အခန်း (၂၃) - သွေးစွန်းအင်္ကျီတပ်ဖွဲ့
ကောင်းဟယ်၏ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် လေမှုတ်စက်ကို ဆွဲနေသော တုပုကွေ့သည် ခေါင်းလှည့်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ဆိုလေသည်။ “မင်း လူမှားနေပြီ”
“မမှားဘူး”
ကောင်းဟယ်က အမြန်ရှေ့တိုးသွားပြီး ခိုင်မာစွာ ဆိုသည်။ “လွန်ခဲ့တဲ့ ငါးနှစ်က မြောက်ပိုင်းနယ်စပ်မှာတုန်းက မင်းဟာ အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာတင် မြင်းစီးမြားပစ် အစွမ်းပြခဲ့ပြီး ချီးကျူးခံခဲ့ရတဲ့သူပဲ”
“မင်း လူမှားနေပြီ”
တုကွေ့ယွမ်က ထပ်မံ ငြင်းဆိုလိုက်ပြီး မိမိအလုပ်ကိုသာ ဆက်လုပ်နေလေသည်။
ကောင်းဟယ်က ထပ်မံပြောရန် ပြုစဉ် ယွမ်ကျန်းက တားလိုက်၏။ “မင်း ဒီလူကို သိလို့လား”
“ဟုတ်ကဲ့”
ကောင်းဟယ်က ခေါင်းညိတ်ပြသည်။ “သူက မူလက သွေးစွန်းအင်္ကျီတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပါ”
သွေးစွန်းအင်္ကျီတပ်ဖွဲ့ ဟုတ်လား။
ယွမ်ကျန်းက နားမလည်ဟန်ဖြင့် မေးမြန်းသည်။ “အဲ့ဒါက ဘာတပ်ဖွဲ့လဲ”
“ရှင်က သွေးစွန်းအင်္ကျီတပ်ဖွဲ့ကိုတောင် မသိဘူးလား”
ရှန်မော့ယန့်က ယွမ်ကျန်းကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်ကာ စိတ်ထဲမှ ကဲ့ရဲ့လိုက်မိသည်။ ”သူက မြောက်ပိုင်းနယ်စပ်ကို သွားမယ်လို့ အော်နေပြီးတော့ သွေးစွန်းအင်္ကျီတပ်ဖွဲ့ကိုတောင် မသိဘူး ဟုတ်လား”
ရဲ့ကျိက ပြုံးလျက် ရှင်းပြလေသည်။ “သွေးစွန်းအင်္ကျီတပ်ဖွဲ့ဆိုတာ မြောက်ပိုင်းတပ်မတော်ရဲ့ အထူးချွန်ဆုံး လက်ရွေးစင် တပ်ဖွဲ့တစ်ခုပါ၊ တပ်ဖွဲ့ဝင် အင်အား ငါးရာတောင် မပြည့်ဘူးလို့ ပြောကြတယ်၊ ဝင်ခွင့်စည်းကမ်းတွေကလည်း အလွန် တင်းကျပ်ပါတယ်”
“သူတို့ဟာ တိုက်ပွဲတိုင်းမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီအောင် တိုက်ခိုက်လေ့ရှိလို့ သွေးစွန်းအင်္ကျီတပ်ဖွဲ့လို့ ခေါ်တာပါ”
“နှမြောစရာကောင်းတာက ငါးနှစ်က မြောက်ပိုင်းတိုက်ပွဲမှာ အဲ့ဒီတပ်ဖွဲ့ဟာ အထိနာခဲ့ပြီး ဆယ်ယောက်မှာ တစ်ယောက်တောင် မကျန်ခဲ့ပါဘူး၊ အဲ့ဒီနောက်ပိုင်းမှာတော့ လုံးဝ ပျောက်ကွယ်သွားခဲ့တာပါ...”
ရဲ့ကျိ၏ စကားကို ကြားသောအခါ ယွမ်ကျန်း၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားသည်။
မြောက်ပိုင်းကို စောင့်ရှောက်နေသော မြောက်ပိုင်းတပ်မတော်တွင် စစ်သည် နှစ်သိန်းကျော် ရှိလေသည်။ ထိုစစ်သည် နှစ်သိန်းကြားမှ ငါးရာတောင် မပြည့်သော လက်ရွေးစင်များကို ရွေးချယ်ထားခြင်း ဖြစ်ရာ၊ ဤတပ်ဖွဲ့ မည်မျှအထိ အစွမ်းထက်မည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
ဤသည်မှာ တချန်းအင်ပါယာ၏ အထူးတပ်ဖွဲ့ ပင် မဟုတ်ပါလား။
ယွမ်ကျန်းသည် တုကွေ့ယွမ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ “မင်းက သွေးစွန်းအင်္ကျီတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီမှာ ပန်းပဲထုပြီး အသက်မွေးနေရတာလဲ”
“ဒီလောက် ငတုံးဆန်တဲ့ မေးခွန်းကို မမေးစမ်းပါနဲ့” ရှန်မော့ယန့်က ယွမ်ကျန်းကို မျက်စောင်းထိုးရင်း တုပုကွေ့၏ ပြတ်နေသော လက်မောင်းကို လက်ညှိုးညွှန်ပြလေသည်။
ယွမ်ကျန်းမှာ ခေတ္တ ဆို့နင့်သွားပြီးမှ ခေါင်းခါလျက် ဆိုသည်။ “ငါ ဆိုလိုတာက တုခေါင်းဆောင်ရဲ့ ဂုဏ်ကျေးဇူးအရ ဆုလာဘ်တွေ အများကြီး ရသင့်တာပေါ့၊ ပန်းပဲထုပြီး အသက်မွေးရမယ့် အခြေအနေအထိတော့ မဖြစ်သင့်ဘူးလေ”
“မင်းကိစ္စ မဟုတ်ပါဘူး၊ သွားစရာရှိတာ သွားပါ”
တုကွေ့ယွမ်က နှာခေါင်းရှုံ့လျက် လေမှုတ်စက်ကိုသာ ဆက်ဆွဲနေလေသည်။
“တုခေါင်းဆောင်... ရိုင်းပျလှချည်လား”
ကောင်းဟယ်က တုကွေ့ယွမ်ကို အမြန်ဟန့်လိုက်သည်။ “ဒါက အခုလက်ရှိ ဆဋ္ဌမမင်းသားပဲ”
မင်းသားတစ်ပါး ဟုတ်လား။
ပန်းပဲရိုက်နေသော လူသန်ကြီးများမှာ ချက်ချင်းပင် လက်ထဲမှ အလုပ်များကို ရပ်ကာ ဒူးထောက် အလေးပြုကြတော့သည်။ “သာမန်ပြည်သူတွေက ဆဋ္ဌမမင်းသားကို ဂါရဝပြုပါတယ်”
တုကွေ့ယွမ်သည် ယွမ်ကျန်းကို တစ်ချက်ကြည့်ကာ မလိုလားဘဲ ဒူးထောက်လိုက်ရသည်။ “ကျွန်တော်မျိုးက ဆဋ္ဌမမင်းသားမှန်း မသိလို့ စော်ကားမိတာရှိရင် ခွင့်လွှတ်ပါ”
သူသည် ယခုအခါ သာမန်ပြည်သူ ဖြစ်နေသဖြင့် ထုံးစံအရ ဒူးထောက်ရခြင်း ဖြစ်လေသည်။
“မသိလို့ လုပ်မိတာဆိုတော့ အပြစ်မရှိပါဘူး၊ အားလုံး ထကြပါ”
ယွမ်ကျန်းက လက်အသာကာပြလိုက်ပြီး ခုနက မေးခွန်းကိုပင် ထပ်မံ မေးလိုက်သည်။
တုကွေ့ယွမ်က ထရပ်သော်လည်း စကားမပြောပေ။
သူ့ဘေးရှိ ပန်းပဲဆရာ တစ်ဦးကသာ ကိုယ်စား ဖြေပေးလေသည်။ “မင်းသား မသိလို့ပါ၊ တုအစ်ကိုကြီးရဲ့ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် ရတဲ့ နစ်နာကြေးတွေကို အရာရှိတွေက အကုန်လုံးနီးပါး ခိုးယူသွားကြလို့ပါ၊ တုအစ်ကိုကြီးက သူ့ညီအစ်ကိုတွေအပေါ် မျက်နှာပျက်ရတယ်ဆိုပြီး သူရသမျှ ဆုလာဘ်တွေ အကုန်လုံးကို သေဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို ခွဲဝေပေးလိုက်တာပါ...”
ဪ... အဲ့ဒီလိုကိုး။
ယွမ်ကျန်း နားလည်သွားကာ ချီးကျူးလိုက်မိသည်။ “တုခေါင်းဆောင်က တကယ့်ကို သစ္စာရှိတဲ့ ယောကျ်ားကောင်းပဲ”
တုကွေ့ယွမ်က ခေါင်းခါလျက် ဆိုသည်။ “မင်းသား... ကျွန်တော်မျိုးရဲ့ နာမည်ကိုပဲ တိုက်ရိုက် ခေါ်ပါတော့၊ ကျွန်တော်မျိုးက သွေးစွန်းအင်္ကျီတပ်ဖွဲ့ ခေါင်းဆောင် မဟုတ်တော့ပါဘူး”
“ကောင်းပြီလေ”
ယွမ်ကျန်းက ခေါင်းညိတ်ပြကာ တိုက်ရိုက်ပင် ဆိုလိုက်သည်။ “ပန်းပဲရိုက်ရတာ မင်းနဲ့ မသင့်တော်ဘူး၊ မင်းက စစ်မြေပြင်မှာ ရန်သူတွေကို သတ်ဖြတ်ရမယ့်သူပဲ၊ ငါနဲ့အတူ မြောက်ပိုင်းကို လိုက်ခဲ့မလား”
မြောက်ပိုင်း ဟုတ်လား။
တုကွေ့ယွမ်၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားပြီး ခေါင်းခါပြလိုက်၏။ “မင်းသားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးက အခုတော့ အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်နေပါပြီ၊ စစ်မြေပြင်မှာ ရန်သူကို မတိုက်နိုင်တော့ပါဘူး”
“အသုံးမကျတဲ့သူ ဟုတ်လား”
ယွမ်ကျန်းက ရယ်မောလိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါလည်း အသုံးမကျတဲ့သူ တစ်ယောက်ပဲလေ၊ လူတိုင်းက ငါ့ကို အသုံးမကျတဲ့ မင်းသားလို့ ခေါ်နေကြတာပဲ”
တုကွေ့ယွမ် ခေတ္တ ကြောင်သွားပြီး ယွမ်ကျန်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။
လက်ရှိ ဆဋ္ဌမမင်းသားသည် အသုံးမကျသူ ဖြစ်ကြောင်း သူလည်း ကြားဖူးလေသည်။ သို့သော် မင်းသားတစ်ပါးက မိမိကိုယ်ကိုယ် အသုံးမကျသူဟု လူအများရှေ့တွင် ဝန်ခံလိမ့်မည်ဟုမူ သူ လုံးဝ မထင်မှတ်ထားပေ။
“ထူးဆန်းတာ မရှိပါဘူး”
ယွမ်ကျန်းက အေးအေးဆေးဆေးပင် ပြုံးပြလိုက်သည်။ “မင်းကို အမှန်အတိုင်း ပြောရရင်၊ ငါ မြောက်ပိုင်းကို သွားတာဟာ စစ်မြေပြင်မှာ အသေခံဖို့ပဲ၊ မင်းလို အသုံးမကျသူကော စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ အသေမခံချင်ဘူးလား၊ ငါတို့နှစ်ယောက် အဖော်လုပ်လို့ ရတာပေါ့”
ယွမ်ကျန်း၏ စကားကို ကြားသောအခါ ရှန်မော့ယန့်မှာ ယွမ်ကျန်းကို အသားကုန် ထိုးကြိတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
”ဒီလူယုတ်မာ။ သူက မြောက်ပိုင်းကိုသွားပြီး အသေခံဖို့ပဲ ဇွတ်ပြောနေတာလား။ ငါ့ကို တစ်သက်လုံး မုဆိုးမ လုပ်ခိုင်းချင်နေတာလား”
တုကွေ့ယွမ်သည်လည်း ယွမ်ကျန်း၏ စကားကြောင့် တုန်လှုပ်သွားရသည်။ ခဏအကြာမှ ခါးသီးစွာ ပြုံးလျက် ဆိုလေသည်။ “မင်းသားကို အမှန်အတိုင်း လျှောက်တင်ရရင်၊ ငါးနှစ်က တိုက်ပွဲမှာ ကျွန်တော်မျိုးရဲ့ လက်မောင်းတင် ပြတ်သွားတာ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးရဲ့ သတ္တိတွေပါ ပျောက်ကွယ်သွားခဲ့ပါပြီ၊ ကျွန်တော်မျိုးမှာ စစ်မြေပြင်ကို ပြန်သွားဖို့ သတ္တိ မရှိတော့ပါဘူး...”
“ဒါဆိုရင်လည်း အဲ့ဒီသတ္တိတွေကို ပြန်ရှာရမှာပေါ့”
ယွမ်ကျန်းက ခေါင်းခါလျက် ဘေးမှ ရဲ့ကျိကို ညွှန်ပြကာ ဆိုသည်။ “ငါ့ရဲ့ ဒီမရီးရဲ့ ခင်ပွန်းလည်း မြောက်ပိုင်း စစ်မြေပြင်မှာပဲ ကျဆုံးခဲ့တာ၊ မနေ့ညက ငါ သူ့ကို မေးကြည့်တယ်၊ သူ့ခင်ပွန်းရဲ့ နောက်ဆုံးမျက်နှာကို မမြင်လိုက်ရလို့ နောင်တရသလား ဆိုတာကိုပေါ့၊ သူ ဘာပြန်ပြောတယ် ထင်သလဲ”
ဟင်။
ရှန်မော့ယန့် အံ့သြသွား၏။ ”ယွမ်ကျန်းက မနေ့ညက မရီးနဲ့ ဒီအကြောင်းတွေ ပြောခဲ့တာလား”
တုကွေ့ယွမ်က လေးလေးပင်ပင် ဆိုသည်။ “ကျွန်တော်မျိုး နားထောင်ပါ့မယ်”
ယွမ်ကျန်းက အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်စွာ ဆိုလိုက်လေသည်။
“သူက ပြောတယ် - စိမ်းလန်းတဲ့ တောင်တန်းတွေဟာ သစ္စာရှိသူတွေရဲ့ အရိုးတွေကို မြှုပ်နှံဖို့ နေရာတွေပါပဲ၊ ဘာကြောင့်များ မြင်းရေခွံနဲ့ ပတ်ပြီး အိမ်ပြန်လာဖို့ လိုမှာလဲ...”ယွမ်ကျန်း၏ စကားအဆုံးတွင် အားလုံး၏ ရင်ထဲ၌ တုန်လှုပ်သွားကြရသည်။
ရှန်မော့ယန့်သည် ထိုကဗျာစာသားကို အထပ်ထပ် အခါခါ ပြန်လည် တွေးတောနေပြီးနောက် မိမိ၏ မရီးကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
သူမ၏ နုနယ်လှသော ဒုတိယမရီးသည် ဤမျှ ရဲရင့်သော ကဗျာမျိုးကို ရေးစပ်နိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။
မိမိ၏ ဖခင်နှင့် နောင်တော်များသည် တကယ့်ကို ဤကဗျာနှင့် ထိုက်တန်သူများ မဟုတ်ပါလား။
”အင်း... နောက်မှ မရီးဆီမှာ ဒီကဗျာ အပြည့်အစုံကို သေချာ တောင်းရမယ်” ဟု သူမ ဆုံးဖြတ်လိုက်သည်။
ရှန်မော့ယန့်၏ အထင်ကြီးလေးစားသော အကြည့်များကို ရင်ဆိုင်ရချိန်တွင် ရဲ့ကျိမှာ စိတ်ထဲမှ ခါးသီးစွာ ပြုံးနေမိသည်။
”ဒါက ငါရေးတာမှ မဟုတ်တာ။ ဒါက မင်းရဲ့ ခင်ပွန်းလောင်း ကိုယ်တိုင် ရေးထားတာလေ”
ဤဆဋ္ဌမမင်းသားသည် တကယ်ကို အစွမ်းအစတွေကို ဖုံးကွယ်ထားသူ ဖြစ်ကြောင်း သူမ ထပ်မံ အတည်ပြုလိုက်မိသည်။
ဤကဗျာ တစ်ကြောင်းတည်းနှင့်ပင် ဤမင်းသားသည် ကြီးမားသော ရည်မှန်းချက် ရှိသူဖြစ်ကြောင်း သိသာလှ၏။
ဒါ့အပြင် သူသည် တကယ့်ကို သွေးပူသော လူငယ်တစ်ယောက် မဟုတ်ပါလား။
ဒါကြောင့်လည်း သူက မြောက်ပိုင်းကိုသွားပြီး အစွမ်းပြချင်နေတာကိုး။
အသေခံဖို့ ပြင်ထားတယ်ဆိုတာကလည်း စိတ်ဓာတ်ကို ပြသလိုက်တာပဲ ဖြစ်မှာပါ။
“စိမ်းလန်းတဲ့ တောင်တန်းတွေဟာ သစ္စာရှိသူတွေရဲ့ အရိုးတွေကို မြှုပ်နှံဖို့ နေရာတွေပဲ...”
တုကွေ့ယွမ်သည် ထိုကဗျာကို တိုးတိုးလေး ရေရွတ်နေမိသည်။
မသိစိတ်ဖြင့် တုကွေ့ယွမ်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာလေသည်။
ကြာမှသာ တုကွေ့ယွမ်သည် မျက်ရည်များကို သုတ်လိုက်ပြီး ရဲ့ကျိကို ဦးညွှတ်လိုက်၏။ “သခင်မကြီးကို ကျေးဇူးတင်ပါတယ်၊ သခင်မကြီးရဲ့ ဒီကဗျာကို ကျွန်တော်မျိုးရဲ့ သေဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် ရည်စူးခွင့် ပေးပါ၊ သူတို့တွေ သေရကျိုး နပ်သွားပါပြီ...”
ရဲ့ကျိမှာ မျက်နှာ အနည်းငယ် ပူသွားသဖြင့် ယွမ်ကျန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးမှ ဆိုလေသည်။ “တုခေါင်းဆောင်... အားနာစရာ မလိုပါဘူး၊ တုခေါင်းဆောင်ဟာ တကယ့် ယောကျ်ားကောင်း တစ်ယောက်ပဲ၊ လက်တစ်ဖက် ပြတ်သွားတာနဲ့တင် ဒီနေရာမှာ မြှုပ်နှံမနေသင့်ပါဘူး”
“မှန်ပါတယ်၊ သခင်မကြီးရဲ့ ကဗျာတစ်ကြောင်းက ကျွန်တော်မျိုးကို နိုးကြားစေခဲ့ပါပြီ”
တုကွေ့ယွမ်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီးနောက် ယွမ်ကျန်း၏ ရှေ့တွင် ဒူးထောက်လိုက်ပြန်သည်။ “ကျွန်တော်မျိုး ဆဋ္ဌမမင်းသားနဲ့အတူ မြောက်ပိုင်းကို လိုက်ပါ့မယ်၊ တစ်ကိုယ်လုံး ကြေမွသွားရင်တောင် စစ်မြေပြင်မှာပဲ ရဲရဲဝံ့ဝံ့ သေဆုံးပါရစေ”
“ထပါ”
ယွမ်ကျန်းက တုကွေ့ယွမ်ကို ဆွဲထူလိုက်ပြီး ခုနက လက်ဆောင်များ ရောင်းရသော ငွေစက္ကူများနှင့် မိမိကိုယ်ပေါ်ရှိ ငွေဒင်္ဂါး ရာအချို့ကို တုကွေ့ယွမ်ထံသို့ အကုန် ပေးလိုက်လေသည်။
“မင်းသား... မဖြစ်နိုင်တာ”
တုကွေ့ယွမ်က အမြန် ငြင်းဆိုသည်။
“ယူထားလိုက်စမ်းပါ”
ယွမ်ကျန်းက ငွေများကို သူ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။ “ဒါကို ခမည်းတော်ကိုယ်စား အဲ့ဒီ စစ်သည်တွေရဲ့ မိသားစုတွေကို ပေးလိုက်တဲ့ လျော်ကြေးလို့ပဲ သဘောထားလိုက်”
ရှေးယခင်ကတည်းက အကျင့်ပျက် ခြစားသော အရာရှိများမှာ ရှိစမြဲ ဖြစ်လေသည်။
ကျဆုံးသွားသော စစ်သည်များ၏ နစ်နာကြေးများသည် အဆင့်ဆင့် ဖြတ်တောက်ခံရပြီးနောက် မိသားစုဝင်များ၏ လက်ထဲသို့ မည်မျှအထိ ရောက်ရှိပါမည်နည်း။
တုကွေ့ယွမ် ခေတ္တ တိတ်ဆိတ်သွားပြီး မျက်လုံးများ နီမြန်းလျက် ဆိုလေသည်။ “ကျွန်တော်မျိုး ကျဆုံးသွားတဲ့ ညီအစ်ကိုတွေကိုယ်စား မင်းသားကို ကျေးဇူးတင်ပါတယ်”
“ကဲ... ဒါတွေ ပြောမနေနဲ့တော့” ယွမ်ကျန်းက လက်ကာပြလိုက်သည်။ “မင်းရဲ့ ကိစ္စတွေကို အရင် ရှင်းလိုက်ဦး၊ ပြီးရင် ငါ့အိမ်တော်ကို လာခဲ့ပေါ့”
ပြောပြီးသည်နှင့် ယွမ်ကျန်းသည် မိမိအိမ်တော် တည်နေရာကို ပြောပြလိုက်ပြီး၊ ပန်းပဲဆရာများကိုလည်း ကောင်းဟယ်၏ ဓားပုံစံအတိုင်း မိမိအတွက် တစ်လက် သေချာ ထုလုပ်ပေးရန် မှာကြားကာ လူများကို ခေါ်၍ ထွက်ခွာလာခဲ့တော့သည်။