အခန်း (၂၀) - ဘုရင်အဖြစ် ချီးမြှင့်မယ် ဟုတ်လား
ညနက်ပိုင်း။
တချန်းအင်ပါယာမှ စီစဉ်ပေးထားသော တည်းခိုဆောင်သို့ ရောက်သောအခါ ဘန်ဘူသည် ယနေ့ဖြစ်ပျက်ခဲ့သမျှကို တွေးတောရင်း ဒေါသကို မျိုသိပ်၍ မရနိုင်သေးပေ။
အကယ်၍ ထိုဆဋ္ဌမမင်းသားသာ ကြားဖြတ် မနှောင့်ယှက်ခဲ့ပါက တချန်းအင်ပါယာ တစ်ခုလုံးသည် အရှက်ရသွားမည်ဖြစ်ပြီး၊ မိမိ၏ ရည်ရွယ်ချက်ဖြစ်သော တချန်းအင်ပါယာကို အစွမ်းပြ ခြိမ်းခြောက်မည့် အစီအစဉ်မှာလည်း အောင်မြင်သွားပေလိမ့်မည်။
သေနာလေး ဆဋ္ဌမမင်းသား။
သူတို့ကို ပြန်ပြီး အရှက်ခွဲနိုင်ခဲ့သည့်အပြင် သူတို့အဖွဲ့ကို အကျပ်ရိုက်အောင် လုပ်သွားသည်မှာ တကယ့်ကို မုန်းစရာကောင်းလှသည်။
ဒီဆဋ္ဌမမင်းသားဟာ အသုံးမကျတဲ့ကောင်လို့ ကြားထားတာ၊ ဘယ်လိုဖြစ်ပြီး ဒီလောက် အရည်အချင်း ရှိနေရတာလဲ။ တချန်းအင်ပါယာရဲ့ ရှေးဟောင်းကျမ်းတွေထဲမှာ တကယ်ပဲ အဲ့ဒီ... ရူးဘစ်တုံး အကြောင်း ပါတာလား။ ဒါပေမဲ့ ဒါက ငါ့ဘာသာငါ စိတ်ကူးရလို့ လုပ်ထားတာလေ။ ဒါဆို တချန်းအင်ပါယာမှာ ငါ့ထက်အရင် ကြိုတွေးထားတဲ့သူ ရှိနေခဲ့တာလား။
“ရှူး”
ဘန်ဘူ စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် အပြင်ဘက်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
လုပ်ကြံသတ်ဖြတ်သူလား။
ဘန်ဘူ မျက်နှာပျက်သွားကာ တံခါးကို အမြန်ဖွင့်၍ ထွက်ကြည့်လိုက်၏။ သူ ထွက်လာသည်နှင့် အပြင်တွင် စောင့်နေသော ကိုယ်ရံတော်မှာလည်း တံခါးဝသို့ ရောက်လာသည်။
“နိုင်ငံတော်ဆရာကြီး... ခုနက တစ်ယောက်ယောက်က မြားနဲ့ပစ်သွားပါတယ်၊ အဲ့ဒီမြားမှာ စာတစ်စောင် ပါလာပါတယ်”
ကိုယ်ရံတော်က ပြောပြောဆိုဆိုနှင့် မြားနှင့် စာကို တစ်ပါတည်း ဆက်သလိုက်လေသည်။
“လူကော” ဘန်ဘူက မေးသည်။
“မတွေ့လိုက်ပါဘူး” ကိုယ်ရံတော်က ခေါင်းခါပြ၏။
“သိပြီ၊ သွားတော့”
ဘန်ဘူက လက်ကာပြလိုက်ပြီး မြားနှင့် စာကို ယူကာ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ အခန်းတွင်းရှိ မီးအလင်းရောင်ဖြင့် သူသည် စာကို ဖွင့်ဖတ်လိုက်၏။
“ဟဲဟဲ...”
ဘန်ဘူသည် စာကိုဖတ်ရင်း အထင်သေးသော အပြုံးဖြင့် ရယ်မောလိုက်တော့သည်။ “တချန်းအင်ပါယာက လူတွေဟာ စစ်တိုက်တာ၊ တိုင်းပြည် အုပ်ချုပ်တာတွေမှာတော့ တစ်ခုမှ အသုံးမကျဘူး။ ဒါပေမဲ့ အချင်းချင်း တိုက်ခိုက်တဲ့ နေရာမှာတော့ တစ်ယောက်ထက် တစ်ယောက် ပိုပြီး တော်ကြတာပဲ”
သူ့စိတ်ထဲမှာ ဆဋ္ဌမမင်းသားကို သတ်ချင်တဲ့ အတွေး ဝင်လာရုံရှိသေးတယ်၊ တချန်းအင်ပါယာဘက်က လူတစ်ယောက်က သူ့ကို အကြံဉာဏ် လာပေးနေပြီ မဟုတ်ပါလား။ ဒါ့အပြင် အစီအစဉ် တစ်ခုလုံးကိုလည်း အသေးစိတ် ရေးသားထားသေးသည်။
ဆဋ္ဌမမင်းသားသည် မြောက်ပိုင်းသို့ သွားလိုပြီး မိမိအသက်ကို ပေး၍ တချန်းစစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ကြံစည်နေကြောင်း၊ အကယ်၍ သူ မြောက်ပိုင်းသို့ ရောက်သွားပါက အရှင်ဖြစ်စေ၊ အသေဖြစ်စေ ဟွမ်နိုင်ငံအတွက် ကောင်းကျိုး မရှိနိုင်ကြောင်း စသဖြင့် အကျိုးအကြောင်း ခိုင်လုံစွာ ရှင်းပြထားလေသည်။
သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို ကိုယ့်လူအချင်းချင်း ပြန်တိုက်ဖို့ပဲ သုံးနေကြတာပဲ။ အမတ်တွေက ဒီလို လူယုတ်မာတွေ ဖြစ်နေမှတော့ တချန်းအင်ပါယာ ဘယ်လိုလုပ် မရှုံးဘဲ နေပါ့မည်နည်း။
“ဒါဆိုရင်လည်း...”
ဘန်ဘူက ခေါင်းခါလျက် ပြုံးလိုက်၏။ “ငါတို့မှာ တူညီတဲ့ ရန်သူ ရှိနေမှတော့၊ ငါ မင်းတို့ကို ကူညီပေးရတာပေါ့”
ဘန်ဘူသည် လက်ကိုမြှောက်ကာ စာကို မီးရှို့ရန် ပြုသော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ရပ်လိုက်၏။
ဤစာသည် အသုံးချရမည့် အကွက်တစ်ခုပဲ။ ငါ့လက်ထဲမှာ ထားထားရင် တစ်နေ့ကျရင် အသုံးဝင်လာမှာ။ အင်း... မရှို့တော့ဘူး။
ထိုသို့ တွေးတောကာ ဘန်ဘူသည် စာကို သေချာစွာ သိမ်းဆည်းလိုက်လေသည်။
တစ်ချိန်တည်းမှာပင် စာသွားပို့သောသူသည်လည်း တတိယမင်းသား အိမ်တော်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
“ကိစ္စ ပြီးပြီလား” ယွမ်လိက အေးစက်စက် မျက်နှာဖြင့် မေးမြန်းသည်။
“ပြီးပါပြီ” ဝတ်စုံနက်ဝတ်ထားသူက ရိုသေစွာ ဖြေကြား၏။
“မင်းကို တစ်ယောက်ယောက် တွေ့သွားသေးလား” ယွမ်လိက ထပ်မေးပြန်သည်။
“မတွေ့ပါဘူး” ထိုလူက ခေါင်းခါပြသည်။
“သေချာလား” ယွမ်လိသည် ဤကိစ္စကို အတော်လေး စိုးရိမ်နေပုံရ၏။
“သေချာပါတယ်” ထိုလူက ခိုင်မာစွာ ဆိုလေသည်။ “ကျွန်တော်မျိုးရဲ့ ဦးခေါင်းနဲ့ အာမခံရဲပါတယ်”
“ကောင်းပြီ”
တတိယမင်းသားက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြကာ ရွှေတုံးကြီးတစ်ခုကို ထိုလူထံသို့ ပစ်ပေးလိုက်၏။ “သွားတော့”
“ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် မင်းသား”
ထိုလူသည် ရွှေတုံးကို ယူကာ ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုပြီး အခန်းထဲမှ ဦးညွှတ်ကာ ထွက်ခွာသွားလေသည်။
သူ အခန်းပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အေးစက်သော ဓားချက်တစ်ခုက သူ၏ လည်ပင်းကို ဖြတ်သန်းသွားတော့သည်။ ထိုလူမှာ ဘာမှပင် မတုံ့ပြန်နိုင်မီမှာပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားရ၏။
ယွမ်လိသည် သွေးများ ထွက်နေဆဲဖြစ်သော အလောင်းကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ “အလောင်းကို ရှင်းလိုက်၊ ကြမ်းပြင်ကိုလည်း စင်အောင် ဆေးလိုက်ကြစမ်း”
ပြောပြီးသည်နှင့် ယွမ်လိသည် အလောင်းကို ကျော်ဖြတ်ကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။ ဤကိစ္စသည် မည်သည့် အထောက်အထားမျှ မကျန်စေရပေ။ ဤကမ္ဘာပေါ်တွင် သေပြီးသားလူသာလျှင် လျှို့ဝှက်ချက်ကို လုံအောင် ထိန်းနိုင်သည် မဟုတ်ပါလား။
နောက်တစ်နေ့တွင် နန်းတော်မှ လူများ ရောက်လာကြပြီး ယွမ်ကျန်းအား ညီလာခံသို့ တက်ရောက်ရန် အမိန့်တော် လာရောက် ပေးအပ်လေသည်။ ထိုအချိန်တွင် မိုးပင် လုံးဝ မလင်းသေးပေ။
မြင်းရထား အပြင်ဘက်မှ မှောင်မည်းနေသော ကောင်းကင်ယံကို ကြည့်ရင်း ယွမ်ကျန်း စိတ်ထဲမှ မကျေမနပ် ဖြစ်နေမိသည်။
ညီလာခံ ဟုတ်လား။ တစ်ခုခု ချီးမြှင့်ချင်ရင်လည်း တိုက်ရိုက် ပေးလိုက်ရုံပဲလေ။ ငါ့ရဲ့ အိပ်ရေးကို လာဖြုန်းနေတာပဲ။
ကံကောင်းလို့ အခုက ဆောင်းတွင်း မဟုတ်သေးတာ။ ဆောင်းတွင်းကြီးဆိုရင်တော့ သူ တကယ်ပဲ အိပ်ရာကနေ မထချင်ပေ။
ညီလာခံခန်းမ အပြင်ဘက်သို့ ရောက်သောအခါ အမတ်အများအပြားသည် ညီလာခံ စတင်ရန် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“ဆဋ္ဌမမင်းသား... ဒီနေ့တော့ ဆုလာဘ်တွေ ရတော့မှာဆိုတော့ အဖိုးကြီးကို အရက်လေး ဘာလေး တိုက်ဦးနော်”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ မနေ့ညက ကျွန်တော်မျိုး မင်းသားနဲ့ အားရပါးရ မသောက်လိုက်ရဘူး”
“ဆဋ္ဌမမင်းသားရဲ့ ဒီဂုဏ်ကျေးဇူးကတော့ ဆုလာဘ်တွေ အများကြီး ရမှာ သေချာပါတယ်”
“မင်းသားရဲ့ ဂုဏ်သတင်းကတော့ သမိုင်းမှာ ရေးထိုးရတော့မှာပဲ...”
ယခုတစ်ခေါက်တွင် အမတ်အတော်များများက သူ့ကို လာရောက် နှုတ်ဆက်ကြသည်။ ကျင့်နယ်စားမင်း ရှောင်ဝမ်ချိုကမူ ပုံမှန်အတိုင်းပင် ယွမ်ကျန်း၏ ပုခုံးကို အားဖြင့် ပုတ်ကာ ဆိုလေသည်။ “ဆဋ္ဌမမင်းသား... နောက်ဆိုရင် မင်းကို ဘယ်သူကပဲ အသုံးမကျဘူး ပြောပြော၊ အဖိုးကြီးက သူ့ပါးစပ်ကို အတင်း ဖြဲပစ်မယ်”
နယ်မြေ ပြန်ရခြင်းမှာ ဤစစ်သူကြီးဟောင်းများ၏ တစ်သက်တာ ဆန္ဒပင် ဖြစ်သည်။ ၎င်းတို့ အသက်အရွယ်အရ နယ်မြေ ပြန်ရမည့်နေ့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း၊ ယခုအခါ ယွမ်ကျန်းက ဤကဲ့သို့သော နည်းလမ်းဖြင့် ပြန်လည် ရယူပေးနိုင်ခဲ့ပြီ မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် နယ်စားမင်း၊ ကျေးဇူးတင်ပါတယ် အားလုံးပဲ...”
ယွမ်ကျန်းက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သော်လည်း စိတ်ထဲ၌မူ ထိုအဖိုးကြီးကို ပါးရိုက်ချင်စိတ် ပေါက်နေ၏။
”အဖိုးကြီး... မင်းက ငါ့ကို မြန်မြန် သေစေချင်နေတာလား။”
ယခုအချိန်တွင် ယွမ်ကျန်းသည် မိမိကိုယ်ပေါ်၌ ”ငါ့ကို ဘယ်သူမှ လာမခေါ်ကြနဲ့” ဟူသော ဆိုင်းဘုတ်ကိုသာ ချိတ်ထားချင်တော့သည်။
လူအများ၏ ဝိုင်းရံမှုကို ခံနေရသော ယွမ်ကျန်းကို ကြည့်ပြီး ကျန်ရှိသော မင်းသားများမှာ မနာလို ဖြစ်နေကြလေသည်။ ရှိစစ်ဖူနှင့် ယွမ်လိတို့၏ မျက်လုံးများထဲတွင်မူ သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားပြီးနောက် အေးစက်စက် လှောင်ပြုံးလိုက်ကြ၏။
ခင်မင်ကြဦးပေါ့။ ယွမ်ကျန်းနဲ့ ခင်မင်တဲ့သူ များလေလေ၊ ယွမ်ကျန်း ပိုပြီး မြန်မြန် သေလေလေပဲ။ စောင့်ကြည့်နေလိုက်။ ပွဲကောင်းက ခုမှ စတာ။
လူအများ စကားပြောနေကြစဉ် ဧကရာဇ်ဝမ်သည် အားလုံးကို အထဲသို့ ဝင်ရန် အမိန့်ပေးလိုက်သည်။ အလေးပြုပြီးနောက် အမတ်များအားလုံး နေရာယူလိုက်ကြ၏။
“ယွမ်ကျန်းကော”
ဧကရာဇ်ဝမ်က မေးမြန်းလိုက်ပြီး ခန်းမအတွင်း တစ်ပတ် ကြည့်လိုက်သည်။
“ကျွန်တော်မျိုး ဒီမှာပါ”
ယွမ်ကျန်းသည် နောက်ဆုံးက ချောင်ကျသော နေရာမှ ထွက်လာခဲ့၏။
“…”
ဧကရာဇ်ဝမ်၏ မျက်နှာမှာ အနည်းငယ် တွန့်ရှုံ့သွားပြီး ဒေါသထွက်ရမလို၊ ရယ်ရမလို ဖြစ်သွားသည်။ “ဒီနေ့က မင်းကို ဆုလာဘ် ပေးမလို့လေ၊ ဆူမလို့ မဟုတ်ဘူး၊ ဘာလို့ အဲ့ဒီ အနောက်မှာ သွားပုန်းနေရတာလဲ”
“ကျွန်တော်မျိုး... မပုန်းပါဘူး”
ယွမ်ကျန်းက ရှက်ကိုးရှက်ကန်းနှင့် “ကျွန်တော်မျိုး ဘယ်မှာ ရပ်ရမလဲ မသိလို့ အဲ့ဒီမှာပဲ...” ဟု ဆိုလေသည်။
ယွမ်ကျန်း၏ စကားကြောင့် အမတ်များမှာ ဝိုင်းဝန်း ရယ်မောကြပြီး ဧကရာဇ်ဝမ်သည်လည်း လိုက်၍ ရယ်မောလိုက်၏။
မှန်ပေသည်။ ယွမ်ကျန်းသည် ပုံမှန် ညီလာခံများသို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်ရာ နေရာ မသိသည်မှာလည်း မဆန်းပေ။
“ကဲ... ဒါဆိုလည်း အဲ့ဒီမှာပဲ ရပ်ပြီး အမိန့်တော်ကို နာခံတော့”
ဧကရာဇ်ဝမ်က သူ့ကို အကျပ်မကိုင်တော့ဘဲ နေရာမှာ ပြန်ရပ်ခိုင်းလိုက်ကာ အမတ်များကို ဆိုလေသည်။ “ဆဋ္ဌမမင်းသားဟာ မနေ့က ငါကိုယ်တော်နဲ့ တချန်းအင်ပါယာရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူပေးခဲ့သလို၊ စစ်သည်တစ်ယောက်မှ မဆုံးရှုံးဘဲ နယ်မြေတွေကို ပြန်ရအောင် ကူညီပေးခဲ့တယ်၊ ဒါကြောင့် ငါကိုယ်တော်က ယွမ်ကျန်းကို ကျန့်ပေဝမ် (မြောက်ပိုင်း အုပ်ချုပ်သူ ဘုရင်) အဖြစ် ချီးမြှင့်ချင်တယ်၊ အမတ်မင်းတို့ ဘယ်လို ထင်ကြသလဲ”
ဟိန်းခနဲ အသံထွက်လာသည်နှင့် ညီလာခံခန်းမတစ်ခုလုံး တုန်လှုပ်သွားတော့သည်။
အမတ်များသာမက ယွမ်ကျန်းကိုယ်တိုင်ပင်လျှင် ဧကရာဇ်ဝမ်က သူ့ကို ဘုရင် အဆင့်အထိ ချီးမြှင့်လိမ့်မည်ဟု မထင်မှတ်ထားပေ။
သတိထားရမည်မှာ တချန်းအင်ပါယာသည် သူသိသော ရှေးဟောင်းခေတ်များနှင့် မတူညီခြင်းပင်။ ဧကရာဇ်၏ ညီအစ်ကိုများသာလျှင် ဘုရင် အဆင့်ကို ရရှိနိုင်လေသည်။ ထို့အပြင် ဧကရာဇ်အသစ် နန်းတက်ချိန်မှသာ ကျန်ရှိသော မင်းသားများကို ဘုရင်အဖြစ် ချီးမြှင့်လေ့ရှိပြီး၊ ဤသည်မှာ နန်းလုပွဲ မဖြစ်စေရန်နှင့် ညီအစ်ကိုများအပေါ် ဂရုဏာပြရန်အတွက်သာ ဖြစ်လေသည်။
မင်းသားတိုင်းမှာလည်း ဘုရင်ဖြစ်ရန် အခွင့်အရေး မရှိကြပေ။ တချန်းအင်ပါယာ၏ ဘုရင်အဆင့် ဆိုသည်မှာ အလွန်ပင် တန်ဖိုးကြီးလှ၏။
“အရှင်မင်းကြီး... ဒါက လုံးဝ မဖြစ်သင့်ပါဘူး”
“ဟုတ်ပါတယ်... ဒါဟာ ဘိုးဘေးဘီဘင်တွေရဲ့ ထုံးတမ်းစဉ်လာနဲ့ ဆန့်ကျင်နေပါတယ်၊ အရှင်မင်းကြီး ပြန်လည် စဉ်းစားပေးတော်မူပါ”
“ဆဋ္ဌမမင်းသားမှာ ဂုဏ်ကျေးဇူး ကြီးမားတယ်ဆိုပေမဲ့၊ ဘုရင်အဖြစ် ချီးမြှင့်တာကတော့ အလွန်အကျွံ ဖြစ်နေပါပြီ...”
“အရှင်မင်းကြီး... ပြန်လည် စဉ်းစားပေးပါဦး...”
ခဏအတွင်းမှာပင် အမတ်များစွာ ထွက်၍ ကန့်ကွက်ကြတော့သည်။ အပြင်တွင် ယွမ်ကျန်းကို လာရောက် နှုတ်ဆက်သော သူများပင်လျှင် ယခုအခါတွင်မူ ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြ၏။
ဘုရင်အဖြစ် ချီးမြှင့်ခြင်းမှာ တကယ်ပင် အလွန်အကျွံ ဖြစ်နေလေသည်။ ယွမ်ကျန်းကိုယ်တိုင်ပင် ထိုသို့ ထင်မိသည်။
ဧကရာဇ်ဝမ်သည် မျက်မှောင်ကြုတ်ကာ အမတ်များကို စိုက်ကြည့်လိုက်၏။ “နယ်မြေ ပြန်ရတဲ့ ဂုဏ်ကျေးဇူးနဲ့ နိုင်ငံတော် ဂုဏ်သိက္ခာကို ဆယ်ယူပေးခဲ့တဲ့ ဂုဏ်ကျေးဇူးဟာ ဘုရင်ဖြစ်ဖို့ မလုံလောက်သေးဘူး ဟုတ်လား။ မင်းတို့ထဲက တစ်ယောက်ယောက်မှာ အဲ့ဒီလောက် အရည်အချင်း ရှိမယ်ဆိုရင်လည်း ငါကိုယ်တော်က ဘုရင်အဖြစ် ချီးမြှင့်ပေးဖို့ ဝန်မလေးဘူး