်ရတာ ငါ့ရဲ့ အဖိုးတန်မြင်းတွေကို ပေးလိုက်ရတာ တန်သွားပြီထင်တယ်” ဟု ယွမ်ကျန်း စိတ်ထဲမှ တွေးလိုက်မိသည်။
“ကိုယ်ရံတော်ကောင်း ပြောတာ အကျိုးအကြောင်း ရှိပါတယ်” ရဲ့ကျိကလည်း ခေါင်းညိတ် ထောက်ခံသည်။ “ရှေးယခင်ကတည်းက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို သတ်လို့ မကုန်နိုင်ပါဘူး၊ အကယ်၍ အရှင်မင်းကြီးကသာ ဒါကို စစ်ဆေးလိုက်ရင် မင်းသားမှာ ရန်သူတွေ အများကြီး တိုးလာပါလိမ့်မယ်”
ယွမ်ကျန်းက ခေတ္တ စဉ်းစားဟန်ပြုကာ “ဒါဆိုရင်တော့ ငါ ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်” ဟု ဆိုလိုက်၏။
နှုတ်မှ ထိုသို့ ဆိုသော်လည်း ယွမ်ကျန်း၏ စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက် တစ်ခု ချထားပြီးသား ဖြစ်သည်။ ဤကိစ္စကို ဧကရာဇ်ဝမ်အား သေချာပေါက် ပြောပြရမည်။ သို့သော် သီးသန့်သာ ပြောပြရန် ဖြစ်လေသည်။ သူက ခုတင်အစွမ်းပြထားသူဖြစ်ရာ သူ့ကို စောင့်ကြည့်နေသူများ အလွန်များပြားနေသည်။ ဧကရာဇ်ဝမ်၏ သူလျှိုများကလည်း အနှံ့အပြားပင်။ ယခု အခြေအနေအရ တုကွေ့ယွမ်ကို သူ၏ လက်အောက်သို့ ခေါ်ယူလိုက်ခြင်းမှာ ဧကရာဇ်ဝမ်၏ နားမျက်စိမှ လွတ်နိုင်မည် မဟုတ်ပေ။ မိမိဘာသာ အမှန်အတိုင်း ဝန်ခံခြင်းကသာ ဧကရာဇ်ဝမ်ကို မိမိအပေါ် သံသယ မဝင်စေမည့် နည်းလမ်း ဖြစ်လေသည်။
တွေးတောရင်း လမ်းလျှောက်လာရာ အိမ်တော်သို့ ပြန်ရောက်လာ၏။ တံခါးဝသို့ ရောက်သည်နှင့် တတိယမင်းသား ရောက်နေကြောင်း အစေခံများက သတင်းပို့ကြသည်။
”ဒီလူက ငါ့အိမ်ကို ဘာလာလုပ်တာလဲ၊ ငါ့ကို အကွက်ဆင်ဖို့ ကြံနေပြန်ပြီလား” ဟု ယွမ်ကျန်း စိတ်ထဲမှ တွေးတောနေမိသည်။
“ဒါဆို ကျွန်မ အရင်ပြန်နှင့်မယ်” ရှန်မော့ယန့်သည် ယွမ်လိကို အလေးမပြုချင်သလို၊ ၎င်း၏ လှောင်ပြောင်မှုကိုလည်း မခံချင်သဖြင့် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
ယွမ်ကျန်းမှာ ဘာမှ မတတ်နိုင်ဘဲ ကောင်းဟယ်နှင့် ရဲ့ကျိကိုခေါ်ကာ အိမ်ထဲသို့ ဝင်ခဲ့သည်။
“နောင်တော်... ဘယ်လေတိုက်လို့ ရောက်လာတာလဲ” ယွမ်ကျန်း ဝင်ဝင်ချင်းမှာပင် ယွမ်လိသည် အိမ်ရှင်ကဲ့သို့ ဟန်ပါပါ ထိုင်နေပြီး ယွမ်ကျန်း၏ အစေခံမလေးများက ဘေးမှ ခစားနေသည်ကို တွေ့ရ၏။
“ညီတော် ခြောက်... ငါက အကြွေးလာတောင်းတာ” ယွမ်လိက မျက်မှောင်အသာပင့်ကာ မခိုးမခန့် ပြုံးလျက် ဆိုသည်။ “ခမည်းတော်က ဒီနေ့ မင်းကို ဆုလာဘ်တွေ အများကြီး ပေးထားတယ် မဟုတ်လား၊ ငါ့ဆီက ချေးသွားတဲ့ ငွေတစ်သောင်းကျော်ကို အခု ပြန်ဆပ်လို့ ရပြီထင်တယ်”
”သေစမ်း။ အကြွေးလာတောင်းတာ ဟုတ်လား။ မင်း အိပ်မက် မက်နေလိုက်ဦး။ မင်းဆီက ချေးထားတဲ့ ငွေတွေကို ငါက ပြန်ဆပ်ဖို့ လုံးဝ စိတ်မကူးထားဘူး”
ယွမ်ကျန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် အနားသို့ အမြန်တိုးသွားကာ “နောင်တော် တတိယ... ငွေကိစ္စကို ခဏထားပါဦး၊ ကျွန်တော့်မှာ အလွန့် အလွန် အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိလို့ပါ” ဟု ဆိုလိုက်၏။
အကြွေး လာတောင်းသည် ဟုတ်လား။ ဤသည်မှာ အကွက်ဆင်ခံရရန် သူ့ဘာသာသူ အိမ်အရောက် လာခြင်းပင် မဟုတ်ပါလား။
“မင်း ငါ့ကို ဒါတွေနဲ့ လာမလှည့်စားနဲ့” ယွမ်လိက နှာခေါင်းရှုံ့လျက် “မင်းမှာ ဘာအရေးကြီးတာ ရှိမှာလဲ၊ အရင်ဆုံး ငွေပြန်ဆပ်” ဟု ဆိုလေသည်။
“တကယ် အရေးကြီးတဲ့ ကိစ္စပါ” ယွမ်ကျန်းက ငွေပြန်ဆပ်မည့်ကိစ္စကို လုံးဝ မဟဘဲ ယွမ်လိ၏ အနားသို့ ကပ်ကာ တုကွေ့ယွမ်၏ အကြောင်းကို ပြောပြလိုက်သည်။
ထို့နောက် သူက စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချကာ ဆိုလေသည်။ “ကျွန်တော်ကတော့ မနက်ဖြန် ညီလာခံမှာ ခမည်းတော်ကို ဒီကိစ္စ ပြောပြမလို့ပဲ၊ ဒါပေမဲ့ လူတွေက ပြောကြတယ်... ကျွန်တော့်မှာ အင်အားမရှိတော့ လူတွေကို သွားပြီး မပြစ်မှားသင့်ဘူးတဲ့၊ ဒါကြောင့် နောင်တော် တတိယကပဲ မနက်ဖြန် ညီလာခံမှာ ဒီကိစ္စကို တင်ပြပေးပါလား...”
ယွမ်ကျန်း၏ စကားကို ကြားသောအခါ ယွမ်လိ၏ မျက်နှာမှာ ချက်ချင်းပင် စိမ်းဖန်ဖန် ဖြစ်သွားတော့သည်။
”မင်းကို မင်း လူပြစ်မှားမှာ ကြောက်တယ်ဆိုရင် ငါကရော မကြောက်ဘူးလား။ ပြီးတော့ ဒီကိစ္စမှာ ငါ့ဘက်တော်သားတွေ ဘယ်လောက်တောင် ပါနေမလဲ မသိဘူး။ ငါသာ ဒါကို ညီလာခံမှာ တင်ပြလိုက်ရင် အဲ့ဒီလူတွေက ငါ့ကို အသေမုန်းကုန်မှာပေါ့။ ငါ့ဘက်က လူတွေပါ အကုန် ပြန်လှည့်ကုန်တော့မှာပဲ”
သို့သော် ယွမ်ကျန်းက ဤကိစ္စကို သိသွားပြီ ဖြစ်သည်။ အကယ်၍ သူသာ မတင်ပြခဲ့လျှင် ယွမ်ကျန်းက သီးသန့် သွားပြောပါက ဧကရာဇ်ဝမ်က သူ့ကို သိလျက်နှင့် မတင်ပြသည့်အတွက် အပြစ်တင်ပေလိမ့်မည်။
ယခုအချိန်တွင် ယွမ်လိသည် မိမိပါးကို မိမိ ပြန်ရိုက်ချင်စိတ် ပေါက်သွားတော့သည်။ ဘာမဟုတ်တဲ့ အကြွေးလေး လာတောင်းရာမှ ဤမျှ ကြီးမားသော ပြဿနာနှင့် တိုးရသည် မဟုတ်ပါလား။
“ဒီကိစ္စက အတော်လေး အရေးကြီးတယ်၊ ငါ အခုချက်ချင်း နန်းတော်ကိုသွားပြီး ခမည်းတော်နဲ့ တိုင်ပင်ရမယ်” ယွမ်လိသည် ထရပ်ကာ နှုတ်ပင် မဆက်နိုင်တော့ဘဲ အလျင်အမြန် ထွက်ခွာသွားလေသည်။ သူသည် ရှိစစ်ဖူနှင့် အမြန်ဆုံး တိုင်ပင်ရပေတော့မည်။
ကမူးရှုထိုး ထွက်ပြေးသွားသော ယွမ်လိကို ကြည့်ရင်း ယွမ်ကျန်း၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာ၏။ ရဲ့ကျိလည်း ရယ်ချင်စိတ်ကို အတင်းအောင့်ထားရင်း ”ဒီလူယုတ်မာလေးကတော့ တကယ့်ကို အကွက်မြင်တာပဲ” ဟု စိတ်ထဲမှ ချီးကျူးနေမိသည်။
ယွမ်ကျန်း၏ အိမ်တော်မှ ထွက်လာပြီးနောက် ယွမ်လိသည် ရှိစစ်ဖူ၏ အိမ်တော်သို့ အမြန် ရောက်ရှိလာခဲ့သည်။ သူက ရှိစစ်ဖူအား အကြောင်းစုံ ပြောပြသောအခါ ရှိစစ်ဖူသည်လည်း ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားတော့သည်။
ရှိစစ်ဖူ၏ အမူအရာကို ကြည့်ပြီး ယွမ်လိ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွား၏။ “ဦးလေး... ဦးလေးလည်း ဒီကိစ္စမှာ ပါနေတာလား”
သူ ရုတ်တရက် သတိရလိုက်သည်မှာ ရှိစစ်ဖူသည် အခွန်နှင့် ဘဏ္ဍာရေးဌာန ၏ အကြီးအကဲ မဟုတ်ပါလား။ နစ်နာကြေးတွေကို အများဆုံး ခိုးယူနိုင်သူမှာ သူ၏ ဦးလေးပင် ဖြစ်နိုင်ချေ ရှိလေသည်။
“အဟမ်း... အဟမ်း...” ရှိစစ်ဖူက ချောင်းနှစ်ချက် ဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်၏။ “အခုတော့ နည်းလမ်းကိုပဲ အရင် စဉ်းစားကြတာပေါ့”
“ဦးလေးကတော့...” ယွမ်လိမှာ ဒေါသကြောင့် အသက်ကို ပြင်းပြင်းရှူနေရသည်။ “ခမည်းတော်က မြောက်ပိုင်းတိုက်ပွဲ ကိစ္စကို အခုထိ စိတ်ထဲ ထားနေတာလေ၊ ဦးလေးက ဘာကိုမှ မရှောင်ဘဲ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ နစ်နာကြေးကိုမှ သွားထိရတယ်လို့၊ ဦးလေးမှာ ခေါင်း ဘယ်နှလုံး ရှိလို့လဲ”
ဤကိစ္စကိုသာ အဆုံးထိ စစ်ဆေးလိုက်ပါက သူလည်း ပါသွားနိုင်သည် မဟုတ်ပါလား။
ရှိစစ်ဖူသည် ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားပြီး “ငါက အဲ့ဒီငွေတွေကို မယူရင်၊ မင်းအတွက် လူတွေရဲ့ စိတ်ကို ဝယ်ဖို့ ငွေတွေ ဘယ်က ရမှာလဲ” ဟု ပြန်လည် အော်ဟစ်လိုက်သည်။
ယွမ်လိမှာ ဆို့နင့်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
“အခုတော့ ဒါတွေ ပြောနေလည်း အပိုပဲ” ရှိစစ်ဖူ၏ အသံမှာ ပျော့ပြောင်းသွားသည်။ “အရှင်မင်းကြီးက စစ်သည်တွေရဲ့ နစ်နာကြေး ကိစ္စကို အလွန် အလေးထားတယ်၊ ဒါကြောင့် ဒီကိစ္စကို မင်းကပဲ တင်ပြရမယ်၊ ဒါဟာ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရဖို့ အခွင့်အရေးပဲ”
“ဒါကတော့... ဟုတ်ပါတယ်” ယွမ်လိက ခေါင်းညိတ်ပြသော်လည်း စိုးရိမ်နေဆဲ ဖြစ်၏။ “ဒါပေမဲ့ တကယ် စစ်ဆေးလာရင်ရော...”
“စစ်ချင်လည်း စစ်ပါစေ” ရှိစစ်ဖူက အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။ “စိတ်ချပါ၊ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး၊ အပြစ်တင်ခံမယ့်သူ နှစ်ယောက်လောက် ရှာလိုက်ရင် ရပါတယ်၊ ငါ့ဆီကိုတော့ ရောက်လာမှာ မဟုတ်ဘူး”
“ဒါဆိုရင်တော့ တော်ပါသေးတယ်” ယွမ်လိ စိတ်အေးသွားပြီး ခေတ္တ စဉ်းစားကာ မေးလိုက်သည်။ “ဒီကိစ္စကို အသုံးချပြီး လေးယောက်မြောက် နောင်တော်တို့ အဖွဲ့ကိုပါ တိုက်ခိုက်လို့ ရမလား”
လေးယောက်မြောက် မင်းသား ယွမ်ထင်သည် သူ၏ အကြီးဆုံး ပြိုင်ဘက် မဟုတ်ပါလား။
ရှိစစ်ဖူက ခဏစဉ်းစားပြီး ခေါင်းခါပြလိုက်၏။ “လောလောဆယ်တော့ မလှုပ်ရှားနဲ့ဦး၊ ဒီကိစ္စနဲ့ သူတို့ကို တိုက်ခိုက်လည်း အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ လှုပ်ရှားမယ်ဆိုရင်တော့ သူတို့ကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် လုပ်မှ ဖြစ်မယ်”
“ကောင်းပြီလေ” ယွမ်လိက ခေါင်းညိတ်လိုက်ပြီး “ဒါဆို ကျွန်တော် အခုပဲ ခမည်းတော်ဆီ သွားပြီး သတင်းပို့လိုက်ရမလား” ဟု မေးသည်။
“မင်းက ဘာလို့ ဒီလောက် လောနေရတာလဲ” ရှိစစ်ဖူက ယွမ်လိကို စိုက်ကြည့်လိုက်၏။ “တင်ပြမယ်ဆိုရင်တောင် ငါ အရင် ပြင်ဆင်တာကို စောင့်ပါဦး”
သူ ဘာမှ ပြင်ဆင်ရသေးဘဲ ဇွတ်တင်ပြလိုက်ပါက သူ့ဘာသာသူ သေတွင်းတူးခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
“ဪ” ယွမ်လိသည် စိတ်ပျက်စွာဖြင့် ဦးလေးကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆိုလေသည်။ “ဟွမ်နိုင်ငံဘက်က လူတွေကော စတင် လှုပ်ရှားနေပြီလား မသိဘူး၊ ကျွန်တော်ကတော့ အဲ့ဒီ အသုံးမကျတဲ့ကောင်ကို အခုချက်ချင်းပဲ အပိုင်းပိုင်း ခုတ်ပစ်ချင်နေပြီ”
ယွမ်ကျန်းအကြောင်း ပြောလိုက်သည်နှင့် ယွမ်လိ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာ၏။
ရှိစစ်ဖူက ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်သည်။ “စိတ်ချပါ၊ ဘန်ဘူက ဉာဏ်ကောင်းတဲ့သူပဲ၊ သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ဟွမ်နိုင်ငံဘက်ကလည်း အကွက်ဆင်နေလောက်ပြီ။ ဒီတစ်ခါတော့ အဲ့ဒီ အသုံးမကျတဲ့ကောင်က သေဖို့ပဲ ရှိတော့တယ်”
“ကောင်းပြီ” ယွမ်လိသည် သွားကြိတ်ရင်း ခေါင်းညိတ်လိုက်တော့သည်။