အခန်း ၉၅ — သူ မင်းကို လက်လွှတ်လိုက်ပြီ
ရုံကျန်းမှာ ခဏတာမျှ ကြောင်အသွားရသည်။ 'ကျိန်းပေါင်ဗိမာန်' မှာ ဘယ်လို နောက်ခံအင်အားမျိုး ရှိနေလို့ သူတို့က ဒီလောက်အထိ ကြောက်ရွံ့နေရတာလဲ။ ငါက ယောင်ချန်နိုင်ငံရဲ့ စတုတ္ထမင်းသမီးလေးလေ... အခုလို အခြေအနေမျိုး ရောက်သွားတာတောင် ငါ့မှာ တရားစွဲဆိုပိုင်ခွင့် မရှိတော့ဘူးလား။
"မယ်မယ်... ခမည်းတော်က သူတို့ကို ဒီလောက်အထိ အကာအကွယ် ပေးနေရအောင် ကျိန်းပေါင်ဗိမာန်ရဲ့ နောက်ခံက တကယ်ပဲ ဘာလဲဟင်။ သူက သူ့သားသမီးတွေရဲ့ အသက်ကိုရော ဂရုမစိုက်တော့ဘူးလား"
ရုံကျန်း လုံးဝ နားမလည်နိုင်တော့ပေ။
"အိမ်ရှေ့စံ နောင်တော်တုန်းကလည်း ဒီအတိုင်းပဲ! သူ သေချာ စီမံခန့်ခွဲထားတဲ့ အမဲလိုက်ကွင်းကို ကျိန်းပေါင်ဗိမာန်က သိမ်းလိုက်တာတောင် ဘာမှ ဖြစ်မလာခဲ့ဘူး!"
"အိမ်ရှေ့စံတောင်မှ ကျိန်းပေါင်ဗိမာန်ကို ယှဉ်ဖို့ အခွင့်အရေး မရှိဘူးဆိုတာ သမီး သိထားသင့်တယ်" မိဖုရားကြီးက သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ တစ်ဦးက သား၊ တစ်ဦးက သမီး... သူမကရော ဘယ်လိုလုပ် မနာကျည်းဘဲ နေပါ့မည်နည်း။ ထို့ကြောင့်လည်း ကျိန်းပေါင်ဗိမာန်မှာ အရှင်မင်းကြီးအတွက် မည်မျှ အရေးပါသည်ကို သိလျက်နှင့် သွားရောက် အသနားခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ရလဒ်ကတော့ မျှော်လင့်ထားသည့်အတိုင်းပင်— အရှင်မင်းကြီးသည် ကျိန်းပေါင်ဗိမာန်ကို အပြစ်ပေးရန် စိတ်ကူးမရှိချေ။
"ဒါ့အပြင်... အဲ့ဒီ အမဲလိုက်ကွင်းကို သွားချင်တယ်လို့ သမီး ပြောတုန်းက သူတို့ဘက်က အကြိမ်ကြိမ် ငြင်းခဲ့တာပဲ။ သမီးက ဇွတ်အတင်း သွားချင်တယ်ဆိုလို့သာ သူတို့က အထူးခွင့်ပြုပေးခဲ့တာ။ ဒီအကြောင်းကို လူအများကြီး သိကြတယ်။ အခု အက်စီးဒင့် ဖြစ်တာကို သမီး ဘယ်သူ့ကို အပြစ်တင်နိုင်ဦးမှာလဲ။ အမဲလိုက်ကွင်းမှာ ရှိနေတဲ့လူတွေ အကုန်လုံးလည်း မြင်ကြတာပဲ။ သမီးက အဲ့ဒီ သားရဲနောက်ကို ဇွတ်လိုက်ဖမ်းရင်းနဲ့မှ ချောက်ထဲ ပြုတ်ကျသွားတာလေ။ ဘယ်အကြောင်းပြချက်နဲ့ သူတို့ကို အရေးယူနိုင်မှာလဲ"
မိဖုရားကြီးမှာ ရင်ထုမနာ ဖြစ်နေရသည်။ ရုံကျန်းက အမှားလုပ်ခဲ့သူ ဖြစ်သဖြင့် ရလာသည့် အကျိုးဆက်ကို ကြိတ်မှိတ်ခံစားရုံသာ ရှိတော့သည်။
ရုံကျန်းမှာ မိခင်ဖြစ်သူ၏ စကားကို မချေပနိုင်တော့ပေ။ သို့သော် သူမသည် အမြဲတမ်း မာန်မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာသူ ဖြစ်ရာ ဤသည်မှာ မိမိအမှားဖြစ်သည်ဟု မည်သို့ ဝန်ခံနိုင်ပါမည်နည်း။
"ဒါတောင်မှ... သူတို့မှာ ဘာတာဝန်မှ မရှိတော့ဘူးလား။ သမီးရဲ့ အနာဂတ်ကရော ဘာဖြစ်သွားမှာလဲ"
ငါ တကယ်ပဲ မသန်မစွမ်း ဖြစ်သွားတော့မှာလား။ ဒါကို ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
မိဖုရားကြီးသည် သူမ၏ လှုပ်ရှားနေသော စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ရင်း— "ကျန်းကျန်း... စိတ်မပူပါနဲ့! မယ်မယ် သမီးကို စွန့်ပစ်မှာ မဟုတ်ဘူး။ သူတို့မှာ နည်းလမ်းမရှိရင်တောင် တခြားနည်းလမ်းတစ်ခုခုကို မယ်မယ်တို့ စဉ်းစားကြတာပေါ့။ မကြာခင် 'ထျန်းလင်း' အင်ပါယာက သံတမန်တွေ ရောက်လာတော့မယ်။ သူတို့ဆီမှာ နည်းလမ်းတစ်ခုခု ရှိကောင်းရှိနိုင်မှာပါ..."
ရုံကျန်း၏ မျက်လုံးများ လင်းလက်သွားသည်။ "တကယ်လား"
မိဖုရားကြီးက အားတင်းကာ ပြုံးပြလိုက်သည်။ "ထျန်းလင်း အင်ပါယာဆိုတာ ဘယ်လိုနေရာမျိုးလဲဆိုတာ သမီး သိသားပဲ။ ဘယ်သူ သိနိုင်မှာလဲ... သူတို့မှာ နည်းလမ်းရှိရင် ရှိမှာပေါ့။ အဲ့ဒီကျရင် မယ်မယ် သမီးကို ကူညီပေးမယ်"
...
ညအချိန်။
ချူလျိုယွဲ့ အိမ်ပြန်ရောက်ပြီး အတော်ကြာမှ ချူနင် ပြန်ရောက်လာသည်။ ချူနင်က သူမအား ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုပ် ပြောပြရင်း သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"နှမြောစရာပဲ... စတုတ္ထမင်းသမီးလေးက တော်တော်လေး ပါရမီပါတဲ့သူပါ။ အဲ့ဒါကြောင့်လည်း အရှင်မင်းကြီးက သူ့ကို အလိုလိုက်ခဲ့တာ။ ဒါပေမဲ့ အခုကစပြီးတော့..."
သူသည် အိမ်ရှေ့စံ၏ မွေးနေ့ပွဲတုန်းက ရုံကျန်းက ယွဲ့အာကို အမျိုးမျိုး အခက်တွေ့အောင် လုပ်ခဲ့ပြီး သူမကို အသုံးမကျသူဟု လှောင်ပြောင်ခဲ့ပုံကို တွေးမိသွားသည်။ အခြေအနေတွေက ဤမျှအထိ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ ယခုမူ ယွဲ့အာက ပါရမီရှင် ဖြစ်လာပြီး ရုံကျန်းကတော့ မသန်စွမ်းသူ ဖြစ်သွားခဲ့လေပြီ။ ထိုစဉ်က နှိမ်ချဆက်ဆံခံခဲ့ရသော သားအဖနှစ်ဦးသည် ယနေ့ကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
ချူလျိုယွဲ့က ပြုံးလိုက်သည်။ "ဘဝဆိုတာ ခန့်မှန်းလို့ မရဘူးလေ... ကိုယ်လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရတာပါပဲ"
ဘယ်လိုပဲ ကြည့်ကြည့် ဤကိစ္စအတွက် ရုံကျန်းတွင်သာ တာဝန်ရှိသည်။ အခြားသူကို အပြစ်တင်၍ မရပေ။ သို့သော် ချူလျိုယွဲ့အနေဖြင့် တစ်ခုခု ထူးဆန်းနေသလို ခံစားနေရသည်။ အရာအားလုံးကို မမြင်ရသော လက်တစ်ဖက်က ထိန်းချုပ်နေသလိုပင်... သို့သော် ထိုလက်မှာ မည်သူ့လက်ဖြစ်သည်ကိုမူ သူမ မသိချေ။
"ဒါနဲ့... ဖခင်၊ စတုတ္ထမင်းသမီးလေးကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ သားရဲကို ရှာတွေ့ကြပြီလား"
"မတွေ့ဘူး... အဲ့ဒါက အဆင့်မြင့်သားရဲတစ်ကောင်ပဲ။ မင်းသမီးလေးကို ကာကွယ်ပေးတဲ့သူတွေက အဲ့ဒီကောင်ကို မယှဉ်နိုင်ကြဘူး။ အဲ့ဒါ ဘာကောင်လဲဆိုတာတောင် သူတို့ မသိလိုက်ကြဘူး။ အရှင်မင်းကြီးကတော့ အသေအချာ စုံစမ်းဖို့ အမိန့်ပေးထားပေမယ့် ခက်လိမ့်မယ်လို့ ငါထင်တယ်။ ဒီရက်ပိုင်း ငါ နည်းနည်း အလုပ်ရှုပ်လိမ့်မယ်... သမီးလည်း ပိုပြီး ဂရုစိုက်နော်"
ချူနင်က စကားပြောရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ "ဒီရက်ပိုင်း သမီးက လူအများကြားမှာ ထင်ပေါ်နေတော့ သူတို့ ဘာမှမလုပ်ရဲကြသေးဘူး။ ဒါပေမဲ့ ကြာလာရင်တော့... ဖခင် သမီးကို ကာကွယ်ဖို့အတွက် လူအချို့ကို တိတ်တဆိတ် လွှတ်ထားပေးမယ်"
ချူနင် ဆိုလိုသည်မှာ အိမ်ရှေ့စံအိမ်တော်နှင့် ချူမိသားစုမှ လူများကို ဖြစ်သည်။ သူတို့က လွယ်လွယ်နှင့် လက်လျှော့လိမ့်မည်ဟု သူ မယုံကြည်ပေ။
ချူလျိုယွဲ့က ပြုံးလိုက်သည်။ "ဖခင် စိတ်မပူပါနဲ့။ ပွဲပြီးရင် ကျောင်းပြန်ဖွင့်ပြီလေ။ ဖခင်က အခုမှ ရာထူးတိုးထားတာဆိုတော့ ဒီကိစ္စတွေကို ဖြေရှင်းဖို့ အလုပ်ရှုပ်နေမှာ သိပါတယ်။ အဲ့ဒါကြောင့် ယွဲ့ အာအရင်ဆုံး ကျောင်းမှာပဲ သွားနေဖို့ စဉ်းစားထားတယ်။ ဖခင် ဘယ်လိုထင်လဲ"
ချူနင် သက်ပြင်းချလိုက်မိသည်။ သူ ဤအချက်ကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ အပြင်လောကနှင့် နှိုင်းယှဉ်လျှင် 'ထျန်းလု' အကယ်ဒမီက ပို၍ လုံခြုံပါသည်။ "သမီး ဆုံးဖြတ်တဲ့အတိုင်းပဲပေါ့... ဖခင် သဘောတူပါတယ်"
...
"ကျောင်းမှာ သွားနေချင်လို့လား"
ချူလျိုယွဲ့ အခန်းထဲသို့ ပြန်ရောက်သောအခါ အေးမြသော ရနံ့တစ်ခုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ မမျှော်လင့်ဘဲ ရုံရှုး ဖြစ်နေသည်။ သူ၏ နက်ရှိုင်းသော အကြည့်များက သူမအပေါ်သို့ ကျရောက်နေပြီး နူးညံ့သော်လည်း တစ်စုံတစ်ရာသော စွမ်းအားများ ပါရှိနေသည်။
သူ ရောက်လာခြင်းအပေါ် ချူလျိုယွဲ့ မအံ့ဩတော့ပေ။ သူသည် ကိုယ်ယောင်ဖျောက်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သဖြင့် သူမ ဘာမှမတတ်နိုင်ချေ။
ချူလျိုယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။ သူမက ပြုံးရင်း ဗီရိုထဲမှ သူ၏ ဝတ်ရုံကို ထုတ်ကာ ကမ်းပေးလိုက်သည်။ "ဒါကြောင့် အရှင်မင်းသားအနေနဲ့ ဒီကို မလာတာ ပိုကောင်းပါလိမ့်မယ်။ အရှင်မင်းသားရဲ့ အိမ်တော်မှာပဲ အနားယူပြီး ကျန်းမာရေး ဂရုစိုက်ဖို့က ပိုအရေးကြီးတယ်လေ"
ရုံရှုးက ဝတ်ရုံကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်ရင်း သူမလက်ထဲမှ လှမ်းယူလိုက်သည်။ "ယွဲ့အာက ငါ့ကျန်းမာရေးကို ဒီလောက်အထိ စိုးရိမ်ပေးလိမ့်မယ်လို့ မထင်ထားဘူး"
ချူလျိုယွဲ့က ပခုံးတွန့်ပြလိုက်သည်။ "အရှင်မင်းသားက အိမ်ရှေ့စံကို ရန်စထားတာဆိုတော့... နောင်မှာ နေရထိုင်ရတာ ခက်ခဲလိမ့်မယ်လို့ ငါစိုးရိမ်လို့ပါ"
အိမ်ရှေ့စံသည် ရုံရှုးကို မျက်မှောင်ကုတ်စရာ တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း မြင်နေသည်မှာ ပွဲတုန်းက အပြုအမူအရ သိသာလှသည်။ ယခုမူ ရုံရှူးက သူမဘက်တွင် ရှိနေသဖြင့် အိမ်ရှေ့စံမှာ ပို၍ပင် ဒေါသထွက်နေပေလိမ့်မည်။
ရုံရှုးက ထိုစကားကို ကြားသောအခါ သူမ၏အနားသို့ တိုးကပ်လာသည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ လက်မအနည်းငယ်သာ ကွာဝေးတော့သည်။ ချူလျိုယွဲ့က နောက်သို့ ဆုတ်ရန် ပြင်လိုက်သော်လည်း ရုံရှုး၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် သူမ၏ ပုံရိပ်လေး နှစ်ခု ထင်ဟပ်နေသည်ကို တွေ့လိုက်ရသည်။
လေပြေကြောင့် တုန်ခါသွားသော စောင်းကြိုးသံကဲ့သို့ သူ၏ နက်ရှိုင်းသော အသံက ထွက်ပေါ်လာသည်။
"မင်းကို သူ လက်လွှတ်လိုက်တဲ့အတွက်... ငါကတော့ သူ့ကို အလွန်ပဲ ကျေးဇူးတင်မိတာပေါ့"