အခန်း (၁၃) - တတိယနောင်တော် ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပါဦး
ဝမ်ရှိုးနန်းဆောင်။
ညစာစားပွဲ စတင်ရန် အချိန် အနည်းငယ် စောနေသေးသော်လည်း နန်းဆောင်အပြင်ဘက်တွင် လူများစွာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ဤသည်မှာ ဧကရာဇ်ဝမ်မှ ဟွမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အတွက် တည်ခင်းသော ဧည့်ခံပွဲဖြစ်ပြီး တချန်းအင်ပါယာ၏ ဂုဏ်သိက္ခာကို ပြသရမည့် အချိန်ဖြစ်ရာ မည်သူမျှ နောက်ကျရန် မဝံ့ရဲကြပေ။
ရှန်မော့ယန့် ထင်ထားသည့်အတိုင်းပင် တော်ဝင်ဆွေမျိုးများအပြင် ရောက်လာသူများမှာ အဆင့်မြင့် အရာရှိကြီးများသာ ဖြစ်ကြသည်။ အဆင့်သုံးနှင့် အောက်ဘက်ရှိ အရာရှိများမှာမူ ဤပွဲသို့ တက်ရောက်ရန် အရည်အချင်း မပြည့်မီကြချေ။
“ညီတော် ခြောက်၊ ဒီနေ့ ဘယ်လို လေတိုက်လို့ ရောက်လာတာလဲ”
“ငါကတော့ ညီတော် ခြောက်က ဖျားချင်ယောင်ဆောင်ပြီး ထပ်ရှောင်နေဦးမယ် ထင်တာ”
“ဒါက ဆဋ္ဌမနောင်တော်လား၊ ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးသလို ဖြစ်နေတာလဲ”
“မင်းက ငယ်သေးတာကိုး၊ မင်းတင် မဟုတ်ဘူး၊ ငါတို့တောင် မင်းရဲ့ ဆဋ္ဌမနောင်တော်ကို မမြင်ဖူးသလောက်ပဲ၊ သူက အိမ်တွင်းပုန်း မိန်းကလေးတွေထက်တောင် တွေ့ရခက်သေးတယ်”
ယွမ်ကျန်းနှင့် ရှန်မော့ယန့် ရောက်လာသည်နှင့် မင်းသား၊ မင်းသမီးများမှာ သူ့ကို ဝိုင်းဝန်း လှောင်ပြောင်ကြတော့သည်။ အသက် ၁၃ နှစ်အရွယ် ရှစ်ယောက်မြောက် မင်းသားလေးပင်လျှင် လူကြီးများကို အတုယူကာ လှောင်ရယ်နေ၏။
ထိုသို့သော လှောင်ပြောင်သံများကြားတွင် ရှန်မော့ယန့်မှာ ဒေါသထွက်ပြီး ရင်ထုမနာ ဖြစ်နေသော်လည်း ယွမ်ကျန်းကမူ အလွန် တည်ငြိမ်နေပြီး မျက်နှာတွင် မည်သည့် ခံစားချက်မှ ပေါ်လွင်ခြင်း မရှိပေ။
“ညီတော် ခြောက်၊ တစ်ခုခု ပြောပါဦးလား”
ငါးယောက်မြောက် မင်းသား ယွမ်ထင်က ယွမ်ကျန်းကို ကြည့်ကာ မခိုးမခန့် ဆိုလေသည်။ “မနေ့တစ်နေ့က ညီလာခံမှာတော့ မင်းစကားတွေက အတော်လေး ဖြောင့်ဖြောင့်တန်းတန်း ထွက်နေသလိုပဲ၊ ဒီနေ့ကျမှ ဘာလို့ ပြန်ပြီး စကားအအ ဖြစ်နေတာလဲ”
“ဟုတ်တယ် နောင်တော် ခြောက်”
ရှစ်ယောက်မြောက် မင်းသားက အထင်သေးသော မျက်နှာဖြင့် ရယ်မောလျက် ဆိုသည်။ “နောင်တော်ရဲ့ ကြင်ယာတော်လောင်းကို ကျွန်တော်တို့ကို မိတ်ဆက်ပေးသင့်တာပေါ့၊ ဒါကမှ ယဉ်ကျေးရာ ရောက်မှာလေ”
ဒုတိယမင်းသားက ရှစ်ယောက်မြောက်၏ ပခုံးကို ပုတ်ကာ ကြားဝင်ပြော၏။ “မင်းရဲ့ နောင်တော် ခြောက်ကို အကျပ်မကိုင်ပါနဲ့တော့၊ သူ့ရဲ့ အကျင့်ကို မင်းလည်း သိသားပဲ၊ လူများရင် သူ စကားမပြောရဲတော့ဘူးလေ”
ရှန်မော့ယန့်မှာ ဆက်၍ နားမထောင်နိုင်တော့ဘဲ ယွမ်ကျန်းကို အသာအယာ ဆွဲလိုက်သည်။
”တစ်ခုခု ပြန်ပြောပါဦးလား။ သူတို့ကလည်း မင်းသား၊ မင်းလည်း မင်းသားပဲလေ။ သူတို့ကို မတော်လှန်ရဲရင်တောင် စကားတစ်ခွန်းလောက်တော့ ပြန်ပြောသင့်တာပေါ့”
အခြေအနေမှာ အတော်လေး အရှိန်တက်လာပြီဟု ယူဆလိုက်သောအခါ ယွမ်ကျန်းသည် ဒုတိယမင်းသားကို ကြောက်ရွံ့နေသော အမူအရာဖြင့် ကြည့်ကာ ဆိုလေသည်။ “နောင်တော်... ကျွန်တော်... ကျွန်တော် ပြောစရာ ရှိလို့ပါ”
“ပြောစမ်းပါ” ဒုတိယမင်းသားက လှောင်ပြောင်လျက် ဆိုသည်။ “ယောကျ်ားကောင်းတစ်ယောက်ပဲ၊ ရှိတာကို တည့်တည့်ပြော၊ မင်းက အခု ဟူလဲ့စစ်သူကြီးပဲလေ၊ မိန်းကလေးတစ်ယောက်လို ရှက်ကိုးရှက်ကန်း လုပ်မနေနဲ့”
ဒုတိယမင်းသားက ယွမ်ကျန်း၏ “ဟူလဲ့စစ်သူကြီး” ဟူသော ဘွဲ့ကို ထည့်ပြောလိုက်သောအခါ လူအားလုံးက ဝိုင်းဝန်း ရယ်မောကြပြန်သည်။ ၎င်းတို့အမြင်တွင် ဤသည်မှာ စစ်သူကြီးဘွဲ့ မဟုတ်ဘဲ “အသေခံမည့် စစ်ဗိုလ်” ဘွဲ့သာ ဖြစ်လေသည်။
“ဪ... ဟုတ်ကဲ့” ယွမ်ကျန်းက ခေါင်းညိတ်ပြကာ အစမ်းသပ်သဘောဖြင့် မေးလိုက်၏။ “နောင်တော်... ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပါဦး”
“ဘာ”
ဒုတိယမင်းသား ကြောင်သွားသလို လူအားလုံး၏ ရယ်သံများလည်း ချက်ချင်း တိတ်သွားတော့သည်။
ငွေချေးမည် ဟုတ်လား။ ဤအသုံးမကျသောကောင်က ပထမဆုံး ပြောလိုက်သော စကားမှာ ငွေချေးရန် ဖြစ်နေသည်လား။
“နောင်တော် ... ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပါဦး” ယွမ်ကျန်းက သတ္တိမွေးကာ ထပ်မံ ပြောလိုက်ပြန်သည်။
ဒုတိယမင်းသား၏ မျက်နှာ ပျက်သွားကာ “ညီတော် ခြောက်၊ မင်းက ဘာလို့ ငါ့ဆီမှာ ငွေလာချေးတာလဲ” ဟု မေးသည်။
“အိမ်တော်မှာ အသုံးစရိတ်တွေက အရမ်းများလို့ပါ” ယွမ်ကျန်းက သနားစရာကောင်းသော မျက်နှာဖြင့် ဆိုလေသည်။ “နောက်ရက်ပိုင်းဆိုရင် ကျွန်တော်နဲ့ မော့ယန့်ရဲ့ မင်္ဂလာပွဲ ရှိတယ်လေ၊ နန်းတွင်းက ကူညီပေးတယ်ဆိုပေမဲ့ ကျွန်တော့်လက်ထဲမှာ ငွေက တကယ်ကို ပြတ်နေလို့ပါ၊ ဆုပေးစရိတ်တောင် မကျန်တော့လို့ပါ၊ နောင်တော်... ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပေးပါဦး”
“ယွမ်ကျန်း၊ ဒါက မင်းမှားနေပြီ”
ဒုတိယမင်းသားက မကျေမနပ်ဖြင့် ဆိုသည်။ “မင်း အိမ်သစ်ပြောင်းတုန်းက လက်ဆောင်တွေ အများကြီး ရခဲ့တယ်လို့ ငါကြားပါတယ်၊ အဲ့ဒါတွေ ရှိနေတာကို ဘာလို့ ငွေမရှိဘူး ပြောတာလဲ”
ယွမ်ကျန်းက ခေါင်းခါလျက် ဝမ်းနည်းပက်လက် ဆိုလေသည်။ “အဲ့ဒါတွေက အမတ်မင်းတွေနဲ့ ညီအစ်ကိုတွေရဲ့ စေတနာတွေလေ၊ ကျွန်တော်က အဲ့ဒါတွေကို ပြန်ရောင်းပြီး ငွေဖော်ရဲပါ့မလား၊ သတင်းထွက်သွားရင်...”
“ဘာလို့ မရောင်းရမှာလဲ” ဒုတိယမင်းသားက မျက်လုံးပြူးကာ ဆိုသည်။ “ငါလည်း ငွေပြတ်ရင် ခမည်းတော် ချီးမြှင့်တာတွေကို ရောင်းတာပဲ၊ ရောင်းစမ်းပါ၊ မင်း စိတ်ချလက်ချသာ ရောင်းပစ်လိုက်”
ဒုတိယမင်းသား၏ စကားကို ကြားသောအခါ ယွမ်ကျန်း စိတ်ထဲမှ အားရပါးရ ရယ်မောလိုက်မိသည်။
”အေး... မင်းဆီက ဒီစကားကို စောင့်နေတာ မင်းကိုယ်တိုင် ရောင်းခိုင်းတာနော်။ နောက်ဆို ငါ ပုန်ကန်ဖို့ ပိုက်ဆံစုနေတယ်လို့ ဘယ်သူကပဲ စွပ်စွဲစွပ်စွဲ၊ မင်းဆီကိုပဲ လွှတ်လိုက်မယ်”
ယွမ်ကျန်း စိတ်ထဲမှ ရယ်မောနေသော်လည်း မျက်နှာတွင်မူ ခက်ခဲနေဟန်ဖြင့် “ဒါက မကောင်းဘူး ထင်တယ်၊ နောင်တော်... ကျွန်တော့်ကိုပဲ ချေးပေးပါ၊ မင်္ဂလာဆောင်ပြီးရင် ပြန်ဆပ်ပါ့မယ်” ဟု ဆိုလေသည်။
ဒုတိယမင်းသားက တခြားမင်းသား၊ မင်းသမီးများကို လက်ညှိုးညွှန်ပြကာ “ငါ့မှာတော့ ချေးစရာ ငွေမရှိဘူး၊ တခြားလူတွေကိုသာ လိုက်မေးကြည့်တော့” ဟု ဆိုကာ ထိုအန္တရာယ်ကောင်၏ လက်မှ လွတ်မြောက်ရန် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
ယွမ်ကျန်းသည် ကျန်ရှိသော မင်းသား၊ မင်းသမီးများကို စိုးရိမ်သော မျက်နှာဖြင့် လှည့်ကြည့်လိုက်၏။ သူ၏ အကြည့်နှင့် တိုးမိသူတိုင်းသည် ငွေချေးရမည် စိုးသဖြင့် ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး ဝေးရာသို့ ရှောင်ထွက်သွားကြလေသည်။
ခဏအတွင်းမှာပင် ၎င်းတို့ဘေး၌ လူတစ်ယောက်မျှ မကျန်တော့ပေ။ ထိုလူနုံလူအများ ထွက်သွားမှသာ ယွမ်ကျန်းသည် ပို၍ လွတ်လပ်သွားသလို ခံစားလိုက်ရသည်။
“ရှက်ဖို့ ကောင်းလိုက်တာ”
ရှန်မော့ယန့်က ဒေါသတကြီးဖြင့် ယွမ်ကျန်းကို ကဲ့ရဲ့လိုက်၏။ “သူတို့က ငွေချေးမှာ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ဘာလို့ စကားသွားပြောရတာလဲ၊ ကျွန်မတောင် ရှင့်အတွက် ရှက်မိတယ်”
“ငါလည်း မတတ်သာလို့ပါ” ယွမ်ကျန်းက နှာခေါင်းရှုံ့လျက် ရှန်မော့ယန့်ကို ကြည့်ကာ “ဒါဆို မင်းကရော ငါ့ကို နည်းနည်းလောက်...”
“စိတ်ကူးတောင် မယဉ်နဲ့” ရှန်မော့ယန့်က ယွမ်ကျန်း၏ စကားကို ချက်ချင်း ဖြတ်ပြောကာ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေသည်။ သူမ ဖြစ်နိုင်လျှင် မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်နေတော့သည်။
ထိုစဉ်မှာပင် တတိယမင်းသား ယွမ်လိသည် လူအများ၏ ဝိုင်းရံမှုဖြင့် ရောက်ရှိလာ၏။ ယခုအခါ ယွမ်လိသည် ညီလာခံ၌ အာဏာအရှိဆုံး ဖြစ်နေသဖြင့် သူရောက်လာသည်နှင့် ပွဲ၏ ဗဟိုချက် ဖြစ်သွားတော့သည်။
ယွမ်လိသည် ဘေးတစ်ဖက်တွင် ရပ်နေသော ယွမ်ကျန်းနှင့် ရှန်မော့ယန့်ကို ချက်ချင်း မြင်လိုက်ရ၏။ ယွမ်ကျန်းကို မြင်သည်နှင့် ယွမ်လိ၏ မျက်လုံးထဲ၌ ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ၎င်းတို့အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
“ညီတော် ခြောက်၊ ရက်ပိုင်းအတွင်းမှာ မင်းရဲ့ မျက်နှာက အတော်လေး ကြည်လင်လာပါလား” ယွမ်လိက မခိုးမခန့် ပြုံးလျက် ဆိုသည်။
“ဒါက နောင်တော် တတိယရဲ့ ကျေးဇူးကြောင့် မဟုတ်ဘူးလား”
ယွမ်ကျန်းက အရင်ကကဲ့သို့ ကြောက်ရွံ့ခြင်း မရှိဘဲ ပြုံးလျက် ပြန်မေးလိုက်၏။ “နောင်တော် တတိယ... အောက်က ဒဏ်ရာကရော နာနေသေးလား”
နာနေသေးလား ဟုတ်လား။
ယွမ်လိ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်ရှုံ့သွားကာ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်လာလေသည်။ ရက်အနည်းငယ် အနားယူပြီးနောက် သူ၏ ဒဏ်ရာမှာ မနာတော့သော်လည်း ယွမ်ကျန်းက ထိုသို့ မေးလိုက်သောအခါ တစ်ဖန် ပြန်လည် နာကျင်လာသလို ခံစားလိုက်ရ၏။
“ရက်ပိုင်းအတွင်းမှာ မင်းရဲ့ သတ္တိက အတော်လေး တက်လာပါလား”
ယွမ်လိက ယွမ်ကျန်းကို စိုက်ကြည့်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ခြိမ်းခြောက်လိုက်သည်။ “စိတ်ချပါ၊ ငါကိုယ်တိုင် မင်းကို သေလမ်းပို့ပေးမယ်”
“နောင်တော် တတိယ... ကျွန်တော် ပုန်ကန်တော့မယ်လို့ မင်းက ထပ်ပြီး မတရား စွပ်စွဲဦးမလို့လား”
ယွမ်ကျန်းက အသံကို အကျယ်ကြီး မြှင့်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံး ကြားသွားကြလေသည်။ “ဒီကိစ္စအတွက် နောင်တော် စိတ်ပူမနေပါနဲ့တော့၊ ခဏနေရင် ခမည်းတော်ကို ကျွန်တော် ကိုယ်တိုင် ပြောလိုက်ပါ့မယ်၊ ကျွန်တော် နယ်စပ်ကိုသွားပြီး ပုန်ကန်တော့မှာမို့ ခမည်းတော် ကျွန်တော့်ကို အဆိပ်သောက်ပြီး သေခိုင်းပါလို့၊ နယ်စပ်မှာ သွားသေရမယ့်အစား နောင်တော် တတိယရဲ့ လက်ထဲမှာ မသေရင် ကျေနပ်ပါပြီ”
ယွမ်ကျန်း၏ စကားကြောင့် ယွမ်လိ၏ မျက်နှာမှာ စိမ်းဖန်ဖန် ဖြစ်သွားတော့သည်။ ဤအသုံးမကျသောကောင်က လူအများရှေ့တွင် ဤသို့ အော်ဟစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားပေ။
နန်းဆောင်အပြင်ဘက်ရှိ လူအားလုံး လှည့်ကြည့်လာကြ၏။ ယွမ်ကျန်း ပြောသော ပုန်ကန်မည်ဟူသော စကားကို မည်သူမျှ ဂရုမစိုက်ကြဘဲ ၎င်းမှာ ဒေါသထွက်၍ ပြောသော စကားဟုသာ မှတ်ယူကြလေသည်။ ပုန်ကန်မည် ဟုတ်လား၊ ဤအသုံးမကျသောကောင်က ဘာနှင့် ပုန်ကန်ပါမည်နည်း။ စစ်သည် သုံးထောင်ပေးလျှင်ပင် သူ ပုန်ကန်နိုင်မည် မဟုတ်ပေ။
လူအားလုံး စိတ်ဝင်စားနေသည်မှာ ယွမ်လိက ယွမ်ကျန်းကို သတ်မည်ဟု ခြိမ်းခြောက်သော အချက်ပင် ဖြစ်သည်။ အထူးသဖြင့် အရွယ်ရောက်ပြီးသော မင်းသားများနှင့် ၎င်းတို့၏ အပေါင်းအပါများမှာ အလွန် စိတ်လှုပ်ရှားသွားကြ၏။ ယွမ်လိက လူအများရှေ့တွင် ယွမ်ကျန်းကို သတ်မည်ဟု ပြောခြင်းမှာ ၎င်းတို့အတွက် အကွက်ဆင်ရန် အကောင်းဆုံး အချက် မဟုတ်ပါလား။
ယွမ်လိသည် ထိတ်လန့်သွားကာ အမြန်ပင် ဖြေရှင်းရလေသည်။ “ညီတော် ခြောက်... လျှောက်မပြောပါနဲ့၊ ငါက မင်းကို ဘယ်အချိန်မှာ သတ်မယ်လို့ ပြောလို့လဲ”
“အခုတင် ပြောလိုက်တာလေ၊ ငါ့ကို သေလမ်းပို့ပေးမယ် ဆိုတာလေ” ယွမ်ကျန်းက အတည်ပေါက်ဖြင့် ထပ်ပြောသည်။
“မင်း နားလည်မှု မှားနေတာပါ” ယွမ်လိက ချွေးပြန်နေသော မျက်နှာဖြင့် အတင်းပြုံးကာ ဆို၏။ “ငါပြောတာက မင်း မြို့တော်ကနေ နယ်စပ်ကို ထွက်ခွာတဲ့အခါ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်လို့ ပြောတာပါ၊ သတ်မယ်လို့ ပြောတာ မဟုတ်ပါဘူး”
“နောင်တော် တတိယ... ကျွန်တော်က ဘာမှ မသိပေမဲ့ ငတုံးတော့ မဟုတ်ဘူးနော်”
ယွမ်ကျန်းက နှာခေါင်းရှုံ့လျက် ခိုင်မာစွာ ဆိုလေသည်။ “ကျွန်တော်က နောင်တော်ရဲ့ အဖိုးတန်နေရာကို ကန်လိုက်တာလေ၊ နောင်တော်က ဘယ်လိုလုပ် စေတနာနဲ့ လိုက်ပို့ပေးမှာလဲ၊ ကျွန်တော့်ကို သတ်ပြီး လက်စားချေချင်နေတာ မဟုတ်လား”
“ညီတော် ခြောက်... ဒါတွေကို လျှောက်မပြောပါနဲ့တော့”
တတိယမင်းသားမှာ ဒေါသထွက်လွန်း၍ သွေးအန်ချင်သော်လည်း အတင်းပြုံးပြရပြန်သည်။ “အရင်က ကိစ္စတွေက နောင်တော် မှားခဲ့တာပါ၊ မင်းကလည်း နောင်တော့်ကို တစ်ချက် ပြန်ကန်ခဲ့ပြီးပြီဆိုတော့ ငါတို့ ကျေအေးလိုက်ကြရအောင်၊ ဟုတ်ပြီလား”
“တကယ်လား” ယွမ်ကျန်းက ဟန်ဆောင်ပြီး ဝမ်းသာအားရ မေးလိုက်၏။
“တကယ်ပေါ့” တတိယမင်းသားက ခေါင်းညိတ်ပြသည်။ “ဒီလို ကိစ္စလေးကို ငါက စိတ်ထဲ ထားပါ့မလား”
ယွမ်ကျန်းက မယုံကြည်သလို ကြည့်နေပြီးမှ တတိယမင်းသားကို အားကိုးတကြီး ဆိုလေသည်။ “အကယ်၍ နောင်တော် တတိယက ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပေးမယ်ဆိုရင်တော့ နောင်တော်က ကျွန်တော့်အပေါ် တကယ် စေတနာရှိတယ်လို့ ယုံလိုက်ပါ့မယ်...”