အခန်း (၁၉) - ခြောက်ယောက်မြောက်သား မြောက်ပိုင်းသွား၊ ဘုရင်နဲ့ အမတ်တွေ အကုန် တောင်ပေါ်တက်
ဘန်ဘူ ဒူးထောက်လိုက်သည်နှင့်အတူ ဟွမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ ကျန်ရှိသောသူများလည်း လိုက်၍ ဒူးထောက်ကြရတော့သည်။ မည်မျှပင် မလိုလားကြစေကာမူ ယခုအချိန်တွင်မူ ဒူးထောက်ရန်မှတစ်ပါး အခြားမရှိပေ။ အကယ်၍ ကတိဖျက်ခဲ့ပါက ရိက္ခာတောင်းခံမည့်ကိစ္စမှာ ဆွေးနွေးစရာပင် လိုတော့မည်မဟုတ်ချေ။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဟွမ်နိုင်ငံသားများကို ကြည့်ပြီး ဧကရာဇ်ဝမ်မှာ အတိုင်းမသိ ဝမ်းသာနေမိသည်။ ငါးနှစ်ရှိပြီ။ လွန်ခဲ့သော ငါးနှစ်က မိမိကို ဖမ်းမိလုနီးပါးအထိ ဖြစ်စေခဲ့သော ဟွမ်နိုင်ငံတော်ဆရာကြီးသည် နောက်ဆုံးတော့ မိမိရှေ့တွင် ဒူးထောက်နေရပြီ မဟုတ်ပါလား။ ဤသည်မှာ ငါးနှစ်တိုင် မျိုသိပ်ခဲ့ရသော ဒေါသကို ဖြေဖျောက်လိုက်ခြင်းပင် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရရှိခြင်းပင်။ ယခုဆိုလျှင် မိမိ သေသွားပါကလည်း ဘိုးဘေးဘီဘင်များကို မျက်နှာပြရဲပြီ ဖြစ်သည်။ နောင်လာနောက်သား သမိုင်းဆရာများကလည်း မိမိအား နယ်မြေဆုံးရှုံးစေသော ဧကရာဇ်အဖြစ် ရေးသားကြတော့မည် မဟုတ်ပေ။
ဧကရာဇ်ဝမ်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အချိန်အနည်းငယ် ဆိုင်းငံ့ပြီးမှ အေးအေးဆေးဆေးပင် လက်ကာပြလိုက်၏။ “သံအမတ်တို့... အလေးပြုတာ တော်ပါပြီ၊ လူတွေ လာကြစမ်း၊ ထိုင်ခုံတွေ ပြင်ပေးလိုက်”
“တချန်းဧကရာဇ်ကို ကျေးဇူးတင်ပါတယ်” ဟု ဟွမ်နိုင်ငံသားများက ဆိုကာ ဖြည်းဖြည်းချင်း ပြန်ထကြသော်လည်း မျက်နှာများမှာတော့ အတော်လေး ပျက်နေကြသည်။ ဘန်ဘူကတော့ ယွမ်ကျန်းကို ရက်စက်သော မျက်လုံးများဖြင့် တစ်ချက် စိုက်ကြည့်လိုက်၏။
ယွမ်ကျန်းက နှာခေါင်းရှုံ့လျက် ”ခွေးအိုကြီး၊ ငါ မင်းတို့ ဟွမ်နိုင်ငံကို တစ်နေ့ကျရင် သေချာပေါက် အပြတ်ရှင်းပြမယ်၊ အဲ့ဒီကျမှ ငါ့ကို လူမိုက်မျက်လုံးနဲ့ လာကြည့်ရဲဦးမလား ကြည့်ကြတာပေါ့” ဟု စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ဟွမ်နိုင်ငံအဖွဲ့ နေရာယူပြီးနောက် စိတ်ကြည်လင်နေသော ဧကရာဇ်ဝမ်သည် စားသောက်ဖွယ်ရာများကို ချက်ချင်း တည်ခင်းစေတော့သည်။ ယနေ့ ဝမ်းသာစရာ ကိစ္စရှိသဖြင့် ဧည့်ခံပွဲ၏ အရှိန်အဝါမှာလည်း ပြောင်းလဲသွား၏။ ဟွမ်နိုင်ငံသားများမှာ မျက်နှာညှိုးငယ်နေကြသော်လည်း တချန်းအင်ပါယာဘက်မှ လူများမှာမူ အလွန် ပျော်ရွှင်နေကြလေသည်။ တတိယမင်းသားဘက်တော်သား အချို့ပင်လျှင် လိုက်၍ ဝမ်းသာနေကြ၏။ နယ်မြေ ပြန်ရခြင်းမှာ တိုင်းပြည်ကို သစ္စာမဖောက်သူတိုင်းအတွက် ဝမ်းမြောက်စရာ ကိစ္စပင် မဟုတ်ပါလား။
ပွဲအလယ်ပိုင်းတွင် လူအများအပြားသည် ယွမ်ကျန်းထံသို့ လာရောက်၍ အရက်တိုက်ကြသည်။ အထူးသဖြင့် စစ်တိုက်လိုသော အုပ်စုများပင် ဖြစ်၏။ ယွမ်ကျန်းသည် အရင်က မည်မျှပင် အသုံးမကျခဲ့ပါစေ၊ ယနေ့တွင်တော့ သူသည် တချန်းအင်ပါယာ၏ သူရဲကောင်း ဖြစ်လေသည်။
ဧည့်ခံပွဲအပြီးတွင် ဧကရာဇ်ဝမ်က မိမိကို ခေါ်ယူတွေ့ဆုံမည်ဟု ယွမ်ကျန်း ထင်ထားသော်လည်း ဧကရာဇ်ဝမ်မှာ ဝမ်းသာလွန်း၍ အရက်အလွန်အကျွံ သောက်မိသဖြင့် မူးပြီး နန်းဆောင်သို့ အနားယူရန် ပြန်သွားခဲ့ပြီ ဖြစ်သည်။ ယွမ်ကျန်းလည်း လူတွေနှင့် အများကြီး စကားမပြောချင်သဖြင့် ရှန်မော့ယန့်ကိုခေါ်ကာ ချက်ချင်းပင် ထွက်လာခဲ့တော့သည်။
နန်းတော်အပြင်သို့ ရောက်သောအခါ ယွမ်ကျန်းက ရှန်မော့ယန့်ကို အိမ်အထိ လိုက်ပို့ရန် အဆိုပြုလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ၏ အဓိက ရည်ရွယ်ချက်မှာ သူမ၏ မရီးဖြစ်သူ ရဲ့ကျိကို သွားရောက် တွေ့ဆုံရန်ပင် ဖြစ်သည်။
ယွမ်ကျန်း၏ မြင်းရထား ထွက်ခွာသွားသည်ကို ကြည့်ရင်း ယွမ်လိ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေတော့သည်။ ယွမ်ကျန်းဆီကနေ ငွေတစ်သောင်းကျော် အချေးခံလိုက်ရသလို၊ ယွမ်ကျန်း အစွမ်းပြသွားသည်ကိုလည်း သူ မနာလို ဖြစ်နေမိ၏။
”ဒီအသုံးမကျတဲ့ကောင်က ရက်ပိုင်းအတွင်းမှာတင် ဘယ်လိုဖြစ်ပြီး ဒီလောက် တော်သွားရတာလဲ။ ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်ယူပေးနိုင်ခဲ့တဲ့ သူရဲကောင်း ဖြစ်သွားပြီ ဟုတ်လား။ ဒါဟာ သမိုင်းမှာ ရေးထိုးရမယ့် ဂုဏ်ကျေးဇူးပဲလေ။ စစ်သည်တစ်ယောက်မှ မဆုံးရှုံးဘဲနဲ့လား။ အဲ့ဒီဂုဏ်ပုဒ်သာ ငါ့အပေါ်မှာ ရှိခဲ့မယ်ဆိုရင် အိမ်ရှေ့စံနေရာက ငါ့အတွက် အသေအချာပဲ” ဟု ယွမ်လိက တွေးတောရင်း ဒေါသထွက်နေလေသည်။
“ဒီအသုံးမကျတဲ့ကောင်က အစွမ်းပြသွားတယ် ဟုတ်လား၊ အတော်လေးကို မုန်းဖို့ကောင်းတာပဲ” ဟု ယွမ်လိက ရှိစစ်ဖူကို ပြောလိုက်၏။
“သူ အစွမ်းပြလေလေ၊ ပိုပြီး မြန်မြန် သေလေလေပဲ” ရှိစစ်ဖူက ခေါင်းခါလျက် အေးစက်စက် ဆိုသည်။ “ငါက သူ့ကို ဟွမ်နိုင်ငံအဖွဲ့နဲ့ ပြဿနာတက်အောင် အကွက်ဆင်ဖို့ ကြံနေတာ၊ အခုတော့ အဲ့ဒီလို လုပ်စရာတောင် မလိုတော့ဘူး။ ဘန်ဘူက အဲ့ဒီလူယုတ်မာလေးကို အသေမုန်းသွားပြီဆိုတာ သေချာနေပြီ”
ယွမ်လိက သတ်ဖြတ်လိုစိတ်များဖြင့် ဆိုသည်။ “ဒါနဲ့တင် မလုံလောက်သေးဘူး။ ငါတို့ သူ့ကို အချိန်မီ နှိမ်ထားမှ ဖြစ်မယ်။ သူ အရှိန်မရလာခင်မှာတင် အပြတ်ရှင်းမှ ဖြစ်မှာ၊ လုံးဝ အင်အားမကြီးလာစေရဘူး”
“စိတ်ချပါ၊ ငါ့မှာ အကြံရှိပြီးသားပဲ” ရှိစစ်ဖူက လှောင်ပြုံးဖြင့် ဆို၏။ “ငါ သူ့အတွက် ကျော့ကွင်းဆင်ထားပြီးပြီ။ ဟွမ်နိုင်ငံသားတွေကသာ နည်းနည်းလောက် ကူညီပေးရင် ဒီအသုံးမကျတဲ့ကောင်ဟာ ဘယ်တော့မှ ပြန်မလာနိုင်တဲ့ တွင်းထဲကို ကျသွားစေရမယ်”
“ဟင်... ဘယ်လို အကွက်လဲ” ယွမ်လိက ဝမ်းသာအားရ မေးလိုက်သည်။
ရှိစစ်ဖူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားကာ တည်ငြိမ်စွာ ဆိုလေသည်။ “သေတွင်းပဲပေါ့”
ယွမ်ကျန်း ရှန်မော့ယန့်ကို အိမ်သို့ လိုက်ပို့ချိန်တွင် အတော်လေး ညနက်နေပြီ ဖြစ်သည်။ ရှန်မော့ယန့် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်မှသာ ရှန်မိခင်ကြီးတို့ စိတ်အေးသွားကြ၏။ သူမတို့သည် ရှန်မော့ယန့် နန်းတော်ထဲတွင် အနိုင်ကျင့်ခံရမည်ကို အစိုးရိမ်ဆုံး ဖြစ်သည်။
သို့သော် ယွမ်ကျန်းကို မြင်လိုက်ရချိန်တွင် ရှန်မိခင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် မကြည်မလင် ဖြစ်သွားပြန်သည်။
“မင်းသားကို ဂါရဝပြုပါတယ်” ရှန်မိခင်ကြီးက အကျဉ်းချုံး အလေးပြုပြီးနောက် ချွေးမနှစ်ဦးကို ဆိုလေသည်။ “ကဲ... အချိန်လည်း နောက်ကျနေပြီဆိုတော့ အားလုံးပဲ အနားယူကြတော့” ပြောပြီးသည်နှင့် ရှန်မိခင်ကြီးသည် အခန်းထဲသို့ ချက်ချင်း ဝင်သွားတော့သည်။
“အမေ... ခဏနေပါဦး” ရှန်မော့ယန့်က မိခင်ဖြစ်သူကို လှမ်းခေါ်လိုက်သည်။ “ကျွန်မတို့ နန်းတော်ထဲမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ မသိချင်ဘူးလား”
“မသိချင်ဘူး၊ သိဖို့လည်း စိတ်မပါဘူး” ရှန်မိခင်ကြီးက လှည့်မကြည့်ဘဲ ပြန်ပြောကာ အခန်းထဲသို့ ဝင်သွားလေသည်။
ရှန်မော့ယန့်မှာ စိတ်ပျက်သွားကာ မရီးနှစ်ဦးကို ဆို၏။ “မရီးတို့ ခဏလောက် သူ့ကို ဧည့်ခံပေးထားကြပါဦး၊ ကျွန်မ အမေ့ဆီကိုသွားပြီး ပြောစရာလေး ရှိလို့” ပြောပြီးသည်နှင့် ရှန်မော့ယန့်သည် မိခင်နောက်သို့ အမြန်လိုက်သွားလေသည်။ သူမသည် ယွမ်ကျန်း နန်းတော်ထဲတွင် မည်သို့ အစွမ်းပြခဲ့သည်ကို မိခင်ဖြစ်သူအား အမြန်ဆုံး ပြောပြချင်နေခြင်း ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ နယ်မြေများ ပြန်လည်ရရှိခြင်း မဟုတ်ပါလား။ ရှန်မော့ယန့်က မိခင်၏ အခန်းထဲသို့ ရောက်သောအခါ နန်းတော်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အားရပါးရ ရှင်းပြနေတော့သည်။
“သူ့မှာ အဲ့ဒီလို အရည်အချင်း ရှိတာ ဟုတ်လား” ရှန်မိခင်ကြီး အံ့သြသွားကာ “တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တာများလား” ဟု မေးလိုက်၏။
“အမေ ဒီလိုပြောမယ်ဆိုတာ ကျွန်မ သိသားပဲ” ရှန်မော့ယန့်က ပြုံးလျက် ဆိုသည်။ “ဒါပေမဲ့ သူက နောက်တစ်ခါမှာ မျက်လုံးမှိတ်ပြီးတောင် ဖြေရှင်းပြခဲ့တာ၊ တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ”
“မျက်လုံးမှိတ်ပြီး ဟုတ်လား” ရှန်မိခင်ကြီး အံ့သြသွားပြီးနောက် နှာခေါင်းရှုံ့လိုက်၏။ “ဒါတွေက အပေါ်ယံ အတတ်ပညာတွေပဲလေ”
“အဲ့ဒါက ဘာဖြစ်လဲ အမေရဲ့” ရှန်မော့ယန့်က ဆိုသည်။ “သူက ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးနိုင်ခဲ့တာလေ၊ အရေးကြီးဆုံးက ပိုင်ရွှေမြစ် တောင်ဘက်က နယ်မြေတွေကို ပြန်ရတာပဲ မဟုတ်လား”
“ဂုဏ်သိက္ခာ ပြန်ဆယ်ပေးနိုင်တာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ နယ်မြေ ပြန်ရတာကတော့...” ရှန်မိခင်ကြီးက ခေါင်းခါလျက် သက်ပြင်းချလိုက်၏။ “မင်းအဖေ ပြောဖူးတယ်၊ ဟွမ်နိုင်ငံသားတွေဆိုတာ ဝံပုလွေတွေလိုပဲတဲ့။ သူတို့ မျိုထားတဲ့ အသားကို အလွယ်တကူ ပြန်ထွေးထုတ်လိမ့်မယ် မဟုတ်ဘူး။ တကယ် ပြန်ရတဲ့ အချိန်ကျမှပဲ ပြောကြတာပေါ့”
ရှန်မိခင်ကြီးက သက်ပြင်း ထပ်မံ ချလိုက်ပြန်သည်။ နှုတ်ကတိဆိုတာ ဘာအသုံးဝင်ပါသနည်း။ စာချုပ်စာတမ်းတွေတောင် အတည်မဖြစ်သည့် ခေတ်မဟုတ်ပါလား။ ဟွမ်နိုင်ငံသားတွေ တကယ် ဆုတ်ခွာသွားပြီး တချန်းစစ်သည်တွေ ဝင်ရောက်နိုင်သည့် အချိန်ကျမှသာ နယ်မြေ ပြန်ရသည်ဟု ဆိုနိုင်ပေလိမ့်မည်။
မိခင်နှင့် သမီး စကားပြောနေစဉ် ယွမ်ကျန်းသည်လည်း ရဲ့ကျိနှင့်အတူ နောက်ဖေးဥယျာဉ်သို့ ရောက်ရှိလာ၏။ ဝေရွှမ်းမှာမူ ကလေးကို အကြောင်းပြကာ အခန်းထဲသို့ အနားယူရန် ဝင်သွားခဲ့ပြီ ဖြစ်သည်။
“ငါ့အတွက် အလုပ်လုပ်ပေးမလား” ယွမ်ကျန်းက ဝဲယာကို တစ်ချက်ကြည့်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
ရဲ့ကျိက မျက်ခုံးပင့်ကာ ပြုံးလိုက်၏။ “ဆဋ္ဌမမင်းသား... ရှင်က တကယ့်ကို တဲ့တိုးဆန်လွန်းတာပဲနော်”
“ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရင် အပိုတွေ ပြောမနေချင်ဘူး” ယွမ်ကျန်းက ပြုံးလျက် ဆိုသည်။ “မင်းမှာ လိုချင်တာရှိရင် ပြောနိုင်ပါတယ်၊ ငါ တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ်”
“ကျွန်မမှာတော့ တကယ်ပဲ လိုချင်တာ မရှိပါဘူး” ရဲ့ကျိက ခေါင်းခါပြကာ ခါးသီးစွာ ဆိုလေသည်။ “ဒါပေမဲ့ ရှင့်ရဲ့ လှေပေါ်ကို တက်ရကျိုး နပ်မနပ်ဆိုတာကိုတော့ ကျွန်မ စဉ်းစားရဦးမယ်”
“အမှန်အတိုင်း ပြောရရင် မင်းမှာ ရွေးချယ်စရာ မရှိဘူး” ယွမ်ကျန်းက ခေါင်းခါလျက် ဆို၏။ “မင်းမှာ လမ်းနှစ်လမ်းပဲ ရှိတယ်၊ ငါ့အတွက် အလုပ်လုပ်ပေးမလား၊ ဒါမှမဟုတ် ခမည်းတော်ဆီကိုသွားပြီး ငါက အကွက်ချပြီး တစ်ခုခု ကြံစည်နေပါတယ်လို့ သွားတိုင်မလား”
ရှန်မော့ယန့်သည် သူနှင့် လက်ထပ်ရမည်မှာ သေချာနေပြီ ဖြစ်ရာ၊ ရဲ့ကျိသည်လည်း သူနှင့် လှေတစ်စင်းတည်းသား ဖြစ်နေပြီ မဟုတ်ပါလား။
“ရှင်ကလည်း ဒီလို အချိန်မျိုးမှာကျတော့ အတော်လေး အာဏာပြတတ်သားပဲ” ရဲ့ကျိက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလျက် ဆိုသည်။ “ဒါဆိုရင် ကျွန်မက ရှင့်ကို သွားတိုင်မှာကို မကြောက်ဘူးလား”
“မင်းကရော ဘယ်လို ထင်သလဲ” ယွမ်ကျန်းက လှောင်ပြုံးဖြင့် သူမကို စိုက်ကြည့်လိုက်၏။
ရဲ့ကျိက ခါးသီးစွာ ပြုံးလျက် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူက သူမ သွားတိုင်မှာကို ဘယ်ကြောက်ပါ့မည်နည်း။ သူမသာ သွားတိုင်ခဲ့လျှင် မင်းသားတစ်ပါးကို မဟုတ်မတရား စွပ်စွဲမှုနှင့် သူမတို့ မိသားစုသာ အရင် ကွပ်မျက်ခံရမည် မဟုတ်ပါလား။ ထို့ကြောင့် ယွမ်ကျန်း ပြောသလိုပင် သူမမှာ ရွေးချယ်စရာ မရှိပေ။
ရဲ့ကျိ သက်ပြင်းချလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။ “ကဲ... ပြောပါဦး၊ ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးရမလဲ”
“ပြတ်သားတယ်” ယွမ်ကျန်းက ပြုံးလျက် ဆို၏။ “ငါ့အကြောင်း ကောလာဟလတွေကို မသိမသာ လိုက်ဖြန့်ပေးစေချင်တယ်၊ ငါဟာ အိမ်ရှေ့စံဟောင်းရဲ့ အပေါင်းအပါ ဖြစ်ခဲ့ပြီး အခုချိန်ထိ အကွက်ချ စောင့်ဆိုင်းနေတာပါလို့ပေါ့။ အိမ်ရှေ့စံ ပုန်ကန်မှု မအောင်မြင်ခင်မှာ ငါ့ဆီကို စာတစ်စောင် ပေးခဲ့ပြီး ဟွမ်နိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး တချန်းအင်ပါယာကို သိမ်းပိုက်ဖို့ ကြံစည်နေတာပါလို့ ဖြန့်လိုက်”
ယွမ်ကျန်း၏ စကားကို ကြားသောအခါ ရဲ့ကျိ၏ မျက်နှာမှာ အနည်းငယ် တုန်ယင်သွားသည်။
“ဆဋ္ဌမမင်းသား... ရှင်က တကယ့်ကို လူယုတ်မာပဲနော်”
ယွမ်ကျန်းသည် မည်သူမျှ သူ ပုန်ကန်မည်ကို မယုံကြည်ခြင်းကို အသုံးချပြီး တခြားမင်းသားများကို အကွက်ဆင်နေခြင်းဖြစ်ကြောင်း ရဲ့ကျိ နားလည်လိုက်သည်။ ဤသတင်းသာ ပျံ့သွားပါက လူတိုင်းက ကျန်ရှိသော မင်းသားများသည် ယွမ်ကျန်းကို မနာလိုဖြစ်ပြီး မဟုတ်မတရား စွပ်စွဲနေခြင်း ဖြစ်သည်ဟုသာ ထင်ကြပေလိမ့်မည်။
“ငါက အကွက်မြင်တဲ့သူ တစ်ယောက်ပါ” ယွမ်ကျန်းက ပြုံးလျက် မှာကြားလိုက်ပြန်သည်။ “နောက်ပြီးတော့ ကျောက်ရုပ်တစ်ခုကို လုပ်ခိုင်းလိုက်၊ လူတွေ အလွယ်တကူ တွေ့နိုင်မယ့် နေရာမှာ မြှုပ်ထားလိုက်စမ်း၊ အဲ့ဒီ ကျောက်ရုပ်ပေါ်မှာ စာလေး တစ်ကြောင်း ရေးထားလိုက်ဦး”
“ဘာစာလဲ” ရဲ့ကျိက မေးသည်။
“ခြောက်ယောက်မြောက်သား မြောက်ပိုင်းသွား၊ ဘုရင်နဲ့ အမတ်တွေ အကုန် တောင်ပေါ်တက်”