အခန်း (၁၈) - မျက်လုံးမှိတ်ထားလဲ မင်းကို နိုင်တယ်
မျက်လုံးမှိတ်ထားမယ် ဟုတ်လား။
ဒါ့အပြင် လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်းမှာပဲ ဒါကို ဖြေရှင်းပြမယ် ဟုတ်လား။
ယွမ်ကျန်း ရူးသွားပြီဆိုတာ သေချာသွားပြီ။
ဒီအသုံးမကျတဲ့ကောင်ဟာ တစ်ခါလောက် ကံကောင်းပြီး လောင်းနိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မြင့်သွားပြီ ဖြစ်သည်။
ဧကရာဇ်ဝမ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး ယွမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်နေမိ၏။
ယွမ်ကျန်းသည် နိုင်ငံတော် ကိစ္စတွေကိုတော့ လောင်းကြေးအဖြစ် မသုံးခဲ့ပေ။
မိမိ၏ ဦးခေါင်းကိုသာ လောင်းကြေးအဖြစ် ထပ်မံ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဒါပေမဲ့ မျက်လုံးမှိတ်ပြီး ရူးဘစ်တုံးကို ဖြေရှင်းမယ် ဟုတ်လား။
သူက နတ်မျက်စိ ရထားတယ်လို့ ဘာလို့ မပြောလိုက်တာလဲ။
ဒီလူယုတ်မာလေးဟာ အဲ့ဒီလောက်တောင် သေချင်နေတာလား။
ဧကရာဇ်ဝမ်သည် အလွန်အမင်း ဒေါသထွက်နေပြီး ဟွမ်နိုင်ငံ အဖွဲ့ရှေ့မှာသာ မဟုတ်ပါက ယွမ်ကျန်းကို ကန်ပစ်မိမှာ သေချာလှသည်။
ရှန်မော့ယန့်လည်း အလွန် ဒေါသထွက်နေ၏။
မူလက ယွမ်ကျန်းသည် လောင်းကြေးဖြင့် တချန်းအင်ပါယာအတွက် နယ်မြေများ ပြန်လည် ရယူပေးနိုင်ခဲ့သဖြင့် အလွန်ကြီးမားသော ဂုဏ်ကျေးဇူးကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတော့ ဤအဆင့်အတန်းကို မသိသောကောင်သည် ဟွမ်နိုင်ငံတော်ဆရာကြီးနှင့် ထပ်မံ လောင်းပြန်ပြီ။
ဒါ့အပြင် မိမိအသက်ကိုပါ လောင်းကြေး ထပ်လိုက်သေးသည်။
ဒါဟာ သေတွင်းထဲ ကိုယ်တိုင် ခုန်ဆင်းတာ မဟုတ်ပါလား။
မျက်လုံးမှိတ်ပြီး ဒီအရာကို ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူမ ထင်မိသည်။
ယွမ်ကျန်းကို အကြိမ်ကြိမ် ဆွဲတားသော်လည်း မရသဖြင့် ရှန်မော့ယန့်မှာ သွားကြိတ်ရင်း ဒေါသထွက်နေရလေသည်။
"ကဲ... တော်ပြီ၊ တော်ပြီ။ သေမယ့်လူကို နတ်သမီးတောင် ကယ်လို့ မရဘူးတဲ့၊ ငါလည်း တားသလောက် တားပြီးပြီ၊ ဖြောင်းဖျသလောက်လည်း ဖြောင်းဖျပြီးပြီ။ ဒီလူယုတ်မာကမှ သေချင်နေတယ်ဆိုတော့လည်း သူ့သဘောပဲပေါ့။ သူ သေသွားရင် ငါလည်း သူ့ကို လက်ထပ်စရာ မလိုတော့ဘူး" ဟု ရှန်မော့ယန့်က စိတ်တိုတိုနှင့် တွေးလိုက်မိသည်။
ထိုအချိန်တွင် အပျော်ဆုံးလူများမှာ ယွမ်လိနှင့် သူ၏ အပေါင်းအပါများ ဖြစ်ကြသည်။
ယွမ်ကျန်းသည် ဤမျှ ကြီးမားသော ဂုဏ်ကျေးဇူးကို ရရှိသွားသဖြင့် ဧကရာဇ်ဝမ်၏ မျက်နှာသာပေးမှုကို ရရှိသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။
သို့သော် ယခုတော့ ယွမ်ကျန်းသည် သူ့ဘာသာသူ သေတွင်းတူးနေပြီ မဟုတ်ပါလား။
ဟဲဟဲ... အခုတော့ ပွဲကောင်း ကြည့်ရတော့မှာပဲ။
"ကောင်းပြီ"
ခဏမျှ ကြောင်အသွားပြီးနောက် ဘန်ဘူက ပြတ်သားစွာ သဘောတူလိုက်၏။ "ဆဋ္ဌမမင်းသားက လောင်းချင်တယ်ဆိုမှတော့ ငါကလည်း အဖော်ပြုပေးရမှာပေါ့"
ပြောပြီးသည်နှင့် ဘန်ဘူက အားရပါးရ ရယ်မောလိုက်တော့သည်။
၎င်းတို့၏ ဓားများနှင့် တချန်းအင်ပါယာ မင်းသားတစ်ပါး၏ ဦးခေါင်းကို လဲလှယ်ရသည်မှာ အရှုံးမရှိပေ။
ယွမ်ကျန်းသည် သူ၏ အစီအစဉ်ကောင်းများကို ဖျက်ဆီးခဲ့သဖြင့် သူ့ကို အရှင်းဖျောက်ချင်နေခြင်း ဖြစ်လေသည်။
ဘန်ဘူ ရယ်မောသံနှင့်အတူ ဟွမ်နိုင်ငံ အဖွဲ့ဝင်များလည်း လိုက်၍ ရယ်မောကြတော့သည်။
"ကောင်းပြီ... ဒါဆို ကတိအတိုင်းပဲနော်"
ယွမ်ကျန်းက ရူးဘစ်တုံးကို ဘန်ဘူထံ ကမ်းပေးလိုက်သည်။ "နိုင်ငံတော်ဆရာကြီးပဲ ဒါကို အကုန်ရှုပ်အောင် လုပ်လိုက်ပါ၊ နောက်မှ ငါ့ကို လူလည်ကျတယ်လို့ မပြောရအောင်ပေါ့"
"ပြဿနာ မရှိပါဘူး"
ဘန်ဘူက ရယ်မောလျက် ဆိုသည်။ "ဆဋ္ဌမမင်းသားက တကယ့်ကို ယောကျ်ားပီသတဲ့သူပဲ"
"ယောကျ်ားပီသတာ ဟုတ်လား၊ ငတုံးလို့ ပြောတာ ပိုမှန်လိမ့်မယ်" ဟု ရှန်မော့ယန့်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
စကားပြောနေစဉ်မှာပင် ဘန်ဘူသည် ရူးဘစ်တုံးကို အလျင်အမြန် ရှုပ်ထွေးအောင် လုပ်လိုက်ပြီး ယွမ်ကျန်းကို ကမ်းပေးလိုက်၏။
"ယွမ်ကျန်း"
ဧကရာဇ်ဝမ်သည် ရူးဘစ်တုံးကို စတင် ဖြေရှင်းတော့မည့် ယွမ်ကျန်းကို ဟန့်လိုက်ပြီး အေးစက်စက် ဆိုလေသည်။ "မင်း အခု နောင်တရရင်လည်း အချိန်မီသေးတယ်၊ အရင်က မင်းရဲ့ ဂုဏ်ကျေးဇူးကို ထောက်ပြီး ငါကိုယ်တော် အပြစ်မပေးဘဲ နေနိုင်တယ်"
ဧကရာဇ်ဝမ်၏ မျက်လုံးများထဲရှိ သတိပေးမှုမှာ အလွန် ပြင်းထန်လှ၏။
"ဆဋ္ဌမမင်းသား... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေပါနဲ့ဦး"
"ညီတော် ခြောက်... ရသင့်သလောက် ရရင် တော်သင့်ပြီ"
"ဟုတ်တယ်... အခုက မင်း လူစွမ်းပြရမယ့် အချိန်မဟုတ်ဘူး"
သတိဝင်လာကြသော အမတ်များကလည်း ဝိုင်းဝန်း တားမြစ်ကြတော့သည်။
"ခမည်းတော် စိတ်ချပါ၊ ဟွမ်နိုင်ငံက လူရိုင်းတွေ သင်ထားတာဟာ အပေါ်ယံလောက်ပဲ ရှိတာပါ"
ယွမ်ကျန်းက ဂရုမစိုက်ဘဲ ရူးဘစ်တုံးကို ခဏမျှ မှတ်သားလိုက်ပြီးနောက် ရုတ်တရက် မျက်လုံးမှိတ်လိုက်၏။ "နိုင်ငံတော်ဆရာကြီး... အချိန် စမှတ်နိုင်ပါပြီ"
ယွမ်ကျန်း၏ စကားအဆုံးတွင် သူ၏ လက်များမှာ အလွန် လျင်မြန်စွာ လှုပ်ရှားလာတော့သည်။
"ကောင်းတယ်... ကောင်းတယ်"
ဘန်ဘူက ရယ်မောလျက် ယွမ်ကျန်း၏ မျက်လုံးများကိုသာ စိုက်ကြည့်နေ၏။ ယွမ်ကျန်း မျက်လုံးဖွင့်ပြီး လူလည်ကျမည်ကို သူ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ယွမ်လိသည်လည်း အားရပါးရ ရယ်ချင်စိတ်ကို အတင်းထိန်းထားရင်း ယွမ်ကျန်းကို ငတုံးတစ်ယောက်အဖြစ် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
လူကြားထဲ အစွမ်းပြချင်လွန်းလို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။
မင်းက ဘယ်သူလဲဆိုတာကိုတောင် မေ့နေပြီ ဟုတ်လား။
ယွမ်လိ စိတ်ထဲမှ လှောင်ပြောင်နေစဉ်မှာပင် ယွမ်ကျန်း၏ လက်များ ရပ်တန့်သွားကာ ရူးဘစ်တုံးကို တစ်ဖန် ပြန်လည် မြှောက်ပြလိုက်ပြန်သည်။
ယွမ်ကျန်းလက်ထဲမှ ရူးဘစ်တုံးကို မြင်လိုက်ရချိန်တွင် ဘန်ဘူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားကာ မြေပြင်ပေါ်သို့ပင် လဲကျသွားမတတ် ဖြစ်သွား၏။
တချန်းအင်ပါယာမှ လူအားလုံးလည်း မှင်တက်သွားကြပြန်သည်။
လူအတော်များများက မိမိတို့၏ မျက်လုံးများကို အားရပါးရ ပွတ်ကြည့်နေကြသလို၊ အိပ်မက် မက်နေသည်လားဟုလည်း တွေးနေမိကြသည်။
သို့သော် ရှေ့မှ မြင်ကွင်းက ၎င်းတို့ အိပ်မက် မက်နေခြင်း မဟုတ်ကြောင်း သက်သေပြနေ၏။
ရှန်မော့ယန့်သည် မျက်လုံးပြူးကာ ယွမ်ကျန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ဖြေရှင်းနိုင်ခဲ့ပြီ။
နောက်တစ်ကြိမ် ထပ်ပြီး နိုင်သွားပြန်ပြီ။
ဘုရားရေ။
ဒီတစ်ခေါက်မှာ အရင်ကထက် အနည်းငယ် နှေးသော်လည်း လက်ဖက်ရည် တစ်ခွက်စာ အချိန်တောင် လုံးဝ မကုန်ခဲ့ပေ။
မျက်လုံးမှိတ်ထားတာတောင် ဒီအရာကို ဒီလောက် မြန်မြန် ဖြေရှင်းနိုင်တယ် ဟုတ်လား။
သူ ဒါကို ဘယ်လောက်တောင် ကျွမ်းကျင်နေလို့လဲ။
"နိုင်ငံတော်ဆရာကြီး... အခုတော့ ကျွန်တော်မျိုး ပြောတဲ့ စကားကို ယုံပြီလား"
ယွမ်ကျန်းက မျက်လုံးဖွင့်ကာ ပြုံးလျက် ဆိုလိုက်၏။ "ကျွန်တော်မျိုး ထင်တာကတော့၊ နိုင်ငံတော်ဆရာကြီးဟာ ကျွန်ုပ်တို့နိုင်ငံဆီကနေ အပေါ်ယံလေးပဲ ခိုးသင်သွားပြီး အကုန်တတ်ပြီလို့ ထင်နေတာ ထင်တယ်၊ ဟုတ်လား"
ယွမ်ကျန်း၏ စကားကြောင့် ဘန်ဘူ၏ မျက်နှာမှာ တစ်လှည့်စီ ပြောင်းလဲနေပြီး ပါးကို အားရပါးရ အရိုက်ခံလိုက်ရသလို ခံစားနေရ၏။
သူသည် ပြန်လည် ငြင်းဆန်ချင်သော်လည်း အမှန်တရားက ရှေ့မှာ ရှိနေပြီ ဖြစ်သည်။
သူကိုယ်တိုင် ပြုလုပ်ထားသော အရာကို ယွမ်ကျန်းက မျက်လုံးမှိတ်ပြီး ဖြေရှင်းတာတောင် သူကိုယ်တိုင်ထက် အချိန်ပိုနည်းနေသည် မဟုတ်ပါလား။
သူက ခိုးသင်ထားတာ မဟုတ်ဘူးလို့ ပြောရင်တောင် ဘယ်သူက ယုံပါတော့မည်နည်း။
"ဟားဟား..."
မှင်တက်နေသော လူအုပ်ကြားမှ ရဲရင့်လှသော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ဝမ်ချိုသည် ဘန်ဘူကို စိုက်ကြည့်ကာ အားရပါးရ ရယ်မောလိုက်၏။ "နိုင်ငံတော်ဆရာကြီး... မင်းတို့က ငါတို့နိုင်ငံဆီကနေ အပေါ်ယံလေး ခိုးသင်သွားပြီးတော့၊ အခု အဲ့ဒီ ရူးဘစ်တုံးနဲ့ပဲ ငါတို့နိုင်ငံကို လာပြီး ကြွားဝါနေတာဟာ တကယ့်ကို ရယ်စရာကောင်းလှတယ် မဟုတ်လား"
ရှောင်ဝမ်ချို၏ စကားကြောင့် လူအများ သတိဝင်လာကာ ဝိုင်းဝန်း ရယ်မောကြတော့သည်။
"စစ်သူကြီးရှောင် ပြောတာ တကယ့်ကို မှန်တယ်"
"တပည့်က ဆရာ့ကို လာစမ်းတာပဲ၊ ဒါဟာ တကယ့်ကို ရယ်စရာပဲ"
"နိုင်ငံတော်ဆရာကြီး... ဟွမ်နိုင်ငံအနေနဲ့ သင်ယူရဦးမှာတွေ အများကြီးပဲနော်"
ယွမ်ကျန်းက လောင်းကြေးကို ထပ်မံ နိုင်သွားသဖြင့် လူအားလုံး အလွန် ဝမ်းသာနေကြလေသည်။
ယွမ်လိနှင့် သူ၏ အပေါင်းအပါများသာ မျက်နှာ ပျက်နေကြသော်လည်း အတင်း ပြုံးပြနေကြရ၏။
"သေစမ်း။ ဒီငတုံးက တကယ်ပဲ မျက်လုံးမှိတ်ပြီး ဖြေရှင်းနိုင်တယ် ဟုတ်လား"
လူအများ၏ လှောင်ပြောင်မှုကြောင့် ဘန်ဘူသည် ရင်ထဲ၌ ဒေါသများ ပေါက်ကွဲနေတော့သည်။
ရယ်ကြဦးပေါ့။ ရယ်ကြဦး။
မင်းတို့ ငိုရမယ့် အချိန် ရောက်လာမှာပါ။
ငါတို့ ဟွမ်နိုင်ငံက မျိုထားတဲ့ နယ်မြေတွေကို မင်းတို့ဆီ ပြန်ပေးမယ် ထင်နေတာလား။
အိပ်မက် မက်နေလိုက်ဦး။
တတ်နိုင်ရင် လာပြီး ပြန်ယူကြည့်လိုက်လေ။
ဒီနေ့တော့ မင်းတို့ကို အရင် ဝမ်းသာခွင့် ပေးလိုက်ဦးမယ်။
ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားတဲ့နေ့ကျရင်တော့ မင်းတို့ကို ငိုခိုင်းစေရမယ်။
"ကဲ... တော်ကြပါတော့"
ဧကရာဇ်ဝမ်က လက်ကာပြ၍ လူအားလုံးကို တိတ်စေလိုက်ပြီး ယွမ်ကျန်းကို တစ်ချက် စိုက်ကြည့်ကာ ဘန်ဘူကို ပြုံးစစဖြင့် ကြည့်လိုက်၏။ "နိုင်ငံတော်ဆရာကြီး... မင်း လောင်းကြေး ရှုံးသွားပြီဆိုတာကို ဝန်ခံသလား"
ဘန်ဘူမှာ ခဏမျှ ဆို့နင့်သွားပြီးမှ သွားကြိတ်ကာ ဆိုလေသည်။ "ငါတို့ ဟွမ်နိုင်ငံသားတွေဟာ ပြောပြီးရင် တည်တဲ့သူတွေပါ၊ ဆဋ္ဌမမင်းသားနဲ့ လောင်းခဲ့တာဆိုတော့ ရှုံးတာကို ဝန်ခံရမှာပေါ့"
ပြောပြီးသည်နှင့် ဘန်ဘူသည် သူ၏ ဓားကို ချွတ်လိုက်ကာ ကျန်ရှိသော သူများကိုလည်း ဓားများ အကုန်ချွတ်ခိုင်းလိုက်၏။
ဟွမ်နိုင်ငံ အဖွဲ့ဝင်များမှာ မလိုလားကြသော်လည်း ဘန်ဘူကိုယ်တိုင် အမိန့်ပေးသဖြင့် မတတ်သာဘဲ ဓားများကို အသီးသီး ချွတ်ပေးလိုက်ကြရလေသည်။
၎င်းတို့၏ အမူအရာကို ကြည့်ပြီး လူအားလုံး အလွန် ဝမ်းသာနေကြသည်။
အစောပိုင်းက ဘန်ဘူ ကတိမတည်မှာကို စိုးရိမ်နေကြခြင်း ဖြစ်၏။
ယခုတော့ ရှုံးတာကို ဝန်ခံပြီ မဟုတ်ပါလား။
ရှုံးတာကို ဝန်ခံမှတော့ တချန်းအင်ပါယာအနေနဲ့ စစ်သည်တစ်ယောက်မျှ မဆုံးရှုံးဘဲ နယ်မြေတွေကို ပြန်ရနိုင်ပြီ ဖြစ်သည်။
တချန်းအင်ပါယာကို ကောင်းကင်ဘုံက တကယ်ပဲ စောင့်ရှောက်လိုက်ပြီ။
မကြာမီ ဟွမ်နိုင်ငံ အဖွဲ့ဝင်အားလုံး ဓားများကို ချွတ်ပေးလိုက်ကြရာ နန်းတွင်း ကိုယ်ရံတော်များက အမြန်လာ၍ သိမ်းဆည်းလိုက်ကြသည်။
"ခဏလေး"
ဧကရာဇ်ဝမ်က ဘန်ဘူ၏ ဓားကို သိမ်းသွားသော ကိုယ်ရံတော်ကို လှမ်းခေါ်လိုက်၏။ "ငါ့ဆီ ယူလာခဲ့"
ကိုယ်ရံတော်သည် အမိန့်ကို နာခံကာ ဘန်ဘူ၏ ဓားကို ဧကရာဇ်ဝမ်ထံ အမြန် ဆက်သလိုက်လေသည်။
"ဇွပ်..."
ဧကရာဇ်ဝမ်သည် ဓားကို ဆွဲထုတ်ကာ တစ်ချက်ကြည့်လိုက်ပြီး အထင်သေးစွာ ဆိုသည်။ "ဟွမ်နိုင်ငံရဲ့ ရတနာဓားဆိုတာ ဒီလောက်ပဲလား"
ပြောပြီးသည်နှင့် ဧကရာဇ်ဝမ်သည် ထိုဓားကို ယွမ်ကျန်းထံ ကမ်းပေးလိုက်၏။ "မင်းက ဒီဓားကို အတော်လေး သဘောကျနေပုံရတယ်၊ ဒါကြောင့် ငါကိုယ်တော်က ဒီဓားကို မင်းကိုပဲ ဆုအဖြစ် ပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
ယွမ်ကျန်းသည် ဝမ်းသာအားရဖြင့် ထိုဓားကို လှမ်းယူလိုက်လေသည်။
ဟဲဟဲ... ငါ တကယ်ပဲ ဒီဓားကို လိုချင်နေတာ။
မမျှော်လင့်ဘဲ ငါ မတောင်းရသေးခင်မှာတင် ခမည်းတော်က ပေးလိုက်ပြီ။
တကယ့်ကို ကောင်းတာပဲ။
ဒီဓားရဲ့ အသုံးဝင်ပုံက လူသတ်ဖို့တင် မဟုတ်ဘူးလေ။
ဒါက ဘန်ဘူရဲ့ အမှတ်အသားပဲ မဟုတ်လား။
နယ်စပ်ကို ရောက်တဲ့အခါ ဒီဓားက အတော်လေး အသုံးဝင်လာမှာ သေချာတယ်။
"ကဲ... တော်ပြီ"
ဧကရာဇ်ဝမ်သည် အားရပါးရ ရယ်မောချင်စိတ်ကို အတင်းထိန်းကာ အမတ်များနှင့် ဆွေမျိုးများကို လက်ကာပြလိုက်၏။ "အချိန်တွေ အများကြီး ကုန်သွားပြီဆိုတော့၊ အခု ဟွမ်နိုင်ငံ အဖွဲ့ရဲ့ ဂါရဝပြုမှုကို လက်ခံကြတာပေါ့"
ဧကရာဇ်ဝမ်သည် ယွမ်ကျန်း၏ ပုခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီးနောက် ပလ္လင်ပေါ်သို့ အမြန် ပြန်တက်သွားလေသည်။
ဧကရာဇ်ဝမ် နေရာယူပြီးနောက် လူတိုင်းလည်း မိမိတို့ နေရာသို့ ပြန်သွားကြ၏။
ယွမ်ကျန်းသည် စိတ်ထဲမှ ဝမ်းသာနေသော်လည်း စိုးရိမ်စိတ် အနည်းငယ်လည်း ဝင်လာမိသည်။
ဒီနေ့တော့ ငါ အစွမ်းပြခဲ့ပြီ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြဿနာတွေ တက်လာတော့မှာ သေချာတယ်။
ယွမ်လိနဲ့ ဟွမ်နိုင်ငံသားတွေဟာ ငါ့ကို သေချာပေါက် သတ်ဖို့ ကြိုးစားကြလိမ့်မယ်။
ဒါကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ကြိုပြီး စဉ်းစားထားမှ ဖြစ်တော့မယ်။
"ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က တချန်းဧကရာဇ်ကို ဂါရဝပြုစေ"
ထိုအချိန်တွင် မိန်းမစိုးချုပ်က အလိုက်သိစွာ အော်ဟစ်လိုက်လေသည်။
လူအားလုံး ဘန်ဘူနှင့် ဟွမ်နိုင်ငံ အဖွဲ့ကို စိုက်ကြည့်လိုက်ကြ၏။
အခုတော့ လူလည်ကျဖို့ ကြိုးစားရင်း ကိုယ့်ကျော့ကွင်း ကိုယ်မိပြီ မဟုတ်လား။
ဘန်ဘူ၏ မျက်နှာမှာ တဆတ်ဆတ် တုန်ယင်နေပြီး အသက်ကို ပြင်းပြင်းရှူကာ သွားကြိတ်လျက် ဒူးထောက်လိုက်လေသည်။ "ဟွမ်နိုင်ငံတော်ဆရာကြီး ဘန်ဘူနဲ့အတူ ကိုယ်စားလှယ်အဖွဲ့က တချန်းဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"