အခန်း (၂) - ထင်သလို ဖြစ်မလာတဲ့ အကွက်
ညီလာခံခန်းမကြီးအတွင်း၌ ဧကရာဇ်ဝမ်သည် မြောက်ဘက် ဟွမ်နိုင်ငံ၏ ရိက္ခာတောင်းခံသော ကိစ္စနှင့် ပတ်သက်၍ အမတ်များကို အရေးပေါ်ခေါ်ယူကာ အဖြေရှာရန် ဆွေးနွေးနေလေသည်။
ယခုအချိန်တွင် ဧကရာဇ်ဝမ်မှာ အတော်လေး ခေါင်းခဲနေရ၏။ ဟွမ်နိုင်ငံအား ရိက္ခာပေးလှူခြင်းသည် တချန်းအင်ပါယာ၏ ရန်သူကို အားပေးကူညီရာ ရောက်ပေလိမ့်မည်။ သို့သော် ရိက္ခာမပေးပြန်ပါကလည်း ဆောင်းရာသီတွင် ငတ်မွတ်ခေါင်းပါးမည့် ဟွမ်နိုင်ငံသားတို့သည် တောင်ဘက်သို့ ဆင်းလာကာ လုယက်တိုက်ခိုက်ကြပေတော့မည်။ ထိုသို့ဖြစ်ပါက နှစ်အနည်းငယ်မျှသာ ပြန်လည်အေးချမ်းခါစ မြောက်ဘက်နယ်စပ်မှာ တစ်ဖန် စစ်မီးတောက်လောင်ရဦးမည် ဖြစ်သည်။
တချန်းအင်ပါယာသည် အိမ်ရှေ့စံ၏ ပုန်ကန်မှု ဖြစ်ရပ်ကြောင့် ပြည်တွင်းရေး အလွန်မတည်မငြိမ် ဖြစ်နေချေသည်။ ဤအချိန်၌ ဟွမ်နိုင်ငံနှင့် စစ်ဆိုင်ပါက အောင်နိုင်ခြေမှာ အလွန်နည်းပါးလှ၏။ အကယ်၍ အောင်နိုင်ခဲ့လျှင်ပင် အတော်လေး အထိနာမည့် အောင်ပွဲမျိုးသာ ဖြစ်ပေလိမ့်မည်။
ဧကရာဇ်ဝမ် စိတ်ရှုပ်ထွေးနေစဉ်မှာပင် စစ်လိုလားသော အုပ်စုနှင့် စစ်မဖြစ်လိုသော အုပ်စုတို့မှာလည်း အချင်းချင်း အချေအတင် ငြင်းခုံနေကြလေသည်။ သို့သော် စစ်မဖြစ်လိုသော အုပ်စုက ပိုမိုအင်အားသာနေသည်မှာ သိသာလှ၏။ ဧကရာဇ်ဝမ်သည် အငြင်းအခုံသံများကြောင့် ခေါင်းကိုက်နေရသော်လည်း မည်သို့ဆုံးဖြတ်ရမည်ကို မဝေခွဲနိုင်ဘဲ ရှိနေလေသည်။
ထိုစဉ်မှာပင် မိဖုရားကြီး စုဖေးသည် နန်းတော်အပြင်ဘက်ရှိ စစ်သည်များ၏ တားဆီးမှုကို ဂရုမစိုက်ဘဲ ငိုယိုကာ ပြေးဝင်လာ၏။ "အရှင်မင်းကြီး၊ လီအာအတွက် တရားမျှတအောင် လုပ်ပေးပါဦး"
ဧကရာဇ်ဝမ်က ချောင်းတစ်ချက်ဟန့်ကာ စုဖေးအား မျက်ရိပ်ပြလိုက်သည်။ "ငါကိုယ်တော် အမတ်တွေနဲ့ အရေးကြီးကိစ္စ ဆွေးနွေးနေတယ်၊ မိဖုရား အရင်ပြန်နှင့်ဦး၊ ကိစ္စရှိရင် နောက်မှပြောမယ်"
စုဖေးက ပြန်မသွားသည့်အပြင် ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလေသည်။ "အရှင်မင်းကြီး၊ ယွမ်ကျန်းက လီအာရဲ့ အဖိုးတန်နေရာကို ကန်လိုက်တာပါ၊ မတော်ရင် လီအာ တစ်ယောက် ယောကျ်ားတောင် ပီသတော့မှာ မဟုတ်ဘူး"
"ဘာ"
ဧကရာဇ်ဝမ်၏ မျက်နှာသည် ချက်ချင်း ပျက်သွားကာ ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ပြန်လည် တည်ငြိမ်သွား၏။ ခေတ္တမျှကြာသော် ဧကရာဇ်ဝမ်က ရယ်မောလျက် ဆိုလေသည်။ "မိဖုရား လျှောက်မပြောပါနဲ့၊ ခြောက်ယောက်မြောက်ရဲ့ စိတ်နေစိတ်ထားကို ငါကိုယ်တော် ကောင်းကောင်းသိတယ်၊ သူက ဒါမျိုးလုပ်ရဲတဲ့ သတ္တိမရှိပါဘူး"
ကျင့်နယ်စားမင်း ရှိစစ်ဖူကလည်း ရှေ့သို့ထွက်ကာ ရယ်မောလျက် ထောက်ခံသည်။ "မိဖုရားကြီးခင်ဗျာ၊ အရှင်မင်းကြီးက အလုပ်တွေ များနေတာပါ၊ နောက်ပြောင်မနေပါနဲ့၊ ဆဋ္ဌမမင်းသားက သဘောကောင်းတဲ့သူပဲ၊ ဒီလိုကိစ္စမျိုး ဘယ်လုပ်ပါ့မလဲ"
သဘောကောင်းသည်ဟု ဆိုခြင်းမှာ ယဉ်ကျေးအောင် ပြောခြင်းသာ ဖြစ်၏။ ဆဋ္ဌမမင်းသားမှာ ကြောက်တတ်ပြီး အသုံးမကျသော လူဖျင်းတစ်ယောက်သာ ဖြစ်သည်ဟု အားလုံးက ယူဆထားကြသည်။ စုဖေးမှာ ခဏမျှ ကြောင်သွားပြီးနောက် ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးပြန်သည်။ ဧကရာဇ်ဝမ်က မိမိစကားကို မယုံရုံသာမက မိမိ၏ မောင်အရင်းဖြစ်သူကပင် မယုံကြည်သဖြင့် သူ စိတ်ပျက်နေခြင်း ဖြစ်၏။
ထိုစဉ်မှာပင် နန်းတော်အပြင်ဘက်မှ စစ်သည်တစ်ဦးက သတင်းပို့လာ၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဆဋ္ဌမမင်းသား အဝင်ခံဖို့ တောင်းဆိုနေပါတယ်"
ဧကရာဇ်ဝမ်မှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် မေးမြန်းလိုက်သည်။ "သူက ဘာလာလုပ်တာလဲ"
စစ်သည်က ခေါင်းငုံ့လျက် စိုးရိမ်တကြီး ပြန်လည်ဖြေကြားလေသည်။ "ဆဋ္ဌမမင်းသားက သူ တတိယနောင်တော်ရဲ့ မျိုးဆက်ပွားအင်္ဂါကို ကန်မိလို့ အပြစ်ဝန်ခံဖို့ လာတာလို့ ပြောပါတယ်"
စစ်သည်၏ စကားကြောင့် အမတ်အားလုံး၏ မျက်နှာများမှာ တွန့်ရှုံ့သွားကြ၏။ အသုံးမကျသော ဆဋ္ဌမမင်းသားက တကယ်ပဲ တတိယနောင်တော်ကို ဒီလိုလုပ်လိုက်တာလားဟု အံ့သြနေကြခြင်း ဖြစ်သည်။ ဧကရာဇ်ဝမ်သည်လည်း ထိုစကားကြောင့် အလွန်အံ့အားသင့်သွားကာ မျက်နှာ တစ်ဖန် ပျက်သွားပြီး စစ်သည်အား အော်ဟစ်လိုက်လေသည်။ "အဲ့ဒီ သစ္စာဖောက်ကောင်ကို ငါ့ရှေ့ အခုချက်ချင်း ခေါ်လာခဲ့"
မကြာမီမှာပင် ယွမ်ကျန်းအား နန်းတော်ထဲသို့ ခေါ်ဆောင်လာကြသည်။ ယွမ်ကျန်းသည် ပလ္လင်ပေါ်တွင် ထိုင်နေသော မိမိ၏ ဖခင်ကို တိတ်တဆိတ် အကဲခတ်နေ၏။ အသက် ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း အလွန်အမင်း အိုမင်းခြင်း မရှိသေးသဖြင့် မဆိုးလှဟု သူ တွေးလိုက်မိသည်။
"သစ္စာဖောက်ကောင်" ဧကရာဇ်ဝမ်သည် မျက်လုံးထဲမှ ဒေါသမီးများ ထွက်မတတ် ယွမ်ကျန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း တကယ်ပဲ မင်းရဲ့ နောင်တော် တတိယကို ဒီလို လုပ်လိုက်တာလား"
"ဟုတ်ကဲ့" ယွမ်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။
သေချာသော အဖြေကို ရလိုက်သည်နှင့် ဧကရာဇ်ဝမ်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားလေသည်။ "သစ္စာဖောက်ကောင်၊ မင်းရဲ့ နောင်တော်အပေါ် ဘယ်လိုဖြစ်လို့ ဒီလောက် ရက်စက်ရတာလဲ၊ ငါကိုယ်တော် အမုန်းဆုံးက မင်းတို့ ညီအစ်ကို အချင်းချင်း သတ်ဖြတ်ကြတာဆိုတာ မင်းမသိဘူးလား"
ရှိစစ်ဖူက မျက်နှာထားတင်းတင်းဖြင့် ရှေ့သို့ထွက်ကာ ဦးညွှတ်လိုက်သည်။ "ဆဋ္ဌမမင်းသားက နောင်တော်ကို ရိုသေမှုမရှိဘဲ ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တာမို့ ဒါကို လျစ်လျူရှုလို့ မရပါဘူး၊ ခြောက်ယောက်မြောက်ကို မင်းသားဘွဲ့ ရုပ်သိမ်းပြီး သာမန်လူတန်းစားအဖြစ် နှင်ထုတ်ဖို့ အကြံပြုပါတယ်"
သူသည် တတိယနောင်တော် ယွမ်လိ၏ ဦးလေးအရင်း ဖြစ်သည်။ မိမိ၏ တူဖြစ်သူ ယွမ်ကျန်းလက်ထဲတွင် အရှက်ကွဲခဲ့ရသည်ကို သူက မည်သို့ ခွင့်လွှတ်နိုင်ပါမည်နည်း။
ဘက်တော်သား အမတ်များကလည်း တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ထောက်ခံကြလေသည်။ အချို့သော အမတ်များက ဘာမှမပြောသော်လည်း ဘေးမှ ကြည့်နေကြသည်။ ယွမ်ကျန်းဘက်မှ ကူညီပြောပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
မြို့တော်မှာ ဆက်နေရင် အသတ်ခံရဖို့ပဲ ရှိတယ်၊ ဒါကြောင့် မြို့တော်ကနေ ထွက်ပြေးရမယ်ဟု ယွမ်ကျန်း တွေးနေ၏။
ဧကရာဇ်ဝမ်က အေးစက်သော မျက်လုံးများဖြင့် ယွမ်ကျန်းကို စိုက်ကြည့်ကာ "သစ္စာဖောက်ကောင်၊ မင်း ဘာလို့ စကားမပြောတာလဲ၊ ငါကိုယ်တော်က မင်းကို ပြောခွင့်ပေးတယ်၊ ရှင်းပြခွင့် ပေးမယ်"
ယွမ်ကျန်းက ဧကရာဇ်ဝမ်၏ ဒေါသကို ရင်ဆိုင်လျက် ဦးညွှတ်ကာ ဆိုသည်။ "ကျွန်တော် မရှင်းပြချင်ပါဘူး၊ ရှင်းပြဖို့လည်း မလိုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် တတိယနောင်တော်ကို အဲ့ဒီလို လုပ်လိုက်တာဟာ ကြီးလေးတဲ့ အပြစ်ဆိုတာ သိပါတယ်၊ ကျွန်တော် အပြစ်ဝန်ခံပါတယ်"
ယွမ်ကျန်း၏ စကားကို ကြားသောအခါ ရှိစစ်ဖူက စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်၏။ "အသုံးမကျတဲ့ကောင်ကတော့ အသုံးမကျတဲ့ကောင်ပဲ၊ အခွင့်အရေးပေးတာတောင် မယူတတ်ဘူး"
ရှိစစ်ဖူသည် တစ်ဖန် ဦးညွှတ်ကာ ဆိုပြန်သည်။ "အရှင်မင်းကြီး၊ ဆဋ္ဌမမင်းသားက အပြစ်ဝန်ခံနေပြီဖြစ်လို့ သူ့ကို သာမန်လူအဖြစ် နှင်ထုတ်ပေးဖို့ တောင်းဆိုပါတယ်"
ယွမ်ကျန်းက ဧကရာဇ်ဝမ်အား ဦးညွှတ်လျက် အသံကျယ်ကျယ်ဖြင့် ဆိုလေသည်။ "ကျွန်တော့်ရဲ့ အပြစ်က ကြီးလေးမှန်း သိပါတယ်၊ ဒါကြောင့် ခမည်းတော် ကျွန်တော့်ကို အပြစ်ပေးပါ"
"အပြစ်ပေးရမယ် ဟုတ်စ" ဧကရာဇ်ဝမ်က မေးသည်။ "ဒါဆို မင်းက ဘယ်လို အပြစ်ပေးခံချင်လို့လဲ"
"သေဒဏ်ပါ" ယွမ်ကျန်းက မဆိုင်းမတွပင် ပြန်လည်ဖြေကြားလိုက်သည်။ "ခမည်းတော် ကျွန်တော့်ကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်"
ညီလာခံခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ ယွမ်ကျန်းက မိမိဘာသာ သေဒဏ်ပေးဖို့ တောင်းဆိုနေသည်မှာ သူ ကြောက်လွန်းလို့ ရူးသွားတာလားဟု အားလုံးက တွေးတောနေကြသည်။
ရှိစစ်ဖူနှင့် စုဖေးတို့မှာလည်း အံ့အားသင့်ကာ ကြောင်အကုန်ကြလေသည်။ ယွမ်ကျန်း လုပ်လိုက်သည့် ကိစ္စမှာ သေဒဏ်ပေးလောက်သည်အထိ မကြီးလေးပေ။ မိမိတို့ပင် မတောင်းဆိုရဲသော အရာကို ယွမ်ကျန်းက ဘာကြောင့် ကိုယ်တိုင် တောင်းဆိုနေသနည်း။
ဧကရာဇ်ဝမ်သည်လည်း အံ့အားသင့်သွားပြီး ခဏမျှကြာမှ မေးမြန်းလိုက်သည်။ "မင်း တကယ်ပဲ ငါကိုယ်တော်က မင်းကို သတ်စေချင်တာလား"
"ဟုတ်ပါတယ်၊ ကျွန်တော် သေခြင်းနဲ့ပဲ အပြစ်ဆေးကြောချင်ပါတယ်" ယွမ်ကျန်းက ခေါင်းညိတ်ပြလိုက်၏။
ဧကရာဇ်ဝမ်က ခေတ္တ စဉ်းစားပြီးနောက် "မင်းကို တစ်ယောက်ယောက်က ခြိမ်းခြောက်ထားတာလား" ဟု မေးလိုက်သည်။ ဧကရာဇ်ဝမ်၏ အကြည့်က စုဖေးဆီသို့ မသိမသာ ရောက်သွားသဖြင့် စုဖေးမှာ ထိတ်လန့်ကာ ငြင်းဆိုရလေသည်။
"ဘယ်သူမှ မခြိမ်းခြောက်ပါဘူး" ယွမ်ကျန်းက ခေါင်းခါပြသည်။ "ဒါပေမဲ့ ခမည်းတော်ဆီကနေ သေးငယ်တဲ့ တောင်းဆိုချက်တစ်ခုကိုတော့ ခွင့်ပြုပေးစေချင်ပါတယ်"
"ပြောစမ်း"
"ကျွန်တော်ဟာ နှစ်ပေါင်းများစွာ အသုံးမကျတဲ့သူ တစ်ယောက်အဖြစ် ရှင်သန်ခဲ့ပါတယ်၊ သေရမယ့်အချိန်မှာတောင် အသုံးမကျတဲ့သူ တစ်ယောက်အနေနဲ့ မသေချင်ပါဘူး" ယွမ်ကျန်းက မာန်ပါပါဖြင့် ဆို၏။ "ခမည်းတော် ကျွန်တော့်ကို နယ်စပ်ကို သွားခွင့်ပေးပါ၊ ကျွန်တော် နယ်စပ်မှာ ဓားတစ်လက်နဲ့ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း စစ်မြေပြင်မှာပဲ သေပါရစေ"
စစ်မြေပြင်မှာ သေရမယ် ဟုတ်စ။ ရှိစစ်ဖူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ ယွမ်ကျန်းက မြို့တော်ကနေ ထွက်ပြေးဖို့ ကြံနေခြင်းသာ ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။
"ဆဋ္ဌမမင်းသားရဲ့ သတ္တိကို ချီးကျူးပါတယ်၊ ဒါပေမဲ့ ဒါက မသင့်တော်ဘူးလို့ ထင်ပါတယ်" ရှိစစ်ဖူက ချက်ချင်း ကန့်ကွက်သည်။ "ဆဋ္ဌမမင်းသားက မင်းသားတစ်ပါးပါ၊ ကျွန်ုပ်တို့နိုင်ငံက မင်းသားတစ်ပါးတောင် စစ်မြေပြင်မှာ ကျဆုံးခဲ့ရမယ်ဆိုရင် တချန်းအင်ပါယာမှာ လူမရှိတော့ဘူးလို့ သူတစ်ပါးက လှောင်ကြမှာပေါ့"
ယွမ်ကျန်းက ခေါင်းခါကာ "နယ်စားမင်း ရှိစစ်ဖူရဲ့ စကားကို ကျွန်တော် သဘောမတူပါဘူး" ဟု ဆိုလိုက်သည်။ ယွမ်ကျန်းက ကိုယ်ကို မတ်မတ်ထားကာ အသံကျယ်ကျယ်ဖြင့် ဆိုလေသည်။ "သာမန်ပြည်သူတွေရဲ့ သားသမီးတွေတောင် တချန်းအင်ပါယာအတွက် အသက်ပေး တိုက်ပွဲဝင်နေကြတာပဲ၊ ကျွန်ုပ်တို့လို မင်းသားတွေက ပိုပြီးတော့တောင် စံပြဖြစ်အောင် လုပ်ပြရမယ် မဟုတ်လား"
"ဒါပေမဲ့ ကျွန်ုပ်တို့နိုင်ငံ စတင်တည်ထောင်ကတည်းက စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ မင်းသားတစ်ပါးမှ မရှိသေးဘူး၊ ဒါကြောင့်ပဲ နိုင်ငံက မတိုးတက်တာဖြစ်မှာပေါ့၊ အခုကစပြီး ကျွန်တော် ယွမ်ကျန်းကနေပဲ စံနမူနာပြ စတင်ပါရစေ"