အခန်း (၁၂) - ဟွမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခြင်း
ဧည့်သည်တစ်ယောက်မှ မလာသော အိမ်သစ်တက်ပွဲလေးက ယွမ်ကျန်းအတွက်တော့ ငွေဝင်လမ်း ဖြောင့်ဖြောင့်ကြီး ဖြစ်သွားခဲ့သည်။
ဧကရာဇ်ဝမ်သည် နိုင်ငံရေးကိစ္စများကြောင့် ကိုယ်တိုင် မလာနိုင်သော်လည်း လူလွှတ်၍ လက်ဆောင်များ ပို့ပေးခဲ့သည်။ ဧကရာဇ်ကိုယ်တိုင် လက်ဆောင်ပို့မှတော့ ကျန်ရှိသော မင်းသားများ၊ မင်းသမီးများလည်း မပို့ဘဲ မနေရဲကြပေ။ ထို့အပြင် ဖိတ်စာမရရှိသော အမတ်အတော်များများကလည်း လူလွှတ်၍ လက်ဆောင်များ ပို့ပေးခဲ့ကြသေးသည်။
အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် ထိုလက်ဆောင်များ၏ တန်ဖိုးမှာတင် ငွေဒင်္ဂါး တစ်သိန်းခန့် ရှိလေသည်။ ယခုအခါ ယွမ်ကျန်းအတွက် ခေါင်းခဲစရာ ဖြစ်နေသည်မှာ ထိုပစ္စည်းများကို မည်သို့ ငွေသားအဖြစ် ပြောင်းလဲရမည် ဆိုသည့် အချက်ပင်။ လက်ဆောင်ရပြီး နောက်တစ်နေ့မှာတင် ပြန်ရောင်းပါက သတင်းက မကောင်းနိုင်ပေ။
ယွမ်ကျန်းသည် ညသန်းခေါင်တိုင်အောင် စဉ်းစားသော်လည်း သင့်တော်သော အကြောင်းပြချက် မတွေ့သဖြင့် လက်လျှော့လိုက်တော့သည်။ မည်သို့ပင်ဆိုစေကာမူ မင်္ဂလာဆောင်သည့်အခါ နောက်ထပ် လက်ဆောင်များ ရဦးမည် ဖြစ်ရာ ထိုအချိန်ကျမှ တစ်ပါတည်း ငွေဖော်ရန် သူ ဆုံးဖြတ်လိုက်လေသည်။
ညနက်ပိုင်း နန်းတော်အတွင်း၌။
“ယွမ်ကျန်းဘက်က ဘာထူးသလဲ”
ဧကရာဇ်ဝမ်သည် ဘေးလူများကို ဖယ်ခိုင်းပြီး အရိပ်ကိုယ်ရံတော်ကို သီးသန့်ခေါ်ယူ မေးမြန်းလိုက်သည်။
“အမတ်အားလုံးနီးပါး လက်ဆောင်တွေ ပို့ပေးကြပါတယ်၊ ဒါပေမဲ့ မင်းသားရဲ့ ကြင်ယာတော်လောင်းကလွဲလို့ ဘယ်သူမှ ကိုယ်တိုင် သွားရောက် ဂုဏ်ပြုခြင်း မရှိပါဘူး” ဟု ကိုယ်ရံတော်က တင်ပြသည်။
“ယွမ်ကျန်းကရော ဘာတုံ့ပြန်မှု ရှိသလဲ”
“အိမ်တော်ထဲကလူတွေ ပြောစကားအရ ဆဋ္ဌမမင်းသားဟာ စိတ်မကြည်မလင် ဖြစ်နေပုံရပါတယ်၊ နေ့လယ်စာတောင် မစားဘဲ နောက်ဖေးဥယျာဉ်မှာ တစ်ယောက်တည်း အကြာကြီး ထိုင်နေခဲ့ပါတယ်”
“ဟူး...”
ဧကရာဇ်ဝမ်သည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ဤကလေးမှာ အဘယ်ကြောင့် ဤသို့ လုပ်ရသနည်း။ မည်သူမျှ လာမည်မဟုတ်သည်ကို သိပါလျက်နှင့် ဖိတ်စာများစွာ ဝေခဲ့သည်။ သူကတော့ လောကဝတ်ကို အစွမ်းကုန် ဖြည့်ဆည်းခဲ့သော်လည်း နောက်ဆုံးတွင် စိတ်ဒဏ်ရာ ရရသည်မှာ သူကိုယ်တိုင်သာ ဖြစ်ချေတော့သည်။
ကိုယ်ရံတော်က ခေတ္တ ငြိမ်သက်သွားပြီးမှ “အရှင်မင်းကြီး... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်” ဟု ဆိုလာသည်။
“ပြောစမ်း”
“မနေ့တစ်နေ့က ဆဋ္ဌမမင်းသားဟာ ရှန်အိမ်တော်ကို သွားရင်းနဲ့ ဗိုလ်ယွမ်ကွေနဲ့ တိုးခဲ့ပါတယ်၊ မင်းသားက မြင်းစီးသင်ချင်တယ်လို့ ပြောတာကို ဗိုလ်ယွမ်ကွေက မြင်းပေါ်ကနေ တွန်းချခဲ့ပါတယ်၊ ပြီးတော့ အဲ့ဒီနေရာမှာတင် အားရပါးရ ရယ်မောခဲ့ပါသေးတယ်”
“ယွမ်ကွေ ဟုတ်လား... ယွမ်ချုံရဲ့သားလား”
“မှန်လှပါ အရှင်မင်းကြီး”
ထိုခဏတွင် ဧကရာဇ်ဝမ်၏ မျက်လုံးများအတွင်း ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ခေတ္တ ငြိမ်သက်ပြီးနောက် “ယွမ်ချုံကရော ဘာပြောသလဲ” ဟု ထပ်မေး၏။
ကိုယ်ရံတော်က ယွမ်ချုံသားအဖ လာရောက် တောင်းပန်သည့် ဖြစ်စဉ်အလုံးစုံကို အသေးစိတ် ပြန်လည် တင်ပြလေသည်။ ဧကရာဇ်ဝမ်သည် ထိုအကြောင်းကို ကြားရသောအခါ အံ့အားသင့်သွားရ၏။
ယွမ်ချုံကို ဖိတ်စာတွေ အတင်းရေးခိုင်းသည် ဟုတ်လား။ ယွမ်ချုံသားအဖ၏ အဖိုးတန်မြင်းတွေကို လဲယူလိုက်ပြီး ၎င်းတို့ကို အကျပ်ရိုက်စေခဲ့သည် ဟုတ်လား။ ဤသည်မှာ ယွမ်ကျန်း လုပ်နိုင်သည့် အလုပ်မျိုး ဟုတ်ပါလေစ။
“ယွမ်ကျန်းက ဒါကို တမင်လုပ်တာလား၊ မတော်တဆ ဖြစ်တာလား”
“မတော်တဆ ဖြစ်ဖို့ များပါတယ်၊ သူကိုယ်တိုင် လက်ရေးမလှလို့ ယွမ်ချုံကို ကူရေးခိုင်းတာ ဖြစ်နိုင်သလို၊ အိမ်ပြောင်းခါစမို့ မြင်းတွေကို သေချာ မခွဲခြားတတ်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ကိုယ်ရံတော်က သုံးသပ်ပြသည်။
ဧကရာဇ်ဝမ်သည် ခေတ္တ စဉ်းစားပြီးနောက် ကိုယ်ရံတော်ကို အမိန့်ပေးလိုက်သည်။ “အခွင့်အရေးရှာပြီး ယွမ်ကွေကို အားရပါးရ ရိုက်လွှတ်လိုက်စမ်း၊ ဘယ်သူဆိုတာ မသိစေနဲ့”
“ဗျာ...” ကိုယ်ရံတော်မှာ အံ့အားသင့်သွားပြီး ဧကရာဇ်ကို ကြောင်ကြည့်နေမိသည်။ ယွမ်ကွေကို တိတ်တဆိတ် ရိုက်ခိုင်းသည်မှာ ဧကရာဇ်တစ်ပါး လုပ်လေ့လုပ်ထရှိသော အလုပ်မျိုး မဟုတ်ချေ။
“ဘာ ဗျာ လဲ၊ ခိုင်းတဲ့အတိုင်း လုပ်စမ်း”
ဧကရာဇ်ဝမ်က ဟောက်လိုက်သည်။ ယွမ်ကွေက သူ့သားကို မြင်းပေါ်က တွန်းချသည်မှာ ပုံမှန်ဆိုလျှင် အပြစ်ပေးရမည် ဖြစ်သော်လည်း ယွမ်ကျန်းက လက်ဆောင်ယူပြီး ကျေအေးပေးလိုက်သဖြင့် သူက ပြောင်ပြောင်တင်းတင်း အပြစ်ပေးရန် မသင့်တော်တော့ချေ။ သို့သော် သူ၏ ရင်ထဲမှ ဒေါသကို မမျိုသိပ်နိုင်သဖြင့် ဤသို့ တိတ်တဆိတ် ဆုံးမခိုင်းခြင်း ဖြစ်လေသည်။
ကိုယ်ရံတော် ထွက်သွားပြီးနောက် ဧကရာဇ်ဝမ်က “ဒီအသုံးမကျတဲ့ကောင်... အတွန်းခံရတာတောင် ဒေါသမထွက်ရဲဘူး၊ ငါက ဘယ်လိုသားမျိုး မွေးထားတာလဲ” ဟု ထပ်မံ ကျိန်ဆဲနေမိပြန်သည်။
ဧကရာဇ်ဝမ်သည် ယွမ်ကျန်းကို ဆဲဆိုပြီးနောက် တစ်ဖန် ခေါင်းခဲစရာ ကိစ္စကို ပြန်လည် စဉ်းစားရပြန်သည်။ ဟွမ်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့သည် နောက်ဆုံး နှစ်ရက်အတွင်း မြို့တော်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ စစ်တိုက်မည်လား၊ စေ့စပ်မည်လား ဆိုသည်ကို ယခုထက်ထိ မဆုံးဖြတ်နိုင်သေးပေ။
စစ်အင်အားကလည်း ဟွမ်နိုင်ငံကို မယှဉ်နိုင်သေးသလို၊ အိမ်ရှေ့စံ၏ ပုန်ကန်မှုကလည်း လုံးဝ ငြိမ်သက်သွားခြင်း မရှိသေးပေ။ ထို့အပြင် အနီးနားရှိ နိုင်ငံများကလည်း ချောင်းမြောင်းနေကြသည်။ အကယ်၍ ဟွမ်နိုင်ငံနှင့် တိုက်ခိုက်ပြီး အထိနာသွားပါက ကျန်နိုင်ငံများ၏ ကျူးကျော်မှုကို ခံရနိုင်ချေ ရှိလေသည်။ သို့သော် ဟွမ်နိုင်ငံကို ရိက္ခာပေးလှူရမည်မှာလည်း သူ၏ မာန်မာနအရ ခွင့်မပြုနိုင်ပေ။
ဧကရာဇ်ဝမ်သည် မိုးလင်းခါနီးအထိ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။ ပေးလိုက်တော့မည်။ တချန်းအင်ပါယာသည် စစ်ကြီးဖြစ်ပွားရန် အဆင်သင့် မဖြစ်သေးသဖြင့် ယခုအချိန်တွင် စစ်တိုက်ပါက ရှုံးနိုင်ခြေ များလှသည်။
…
နှစ်ရက်အကြာ ညနေခင်းတွင်။
ယွမ်ကျန်းသည် လောင်းကစားသမား အဖေဖြစ်သူက ပြည့်တန်ဆာအိမ်သို့ ရောင်းစားတော့မည့် မိန်းကလေးတစ်ဦးကို ကယ်တင်ကာ ဝယ်ယူပြီးချိန်တွင် နန်းတော်မှ လူများ ရောက်လာကြသည်။
“အရှင်မင်းကြီးက ဒီည ဝမ်ရှိုးနန်းဆောင်မှာ ဟွမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပမှာမို့ ဆဋ္ဌမမင်းသားနဲ့ ကြင်ယာတော်လောင်းတို့ အချိန်မီ တက်ရောက်ပေးဖို့ မိန့်ကြားလိုက်ပါတယ်”
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”
ယွမ်ကျန်းက လက်ခံလိုက်ပြီး လာရောက် အကြောင်းကြားသော မိန်းမစိုးအား ဆုလာဘ် ပေးလိုက်သည်။ မိန်းမစိုးသည် ဝမ်းသာအားရဖြင့် ဆုငွေကို ယူကာ ပြန်သွားလေသည်။
“ဒီနေ့ကစပြီး မင်းနာမည်က စင်ရှင်း ပဲ၊ ပင်ပန်းဆင်းရဲမှုတွေကနေ လွတ်မြောက်ပြီး အသစ်တစ်ဖန် မွေးဖွားခြင်း လို့ အဓိပ္ပာယ်ရတယ်”
“နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား”
“ကဲ... သူ့ကိုခေါ်သွားပြီး ရေမိုးချိုးပေးလိုက်ကြဦး”
ယွမ်ကျန်းက အစေခံများကို မှာကြားပြီးနောက် ကောင်းဟယ်နှင့်အတူ ထွက်လာခဲ့သည်။ မကြာမီ ရှန်အိမ်တော်သို့ ရောက်ရှိလာ၏။ ယခုတစ်ခေါက်တွင် ရှန်မိခင်ကြီးသည် နေမကောင်းဟု အကြောင်းမပြဘဲ သူ့ကို ထွက်တွေ့လေသည်။
အခန်းထဲသို့ ဝင်ချိန်တွင် ယွမ်ကျန်းသည် ရဲ့ကျိကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ရဲ့ကျိကလည်း သူ့ကို ထူးခြားသော အပြုံးဖြင့် ပြန်လည် ကြည့်နေသည်ကို တွေ့ရ၏။ ယွမ်ကျန်းက သူမကို တစ်ချက် မျက်စိမှိတ်ပြလိုက်ရာ သူမကလည်း နားလည်ကြောင်း အမူအရာ ပြလေသည်။
ကြည့်ရသည်မှာ ရဲ့ကျိသည် ရှန်မော့ယန့်မှတစ်ဆင့် သူ ပေးလိုက်သော မသိမသာ သတင်းစကားကို နားလည်သွားပုံ ရလေသည်။ ”တကယ်ကို ဉာဏ်ကောင်းတဲ့ မိန်းမပဲ၊ ငါ့ဘက်ပါအောင် ဆွဲဆောင်ထားရမယ်” ဟု သူ တွေးလိုက်မိသည်။
စကားစမြည် အနည်းငယ် ပြောပြီးနောက် ယွမ်ကျန်းက လာရင်းအကြောင်းကို ရှင်းပြသည်။ ရှန်မော့ယန့်က မလိုလားသော်လည်း ဧကရာဇ်ဝမ်ကိုယ်တိုင် မိန့်ကြားထားခြင်းဖြစ်ရာ ငြင်းဆန်ရန် ခက်ခဲလှသဖြင့် မတတ်သာဘဲ လက်ခံလိုက်ရလေသည်။
“ဒီညတော့ ရှင့်ကြောင့် ကျွန်မပါ အရှက်ကွဲရတော့မှာပဲ” မြင်းရထားပေါ်တွင် ရှန်မော့ယန့်သည် ယွမ်ကျန်းနှင့် အလှမ်းဝေးရာမှာ ထိုင်ကာ မကျေမနပ် ဆိုလေသည်။
ယနေ့ည ပွဲသို့ မင်းသားများ၊ မင်းသမီးများနှင့် အမတ်ကြီးများအားလုံး တက်ရောက်ကြမည် ဖြစ်သည်။ အသုံးမကျသော ယွမ်ကျန်းနှင့်အတူ ပွဲတက်ရမည်မှာ သူမအတွက် အရှက်ရစရာဟု ခံစားနေရခြင်း ဖြစ်၏။ သူမသည် ယွမ်ကျန်းက အကွက်မြင်သူ တစ်ဦးဖြစ်သည်ဟူသော ရဲ့ကျိ၏ စကားကို လုံးဝ မယုံကြည်ပေ။
“ငါတို့က ဟင်းပဲ များများစားပြီး စကားနည်းနည်း ပြောရင် ရပါပြီ” ယွမ်ကျန်းက အေးအေးဆေးဆေးပင် ပြုံးလျက် ဆိုသည်။ “ဗိုက်ဝရင် ပြန်ကြတာပေါ့”
သူကိုယ်တိုင်လည်း ထိုပွဲကို မတက်ချင်ပေ။ စိတ်ရှုပ်စရာ ကောင်းသလို လူအများ၏ အကဲခတ်မှုကို ခံနေရမည်မှာ ပင်ပန်းလှသည်။ သို့သော် ဧကရာဇ်ဝမ်၏ အမိန့်ဖြစ်၍ မတတ်သာပေ။
“ဗိုက်ဝမယ် ဟုတ်လား” ရှန်မော့ယန့်က နှာခေါင်းရှုံ့လျက် “ဒေါသပဲ ဝလာမယ် ထင်တယ်” ဟု ဆိုလေသည်။
“ဒါဆိုရင်လည်း စိတ်ကို လျှော့ထားလိုက်လေ” ယွမ်ကျန်းက တည်ငြိမ်စွာပင် ဆိုသည်။ “သူများက လှောင်ရင်လည်း အပေါ့စွန့်သလိုပဲ သဘောထားလိုက်ပါ”
“ကျွန်မက ရှင့်လို သည်းခံနိုင်တဲ့ အစွမ်း မရှိဘူး” ရှန်မော့ယန့်က ကဲ့ရဲ့လိုက်၏။
“ဒါဆိုရင်လည်း မင်းစိတ်ကြိုက်သာ လုပ်တော့” ယွမ်ကျန်းက ပခုံးတွန့်ပြလိုက်သည်။ “မင်းကို ကွပ်မျက်ရင်လည်း ခမည်းတော်က ငါ့ကို နောက်တစ်ယောက် ထပ်ပေးမှာပဲ၊ ငါက စစ်မြေပြင်မှာ သေရမယ့်သူဆိုတော့ မင်း ဘာပြဿနာရှာရှာ ငါ့အပေါ် ထိခိုက်မှာ မဟုတ်ဘူး”
“ရှင်...” ရှန်မော့ယန့် စကားစပြတ်သွားကာ ဒေါသကြောင့် ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူမသည် ဤအသုံးမကျသောကောင်မှာ စကားပြောလျှင် လူကို သွေးအန်အောင် ပြောနိုင်စွမ်းရှိသည်ကို သတိထားလိုက်မိသည်။
ယွမ်ကျန်းက မျက်လုံးမှိတ်ကာ ပြုံးနေလေသည်။ သူက လူတွေ သူ့ကို လှောင်ပြောင်မည်ကိုပင် လိုလားနေသေး၏။ ယနေ့ညတွင် သူ၏ ညီအစ်ကိုများက သူ့ကို ကူညီပြီး ပြဿနာရှာပေးမည်ကို သူ မျှော်လင့်နေပါတော့သည်။