အခန်း (၁၄) - ဟွမ်နိုင်ငံမှ စိန်ခေါ်မှု
ငွေချေးရမယ် ဟုတ်လား။
ယွမ်ကျန်း၏ စကားကို ကြားသောအခါ ယွမ်လိ၏ မျက်နှာမှာ စိမ်းဖန်ဖန် ဖြစ်သွားတော့သည်။ ဤလူယုတ်မာလေးမှာ လက်တစ်ကမ်းပေးလျှင် လက်မောင်းအထိ လိုချင်သည့်လူမျိုးပင်။
မည်သို့ပင်ဆိုစေကာမူ လူအများရှေ့တွင် မိမိတို့ ကျေအေးသွားပြီဖြစ်ကြောင်း ပြသရန် အခွင့်အရေး ဖြစ်သဖြင့် သူ သည်းခံလိုက်ရလေသည်။ နောက်ဆိုလျှင် ဤအသုံးမကျသောကောင်သည် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက မိမိထံသို့ လာနိုင်မည် မဟုတ်တော့ပေ။
“ညီတော် ခြောက်... မင်း ဘယ်လောက် ချေးချင်လို့လဲ” ယွမ်လိက မေးလိုက်၏။
“သုံးသောင်း”
ယွမ်ကျန်းက တိုက်ရိုက်ပင် ပါးစပ်အဟောင်းသား တောင်းဆိုလိုက်သည့်အပြင် မိမိ၏ အခက်အခဲများကိုလည်း သနားစရာကောင်းအောင် ပြောပြနေသေးသည်။ သူ၏ အဓိပ္ပာယ်မှာ သုံးသောင်းတောင် မလောက်နိုင်သဖြင့် ပိုပေးနိုင်လျှင် ပိုကောင်းမည်ဟူသော သဘောပင် ဖြစ်လေသည်။
သုံး... သုံးသောင်း ဟုတ်လား။
ယွမ်လိ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်ရှုံ့သွားကာ ယွမ်ကျန်းကို ကန်ပစ်ချင်စိတ်ပင် ပေါက်သွား၏။ ၎င်းတို့ကဲ့သို့ မင်းသားများပင်လျှင် တစ်လစာ ငွေမှာ ဒင်္ဂါးတစ်ထောင်သာ ရှိသည်။ ဤခွေးသူတောင်းစားက ပါးစပ်ဟလိုက်သည်နှင့် သုံးသောင်း ဟုတ်လား။ သူက ငါ့ကို နိုင်ငံတော် ဘဏ္ဍာတိုက်လို့ ထင်နေတာလား။
ယွမ်လိသည် ဒေါသထွက်လွန်းသော်လည်း လူအများရှေ့တွင် မတတ်သာသဖြင့် ရင်ဘတ်ထဲမှ ငွေစက္ကူများကို ထုတ်ကာ ယွမ်ကျန်းလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ “နောင်တော့်ဆီမှာ ရှိသမျှ အကုန်ပေးလိုက်ပြီ၊ မလောက်ရင်တော့ မင်းရဲ့ နောင်တော် ဒုတိယတို့ဆီမှာပဲ လိုက်ချေးတော့”
ပြောပြီးသည်နှင့် ယွမ်လိသည် ”နောက်မှ မင်းကို အသေသတ်ပြမယ်” ဟု စိတ်ထဲမှ ကြိမ်းဝါးကာ ချက်ချင်းပင် ထွက်သွားတော့သည်။
ငတုံးလေး။
ယွမ်ကျန်းက စိတ်ထဲမှ လှောင်ရယ်လိုက်ပြီး ငွေစက္ကူများကို အားရပါးရ ရေတွက်နေ၏။ အင်း... တစ်သောင်းသုံးထောင် တိတိ။ မဆိုးလှပေ။ တတိယမင်းသား ဖြစ်သည့်အတိုင်း လက်ဖျားမှာတင် ငွေအမြောက်အမြား ရှိနေပါလား။ တကယ့် သူဌေးကြီးပင်။
“သိမ်းလိုက်စမ်းပါ၊ အရှက်မရှိလိုက်တာ”
ရှန်မော့ယန့်က ယွမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ငွေချေးရန်အတွက် နည်းလမ်းမျိုးစုံ သုံးနေသည့် ဤလူယုတ်မာမှာ တကယ့်ကို အရှက်မရှိပေ။ သို့သော် တစ်ဖက်က ပြန်စဉ်းစားလျှင်လည်း ဤအသုံးမကျသောကောင်မှာ ငတုံးတော့ မဟုတ်ပေ။ အခွင့်အရေးရလျှင် လူကို အကျပ်ကိုင်တတ်သည် မဟုတ်ပါလား။ အင်း... ငတုံးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ။
ယွမ်လိ၏ စံနမူနာကြောင့် ယခုအခါ ယွမ်ကျန်း၏ အနားသို့ မည်သူမျှ မလာရဲကြတော့ပေ။ အားလုံးက ငွေအချေးခံရမည်ကို ကြောက်နေကြခြင်း ဖြစ်၏။
နောက်ထပ် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ဧကရာဇ်ဝမ်က နန်းဆောင်အတွင်းသို့ ဝင်ရန် အမိန့်ပေးလိုက်သည်။ လူအားလုံးမှာ အသက်အရွယ်နှင့် ရာထူးအလိုက် အစဉ်လိုက် ထိုင်ကြရ၏။ ယွမ်ကျန်းသည် ရှန်မော့ယန့်ကိုခေါ်ကာ ချောင်ကျသော နေရာတွင် ပုန်းနေချင်သော်လည်း မိန်းမစိုးက သူ့ကို ငါးယောက်မြောက်နှင့် ရှစ်ယောက်မြောက် မင်းသားများ၏ အကြားသို့ အတင်းခေါ်သွားလေသည်။
ငြင်းမရမှတော့ လက်ခံလိုက်ရုံသာ ရှိတော့သည်။
ဧကရာဇ်ဝမ်နှင့် ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ မရောက်မီ လူများမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ ယွမ်ကျန်းက ဝဲယာကြည့်လိုက်ပြီး ငါးယောက်မြောက် မင်းသားကို စိုက်ကြည့်ကာ “နောင်တော် ငါး... ကျွန်တော့်ကို ငွေနည်းနည်းလောက်...”
“ငါ့မှာ မင်းကို ချေးစရာ ငွေမရှိဘူး”
ငါးယောက်မြောက် မင်းသားက ယွမ်ကျန်း၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်ပြီး သူ၏ ကြင်ယာတော်နှင့် စကားပြောဟန် ဆောင်နေတော့သည်။ ယွမ်ကျန်းက လှည့်ကြည့်ကာ ရှစ်ယောက်မြောက် မင်းသားကို စကားပြောရန် ပြုသော်လည်း ထိုကလေးမှာ မျက်နှာကို ချက်ချင်း တစ်ဖက်သို့ လွှဲလိုက်လေသည်။
“အရှက်ခွဲမနေပါနဲ့တော့” ရှန်မော့ယန့်က အသံကို နှိမ့်ကာ ယွမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
မင်းက ဘာသိလို့လဲ။
ယွမ်ကျန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ ပွဲအတွင်းရှိ လူအတော်များများမှာ ရယ်ရယ်မောမော ရှိနေကြသော်လည်း ယွမ်ကျန်းနှင့် ရှန်မော့ယန့်ကိုမူ မည်သူမျှ စကားမပြောကြပေ။ ရှန်မော့ယန့်မှာ ယွမ်ကျန်းကို ကြည့်လေ စိတ်ပျက်လေ ဖြစ်ကာ စကားမပြောဘဲ နေတော့သည်။
ယွမ်ကျန်းကတော့ ဂရုမစိုက်ပေ။ သူက ရရှိထားသော လက်ဆောင်ပစ္စည်းများကို မည်သည့်နေရာတွင် ရောင်းရမည်ကိုသာ စဉ်းစားနေ၏။ ပိုက်ဆံရှာရမည်။ လူစုရမည်။ နယ်စပ်သို့ မသွားမီ မိမိ၏ ယုံကြည်ရသော လက်ရွေးစင်များကို မွေးမြူထားရမည် မဟုတ်ပါလား။ တွေးတောနေစဉ် ယွမ်ကျန်း၏ အကြည့်က ရှန်မော့ယန့်ဆီသို့ ရောက်သွားသည်။
“ကျွန်မကို လာမကြည့်နဲ့” ရှန်မော့ယန့်က ကြားထဲမှ ကျားမတစ်ကောင်လို ရန်တွေ့လေသည်။ သူမသည် ဤကဲ့သို့ ဖိနှိပ်ချုပ်ချယ်လွန်းသော နေရာမှ အမြန်ထွက်ပြေးချင်နေ၏။
ယွမ်ကျန်းက ခေါင်းခါလျက် ထိုအတွေးကို ဖျက်လိုက်သည်။ ဤမိန်းမမှာ ယခုထိ သူ့ကို အထင်သေးသော မျက်မှန်ဖြင့်သာ ကြည့်နေသေး၏။ ၎င်းတို့၏ လက်ထပ်ပွဲမှာ သေချာနေပြီ ဖြစ်သော်လည်း သူမကမူ လက်တွေ့ကို လက်ခံနိုင်ခြင်း မရှိသေးပေ။ သူမကို မိမိ၏ လူယုံအဖြစ် ပြောင်းလဲရန်မှာ အန္တရာယ် များလွန်းလှ၏။
”တော်ပြီ... ဒုတိယမရီးဆီပဲ သွားတော့မယ်။ အင်း... မရီးတွေကမှ ပိုပြီး အလိုက်သိသေးတယ်”
“အရှင်မင်းကြီး ကြွလာပါပြီ”
ယွမ်ကျန်း တွေးတောနေစဉ်မှာပင် မိန်းမစိုးချုပ်က အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။ လူအားလုံး ထရပ်ကာ ဧကရာဇ်ဝမ်ကို ကြိုဆိုကြလေသည်။ ဧကရာဇ်ဝမ် နေရာယူပြီးမှသာ ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို အဝင်ခံလေသည်။
“ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ အဝင်ခံစေ”
ဟိန်းထွက်လာသော အသံနှင့်အတူ ဟွမ်နိုင်ငံတော်ဆရာကြီး ဘန်ဘူ ဦးဆောင်သော အဖွဲ့သည် ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြသည်။ ယွမ်ကျန်း ခံစားနေရသည်မှာ ဤလူများမှာ ဧည့်သည်အဖြစ် လာခြင်းမဟုတ်ဘဲ စစ်ကြေညာရန် လာခြင်းနှင့် ပိုတူနေ၏။
ဟွမ်နိုင်ငံသားများ၏ မောက်မာသော အမူအရာကို ကြည့်ပြီး စစ်တိုက်လိုသော အမတ်များမှာ သွားကြိတ်နေကြသည်။ ဧကရာဇ်ဝမ်သည်လည်း ဒေါသကို အစွမ်းကုန် ထိန်းကာ ဘန်ဘူကို စိုက်ကြည့်နေ၏။ လွန်ခဲ့သော ငါးနှစ်က သူသည် ဘန်ဘူ၏ ပရိယာယ်ထဲသို့ ကျရောက်ခဲ့သဖြင့် ဝိုင်းရံခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ရှန်နန်ကျန်းက အသက်ပေး ကယ်တင်ခဲ့သော်လည်း တချန်းအင်ပါယာ၏ စိတ်ဓာတ်မှာ ကျဆင်းသွားခဲ့သဖြင့် နောက်ဆုံးတွင် ပိုင်နက်နယ်မြေ သုံးခုကို ပေးအပ်ကာ ငြိမ်းချမ်းရေး ယူခဲ့ရလေသည်။
ယခုအခါ ရန်သူဟောင်းနှင့် ပြန်လည် ဆုံတွေ့ရခြင်းဖြစ်ရာ မျက်လုံးချင်း ဆုံသည်နှင့် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
“တချန်းဧကရာဇ်... ငါးနှစ်ကြာပြီးမှ ပြန်တွေ့ရတာ မင်းရဲ့ အရှိန်အဝါက အရင်ကထက် ပိုတောက်ပလာပါလား” ဘန်ဘူက ရပ်တန့်ကာ ဧကရာဇ်ဝမ်ကို ကြည့်၍ ပြုံးလျက် ဆိုလေသည်။ သို့သော် ထိုအပြုံးမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။
“ရဲတင်းလှချည်လား”
စစ်သူကြီး ရှောင်ဝမ်ချိုက စားပွဲကို ရိုက်ကာ ထရပ်လိုက်သည်။ “ဟွမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ ငါတို့ အင်ပါယာရဲ့ ဧကရာဇ်ကို ဘာလို့ အလေးမပြုတာလဲ”
ရှောင်ဝမ်ချိုသည် တချန်းအင်ပါယာ၏ နာမည်ကြီး စစ်သူကြီး ဖြစ်သလို စစ်တိုက်လိုသော အုပ်စု၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ဘန်ဘူ၏ မောက်မာမှုကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။
“အလေးပြုရမယ် ဟုတ်လား”
ဘန်ဘူက လှောင်ရယ်လျက် ဆိုသည်။ “ငါတို့ ဟွမ်နိုင်ငံသားတွေဟာ အစွမ်းထက်တဲ့သူကိုပဲ အလေးပြုတတ်တာ၊ စစ်ရှုံးတဲ့သူကို အလေးပြုစရာ မလိုဘူး ထင်တယ်”
ဘန်ဘူ၏ စကားကြောင့် လူအားလုံး ဒေါသပေါက်ကွဲကုန်ကြသည်။
“မောက်မာလှချည်လား”
“ယဉ်ကျေးမှု မရှိတဲ့ လူရိုင်းတွေ”
“ငါးနှစ်တုန်းက ငါတို့က မရှုံးခဲ့ပါဘူး”
လူအများမှာ ထရပ်ကာ ဘန်ဘူကို ဒေါသတကြီး စိုက်ကြည့်ကြ၏။ ငြိမ်းချမ်းရေး လိုလားသော အမတ်များပင်လျှင် နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်လာသောအခါ ငြိမ်မနေနိုင်ကြတော့ပေ။ ရှိစစ်ဖူသည် ကြားဝင် ဖြန်ဖြေပေးချင်သော်လည်း ဧကရာဇ်ဝမ်၏ အမူအရာကို ကြည့်ကာ ငြိမ်နေရလေသည်။
ရှန်မော့ယန့်က ယွမ်ကျန်းကို အသာအယာ ဆွဲလိုက်ပြီး ဟွမ်နိုင်ငံအဖွဲ့ကို ထဆဲရန် အမူအရာ ပြလိုက်၏။ ယခုကဲ့သို့ အချိန်မျိုးတွင် မိမိ၏ စွမ်းဆောင်ရည်ကို မပြလျှင် မည်သည့်အချိန်တွင် ပြမည်နည်း။ သို့သော် ယွမ်ကျန်းမှာမူ တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ထိုင်နေဆဲ ဖြစ်သည်။
ယွမ်ကျန်းက ဘာမှ မလုပ်သဖြင့် ရှန်မော့ယန့်သည် စိတ်ထဲမှ ဆဲဆိုလိုက်ပြီး သူမကိုယ်တိုင် ထရပ်ကာ လူအများနှင့်အတူ မောက်မာသော ဟွမ်နိုင်ငံအဖွဲ့ကို ဒေါသတကြီး တုံ့ပြန်လေသည်။
ဧကရာဇ်ဝမ်သည် ငြိမ်သက်စွာ ထိုင်နေသော်လည်း ရင်ထဲ၌မူ ဒေါသများ ဝုန်းဒိုင်းကြဲနေ၏။ အကယ်၍ အိမ်ရှေ့စံ၏ ပုန်ကန်မှုကြောင့် တိုင်းပြည် မတည်မငြိမ် ဖြစ်မနေပါက သူသည် ဤလူများကို ရိုက်သတ်ကာ နှင်ထုတ်မိမှာ သေချာလှသည်။
ကြာမှသာ ဧကရာဇ်ဝမ်သည် ဖြည်းဖြည်းချင်း ထရပ်ကာ အေးစက်စက် ဆိုလေသည်။ “နိုင်ငံတော်ဆရာကြီး အနေနဲ့ အခြေခံ လောကဝတ်ကိုတောင် မသိဘူးဆိုရင် ဒီနေ့ ဧည့်ခံပွဲကို ဒီမှာတင် ရပ်လိုက်ကြရအောင်”
ပြောပြီးသည်နှင့် ဧကရာဇ်ဝမ်သည် ထွက်ခွာရန် ပြုလေသည်။ ဤသည်မှာ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် သူ လုပ်နိုင်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
“ခဏလေးပါဦး”
ဘန်ဘူက ဧကရာဇ်ဝမ်ကို ဟန့်လိုက်ပြီး မောက်မာသော အပြုံးဖြင့် ဆိုသည်။ “အလေးပြုတာတော့ ရပါတယ်၊ ဒါပေမဲ့ တချန်းအင်ပါယာမှာ အဲ့ဒီလောက် အရည်အချင်း ရှိမရှိတော့ အရင် ကြည့်ရမှာပေါ့”
ဧကရာဇ်ဝမ်က မျက်မှောင်ကြုတ်ကာ “ဒါက ဘာအဓိပ္ပာယ်လဲ” ဟု မေးလိုက်၏။
ဘန်ဘူက ရယ်မောလျက် သူ၏ ရင်ဘတ်ထဲမှ အရာဝတ္ထုတစ်ခုကို ထုတ်ကာ လူအများရှေ့တွင် ပြသလိုက်သည်။
ဘန်ဘူ၏ လက်ထဲရှိ အရာကို မြင်လိုက်ရချိန်တွင် ယွမ်ကျန်း၏ မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။
ရူးဘစ်တုံး ဖြစ်နေသည် မဟုတ်ပါလား။