မြူခိုးမြို့အပေါ် ကောင်းကင်ထဲတွင် ပျံသန်းနေစဉ် အချိန်မှာ ညနက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လင်းရှောင်သည် မိမိ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်ပြီး အနီးအနားရှိ တည်းခိုခန်းတစ်ခုကို ရှာကာ အနားယူရန် ဆုံးဖြတ်လိုက်သည်။
လက်ရှိတွင် “သေလမ်းရှာ လင်း” ဟူသော သူ၏အမည်သည် အရှေ့ပိုင်းဒေသတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်နေပြီး သူ၏ပုံတူပန်းချီများလည်း နေရာအနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။
သူ၏ရုပ်သွင်ကို မဖုံးကွယ်ထားပါက ယနေ့ မြူခိုးမြို့တော်ရှိ လူတိုင်းသည် ကြောက်လန့်လွန်း၍ အိပ်ပင်ပျော်နိုင်ကြတော့မည်မဟုတ်ပေ။
ရန်သူများကို သတ်ဖြတ်ခြင်းဟူသော ရက်စက်သည့်အချက်ကို ချန်ထားလိုက်ပါက သူသည် အခြားကမ္ဘာတစ်ခုမှ ရောက်လာသော ကြင်နာတတ်ပြီး အခြားသူများကို ထည့်သွင်းစဉ်းစားပေးတတ်သည့် လူကောင်းတစ်ဦးသာ ဖြစ်သည်။
နောက်တစ်နေ့မနက်စောစောတွင် ရိုးရိုးရှင်းရှင်း အစားအစာအနည်းငယ် စားသောက်ပြီးနောက် လင်းရှောင်သည် သတင်းအချက်အလက် ရောင်းဝယ်သူတစ်ဦးထံမှ ဝိညာဉ်မီးဖိုရှေးဟောင်းဂိုဏ်း၏ နယ်မြေကို ဖော်ပြထားသော မြေပုံတစ်ခုကို ဝိညာဉ်ကျောက်တုံးအချို့ ပေးချေကာ ဝယ်ယူလိုက်သည်။
“တောင်ဘက်အစွန်ဆုံးဒေသလား"
မြေပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းရှောင်သည် ဟင်းလင်းပြင် ကျောက်ပြားကို အသုံးပြုကာ အရှေ့ဘက်အစွန်ရှိ မြူခိုးမြို့တော်မှ တောင်ဘက်အစွန်ရှိ လျန်ချီမြို့ သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
“မြန်မြန်... မြန်မြန်... မြန်မြန်... အဲဒီသေခါနီး ခြေထောက်တွေကို မြန်မြန်ရွှေ့ကြစမ်း... နတ်လက်နက်သန့်စင်ပြိုင်ပွဲအတွက် စာရင်းပေးသွင်းချိန် ကုန်တော့မယ်...”
“ဒီတစ်ကြိမ် ထိပ်ဆုံးဆယ်ဦးထဲ ဝင်နိုင်တဲ့သူတွေဟာ ဝိညာဉ်မီးဖိုရှေးဟောင်းဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့အတူ အပျက်အစီးနယ်မြေထဲ ဝင်ခွင့်ရမှာ…ဒီအခွင့်အရေးကို လွတ်သွားရင် သေသွားရင်တောင် စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး...”
“ဟုတ်တယ်…အပျက်အစီးနယ်မြေထဲမှာ ရတနာတွေ အပြည့်ပဲ... လက်နက်သန့်စင်ခြင်း အမွေအနှစ်တွေလည်း အများကြီးရှိတယ်... ရှေးခေတ်က နံပါတ်တစ် လက်နက်သန့်စင်ပညာရှင် မသေမျိုးတစ်ယောက်က အဲဒီနေရာမှာ အမွေအနှစ်တစ်ခု ချန်ထားခဲ့တယ်လို့ ကြားတယ်... ဒီတစ်ကြိမ်တော့ ငါတို့သုံးယောက် ဘာပဲဖြစ်ဖြစ် အစွမ်းကုန် ကြိုးစားကြရမယ်...”
“ပြောတာ မှန်တယ်... ငါတို့သုံးယောက် အကြိမ်ပေါင်း ဒါဇင်များစွာ ဆက်တိုက် ရှုံးနိမ့်ခဲ့ပေမဲ့ ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုရဲ့ မိခင်ပဲ... ဒီတစ်ကြိမ်တော့ အနိုင်ရဖို့ အခွင့်အရေး အများကြီးရှိတယ်...”
လျန်ချီမြို့၏ တံခါးဝသို့ ရောက်ရှိလာသောအခါ လင်းရှောင်သည် တောင်ဝှေးများကို မှီထားကြပြီး ခြေလှမ်းတိုင်းကို ခက်ခက်ခဲခဲ လှမ်းနေရသော အဘိုးအိုသုံးဦး မြို့ထဲသို့ အလျင်အမြန် ဝင်သွားနေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ စကားဝိုင်းမှတစ်ဆင့် ဝိညာဉ်မီးဖိုရှေးဟောင်းဂိုဏ်းသည် လျန်ချီမြို့၌ လက်နက်သန့်စင်ခြင်း ပြိုင်ပွဲတစ်ခု ကျင်းပနေကြောင်း သူ သိရှိလိုက်ရသည်။
ထိုပြိုင်ပွဲသည် လွတ်လပ်စွာ ကျင့်ကြံသူများနှင့် လက်နက်သန့်စင်ခြင်း ပါရမီရှင်များအတွက် အခွင့်အရေးပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ထိပ်ဆုံးဆယ်ဦး ဝင်ရောက်နိုင်သူများသည် ဝိညာဉ်မီးဖိုရှေးဟောင်းဂိုဏ်းမှ ပါရမီရှင်များနှင့်အတူ လက်နက်သန့်စင်ခြင်း အမွေအနှစ်များစွာ ပါဝင်သော ရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
“ငါ ဝိညာဉ်မီးဖိုရှေးဟောင်းဂိုဏ်းဆီက အကောင်းဆုံး လက်နက်သန့်စင်ဖန်တီးနည်းတွေကို ဘယ်လိုသင်ယူရမလဲလို့ စဉ်းစားနေတုန်းပဲ ရောက်လာတာနဲ့ အခွင့်အရေးကောင်းတစ်ခုနဲ့ တည့်တည့်တိုးနေပြီပဲ"
လင်းရှောင်သည် မိမိကိုယ်ကို မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်သည်။
ကံကြမ္မာအဆင့် ပိုမြင့်လာခြင်းသည် အမှန်ပင် ကောင်းလှသည်။
အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။
ထို့နောက် သူသည် ခြေလှမ်းမတည်မငြိမ်ဖြင့် လျှောက်လာနေသော အဘိုးအိုသုံးဦးကို ဆွဲတင်လိုက်ပြီး စာရင်းပေးသွင်းရာနေရာသို့ အလျင်အမြန် သယ်ဆောင်သွားခဲ့သည်။
“လူငယ်လေး... မင်းက တကယ့်လူကောင်းတစ်ယောက်ပဲ... ဒီနှစ်တွေတစ်လျှောက် စောင့်ဆိုင်းလာခဲ့ပြီးနောက်ဆုံးတော့ ငါတို့ကို မြင်နိုင်သလို ကူညီပေးချင်တဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့ရပြီ...”
“လက်နက်သန့်စင်ခြင်း အမွေအနှစ်ကြီးတစ်ခု ရရှိသွားတာကို ဂုဏ်ယူပါတယ်... မင်းရဲ့မျက်နှာသွင်ပြင်က ထူးခြားနေတယ်... အနာဂတ်မှာ ကြီးကျယ်တဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ သေချာတယ်... ကျင့်ကြံမှုကို ကောင်းကောင်းကြိုးစားပါ…တစ်နေ့နေ့မှာ ငါတို့ ပြန်တွေ့နိုင်ကောင်းပါရဲ့"
“ဟားဟားဟား... သူ့မျက်နှာကို ကြည့်စမ်းပါဦး…ငါတို့သုံးယောက် သူ့ကို လိမ်နေတယ်လို့ ထင်နေတာဖြစ်မယ်... လူငယ်လေး... အဲဒါတွေက အမှန်လား... အမှားလား... အစစ်လား... အတုအယောင်လားဆိုတာ မင်းရဲ့နှလုံးသားနဲ့ ခွဲခြားသိမြင်နိုင်မှုအပေါ်ပဲ မူတည်တယ်"
လင်းရှောင်သည် အဘိုးအိုသုံးဦးကို သယ်ဆောင်ကာ စာရင်းပေးသွင်းရာနေရာသို့ သွားနေစဉ် သူတို့သည် ရုတ်တရက် ရယ်မောပြီး အဓိပ္ပာယ်နက်နဲသော စကားများစွာကို ပြောလိုက်ကြသည်။
ထို့နောက် အဘိုးအိုသုံးဦး၏ ပုံရိပ်များသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး လင်းရှောင်၏လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ ထွင်းထုထားသည့် တောက်ပနေသော အရိုးတစ်ချောင်းသာ ကျန်ရစ်ခဲ့သည်။
“တကယ်ကို အံ့ဩစရာကောင်းလိုက်တာ"
လက်ထဲရှိ တောက်ပနေသော လျှို့ဝှက်အရိုးကို ကြည့်ရင်း လင်းရှောင်က ချီးကျူးလိုက်သည်။
【ဒင်... အိမ်ရှင်သည် ရှန်လျန်တာအိုသခင်၏ လက်အရိုးကို ရရှိခဲ့ကြောင်း ဂုဏ်ယူပါတယ်... အဖိုးတန်သော လက်နက်သန့်စင်ခြင်း အမွေအနှစ်တစ်ခု ပါဝင်သည်။ ပေါင်းစည်းပြီးနောက် အိမ်ရှင်သည် မသေမျိုးအဆင့် လက်နက်သန့်စင်ဖန်တီးပညာရှင်တစ်ဦး ဖြစ်လာနိုင်ပါသည်။】
【သို့သော် အကျိုးဆက်အနေဖြင့် ထိုလက်အရိုးကြောင့် ပြောင်းလဲမှုဖြစ်ပေါ်လာပြီး အိမ်ရှင်၏ ဝိညာဉ်သည် လုံးဝပျက်စီးသွားမည်ဖြစ်သည်။ ထို့နောက် အိမ်ရှင်၏ ခန္ဓာကိုယ်က လက်နက်တာအိုကို သန့်စင်ရန်အတွက် ရှန်လျန်တာအိုသခင်၏ ကိုယ်ပွားတစ်ခု ဖြစ်လာမည်ဖြစ်သည်။】
လင်းရှောင်သည် အရာအားလုံးက အလွန်မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်နေသည်ဟု ခံစားနေချိန်တွင် စနစ်အသိပေးသံသည် သူ့နားထဲ၌ မြည်ဟည်းလာခဲ့သည်။
“ထင်ထားတဲ့အတိုင်းပဲ... လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးလို့ ငါ သိသားပဲ"
စနစ်၏ အသိပေးချက်ကို ကြားသောအခါ လင်းရှောင်သည် မထီမဲ့မြင် နှုတ်ခမ်းကွေးလိုက်သည်။
ရှန်လျန်တာအိုသခင်သည် တာအိုကို ခန္ဓာကိုယ်ဖြင့် သန့်စင်ရန်အတွက် သူ၏အရိုးစုတစ်ခုလုံးကို အပိုင်းပိုင်းဖြုတ်ကာ ကမ္ဘာလောကပေါင်းများစွာအနှံ့ ဖြန့်ကြဲထားခဲ့ခြင်းဖြစ်သည်။
ကံကြမ္မာကောင်းကို ပိုင်ဆိုင်ထားသူများက ထိုအရိုးများကို ရှာဖွေတွေ့ရှိလာမည်ကို စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။
အရိုးအားလုံးသည် သက်ဆိုင်ရာ အိမ်ရှင်များကို ရှာတွေ့သွားသည်နှင့် သူသည် ပြန်လည်အသက်ရှင်လာနိုင်ပြီး သူ၏ တာအိုလမ်းစဉ်ကို နောက်တစ်ဆင့် မြှင့်တင်နိုင်မည်ဖြစ်သည်။
ထိုအကြံအစည်သည် ရဲတင်းပြီး ရူးသွပ်လွန်းလှသည်။
သို့သော် လင်းရှောင်နဲ့ တွေ့တာက သူ၏အစီအစဉ်များအားလုံးသည် အပြီးတိုင် ပျက်စီးသွားရန် ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်သည်။
လင်းရှောင်အတွက်ကတော့ ဒါဟာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပင်။
သူသည် တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ လျန်ချီမြို့မှ အမြန်ထွက်ခွာသွားပြီး လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ ရှန်လျန်တာအိုသခင်၏ အရိုးနှင့် တိုက်ရိုက် ပေါင်းစည်းလိုက်သည်။
“ဝုန်း...”
ပေါင်းစည်းမှု စတင်ပြီး မကြာမီတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အာရုံတစ်ခုက သူ၏ဝိညာဉ်ကို တိုက်ရိုက် ချေဖျက်ဖျက်ဆီးပစ်လိုက်သည်။
【ဒင်... အိမ်ရှင်သည် ရှန်လျန်တာအိုသခင်၏ ကျန်ရှိနေသောဝိညာဉ်ကြောင့် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသည်။ အတင်းအဓမ္မ အမွေဆက်ခံမှုအကျိုးသက်ရောက်မှု စတင်အသက်ဝင်နေပါပြီ...】
လင်းရှောင်၏ဝိညာဉ် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော စနစ်အသိပေးသံ မြည်ဟည်းလာခဲ့သည်။
“ဒီကောင်လေးကတော့ တော်တော်နုနယ်သေးတာပဲ တစ်ခါတည်း တန်းပေါင်းစည်းတော့တာပဲ"
“ဘာဆက်နွယ်မှုမှမရှိဘဲ ဘာအကြောင်းကြောင့်မှမရှိဘဲ ဒီလို ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ အခွင့်အရေးကို မင်းကို အလကားပေးမယ့်သူ ဘယ်သူရှိမှာလဲ"
လင်းရှောင် သေဆုံးသွားပြီးနောက် အရိုးထဲမှ ခေါင်းသုံးလုံးပါသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
“ဟဲဟဲ... လူငယ်လေး... ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့မယ်လို့ မင်းကို ပြောခဲ့တယ်မဟုတ်လား... အခုတော့ ငါတို့က ‘လူငယ်လေး’ ဖြစ်သွားပြီပဲ"
“အခြားကိုယ်ပွားတွေကတော့ အခြေခံအားဖြင့် နတ်ဘုရားတွေ ဖြစ်ကုန်ကြပြီ... ငါတို့လည်း ဒီဘက်မှာ အရှိန်မြှင့်ဖို့ လိုနေပြီ"
“တတ်နိုင်ဘူး... ငါတို့ကံကြမ္မာက ဒီလောက်ဆိုးပြီး ဝိညာဉ်စွမ်းအင်အမှိုက်လို ဖြစ်နေတဲ့ အဆင့်နိမ့်လောကတစ်ခုထဲကို ပို့ခံလိုက်ရတာ အခုလို…ဓာတ်ကြီးငါးပါးတာအိုခန္ဓာတစ်ခုနဲ့ တွေ့ခဲ့ရတာတောင် ကံကောင်းလွန်းလို့ပဲ"
ထိုပုံရိပ် ပေါ်ထွက်လာပြီးနောက် သူ၏လည်ပင်းပေါ်ရှိ ခေါင်းသုံးလုံးသည် အချင်းချင်း စကားပြောနေကြသည်။
သို့သော် သူတို့အားလုံးသည် အရာရာကို အောင်မြင်စွာ ပြီးမြောက်သွားပြီဟု ထင်ကာ လင်းရှောင်၏ခန္ဓာကိုယ်ကို အပြည့်အဝ လွှဲပြောင်းရယူရန် ပြင်ဆင်နေချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ထိုပုံရိပ်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
ထို့နောက် ထိုစွမ်းအားသည် ပုံရိပ်အတွင်းရှိ မဟာတာအို၏ စွမ်းအားကို အရူးအမူး စုပ်ယူလေတော့သည်။
“ဒါက… မဟာတာအိုကို ကျော်လွန်နေတဲ့ ပျက်သုဉ်းခြင်းစွမ်းအားလား...”
“သေစမ်း... ဒီလိုအဆင့်မြင့်တဲ့ စွမ်းအားမျိုးက ဒီအဆင့်နိမ့်လောကထဲမှာ မွေးဖွားလာဖို့ မဖြစ်နိုင်ဘူး... ဘာတွေဖြစ်နေတာလဲ...”
“ငါတို့ ဘာလုပ်ကြမလဲ... ငါတို့ အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းကတောင် ပျက်သုဉ်းခြင်းစွမ်းအားကို မတားဆီးနိုင်ခဲ့ဘူး... ဒီဝိညာဉ်အပိုင်းအစကိုသာ အဲဒီစွမ်းအားက စုပ်ယူသွားရင် မူလခန္ဓာရဲ့ မဟာတာအိုဟာ ဘယ်တော့မှ ပြည့်စုံနိုင်တော့မှာ မဟုတ်ဘူး...”
ဆက်တိုက် စုပ်ယူခံနေရကြောင်း ခံစားလိုက်ရသောအခါ ရှန်လျန်တာအိုသခင်၏ ကျန်ရှိနေသောဝိညာဉ်သည် လုံးဝ ထိတ်လန့်သွားခဲ့သည်။
ဒလီုကြောက်မက်ဖွယ်ကောင်းသော ပျက်သုဉ်းခြင်းစွမ်းအားသည် မထင်မရှားသော အဆင့်နိမ့် လောကတစ်ခုထဲတွင် ပေါ်ထွက်လာမည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
ပျက်သုဉ်းခြင်းစွမ်းအားသည် တာအိုအားလုံးကို ဝါးမျိုနိုင်ကြောင်း သိထားရမည်။
အချိန်ဖြစ်စေ... ဟင်းလင်းပြင်ဖြစ်စေ ထိုစွမ်းအားရှေ့တွင် ဘာမှမဟုတ်တော့ပေ။
အကြောင်းမှာ ပျက်သုဉ်းခြင်းသည် တာအိုအားလုံး၏ လည်ပတ်မှုကို ထိန်းချုပ်သော အဆုံးစွန်စည်းမျဉ်းဖြစ်ပြီး အကြောက်မက်ဖွယ်အကောင်းဆုံး ဘေးဒုက္ခဖြစ်သည်။
သို့သော် အချိန်ကာလပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သော်လည်း မည်သူမျှ ထိုအရာထံသို့ ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။
ထိန်းချုပ်နိုင်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သောကိစ္စဖြစ်ကာ..တွေ့ဆုံရသူတိုင်း ကံကြမ္မာမှာ သေခြင်းကို စောင့်ဆိုင်းရခြင်းသာ ဖြစ်သည်။
“ဒီကောင်လေးရဲ့ နောက်ခံအင်အားကြီးမားလွန်းနေတာ ဖြစ်ရမယ်... အစကတည်းက သိခဲ့ရင် သူ့ကို ကြံစည်တိုက်ခိုက်ခဲ့မှာ မဟုတ်ဘူး...”
ဘာမှမလုပ်နိုင်ဘဲ သေခြင်းကိုသာ စောင့်ဆိုင်းနေရသော ရှန်လျန်တာအိုသခင်၏ ကိုယ်ပွားသည် အလွန်နောင်တရသွားခဲ့သည်။
သူသည် လင်းရှောင်ကို ငယ်ရွယ်လွန်းသူဟု ထင်ခဲ့ပြီး နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ရတနာတစ်ခုကို တွေ့ရှိပြီဟု ယူဆခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူတို့ကိုယ်တိုင်ကသာ လင်းရှောင်အတွက် ကံကြမ္မာကပေးသော အခွင့်အရေး ဖြစ်နေကြောင်း နားလည်သွားခဲ့ရသည်။
“အခြားကိုယ်ပွားတွေ ငါတို့အတွက် လက်စားချေဖို့ မလာကြပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မယ်... မဟုတ်ရင် ဒီကောင်လေးကြောင့် သူတို့လည်း အကုန် သေကုန်ကြလိမ့်မယ်"
နောက်ဆုံးအချိန်တွင် ရှန်လျန်တာအိုသခင်၏ ကိုယ်ပွားသည် စိုးရိမ်တကြီး တီးတိုးရေရွတ်လိုက်သည်။
“ဝုန်း...”
နောက်ဆုံးတွင် ထိုကိုယ်ပွားသည် လုံးဝ ပျက်စီးသေဆုံးသွားခဲ့သည်။
【ဒင်... အတင်းအဓမ္မ အမွေဆက်ခံမှု အာနိသင် ပြီးဆုံးသွားပါပြီ... ဂုဏ်ယူပါတယ်... အိမ်ရှင်…ရှန်လျန်တာအိုသခင်၏ မဟာတာအိုစည်းမျဉ်းအမွေအနှစ် တစ်စိတ်တစ်ပိုင်း... ကျင့်ကြံမှုနှစ်သန်းငါးဆယ်၏ ရလဒ်များနှင့် တာအိုသခင်၏ ဦးခေါင်းခွံတစ်ခုကို ရရှိပါပြီ】
(ရှန်လျန်တာအိုသခင်= လက်နက်တာအိုသခင်)
ရှန်လျန်တာအိုသခင်၏ ကျန်ရှိနေသောဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လင်းရှောင်သည် ထိုနေရာ၌ပင် ပြန်လည်အသက်ရှင်လာခဲ့သည်။