အခန်း (၂၁) - ငါ့ကို အကွက်ကြီးတွေ ထုတ်သုံးအောင် မလုပ်နဲ့
လူအများ တိတ်ဆိတ်သွားကြပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေကြသည်။
“အရှင်မင်းကြီး... ဆဋ္ဌမမင်းသားမှာ တကယ်ပဲ ဂုဏ်ကျေးဇူး ကြီးမားပါတယ်”
ရှိစစ်ဖူ ရှေ့သို့ ထွက်လာကာ ဆိုသည်။ “ဒါပေမဲ့ ကျွန်တော်မျိုး အထင်တော့ အခု ဟွမ်နိုင်ငံဘက်က နယ်မြေတွေ ပြန်ပေးဖို့ နှုတ်ကတိပဲ ပေးထားတာပါ၊ ဒီကိစ္စက အတည်မဖြစ်သေးပါဘူး။ အကယ်၍ အရှင်မင်းကြီးက ဆဋ္ဌမမင်းသားကို ဘုရင်အဖြစ် ထူးထူးခြားခြား ချီးမြှင့်ချင်တယ် ဆိုရင်တောင် ဒီကိစ္စ အပြီးသတ် အတည်ပြုပြီးမှ လုပ်တာက ပိုကောင်းပါလိမ့်မယ်”
“နယ်စားမင်း ပြောတာ မှန်ပါတယ်”
“အဲ့ဒီလိုပဲ ဖြစ်သင့်တယ်”
“အနည်းဆုံးတော့ နယ်မြေပြန်ပေးမယ့် သဘောတူညီချက်မှာ လက်မှတ်ထိုးပြီးမှ ဆက်စဉ်းစားသင့်တာပေါ့”
လူအများက ဝိုင်းဝန်း ထောက်ခံကြလေသည်။
“ခမည်းတော်က အခုထိ အမူးမပြေသေးဘူးလား...”
ထိုစဉ် အနောက်ဘက် တစ်နေရာမှ တိုးတိုးလေး ရေရွတ်သံ တစ်ခု ထွက်ပေါ်လာသည်။ ခဏအတွင်းမှာတင် လူတိုင်း၏ အကြည့်မှာ နောက်ဆုံးတန်းရှိ ယွမ်ကျန်းထံသို့ ရောက်သွားကြ၏။
ဧကရာဇ်ဝမ်သည်လည်း ဒေါသထွက်ရမလို၊ ရယ်ရမလို ဖြစ်သွားကာ ချောင်ထဲမှ ယွမ်ကျန်းကို စိုက်ကြည့်လိုက်သည်။ “ယွမ်ကျန်း... မင်း အခုနက ဘာပြောလိုက်တာလဲ”
“ဗျာ”
ယွမ်ကျန်းက ရုတ်တရက် ခေါင်းမော့ကြည့်ကာ ဧကရာဇ်ဝမ်နှင့် လူအများကို ကြောင်ကြည့်နေမိသည်။ ထို့နောက် သူသည် ကြောက်ရွံ့နေသော အမူအရာကို ချက်ချင်းလုပ်ကာ ထစ်ထစ်ငေါ့ငေါ့နှင့် ဆိုလေသည်။ “ကျွန်တော်မျိုး... ဘာမှ မပြောပါဘူး၊ ဒီနေ့ အစောကြီး နိုးလာလို့ ခုနက ခဏ အိပ်ပျော်သွားတာပါ၊ အိပ်မက်ထဲမှာ... စကားတွေ လျှောက်ပြောမိတာ ထင်တယ်၊ ဟုတ်တယ်... အိပ်မက်ထဲမှာပါ”
ယွမ်ကျန်း၏ ပုံစံကို ကြည့်ပြီး အမတ်များမှာ အားရပါးရ ရယ်ချင်စိတ်ကို အတင်းအောင့်ထားကြရ၏။ ဧကရာဇ်ဝမ်သည်လည်း ယွမ်ကျန်း၏ လိမ်လည်မှုကို မဖော်ထုတ်တော့ဘဲ အော်ဟစ်လိုက်သည်။ “မင်း အိပ်ရေးမဝသေးရင်လည်း ပြန်ပြီး အိပ်တော့”
“ကျေးဇူး... ကျေးဇူးတင်ပါတယ် ခမည်းတော်”
ယွမ်ကျန်းသည် ထိုသို့ဆိုကာ ယောင်နိုးနိုးနှင့် အပြင်သို့ ချက်ချင်း ထွက်သွားရန် ပြုလေသည်။
လမ်းပျောက်နေသလိုနှင့် ကမူးရှုထိုး ထွက်သွားသော ယွမ်ကျန်းကို ကြည့်ပြီး လူအများမှာ မှင်တက်သွားကြ၏။ သူက တကယ်ပဲ ပြန်ပြီး အိပ်တော့မှာလား။
“ရပ်စမ်း”
ဧကရာဇ်ဝမ်သည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဆိုသည်။ “ငါက သွားတော့လို့ ပြောတာနဲ့ မင်းက တကယ် သွားမှာလား”
“အာ... အဲ့ဒါက...”
ယွမ်ကျန်း ပြန်လှည့်လာကာ မျက်လုံးများ ကစားနေလေသည်။
“မင်းနေရာ မင်း ပြန်နေစမ်း”
ဧကရာဇ်ဝမ်က သူ့ကို စိုက်ကြည့်ကာ စိတ်ထဲမှ ဆဲဆိုနေမိသည်။ ဒီအသုံးမကျတဲ့ကောင်။ ဒီလောက် ဂုဏ်ကျေးဇူး ကြီးမားတာတောင် ဘာဆုလာဘ်မှ မရသေးဘဲနဲ့ တကယ်ပဲ ပြန်သွားတာလား။
ယွမ်ကျန်းက ရှက်ကိုးရှက်ကန်း ပြုံးလျက် ချောင်ထဲသို့ ပြန်ဝင်သွားလေသည်။ ”ခမည်းတော် ငါ့ကို ဘုရင်အဖြစ် ချီးမြှင့်မယ့် အကြံကို ဒီလောက်နဲ့ပဲ လက်လျှော့လိုက်ပါတော့။ ဘုရင်ဖြစ်ချင်ရင်တောင် ငါ မြို့တော်ကနေ ထွက်သွားမယ့် အချိန်ကျမှပဲ ပြောတာပေါ့။ အခုတော့ လူတိုင်းရဲ့ ပစ်မှတ် မဖြစ်ချင်သေးဘူး”
“ကဲ... ဘုရင်အဖြစ် ချီးမြှင့်မယ့် ကိစ္စကို ခေတ္တ ဆိုင်းငံ့ထားလိုက်မယ်”
ဧကရာဇ်ဝမ်က လက်ကာပြလိုက်ပြီး ဘေးမှ မူရွှန့်ကို မျက်ရိပ်ပြလိုက်၏။ “အမိန့်တော် ဖတ်လိုက်တော့”
“အမိန့်တော်အတိုင်းပါ”
မူရွှန့်က ခေါင်းညိတ်ကာ အမိန့်တော်ကို စတင်ဖတ်ကြားလေသည်။ “ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အရ - ဆဋ္ဌမမင်းသား ယွမ်ကျန်းသည်...”
မူရွှန့် အမိန့်တော်ဖတ်နေသည်ကို နားထောင်ရင်း အမတ်များမှာ တိတ်တဆိတ် ချွေးပြန်သွားကြသည်။ ဧကရာဇ်ဝမ်သည် အမိန့်တော်ကို ကြိုတင် ရေးသားထားပြီးသား ဖြစ်နေသည် မဟုတ်ပါလား။ သူသည် ယွမ်ကျန်းကို ဘုရင်အဖြစ် ချီးမြှင့်ရန် လုံးဝ စိတ်မကူးခဲ့ပေ။ သူ ထိုသို့ ပြောခဲ့ခြင်းမှာ လူတိုင်းကို စမ်းသပ်ကြည့်ရုံသာ ဖြစ်လေသည်။ သို့သော် ဧကရာဇ်ဝမ်က ၎င်းတို့ကို ဘာကြောင့် ရုတ်တရက် စမ်းသပ်ရသနည်း ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ကြချေ။
ယွမ်ကျန်းသည်လည်း စိတ်ထဲမှ တွေးတောနေမိသည်။ ”ခမည်းတော်က တစ်ခုခု ကြားထားလို့လား။ ငါ ရဲ့ကျိကို လွှတ်ပြီး ဖြန့်ခိုင်းထားတဲ့ သတင်းတွေက ခမည်းတော်ရဲ့ နားထဲကို ရောက်သွားပြီလား။ ဒါဆိုရင်တော့ တော်တော် မြန်တာပဲ။ ဒီခမည်းတော်ရဲ့ သတင်းကွန်ရက်က တကယ့်ကို မသေးဘူးပဲ”
“ဆဋ္ဌမမင်းသား... ဆဋ္ဌမမင်းသား...”
မူရွှန့် ခေါ်လိုက်မှသာ ယွမ်ကျန်း သတိဝင်လာသည်။
ယွမ်ကျန်းက ကြောင်ကြည့်ကာ မေးလိုက်၏။ “မူအကြီးအကဲ... ဘာကိစ္စ ရှိလို့လဲ”
“ဟားဟား...”
ယွမ်ကျန်း၏ စကားကြောင့် လူအများက ဝိုင်းရယ်ကြတော့သည်။ ဒီဆဋ္ဌမမင်းသားကတော့ ပထမဆုံးအကြိမ် ဆုလာဘ်တွေ အများကြီး ရလို့ ကြောင်နေရှာပြီ။
“ဟန့်... ဟန့်...”
မူရွှန့်က ချောင်းဟန့်ကာ သတိပေးလိုက်သည်။ “မင်းသား... အမိန့်တော်ကို နာခံပြီး ကျေးဇူးတင်စကား လျှောက်တင်ရပါမယ်”
“အော်... ဟုတ်ကဲ့”
ယွမ်ကျန်း သတိဝင်လာကာ အမြန်ပြေးထွက်၍ အရိုအသေပေး၍ ကျေးဇူးတင်လိုက်ရသည်။ ထိုပုံစံကို ကြည့်ပြီး လူများက ထပ်မံ ရယ်မောကြပြန်၏။
ယွမ်ကျန်းသည် ရိုသေစွာ အလေးပြုပြီးနောက် ချောင်ထဲသို့ ပြန်ဝင်ကာ အမိန့်တော်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။ သူသည် ခုနက ဧကရာဇ်ဝမ်ကြောင့် ထိတ်လန့်သွားသဖြင့် မည်သည့် ဆုလာဘ်များ ရသည်ကို သေချာ မကြားလိုက်ခြင်း ဖြစ်၏။ သူ ကြည့်လိုက်သောအခါမှသာ စိတ်အေးသွားတော့သည်။
မဆိုးပါဘူး။ ရွှေ တစ်သောင်း၊ ကျောက်စိမ်း တစ်စုံ၊ အဖိုးတန် ပိတ်စ တစ်ရာ...။ အကုန်စုလိုက်လျှင် ရွှေ တစ်သောင်းခွဲခန့် တန်ဖိုးရှိလေသည်။ မိမိ၏ စစ်စရိတ်အတွက် နောက်ထပ် ငွေအနည်းငယ် တိုးလာပြန်ပြီ။ တကယ့်ကို ကျေနပ်စရာပင်။
ဧကရာဇ်ဝမ်သည် ယွမ်ကျန်း၏ အပြုအမူလေးများကို သတိထားမိသော်လည်း အရေးမယူဘဲ ဆက်ပြောသည်။ “မနက်ဖြန်ကျရင် ဟွမ်နိုင်ငံ အဖွဲ့နဲ့ ရိက္ခာတောင်းတဲ့ ကိစ္စကို တရားဝင် ဆွေးနွေးကြတော့မယ်၊ အမတ်မင်းတို့ အနေနဲ့ ဟွမ်နိုင်ငံသားတွေ ဒီတစ်ခေါက် ရိက္ခာ ဘယ်လောက်အထိ တောင်းလိမ့်မယ်လို့ ထင်ကြသလဲ”
ဧကရာဇ်ဝမ်၏ စကားကို ကြားသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။ ဒါကို ဘယ်သူ သိပါ့မည်နည်း။ ဟွမ်နိုင်ငံဘက်ကတော့ များများရလေ ကြိုက်လေ ဖြစ်မှာပေါ့။ ဒါက ဟွမ်နိုင်ငံက ဘယ်လောက် လိုချင်သလဲ ဆိုတဲ့ ကိစ္စ မဟုတ်ဘဲ၊ တချန်းအင်ပါယာက ဘယ်လောက်အထိ ပေးနိုင်သလဲ ဆိုတဲ့ ကိစ္စသာ ဖြစ်လေသည်။
မည်သူမျှ စကားမပြောနိုင်ကြချိန်တွင် ရှောင်ဝမ်ချိုက ရှေ့သို့ ထွက်လာပြီး မကျေမနပ် ဆိုလိုက်သည်။ “သူတို့ရဲ့ လူတွေ ငတ်မသေရုံလောက်ပဲ ပေးလိုက်ပါ၊ ပိုပြီး လိုချင်တယ် ဆိုရင်တော့ စစ်မြင်းတွေနဲ့ လဲခိုင်းလိုက်”
ရှောင်ဝမ်ချိုသည် စစ်တိုက်လိုသော အုပ်စုမှ ဖြစ်သဖြင့် ဟွမ်နိုင်ငံကို ရိက္ခာပေးရမည်မှာ လုံးဝ မလိုလားပေ။ သို့သော် ဧကရာဇ်ဝမ်က စစ်မတိုက်ရန် ဆုံးဖြတ်ပြီးဖြစ်၍ သူလည်း ဘာမှ မတတ်နိုင်ပေ။ ယခုအချိန်တွင် စစ်တိုက်ပါက တချန်းအင်ပါယာအတွက် အားနည်းချက် ဖြစ်စေမည်ကို သူလည်း သိရှိထားသည်။
“ဟွမ်နိုင်ငံရဲ့ အလိုရမ္မကတော့ ဒါနဲ့တင် ရပ်မှာ မဟုတ်ဘူး ထင်တယ်”
ဧကရာဇ်ဝမ်က သက်ပြင်းရှည်ကြီး ချလိုက်ကာ စိုးရိမ်ပူပန်နေမိသည်။
“ခမည်းတော်... ကျွန်တော်မျိုး အထင်တော့ အကယ်၍ ဟွမ်နိုင်ငံသားတွေက နယ်မြေပြန်ပေးမယ့် ကိစ္စမှာ လက်မှတ်ထိုးပေးမယ်ဆိုရင်တော့ သူတို့ တောင်းတဲ့ ရိက္ခာကို နည်းနည်း ပိုပေးလိုက်တာလည်း ကိစ္စမရှိဘူး ထင်ပါတယ်”
ထိုစဉ် လေးယောက်မြောက် မင်းသား ယွမ်ထင်က ရှေ့သို့ ထွက်၍ တင်ပြလိုက်၏။ လေးယောက်မြောက် မင်းသား၏ စကားကို လူအများက ချက်ချင်းပင် ထောက်ခံကြသည်။ မည်သို့ပင်ဆိုစေကာမူ ဆုံးရှုံးခဲ့သော နယ်မြေများမှာ ပို၍ အရေးကြီးသည် မဟုတ်ပါလား။
ဧကရာဇ်ဝမ်သည် ခေတ္တ စဉ်းစားပြီးနောက် ယွမ်လိကို လှမ်းကြည့်လိုက်သည်။ “ယွမ်လိ... မင်းကရော ဘယ်လို ထင်သလဲ”
ယွမ်လိသည် ဤသည်မှာ မိမိအား စမ်းသပ်ခြင်း ဖြစ်ကြောင်း သိသဖြင့် အကဲခတ်ပြီးမှ ဖြေကြားလိုက်၏။ “ကျွန်တော်မျိုး အထင်တော့ လေးယောက်မြောက် နောင်တော် ပြောတာအပြင်၊ ဟွမ်နိုင်ငံသားတွေဆီကနေ ကျွန်ုပ်တို့နိုင်ငံမှာ ရှားပါးတဲ့ စစ်မြင်းတွေနဲ့ ပြန်လဲဖို့ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်”
“ဒါ့အပြင် ရိက္ခာတွေ ပေးလှူတဲ့ အစား၊ ဟွမ်နိုင်ငံနဲ့ ကုန်သွယ်မှု လုပ်တာလို့ပဲ အပြင်ကို သတင်းထုတ်ပြန်သင့်ပါတယ်၊ ဒါမှသာ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းနိုင်မှာပါ”
ယွမ်လိ၏ စကားကို အမတ်အတော်များများက ခေါင်းညိတ် ထောက်ခံကြသည်။ ကုန်သွယ်မှု ဟူသော အကြောင်းပြချက်မှာ မဆိုးလှပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားခြင်း ဖြစ်သော်လည်း သာမန် ပြည်သူများကမူ အမှန်အတိုင်း သိနိုင်မည် မဟုတ်ပေ။
ဧကရာဇ်ဝမ်သည် ယွမ်လိ၏ အကြံပြုချက်ကို သဘောကျသွားပြီးနောက် ဒုတိယမင်းသားနှင့် ငါးယောက်မြောက် မင်းသားတို့ကို ဆက်လက် မေးမြန်းသည်။ သို့သော် ၎င်းတို့မှာ အခြားလူများက အကုန်ပြောပြီးဖြစ်သဖြင့် အရေးမပါသော စကားအနည်းငယ်သာ ပြောနိုင်တော့သည်။
လူတိုင်းက ဧကရာဇ်ဝမ်သည် ယွမ်ကျန်းကိုလည်း ဆက်လက် မေးမြန်းလိမ့်မည်ဟု ထင်နေသော်လည်း ဧကရာဇ်ဝမ်မှာ ယွမ်ကျန်း ရှိနေသည်ကိုပင် မေ့သွားဟန်ဖြင့် ကျန်းအမတ်ကြီးကို တိုက်ရိုက် မေးမြန်းလိုက်လေသည်။
ထိုအခြေအနေကို ကြည့်ပြီး လူများက စိတ်ထဲမှ လှောင်ရယ်နေကြ၏။ ယွမ်ကျန်းသည် ဂုဏ်ကျေးဇူး ကြီးမားခဲ့သော်လည်း ဧကရာဇ်ဝမ်၏ အမြင်တွင်တော့ သူသည် ကံကောင်းရုံသာ ဖြစ်ပြီး တိုင်းပြည် အုပ်ချုပ်မည့် အရည်အချင်း မရှိသူဟု သတ်မှတ်ခံထားရဆဲ ဖြစ်ကြောင်း သိသာလှသည်။
ယွမ်ကျန်းကတော့ ထိုကိစ္စကို ဂရုမစိုက်ပေ။ ”ဘယ်သူ အိမ်ရှေ့စံ ဖြစ်ဖြစ် ငါ့ကိစ္စ မဟုတ်ဘူး။ ငါကတော့ စစ်အာဏာ ရအောင် လုပ်မယ်၊ အဲ့ဒီကျရင် အိမ်ရှေ့စံကပါ ငါ့ရှေ့မှာ ဒူးထောက်ရလိမ့်မယ်။ မင်းတို့ပဲ သတ်ကြ ဖြတ်ကြတော့၊ ငါကတော့ အေးအေးဆေးဆေးပဲ နေမယ်”
ဧကရာဇ်ဝမ်သည် အမတ်များနှင့် တိုင်ပင်ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ပြီး ယွမ်ကျန်း ရှိနေခိုက်မှာပင် ယွမ်ကျန်းနှင့် ရှန်မော့ယန့်တို့၏ မင်္ဂလာရက်ကိုပါ တစ်ခါတည်း သတ်မှတ်လိုက်လေသည်။ မင်္ဂလာရက်ကို ယခုလကုန်ပိုင်းတွင် သတ်မှတ်လိုက်၏။ ဆယ်ရက်ခန့်သာ လိုတော့သည်။ ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ပြန်သွားသည်နှင့် မင်္ဂလာပွဲကို ချက်ချင်း ကျင်းပနိုင်ရန် ဖြစ်လေသည်။
ညီလာခံ ပြီးဆုံး၍ အပြင်သို့ ထွက်လာသောအခါ ယွမ်ကျန်းသည် လွတ်လပ်သွားသလို ခံစားလိုက်ရသည်။
”ဟူး... ညီလာခံဆိုတာ တကယ်ပဲ ပျင်းစရာ ကောင်းတာပဲ”
ယွမ်ကျန်း ထွက်ပြေးရန် ပြုစဉ်မှာပင် မိန်းမစိုး တစ်ယောက်က အနောက်မှ ပြေးလိုက်လာသည်။
“ဆဋ္ဌမမင်းသား... အရှင်မင်းကြီးက မင်းသား မေ့သွားမှာ စိုးလို့၊ မနက်ဖြန် ညီလာခံကိုလည်း အချိန်မီ တက်ရောက်ဖို့ သတိပေးခိုင်းလိုက်ပါတယ်”
“ဗျာ”
ယွမ်ကျန်း မျက်နှာ ပျက်သွားကာ “မနက်ဖြန်လည်း လာရဦးမှာလား” ဟု မေးလိုက်၏။
“အရှင်မင်းကြီးက အဲ့ဒီလိုပဲ မိန့်ကြားလိုက်ပါတယ်”
”သေစမ်း။ မင်းတို့ဘာသာမင်း ဆွေးနွေးကြပါလား၊ ငါ့ကို ဘာလို့ လာခေါ်နေတာလဲ။ ငါ့ရဲ့ အိပ်ရေးတွေတော့ ကုန်ပြီ” ယွမ်ကျန်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဧကရာဇ်ဝမ်သည် ဘာကို ရည်ရွယ်နေသနည်း။ သူ့ကို နယ်စပ်သို့ မလွှတ်ချင်တော့ခြင်းလား။
”ခမည်းတော်... မင်းကတော့ ငါ့ကို အကွက်ကြီးတွေ ထုတ်သုံးအောင် မလုပ်နဲ့နော်” ဟု သူ တွေးတောရင်း အိမ်သို့ ပြန်လာခဲ့တော့သည်။