အခန်း ၉၇ — လင်းနတ် မြစိမ်းရောင် သစ်သားသေတ္တာ
လုဖေးယန့်၏ အပြုံးများ ခဲသွားရသည်။ “ငါ့ကို ခိုင်းစေဖို့ နင်က ဘာကောင်မို့လို့လဲ”
ချူလျိုယွဲ့သည် ချူမိသားစုမှ နှင်ထုတ်ခံထားရပြီး တန်ဖိုးမရှိသည့်သူ ဖြစ်နေသည်ကိုပင် ထားဦး၊ အကယ်၍ သူမသည် ချူမိသားစု၏ သခင်မကြီး အဖြစ် ရှိနေသေးလျှင်ပင် ဤသို့ ခိုင်းစေပိုင်ခွင့် မရှိပေ။
“လုဖေးရန့်... ဒါက ထျန်းလုအကယ်ဒမီပဲ၊ နင့်ရဲ့ လုမိသားစု မဟုတ်ဘူး။ ဘာလို့ ပြဿနာရှာနေတာလဲ” ပိုင်ချန်းက တိုက်ရိုက်ပင် ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ သူသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြာခဏ မြင်ဖူးနေကျ ဖြစ်သဖြင့် စိတ်အနှောင့်အယှက်ပင် မဖြစ်တော့ပေ။ “တကယ်လို့ နင်က သောင်းကျန်းချင်တယ်ဆိုရင် လုမိသားစုဆီပဲ ပြန်သွားလိုက်တော့”
အဆူခံလိုက်ရပြီးနောက် လုဖေးရန့် အနည်းငယ် ငြိမ်ကျသွားသော်လည်း ချူလျိုယွဲ့၏ အစေခံသဖွယ် လုပ်ပေးရန်မှာမူ သူမအတွက် လုံးဝ မဖြစ်နိုင်သည့် အရာပင်။ “ဆရာပိုင်ချန်း... ချူလျိုယွဲ့က ဒီနေ့မှ အကယ်ဒမီကို ရောက်တာပါ။ ကျွန်မတို့က အတန်းဖော်တွေ ဆိုပေမဲ့ သူမအတွက် ဒီလိုမျိုးတွေအထိ လုပ်ပေးစရာ မလိုဘူး ထင်ပါတယ်”
ပိုင်ချန်းက နှာခေါင်းရှုံ့လျက် “သူက ဒီနေ့မှ ရောက်တာ မှန်ပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့ ပါရမီက နင့်ထက် အပြတ်အသတ် သာတယ်။ ထျန်းလုအကယ်ဒမီမှာတော့ အရည်အချင်းက အရေးအကြီးဆုံးပဲ။ ဒါ့အပြင် ငါက သူ့ပစ္စည်းလေးတွေ ဝိုင်းကူကိုင်ပေးဖို့ ပြောတာကိုတောင် နင်က ဒီလောက် ငြင်းဆန်နေတာ... နင့်မျက်လုံးထဲမှာ ငါ့ကို ဆရာတစ်ယောက်လို့ကော မြင်ရဲ့လား”
လုဖေးရန့်နှင့် ကျန်သူများသည် ပိုင်ချန်းကို ပြန်လည် မချေပဝံ့တော့ဘဲ မတတ်သာသည့်အဆုံး မြင်းရထားဆီသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်သွားကြရသည်။ လုဖေးရန့်က မြင်းရထားကို တစ်ချက်စောင်းကြည့်လိုက်ပြီး ‘ဒီလို နောက်ခံမရှိတဲ့ ဆင်းရဲသား အိမ်ထောင်စုကနေ ဘယ်လို ပစ္စည်းကောင်းတွေများ ထွက်လာမှာလဲ... ငါ့လက်တွေ ညစ်ပတ်သွားမှာတောင် စိုးရိမ်မိတယ်’ ဟု တိတ်တဆိတ် တွေးနေမိသည်။
ချူလျိုယွဲ့က အနားသို့ လျှောက်လာပြီး ပန်းပွင့် ပန်းနွယ်ပုံများ ထွင်းထုထားသော အနက်ရောင် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာဆီမှ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာသည်။ ပိုင်ချန်း အသက်ကို ဝဝရှူလိုက်ရာ ထိုရနံ့က ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားပြီး စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများ တောက်ပသွားပြီး “ဒါက ‘လင်းနတ်’ မြစိမ်းရောင်လား”
“ဆရာပိုင်ချန်း... မျက်စိလျင်တာပဲနော်”
‘လင်းနတ်’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် လုဖေးရန့် မျက်မှောင်ကြုတ်သွားသည်။ အမှန်စင်စစ် ချူလျိုယွဲ့ သေတ္တာကို စထုတ်ကတည်းက လုဖေးရန့်သည် သင်းပျံ့သော ဇီးပန်းရနံ့ကို ရရှိခဲ့ပြီး ‘လင်းနတ်’ ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း သူကိုယ်တိုင် မယုံကြည်နိုင်ဘဲ ရှိနေခဲ့ခြင်းဖြစ်သည်။
လင်းနတ် မြစိမ်းရောင်သစ်သားမှာ အလွန် အဖိုးတန်လှသည်။ ၎င်းတို့သည် ပြင်းထန်သော ဆောင်းရာသီတွင်သာ ရှင်သန်နိုင်ပြီး သုံးနှစ်မှ တစ်လက်မသာ ကြီးထွားနိုင်သည်။ နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိမှသာ ပန်းပွင့်လေ့ရှိသည်။ သာမန်လူတစ်ယောက်အဖို့ ဤအရာကို ပိုင်ဆိုင်ဖို့ မဆိုထားနှင့် တစ်သက်တွင် တစ်ခါ မြင်တွေ့ရရန်ပင် ခဲယဉ်းလှသည်။
ဘေးမှ မိန်းကလေးတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။ “ယွဲ့အာ... နင့်ရဲ့ လက်ကောက်ကလည်း လင်းနတ် မြစိမ်းရောင်နဲ့ လုပ်ထားတာ မဟုတ်လား”
လုဖေးရန့်၏ မျက်နှာ အနည်းငယ် ဖြူလျော့သွားသည်။ သူမ ထျန်းလုအကယ်ဒမီသို့ စတင်ဝင်ရောက်စဉ်က သူမ၏ မိခင်ဖြစ်သူက ဆုလာဘ်အဖြစ် လင်းနတ် မြစိမ်းရောင်ဖြင့် ပြုလုပ်ထားသော လက်ကောက်တစ်ကွင်းကို သီးသန့်ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် ၎င်းကို အလွန်မြတ်နိုးပြီး အမြဲတစေ ဝတ်ဆင်ထားသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများအားလုံး သိကြသည်။ ထိုလက်ကောက်သည် လူအများ၏ မနာလိုဖွယ် ငေးမောခြင်းကို ခံခဲ့ရဖူးသည်။
သို့သော် ယခုမူ ချူလျိုယွဲ့က လင်းနတ် မြစိမ်းရောင်ဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာကြီး တစ်လုံးလုံးကို ထုတ်ယူလာသည်။ ထိုသေတ္တာ၏ ကုန်ကြမ်းတန်ဖိုး တစ်ခုတည်းကပင် သူမ၏ လက်ကောက်ထက် အဆပေါင်းများစွာ ပို၍ တန်ဖိုးကြီးနေသည်။
“သူ့ရဲ့ သစ်သားသေတ္တာက တော်တော်လေး တန်ဖိုးရှိမှာပဲနော်” ဟု အခြားမိန်းကလေးတစ်ဦးက ရေရွတ်လိုက်သည်။
“နင်က ဘာသိလို့လဲ၊ လင်းနတ် မြစိမ်းရောင်မှာလည်း အကောင်းအညံ့ ရှိသေးတယ်။ ဒီသေတ္တာက ကြီးတော့ ကြီးပါရဲ့၊ ဒါပေမဲ့ ဈေးပေါတဲ့ အညံ့စား ပစ္စည်းတွေနဲ့ပဲ လုပ်ထားတာ နေမှာပါ” ဟု လုဖေးရန့်က မနာလိုစိတ်ဖြင့် ခနဲ့လိုက်သည်။
ချူလျိုယွဲ့က မျက်ခုံးပင့်လိုက်ပြီး “အော်... လုသခင်မလေးက လင်းနတ် မြစိမ်းရောင်အကြောင်း မြင်ဖူးတာပဲ။ ဒါဆိုရင်တော့ ငါ စိတ်ချလက်ချ ပေးကိုင်လို့ ရပြီပေါ့၊ ရော့... ဒါလေး ကိုင်ထားပေးပါဦး”
လုဖေးရန့်မှာ အံ့အားသင့်သွားပြီး လက်ထဲတွင် လေးလံသော ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ချူလျိုယွဲ့က ပစ္စည်းကို သူမလက်ထဲသို့ ထည့်ပေးလိုက်ပြီ ဖြစ်သည်။ သေတ္တာသည် ကိုင်လိုက်လျှင် အေးစိမ့်နေပြီး သေတ္တာပေါ်မှ ထွင်းထုထားသော ပုံရိပ်များကို ခံစားသိရှိနိုင်သည်။ ရနံ့မှာလည်း အစောပိုင်းကထက် ပို၍ စူးရှလာသည်။
သူမ မနေနိုင်ဘဲ ငုံ့ကြည့်လိုက်ရာ သေတ္တာပေါ်တွင် သက်ဝင်လှပလှသော ဇီးပန်းပုံများကို အနုစိတ် ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။ သူမက ခပ်ယဲ့ယဲ့ ရယ်မောလိုက်ရင်း အထင်အမြင်သေးမှုကို မဖုံးကွယ်နိုင်တော့ပေ။ “နင်က တကယ်ပဲ ဆင်းရဲသား မျိုးနွယ်မို့လို့ လောကကြီးအကြောင်း ဘာမှမသိသေးတာပဲ။ လင်းနတ် မြစိမ်းရောင်က အလွန် ကြီးထွားမှု နှေးကွေးပြီး အေးစိမ့်တဲ့ နေရာမှာပဲ တွေ့ရတာမို့ ပစ္စည်းက အေးပြီး လေးလံတယ်၊ စိတ်ကိုလည်း လန်းဆန်းစေတယ်။ ဒါပေမဲ့ သူ့ရဲ့ သဘာဝအတိုင်း မထားဘဲ ပုံစံတကျ မဟုတ်တဲ့ ပန်းပုတွေ လျှောက်ထွင်းလိုက်ရင်တော့ ရနံ့တွေက မြန်မြန် ပျယ်လွင့်သွားပြီး အမှိုက်တုံး သစ်သားတစ်ခုပဲ ဖြစ်သွားလိမ့်မယ်။ နင့်ရဲ့ လင်းနတ်ကတော့ အဖတ်မတင်တော့အောင် ပျက်စီးသွားပြီပဲ”
ချူလျိုယွဲ့သည် ထိုစကားကို ကြားသော်လည်း နှမြောတသဟန် မပြဘဲ ပြုံး၍ ပြန်ပြောလိုက်သည်။ “လူတွေ ပြောကြတာတော့ လုမိသားစုရဲ့ ကြွယ်ဝမှုက နှိုင်းယှဉ်စရာ မရှိဘူးတဲ့၊ လုသခင်မလေးကလည်း တကယ်ပဲ ဗဟုသုတ ကြွယ်ဝတာပဲ။ လင်းနတ် မြစိမ်းရောင်ပေါ်မှာ စည်းကမ်းမရှိ ပန်းပုထွင်းတာက ပျက်စီးလွယ်တာ မှန်ပေမဲ့... တကယ်လို့ အဲဒီသစ်သားကို ‘လင်းနတ် ပန်းပွင့်’ ကနေ ထုတ်ယူထားတဲ့ အရည်နဲ့ စိမ်ထားမယ်ဆိုရင်တော့ ဒီပြဿနာက ရှိမှာမဟုတ်ဘူး”
လုဖေးရန့် စကားများ ထစ်အသွားသည်။ “ဘာ... ဘာပြောတယ်? လင်းနတ် ပန်းပွင့်... အရည်နဲ့ စိမ်ထားတာ ဟုတ်လား?”
လင်းနတ် သစ်သားကိုတောင် ရှာရခက်နေတာ၊ ပန်းပွင့်ဆိုတာကတော့ ပိုလို့တောင် မရှိနိုင်သေးသည်။ သူမ တစ်ခါမျှပင် မမြင်ဖူးချေ။
“တကယ်လို့ မယုံရင် ဒီဇီးပန်းပွင့်တွေကို အနီးကပ် ကြည့်လိုက်ပါ။ ပန်းပွင့်ချပ်လေးတွေက စိမ်းဖန့်ဖန့် ဖြစ်နေတာဟာ လင်းနတ် ပန်းပွင့်ရည်ကို သုံးထားလို့ပဲ”
လုဖေးရန့် အလျင်အမြန် ငုံ့ကြည့်လိုက်ရာ ဇီးပန်းပွင့်များတွင် အစိမ်းရောင် သန်းနေသည်ကို အမှန်တကယ်ပင် မြင်လိုက်ရသည်။ ရနံ့မှာလည်း အလွန်ပင် ထူးခြားဆန်းသစ်နေသည်။ လုဖေးရန့် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးသွားရသည်။ ဤအရာသည်... ဤအရာသည် အလွန်အမင်း အဖိုးတန်လှသော ရတနာပင် ဖြစ်တော့သည်။ ဤလင်းနတ် သေတ္တာ တစ်ခုတည်းတင် ငွေစ တသိန်းမက တန်ဖိုးရှိနေသည်။ လင်းနတ် ပန်းပွင့်ရည်နှင့်ပါ ပေါင်းလိုက်မည်ဆိုလျှင်...
“နင်... နင်...” လုဖေးရန့် ဆွံ့အသွားသော်လည်း အရှုံးမပေးလိုသဖြင့် ဟန်ကိုယ့်ဖို့ဖြင့် ပြန်ပြောလိုက်သည်။ “ငါထင်တာတော့ ဒါက နင့်မိသားစုရဲ့ နောက်ဆုံးကျန်တဲ့ အဖိုးတန်ပစ္စည်း နေမှာပါ။ ဒါကြောင့်ပဲ အကယ်ဒမီကိုတောင် အမြဲ သယ်လာတာ မဟုတ်လား...”
ချူလျိုယွဲ့က သာသာယာယာ ရယ်မောလိုက်ပြီး “ဒီထဲမှာ ငါ့ရဲ့ လက်ဖက်ရည်တွေ ထည့်ထားတာမို့လို့ အမြဲ သယ်လာရတာပါ”
လုဖေးရန့် စကားစ ရပ်သွားပြီးမှ ခပ်အေးအေး လှောင်ရယ်လိုက်သည်။ “လက်ဖက်ရည်? နင်လို လူမျိုးဆီမှာ ဘယ်လို လက်ဖက်ရည်ကောင်းတွေ ရှိမှာမို့လို့လဲ”
ချူလျိုယွဲ့ဆီမှာ ဤမျှ တန်ဖိုးကြီးသော သေတ္တာနှင့် ထိုက်တန်သည့် လက်ဖက်ရည်မျိုး ရှိလိမ့်မည်မဟုတ်ဟု သူမ တွေးနေမိသည်။
ချူလျိုယွဲ့က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး “ငါ့မှာ လက်ဖက်ရည်ကောင်းကောင်းတွေ မရှိတာ အမှန်ပါပဲ။ အားတဲ့အချိန် ခြေဆေးဖို့အတွက် ပန်းလက်ဖက်ရည်လေးတွေ ထည့်ထားတာပါ”
လုဖေးရန့် မှင်တက်သွားရပြီး သတိပြန်ဝင်လာရန် အချိန်အတော်ယူလိုက်ရသည်။ သူမ၏ မျက်နှာမှာ တစ်လှည့်စီ ပြာနှမ်းလိုက်၊ ဖြူလျော့လိုက်ဖြင့် ကြည့်ရသည်မှာ အလွန်ပင် ရယ်စရာကောင်းနေတော့သည်။
‘ချူလျိုယွဲ့က ငါ့ကို သူ့ရဲ့ ခြေဆေးတဲ့ ပစ္စည်းတွေကို ကိုင်ခိုင်းတာလား?’