အခန်း ၉၆ — စုတ်ပြတ်သတ်နေသော မြင်းရထား
ချူလျိုယွဲ့၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။ ပွဲတုန်းက သူ၏ အပြုအမူတွေက တမင်တကာ လုပ်ခဲ့တာပဲ... ဒါပေမဲ့... ဘာကြောင့်လဲ။
"အရှင်မင်းသား... ရှင်က..."
ချူလျိုယွဲ့က အခြေအနေကို ရှင်းရှင်းလင်းလင်း သိလိုသဖြင့် မေးရန် ပြင်လိုက်သော်လည်း ရုံရှုးက ကိုယ်ကို ပြန်မတ်လိုက်ပြီ ဖြစ်သည်။
"မင်း ဒီနေ့ တစ်နေ့လုံး ပင်ပန်းနေပြီပဲ... ငါ ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
ရုံရှုးက သူ၏ ဝတ်ရုံကို ပြန်ခြုံလိုက်ပြီး ထွက်ခွာသွားတော့သည်။ သူ၏ မြင့်မားသော ကျောပြင်ပုံရိပ်မှာ မှောင်မိုက်သော ညအမှောင်ထဲတွင် ပျောက်ကွယ်သွားလေသည်။
ရုံရှုး ပျောက်ကွယ်သွားရာ လမ်းဘက်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ချူလျိုယွဲ့ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူမ၏ လက်ချောင်းလေးများကို ဆုပ်လိုက်မိသည်။ ခုနက... ရုံရှုးက သူမနှင့် အလွန်နီးကပ်နေခဲ့သဖြင့် သူမ၏ နှလုံးခုန်သံများ မြန်ဆန်နေခဲ့ရသည်။ မူအားဖြင့်တော့ သူမသည် မည်သူ့ကိုမျှ ဤကဲ့သို့ 'ရိုသေမှုကင်းမဲ့စွာ' အနားကပ်ခွင့်ပြုမည့်သူ မဟုတ်သော်လည်း... ရုံရှုး၏ နီးကပ်မှုကိုတော့ သူမ မနှစ်မြို့သလို မခံစားရပေ။
အကြောင်းရင်း တစ်ခုခုကြောင့် ရုံရှုးက သူမကို နာကျင်အောင် လုပ်မည်မဟုတ်ဟု သူမ ယုံကြည်နေမိသည်။ ထိုသို့သော ယုံကြည်မှုမျိုး အဘယ်က ရောက်လာသည်ကို သူမကိုယ်တိုင်လည်း မသိချေ။ အတိတ်ဘဝက ရင်နာစရာကောင်းသော သစ္စာဖောက်မှုအပြီးတွင် သူမသည် မည်သူ့ကိုမျှ အနားကပ်ခံတော့မည်မဟုတ်ဟု တွေးခဲ့ဖူးသည်။ သို့သော် ချူနင်ရော ရုံရှုးပါ သူမ၏ ခုခံစစ်ကို တဖြည်းဖြည်း လျော့ကျသွားအောင် လုပ်နိုင်စွမ်း ရှိနေကြသည်။
ချူလျိုယွဲ့မှာ ခဏတာ စဉ်းစားနေမိသော်လည်း ဘာမှ အဖြေမထွက်သဖြင့် ဆက်၍ အာရုံမနောက်တော့ဘဲ နေလိုက်သည်။ ထုံးစံအတိုင်း သူမသည် ကုတင်ပေါ်တွင် ထိုင်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို စုပ်ယူရင်း ဆက်လက်ကျင့်ကြံနေလိုက်သည်။ ဝိညာဉ်လှည့်ပတ်မှု တစ်ကြိမ် ပြည့်သွားမှသာ လဲလျောင်း အနားယူတော့သည်။
...
ဖီးနစ်စားသောက်ဆိုင်ရှိ အောင်ပွဲခံပွဲမှာ နောက်ထပ် နှစ်ရက်ခန့် ဆက်လက်ကျင်းပခဲ့သော်လည်း ရုံရှုးမှာမူ ထပ်မံ ပေါ်မလာတော့ပေ။ ဤသည်မှာ လီမင်းသားနှင့် နီးစပ်ခွင့်ရရန် အခွင့်အရေး စောင့်နေကြသူများအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ သို့သော် သူသည် တော်ဝင်မျိုးနွယ်ဖြစ်ရာ တစ်ခေါက် ရောက်လာပေးသည်မှာပင် ထူးခြားလှပြီ ဖြစ်သည်။
လူအများက ချူလျိုယွဲ့ထံမှ သတင်းအချက်အလက် စုံစမ်းရန် ကြိုးစားကြသော်လည်း သူမက အလိုက်သင့်ပင် ရှောင်လွှဲခဲ့သည်။ ထို့ကြောင့် ချူနင်နှင့် လီမင်းသားတို့မှာ ပတ်သက်မှု ရှိနိုင်သည်ဟုသာ လူများက တွေးထင်လိုက်ကြသော်လည်း သူမထံမှ မည်သည့်အချက်အလက်မျှ မရရှိခဲ့ပေ။
သူမ စကားပြောပုံအရဆိုလျှင် ချူလျိုယွဲ့မှာ လီမင်းသားနှင့် ရင်းနှီးပုံ မရပေ။ ဤသည်မှာလည်း ဖြစ်နိုင်ခြေ ရှိပါသည်။ လီမင်းသားကဲ့သို့ အဆင့်အတန်းမျိုးရှိသူက ချူလျိုယွဲ့နှင့် ဘယ်လိုလုပ် ပတ်သက်မှု ရှိနိုင်ပါမည်နည်း။ သူမသည် 'ထျန်းလု' အကယ်ဒမီတွင် ပါရမီရှင် စစ်သည်တော်နှင့် လောကီဆရာသခင် ဖြစ်နေလျှင်ပင် မိသားစုကြီးများ၏ ထောက်ပံ့မှု မရှိသရွေ့ သူမနှင့် လီမင်းသားအကြားတွင် အလွန်ကြီးမားသော ကွာဟချက် ရှိနေဆဲပင်။
အခြားတစ်ဖက်တွင်မူ ချူနင်မှာ နန်းတွင်းကိုယ်ရံတော်တပ်၏ ဗိုလ်ချုပ်ဖြစ်ပြီး အရှင်မင်းကြီး၏ လူယုံတော် ဖြစ်လာသဖြင့် သူ၏ တန်ဖိုးမှာ ပို၍ မြင့်မားသည်။ သို့သော် သူသည်လည်း စတုတ္ထမင်းသမီးလေး၏ အက်စီးဒင့်ကိစ္စကို ကိုင်တွယ်နေရသဖြင့် စားသောက်ဆိုင်သို့ ထပ်မံ ပေါ်မလာတော့ချေ။ ဤအချက်မှာ လူအများကို စိတ်ပျက်သွားစေသည်။
ဤဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် လူအများ၏ အာရုံမှာ ချူလျိုယွဲ့ထံမှ တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယန်ကောမှာ ပွဲတစ်လျှောက်လုံး ရှိနေပေးသဖြင့် ချူလျိုယွဲ့အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့သည်။ ထို့ပြင် ယန်ကော ရှိနေခြင်းကြောင့်လည်း မည်သူမျှ မဟုတ်ကဟုတ်က မကြံစည်ရဲကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ချူလျိုယွဲ့တွင် 'ကျိန်းပေါင်ဗိမာန်' ဟူသော နောက်ခံ ရှိနေသဖြင့် လျှော့တွက်၍ မရချေ။
...
အချိန်တွေက ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းပြန်ဖွင့်သည့်နေ့သို့ ရောက်ရှိလာတော့သည်။ ဤသည်မှာ ချူလျိုယွဲ့ အကယ်ဒမီသို့ တက်ရောက်ရမည့် ပထမဆုံးနေ့ပင် ဖြစ်သည်။ အကယ်ဒမီ တံခါးဝတွင် လူအတော်များများ ရှိနေသဖြင့် အလွန်ပင် စည်ကားနေသည်။
ချူလျိုယွဲ့ မြင်းရထားပေါ်မှ ဆင်းလာချိန်တွင် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ဆူညံနေသော ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး ရေတွက်မရသော အကြည့်များက အမျိုးမျိုးသော ခံစားချက်များဖြင့် ဝိုင်းကြည့်လာကြသည်။
"လျိုယွဲ့လေး... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ!"
စိတ်လှုပ်ရှားနေသော အသံနှင့်အတူ လူတစ်ယောက်က ချူလျိုယွဲ့ထံသို့ အပြေးအလွှား ရောက်လာသည်။ ထိုသူမှာ ပိုင်ချန်းပင် ဖြစ်၏။
ချူလျိုယွဲ့က နှုတ်ဆက်လိုက်သည်။ "ဆရာပိုင်ချန်း"
ပိုင်ချန်းက သူမကို ကြည့်ကာ ဝမ်းသာအားရဖြင့် "မင်းကို စောင့်နေတာ ကြာပြီ... ဘာလို့ အခုမှ ရောက်လာတာလဲ"
"ကျောင်းမှာ နေမှာဆိုတော့ ထုပ်ပိုးစရာတွေ များနေလို့ နည်းနည်း နောက်ကျသွားတာပါ" ဟု ချူလျိုယွဲ့က ရှင်းပြလိုက်သည်။
ပိုင်ချန်းက ရယ်မောရင်း "မင်းနေဖို့ အဆောင်ကို ပြင်ဆင်ပြီးပြီ။ ငါ့နောက်ကိုသာ လိုက်ခဲ့တော့!"
ချူလျိုယွဲ့က ခေါင်းငြိမ့်ကာ "ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ် ဆရာပိုင်ချန်း"
"ဘာဒုက္ခမှ မဟုတ်ပါဘူး! မင်းက အကယ်ဒမီမှာ တော်တော်လေး နာမည်ကြီးနေတာလေ။ အခုလို လိုက်ပို့ပေးဖို့ လူအများကြီးက အခွင့်အရေး စောင့်နေကြတာ... ဒါပေမဲ့ သူတို့ ငါ့ကို မယှဉ်နိုင်ပါဘူး! ဟဲဟဲ!"
ချူလျိုယွဲ့၏ ပါရမီကို လူတိုင်း မြင်ဖူးကြသည်။ သူမသည် လောကီဆရာသခင်အဖြစ် ကျင့်ကြံရန် ရွေးချယ်ခဲ့သော်လည်း ဆရာကိုမူ မရွေးချယ်ရသေးပေ။ ထို့ကြောင့် လောကီဆရာ သင်ကြားပေးသည့် ဆရာများအားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။ လူတိုင်းက ပါရမီရှိသော တပည့်ကို ရရှိချင်ကြသည် မဟုတ်ပါလား။ ယနေ့သည် သူမ၏ ပထမဆုံး ကျောင်းတက်ရက် ဖြစ်သဖြင့် သူမနှင့် နီးစပ်ခွင့်ရမည့် အခွင့်အရေးကို သူတို့ လက်လွတ်မခံနိုင်ကြချေ။
ပိုင်ချန်းမှာမူ သူမ၏ ဆရာအဖြစ် ရွေးချယ်ခံရဖို့ မျှော်လင့်ချက် သိပ်မရှိသော်လည်း ချူလျိုယွဲ့ကို ရိုးရိုးသားသားပင် ခင်မင်နှစ်သက်သဖြင့် ယခုကဲ့သို့ လာရောက်ကြိုဆိုရခြင်းကို ပျော်ရွှင်နေခြင်း ဖြစ်သည်။
"ဒီမြင်းရထားပေါ်က ပစ္စည်းတွေအကုန်လုံးက မင်းပိုင်တာတွေပဲ မဟုတ်လား"
"ဟုတ်ကဲ့... ဒါတွေက နေ့စဉ်သုံးပစ္စည်းတွေပါပဲ"
"ဒါဆိုရင် ငါ တစ်ယောက်ယောက်ကို ကူသယ်ခိုင်းလိုက်..."
ပိုင်ချန်း စကားမဆုံးခင်မှာပင် လှောင်ပြောင်သရော်သော အသံတစ်ခုက ကြားဖြတ်ထွက်ပေါ်လာသည်။ "ဒါက ဘယ်လို စုတ်ပြတ်သတ်နေတဲ့ မြင်းရထားလဲ။ ကျောင်းရှေ့မှာ ဒီလိုဟာမျိုးကို လာရပ်ထားရဲတဲ့လူ ရှိသေးတာပဲလား"
ထိုအသံမှာ ချူလျိုယွဲ့အတွက် ရင်းနှီးနေသည့် အသံတစ်ခု ဖြစ်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ လုဖေးရန့်ပင် ဖြစ်၏။ သူမသည် အဝေးတွင် ရပ်နေပြီး နှာခေါင်းကို ပိတ်ကာ ချူလျိုယွဲ့၏ မြင်းရထားကို မထီမဲ့မြင် ပြုသော အကြည့်များဖြင့် ကြည့်နေသည်။ သူမ၏ မျက်နှာထက်တွင် မာန်မာနများမှာ အထင်းသား ပေါ်လွင်နေ၏။
"ဒီမြင်းရထားက သစ်သားဆွေးတွေနဲ့ လုပ်ထားတာလား။ ဘာလို့ မှိုနံ့တွေ နံနေရတာလဲ" သူမ၏ အကြည့်က ချူလျိုယွဲ့၏ ခန္ဓာကိုယ်အနှံ့ကို ဝေ့ဝဲကြည့်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။ သူမက ဘေးနားရှိ မိန်းကလေးများကို အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။
"ကြည့်ကြစမ်းပါဦး... ဟိုမြင်းရဲ့ အမွေးတွေကလည်း ကွက်တိကွက်ကြားနဲ့ အရောင်တွေကလည်း စုံလို့။ ဒါက မျိုးမစစ်တဲ့ မြင်းစုတ်ပဲ။ ဂုဏ်သရေရှိ မိသားစုက မိန်းကလေးတွေက ဒီလိုမျိုးကို သုံးပါ့မလား"
သူတို့ကလည်း ထောက်ခံသောအားဖြင့် ခေါင်းငြိမ့်ပြကြသည်။ "ယွဲ့အာ... သူက မိသားစုကောင်းက လူမှ မဟုတ်တော့တာ။ ငါတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ"
"ဟုတ်ပ! ပါရမီရှင် ဖြစ်နေရင်လည်း ဘာထူးမှာလဲ... အဲ့ဒီလောက် ဆင်းရဲနေတုန်းပဲကို။ ရယ်စရာကြီး!"
ပိုင်ချန်း၏ မျက်နှာမှာ ပျက်သွားပြီး ထိုသူတို့ကို ဆူပူရန် ပြင်လိုက်သော်လည်း ချူလျိုယွဲ့က သူ့ကို တားလိုက်သည်။
"ဆရာပိုင်ချန်း... ကျောင်းထဲကို မြင်းရထား ဝင်ခွင့်မရှိဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ပစ္စည်းတွေက နည်းနည်းများနေလို့ ကူသယ်ပေးမယ့်လူ ရှာပေးလို့ ရမလား"
ပိုင်ချန်း ခေတ္တမျှ ကြောင်သွားပြီးမှ "ရတာပေါ့!" ဟု ပြန်ပြောလိုက်သည်။
ချူလျိုယွဲ့က ပြုံးလိုက်ရင်း လုဖေးရန့်နှင့် အဖွဲ့ကို ကြည့်ကာ— "အဲ့ဒါဆိုရင်တော့... ရှင်တို့ပဲ လုပ်ပေးကြတော့လေ"