အခန်း (၁၆) - လောင်းကြေးထပ်ခြင်း
ဆဋ္ဌမမင်းသားလား။
ယွမ်ကျန်းလား။
အသုံးမကျတဲ့ကောင်လား။
ခဏအတွင်းမှာတင် လူတိုင်းရဲ့ ဦးနှောက်ထဲမှာ ဒီစကားလုံးတွေ တန်းစီပေါ်လာတော့သည်။ သို့သော် ထိုစကားလုံး အားလုံးသည် ယွမ်ကျန်း တစ်ယောက်တည်းကိုသာ ရည်ညွှန်းနေခြင်း ဖြစ်သည်။
သူ အခုနက ဘာပြောလိုက်တာလဲ။ လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်းမှာပဲ ဒီအရာကို ဖြေရှင်းနိုင်မယ် ဟုတ်လား။
ဒီအသုံးမကျတဲ့ကောင် ရူးသွားပြီလား။ တချန်းအင်ပါယာရဲ့ အမတ်ကြီးတွေနဲ့ မင်းသားတွေတောင် မဖြေရှင်းနိုင်တဲ့ အရာကို သူက လက်ဖက်ရည် တစ်ခွက်စာ အချိန်နဲ့ ဖြေရှင်းမယ် ဟုတ်လား။ လူတွေ စိတ်ဝင်စားအောင် လုပ်ချင်ရင်တောင် ဒီလောက်ကြီးတော့ အပိုမပြောသင့်ဘူးလေ။
လူအားလုံး လှည့်ကြည့်လာတာကို မြင်တော့ ရှန်မော့ယန့် သွေးအန်ချင်စိတ်ပင် ပေါက်သွားသည်။ သူမသည် ယွမ်ကျန်းကို အောက်သို့ အတင်းဆွဲချရင်း ထိုင်ခိုင်းလိုက်၏။ ဤအသုံးမကျသောကောင်သည် တစ်ခုခု ဖြစ်နေပြီလား။ ထရပ်ပြီး စွမ်းဆောင်ရည် ပြရမယ့် အချိန်မှာကျတော့ ငြိမ်နေပြီး၊ အခုလို မပြသင့်တဲ့ အချိန်ကျမှ ဘာလို့ တက်ကြွနေရတာလဲ။ လက်ဖက်ရည် တစ်ခွက်စာ ဟုတ်လား။ သူ့ကို ခြောက်လ အချိန်ပေးရင်တောင် ဒါကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
“ညီတော် ခြောက်... ထိုင်စမ်း”
ဒုတိယမင်းသား၏ မျက်နှာသည် ချက်ချင်း ပျက်သွားကာ အေးစက်စက် ဟောက်လိုက်လေသည်။ “ဒါက နိုင်ငံတော်အရေးလေ၊ မင်း ဒီမှာ လာပြီး ကလေးကလား လျှောက်လုပ်ရမယ့် အချိန်မဟုတ်ဘူး”
ရှိစစ်ဖူကလည်း ယွမ်ကျန်းကို စိုက်ကြည့်ကာ ဆိုသည်။ “မင်းသား... လူတွေ အများကြီး ကြည့်နေကြတာနော်၊ ပါးစပ်ထဲ ရှိတာတွေ လျှောက်မပြောပါနဲ့၊ ဒီနေရာက ညီလာခံခန်းမ မဟုတ်ပေမဲ့ အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာပဲ၊ အပိုတွေ လျှောက်ပြောတာဟာ ဧကရာဇ်ကို လှည့်ဖြားတဲ့ ပြစ်မှု မြောက်နိုင်တယ်”
“ဟုတ်တယ်”
ယွမ်လိက ခေါင်းညိတ် ထောက်ခံသည်။ “ဒီနေ့ ဟွမ်နိုင်ငံ အဖွဲ့ရှေ့မှာ ဧကရာဇ်ကို လှည့်ဖြားမိရင်တော့ နောင်တော်လည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”
ယခုအခါ ယွမ်လိ စိတ်ထဲတွင် အလွန် ဝမ်းသာနေမိသည်။ သူတို့က ဒီအသုံးမကျတဲ့ကောင်ကို ဟွမ်နိုင်ငံအဖွဲ့နဲ့ ပြဿနာတက်အောင် ဘယ်လို အကွက်ဆင်ရမလဲလို့ ကြံစည်နေတုန်းမှာပဲ၊ သူကတော့ သူ့ဘာသာသူ သေတွင်းထဲ ခုန်ဆင်းလာပြီ မဟုတ်ပါလား။ သူက နယ်စပ်ကိုသွားပြီး အသေခံမယ့်သူမို့ ခမည်းတော်က အပြစ်မပေးဘူးလို့ ထင်နေတာလား။ ငတုံးလေး။
“နောင်တော် တတိယ... ကျွန်တော့်ကို ထပ်ပြီး မဟုတ်မတရား စွပ်စွဲပြန်ပြီ” ယွမ်ကျန်းက ဝမ်းနည်းဟန်ဖြင့် ယွမ်လိကို ကြည့်လိုက်၏။
“လျှောက်မပြောနဲ့” ယွမ်လိက ယွမ်ကျန်းကို စိုက်ကြည့်ကာ ဆိုသည်။ “ငါက ဘယ်မှာ မဟုတ်မတရား စွပ်စွဲလို့လဲ၊ မင်း အခုတင် ပြောလိုက်တဲ့ စကားတွေကို အားလုံး ကြားနေရတာပဲ”
ယွမ်လိ၏ စကားကြောင့် တတိယမင်းသားဘက်တော်သား အမတ်များမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြတော့သည်။
“လူအများရှေ့မှာ ဧကရာဇ်ကို လှည့်ဖြားတာဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ”
“ဒါက နိုင်ငံတော် ကိစ္စလေ၊ လျှောက်မပြောသင့်ဘူး”
“ဟွမ်နိုင်ငံအဖွဲ့ ရှေ့မှာမှ ဒီလိုလုပ်တာက ပြစ်ဒဏ်ကို ပိုပြီး ကြီးလေးစေတယ်”
မင်းသားများ၏ အပေါင်းအပါများက ဝိုင်းဝန်း ပြောဆိုနေကြသဖြင့် ဆူညံသွားလေသည်။
“ယွမ်ကျန်း... ထိုင်စမ်း”
ဧကရာဇ်ဝမ်က ယွမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ဆိုလေသည်။ “မင်း နောက်တစ်ခါ အပိုတွေ ထပ်ပြောရင်တော့ ဧကရာဇ်ကို လှည့်ဖြားမှုနဲ့ ငါကိုယ်တော် သေချာပေါက် အပြစ်ပေးတော့မယ်”
ဧကရာဇ်ဝမ်၏ စကားကြောင့် လူအများ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားသည်။ ဧကရာဇ်ဝမ်သည် သိသိသာသာပင် ယွမ်ကျန်းကို ကာကွယ်ပေးနေခြင်း ဖြစ်၏။ ယခုတင် ပြောခဲ့သော စကားများကို အရေးမယူတော့ဘဲ နောက်ထပ် မပြောရန်သာ သတိပေးလိုက်ခြင်း ဖြစ်လေသည်။
ရှန်မော့ယန့်လည်း စိတ်သက်သာရာ ရသွားကာ ယွမ်ကျန်းကို အောက်သို့ ထပ်မံ ဆွဲချပြန်သည်။ သို့သော် ယွမ်ကျန်းကမူ မထိုင်သည့်အပြင် တည်ငြိမ်စွာပင် ဆိုလိုက်၏။ “ခမည်းတော်... ဒီအရာက ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး၊ ကျွန်တော်မျိုး ဒါကို ဖြေရှင်းဖို့က အလွန် လွယ်ကူပါတယ်”
“မင်း...” ဧကရာဇ်ဝမ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ ဤအသုံးမကျသောကောင်မှာ အခြေအနေကို မသိပါလားဟု စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ယွမ်လိက မခိုးမခန့် ပြုံးလျက် ယွမ်ကျန်းကို ကြည့်ကာ သက်ပြင်းချဟန် ဆောင်လိုက်၏။ “ညီတော် ခြောက်... မင်းကို ငါ ဘယ်လို ပြောရမလဲ၊ ခမည်းတော်က ခွင့်လွှတ်ဖို့ လုပ်နေတာကို မင်းက ဘာလို့ ဒီလောက် အလိုက်မသိရတာလဲ၊ ဧကရာဇ်ကို လှည့်ဖြားတဲ့ ပြစ်မှုနဲ့ အပြစ်ပေးခံရမှ ကျေနပ်မှာလား”
“နောင်တော် တတိယ ပြောတာ မှားနေပါတယ်”
ယွမ်ကျန်းက ခေါင်းခါလျက် ဆိုသည်။ “ကျွန်တော်မျိုးက ဒါကို မဖြေရှင်းနိုင်မှသာ ဧကရာဇ်ကို လှည့်ဖြားတဲ့ အပြစ် မြောက်မှာပါ၊ အကယ်၍ လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်းမှာ ဖြေရှင်းနိုင်ခဲ့ရင်တော့ အဲ့ဒီ အပြစ်က ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ”
“…”
ယွမ်လိမှာ ခေတ္တ ဆို့နင့်သွားပြီးမှ နှာခေါင်းရှုံ့လိုက်၏။ “မင်းက ဒီအရာကို မင်း ထင်သလို လွယ်တယ် ထင်နေတာလား”
လူအများကြီးက ဒီလောက် အချိန်အကြာကြီး ယူတာတောင် မျက်နှာပြင် နှစ်ဖက်တောင် မရတာကို၊ သူက လက်ဖက်ရည် တစ်ခွက်စာနဲ့ ဖြေရှင်းမယ် ဟုတ်လား။ စိတ်ကူးယဉ်နေတာပဲ။ အဆင့်အတန်းကို မသိတဲ့ကောင်။ မည်သို့ပင်ဆိုစေကာမူ သူ ဧကရာဇ်ကို လှည့်ဖြားတဲ့ အပြစ်နဲ့ အရေးယူခံရအောင် စောင့်ကြည့်ရုံသာ ရှိတော့သည်။
ဘန်ဘူသည် ထိုမြင်ကွင်းကို ကြည့်ရင်း တချန်းအင်ပါယာမှ လူများသည် အချင်းချင်း တိုက်ခိုက်ခြင်းကိုသာ တတ်ကြွမ်းကြောင်း စိတ်ထဲမှ လှောင်ပြောင်လိုက်၏။ ထို့နောက် သူက ခေါင်းခါလျက် ဆိုလေသည်။ “တချန်းအင်ပါယာမှာ အပိုတွေ လျှောက်ပြောတတ်တဲ့သူတွေပဲ ရှိတာလား”
ဘန်ဘူ၏ စကားကြောင့် လူအားလုံး ယွမ်ကျန်းကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ သူကိုယ်တိုင် အရှက်ကွဲတာ ကိစ္စမရှိသော်လည်း တချန်းအင်ပါယာ တစ်ခုလုံးကိုပါ အရှက်ခွဲနေခြင်း မဟုတ်ပါလား။ ရှန်မော့ယန့်က ယွမ်ကျန်းကို အကြိမ်ကြိမ် ဆွဲသော်လည်း မရသဖြင့် နောက်ဆုံးတွင် စိတ်တိုတိုနှင့် လွှတ်ထားလိုက်တော့သည်။
သေစမ်း။ သေစမ်း။ မြန်မြန် သေတာ ပိုကောင်းတယ်။ သူ သေသွားရင် ငါလည်း လက်ထပ်စရာ မလိုတော့ဘူး။
ယွမ်ကျန်းက မျက်ခုံးပင့်ကာ ပြုံးလိုက်၏။ “နိုင်ငံတော်ဆရာကြီးက ကျွန်တော်မျိုး မဖြေရှင်းနိုင်ဘူးလို့ ဒီလောက်တောင် သေချာနေတာလား”
“သေချာတာပေါ့”
ဘန်ဘူက ယုံကြည်မှု အပြည့်ဖြင့် ဆိုသည်။ “ဒီအရာကို ငါကိုယ်တိုင် ပြုလုပ်ခဲ့တာတောင်မှ လက်ဖက်ရည် တစ်ခွက်စာ အချိန်နဲ့တော့ ဖြေရှင်းနိုင်စွမ်း မရှိဘူး”
“ဗျာ”
ယွမ်ကျန်းက အံ့အားသင့်ဟန်ဖြင့် ဘန်ဘူကို ကြောင်ကြည့်နေမိသည်။
”ဟာ... ဒီလူက သူကိုယ်တိုင် လုပ်ထားတဲ့ အရာကိုတောင် မြန်မြန် မဖြေရှင်းနိုင်ဘူး ဟုတ်လား။ ဒါဆိုရင် သူက ဒါကို ဘယ်လိုများ လုပ်ခဲ့တာလဲ”
ယွမ်ကျန်း၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ယွမ်လိ စိတ်ထဲမှ အားရပါးရ ရယ်မောလိုက်မိသည်။ ဒီအသုံးမကျတဲ့ကောင်... အခုမှတော့ အံ့သြနေပြီလား။ အပိုတွေ ပြောခဲ့ပြီးမှတော့ အရှက်ကွဲဖို့သာ ပြင်ထားတော့။ မင်းက လူကြားထဲမှာ အစွမ်းပြချင်သေးတယ် ဟုတ်လား။ ကိုယ့်ရုပ်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်ဦး။
“ယွမ်ကျန်း”
ဧကရာဇ်ဝမ်၏ အသံမှာ ပို၍ တင်းမာလာကာ ဟောက်လိုက်လေသည်။ “ထိုင်စမ်း”
“ခမည်းတော်... ကျွန်တော်မျိုးကို ယုံကြည်ပေးပါ”
ယွမ်ကျန်းက ဧကရာဇ်ဝမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘန်ဘူဘက်သို့ လှည့်ကာ ဆိုလေသည်။ “နိုင်ငံတော်ဆရာကြီး... မင်းကိုယ်တိုင်တောင် လက်ဖက်ရည် တစ်ခွက်စာနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ငါတို့ လောင်းကြေးတစ်ခု ထပ်မလား”
“လောင်းကြေး ဟုတ်လား”
ဘန်ဘူက ရယ်မောလျက် မေးသည်။ “ဆဋ္ဌမမင်းသားက ဘယ်လို လောင်းချင်လို့လဲ”
ယွမ်ကျန်းက နိုင်ငံရေး ကိစ္စများကို လောင်းကြေးအဖြစ် အသုံးချမည်ကို ဧကရာဇ်ဝမ် စိုးရိမ်သဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်၏။ “လူတွေ လာကြစမ်း၊ ယွမ်ကျန်းကို အခုချက်ချင်း ဆွဲထုတ်သွားကြ”
“ခဏလေးပါဦး”
ဘန်ဘူက ဧကရာဇ်ဝမ်ကို လက်ကာပြ၍ တားလိုက်သည်။ “တချန်းဧကရာဇ်... မင်းတို့နိုင်ငံမှာ ဧကရာဇ်ရဲ့ စကားဟာ အတည်ဖြစ်ရမယ် ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ဆဋ္ဌမမင်းသားက မင်းသားတစ်ပါးပဲ၊ သူ လူအများရှေ့မှာ ပြောလိုက်တဲ့ စကားကို ဒီအတိုင်း ပြန်ရုပ်သိမ်းလို့ မရဘူး ထင်တယ်”
ဧကရာဇ်ဝမ်မှာ ခေတ္တ ဆို့နင့်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။ မှန်ပေသည်။ ဧကရာဇ်၏ သားဖြစ်သူ လူအများရှေ့တွင် ပြောသော စကားကို အလွယ်တကူ ပြန်ရုပ်သိမ်း၍ မရပေ။ ထို့အပြင် ယခုက ဟွမ်နိုင်ငံ အဖွဲ့ရှေ့တွင် မဟုတ်ပါလား။
ဧကရာဇ်ဝမ်သည် အလွန်အမင်း ဒေါသထွက်နေပြီး ဝင်ရောက်လာသော ကိုယ်ရံတော်များကို နှင်ထုတ်လိုက်ကာ ယွမ်ကျန်းကို အေးစက်စက် တစ်ချက် ကြည့်ပြီး မျက်နှာလွှဲလိုက်တော့သည်။ အကယ်၍ ဤအသုံးမကျသောကောင်သာ နိုင်ငံရေး ကိစ္စများကို လောင်းကြေးအဖြစ် သုံးခဲ့ပါက သူကိုယ်တိုင် သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
ထိုအခြေအနေကို ကြည့်ပြီး ယွမ်လိနှင့် သူ၏ အပေါင်းအပါများမှာ ယွမ်ကျန်း မည်သို့ သေမည်ကိုသာ စောင့်ကြည့်ရန် စိတ်ထဲမှ ရယ်မောနေကြတော့သည်။
“ဆဋ္ဌမမင်းသား... မင်း ဘယ်လို လောင်းချင်သလဲဆိုတာ ပြောနိုင်ပါပြီ”
ဘန်ဘူက ယွမ်ကျန်းကို အပိုင်တွက်ထားသော မျက်နှာဖြင့် ဆိုလေသည်။
“လွယ်ပါတယ်”
ယွမ်ကျန်းက ဆိုသည်။ “အကယ်၍ ကျွန်တော်မျိုး ဒီအရာကို လက်ဖက်ရည် တစ်ခွက်စာအတွင်း မဖြေရှင်းနိုင်ဘူးဆိုရင် ဟွမ်နိုင်ငံ အဖွဲ့က ဒီနေ့ ခမည်းတော်ကို အလေးပြုစရာ မလိုတော့ဘူး”
ယွမ်ကျန်း၏ စကားထွက်လာသည်နှင့် ဧကရာဇ်ဝမ်သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာ၏။ ယွမ်လိလည်း ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောနေမိတော့သည်။ ဒီအသုံးမကျတဲ့ကောင်... ဒါကို လောင်းကြေးအဖြစ် သုံးရဲတယ် ဟုတ်လား။ သူ သေဖို့ သေချာသွားပြီ။
“ကောင်းပြီ”
ဘန်ဘူက အားရပါးရ ရယ်မောလျက် လှောင်ပြောင်လိုက်သည်။ “ဆဋ္ဌမမင်းသားကို ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်ဖို့ မလောပါနဲ့ဦး”
ယွမ်ကျန်းက ခေါင်းခါလျက် ဆိုသည်။ “ဒါပေမဲ့ ကျွန်တော်မျိုးသာ လက်ဖက်ရည် တစ်ခွက်စာအတွင်း ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်တော့ မင်းတို့အဖွဲ့ဟာ ကျွန်ုပ်တို့ရဲ့ လောကဝတ်အတိုင်း ခမည်းတော်ကို ဒူးထောက် အလေးပြုရမယ်၊ ဒါ့အပြင် ကျွန်ုပ်တို့နိုင်ငံရဲ့ ပိုင်နက်ဖြစ်တဲ့ ပိုင်ရွှေမြစ် မြောက်ဘက်က နယ်မြေတွေကိုလည်း ပြန်ပေးရမယ်”
နယ်မြေတွေ ပြန်ပေးရမယ် ဟုတ်လား။
ဘန်ဘူ၏ မျက်လုံးထဲ၌ အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီးနောက် ခေါင်းခါပြလိုက်၏။ “အလေးပြုတာကိုတော့ ဆဋ္ဌမမင်းသား ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ နယ်မြေကိစ္စကိုတော့ ငါ ဆုံးဖြတ်လို့ မရဘူး”
“မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာ မဟုတ်ဘူးလား” ယွမ်ကျန်းက ရွဲ့ကာ မေးလိုက်သည်။
ဘန်ဘူက ခေါင်းခါပြန်သည်။ “ဘယ်လောက်ပဲ ယုံကြည်မှု ရှိရှိ၊ ငါ့နိုင်ငံရဲ့ နယ်မြေကိုတော့ လောင်းကြေးအဖြစ် မသုံးနိုင်ဘူး”
“ဒါဆိုရင် ကျွန်တော်မျိုးက လောင်းကြေး ထပ်တိုးလိုက်မယ်”
ယွမ်ကျန်းက အသာအယာ ပြုံးလျက် ဆိုလေသည်။ “အကယ်၍ ကျွန်တော်မျိုးသာ လက်ဖက်ရည် တစ်ခွက်စာအတွင်း မဖြေရှင်းနိုင်ခဲ့ရင်၊ ကျွန်တော်မျိုးရဲ့ ဦးခေါင်းကို မင်းတို့ဆီ ပေးလိုက်မယ်၊ လောင်းရဲလား”
ဟိန်းခနဲ အသံထွက်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားကြသည်။
သူက မိမိအသက်ကို လောင်းကြေး ထပ်လိုက်တာလား။
သို့သော် ခဏအကြာတွင် လူများ သတိဝင်လာကြ၏။ ယွမ်ကျန်းသာ ရှုံးခဲ့ပါက သေချာပေါက် အသတ်ခံရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သေရမည်ဖြစ်ရာ သူ၏ ဦးခေါင်းကို ဟွမ်နိုင်ငံအဖွဲ့ထံ ပေးမည်ဆိုသည်မှာ မထူးဆန်းတော့ပေ။ ”ဒီအသုံးမကျတဲ့ကောင်ကတော့ အတော်လေးကို စိတ်ပြတ်သားသားပဲ” ဟု လူအချို့က တွေးမိကြသည်။
ဘန်ဘူ စဉ်းစားလိုက်၏။ ဧကရာဇ်ဝမ်ရဲ့ သားဖြစ်သူရဲ့ ဦးခေါင်းကို ယူပြီး ပြန်သွားရမည်ဆိုလျှင် ဒါဟာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မည်။ ဒါဟာ တချန်းအင်ပါယာအတွက်လည်း အကြီးမားဆုံး အရှက်ကွဲမှု ဖြစ်မှာပဲ။
“ကောင်းပြီ”
ဘန်ဘူက ပြတ်သားစွာ သဘောတူလိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်။ “ဆဋ္ဌမမင်းသားရဲ့ ဦးခေါင်းကို ငါ အပိုင်ယူလိုက်ပြီ၊ မင်းသား စိတ်ချပါ၊ မင်းရဲ့ ဦးခေါင်းကို ပိုင်ရွှေမြစ် ကမ်းပါးမှာ ငါ သေချာပေါက် ချိတ်ဆွဲပေးထားပါ့မယ်”
“ကတိအတိုင်းပဲနော်”
ယွမ်ကျန်းက ပြောပြောဆိုဆိုနှင့် ရှေ့သို့ လျှောက်သွားကာ ရူးဘစ်တုံးကို ကောက်ကိုင်လိုက်ပါတော့သည်။