အခန်း ၉၄ — ကြိတ်မှိတ်ခံစားရခြင်း
ထိုနေ့ညမှာပင်။ တော်ဝင်နန်းတော်၊ ကျောက်လန်နန်းဆောင်။
ကောင်းကင်ယံတွင် လမင်းကြီးမှာ မြင့်မားစွာ သာထွန်းနေသော်လည်း ဤညသည်ကား ထူးထူးခြားခြား ပို၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ကျောက်လန်နန်းဆောင် တစ်ခုလုံးသည် လေးလံမှိုင်းညို့သော အငွေ့အသက်များ ဖုံးလွှမ်းနေပြီး အစေခံများပင်လျှင် ပြဿနာမတက်စေရန် အသက်ရှူပင် မဝံ့ကြချေ။ သူတို့၏ အကြည့်များမှာ အတွင်းနန်းဆောင်ဘက်သို့ စိုးရိမ်ထိတ်လန့်စွာဖြင့် ဝေ့ဝဲကြည့်နေကြသည်။
စတုတ္ထမင်းသမီးလေး သတိရလာသည်မှာ တစ်နာရီမျှသာ ရှိသေးသော်လည်း ဤတိုတောင်းသော အချိန်အတွင်းမှာပင် လူငါးဦးကို ကွပ်မျက်ရန် အမိန့်ပေးခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ သူတို့သာ အမှားအယွင်း တစ်ခုခုလုပ်မိပါက နောက်တစ်ယောက်မှာ သူတို့ ဖြစ်သွားနိုင်သည်။
"ဖျောင်း..."
ကြွေထည်တစ်ခုခု ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည့် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းမှာ ကျောက်ရုပ်ပမာ တောင့်တင်းသွားကြရသည်။ တစ်ညတည်းနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ဖြစ်သွားရသည့် အဖြစ်ကို မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထိုသူမှာ လူတိုင်း၏ အချစ်တော် ဖြစ်ခဲ့သော စတုတ္ထမင်းသမီးလေး ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ချေ။
"ငါမယုံဘူး... ငါမယုံဘူးလို့!"
လွန်ခဲ့သော တစ်နာရီလုံးလုံး အော်ဟစ်နေခဲ့သဖြင့် ရုံကျန်း၏ အသံမှာ အက်ရှနေပြီ ဖြစ်သော်လည်း သူမ၏ အသံမှာ ပို၍ စူးရှလာဆဲပင်။ "နင်တို့အားလုံး ငါ့ကို လိမ်နေကြတာ! ငါက ပါရမီရှင် စတုတ္ထမင်းသမီးလေးပဲ... ငါက ဘယ်လိုလုပ် မသန်မစွမ်း ဖြစ်သွားမှာလဲ"
နန်းဆောင်အတွင်းတွင် ရုံကျန်းသည် ကုတင်ပေါ်၌ ထိုင်နေသည်။ သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်ဝန်းများမှာလည်း ရက်စက်ကြမ်းကြုတ်ကာ ရူးသွပ်နေပုံ ပေါက်နေသည်။ သူမ၏ ကုတင်ရှေ့တွင် လူအချို့ ဒူးထောက်နေကြ၏။ ရှေ့ဆုံးမှ လူမှာ ပစ္စည်းတစ်ခုခုနှင့် အပစ်ခံလိုက်ရသဖြင့် ဦးခေါင်းမှ သွေးများ စီးကျနေကာ ကြည့်မကောင်းအောင် ဖြစ်နေသည်။ သို့သော် သူတို့မှာ ကြောက်ရွံ့နေသော်လည်း သူမအား နားဝင်အောင် တောင်းပန်တိုးလျှိုးရန်မှတစ်ပါး အခြားမရှိပေ။
"မင်းသမီးလေး... မင်းသမီးလေးရဲ့ ကျင့်ကြံခြင်းအမြုတေ(အနှစ်သာရပုလဲ)က ပျက်စီးသွားပြီး ဝိညာဉ်ကြော (Yuan Meridian) တွေလည်း ထိခိုက်ကုန်ပါပြီ။ နောင်မှာ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်ဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်..."
"နင်တို့လို အသုံးမကျတဲ့ကောင်တွေ! အမြုတေ ပျက်စီးသွားတော့ ဘာဖြစ်လဲ... ငါ နောက်တစ်ခု ပြန်ဖော်ဆောင်လို့ ရတာပဲ!"
ရုံကျန်းက စူးရှသောအသံဖြင့် စကားကို ဖြတ်ပြောလိုက်သည်။ ထိုလူအနည်းငယ်မှာ တိတ်ဆိတ်စွာပင် ခေါင်းငုံ့ထားလိုက်ကြသည်။ သူမ၏ အမြုတေ ပျက်စီးသွားသည့်အပြင် ခန္ဓာကိုယ်မှာလည်း အကြီးအကျယ် ထိခိုက်ထားသဖြင့် နောက်ထပ် အမြုတေတစ်ခု ပြန်လည်ဖော်ဆောင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
"နတ်ဆေးဆရာဝန်! နတ်ဆေးဆရာဝန်ကို သွားခေါ်ကြစမ်း! နင်တို့ မတတ်နိုင်ရင်တောင် နတ်ဆေးဆရာဝန်က တတ်နိုင်မှာပဲ!"
ရုံကျန်းက လက်မလျှော့နိုင်ဘဲ ဤရလဒ်ကို လက်ခံရန် ငြင်းဆန်နေသည်။ တိတ်ဆိတ်နေသော လူများကို ကြည့်ရင်း သူမ ပို၍ မျှော်လင့်ချက် ကင်းမဲ့လာရသည်။ အမှန်စင်စစ် သူမသည် မည်သို့သော ကံကြမ္မာမျိုး စောင့်ကြိုနေသည်ကို သိနေပြီးသားပင်။ သို့သော်... သူမ မည်သို့ လက်ခံနိုင်ပါမည်နည်း။
"ကျန်းကျန်း... သမီးရဲ့ ခန္ဓာကိုယ်က အားနည်းနေသေးတယ်လေ... ဘာလို့ အနားမယူတာလဲ"
အပြင်ဘက်မှ လူတစ်ယောက် အပြေးအလွှား ဝင်လာသည်။ ထိုသူမှာ မိဖုရားကြီးပင် ဖြစ်၏။ မိခင်ဖြစ်သူကို မြင်လိုက်သည်နှင့် ရုံကျန်း၏ မျက်ရည်များမှာ တားမရ ဆီးမရ ကျဆင်းလာတော့သည်။
"မယ်မယ်! သမီးကို ကူညီပါဦး!"
မိဖုရားကြီးမှာ အနားသို့ အမြန်ရောက်လာပြီး အချစ်ရဆုံး သမီးဖြစ်သူ၏ အခြေအနေကို ကြည့်ကာ ရင်ထဲ နာကျင်ရသဖြင့် ရုံကျန်းကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်သည်။
"ကျန်းကျန်း... စိတ်မပူပါနဲ့။ မယ်မယ် သူတို့ကို ခေါ်ထားပြီးပြီ။ ဘာပဲဖြစ်ဖြစ် သမီးကို ကူညီနိုင်ဖို့ မယ်မယ် အစွမ်းကုန် ကြိုးစားပေးမှာပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ သမီးက အရမ်း ပေါ့ဆသွားတယ်..."
ရုံကျန်းက ထရပ်ရန် ကြိုးစားလိုက်သော်လည်း ခြေထောက်မှ စူးရှသော နာကျင်မှုက သူမ၏ ခြေထောက်များ ကျိုးသွားပြီဖြစ်ကြောင်း သတိပေးလိုက်သလို ဖြစ်သွားသည်။ သူမ၏ နာကျင်မှု၊ မုန်းတီးမှုနှင့် ဒေါသတို့မှာ ပို၍ ပြင်းထန်လာရပြီးနောက် ဒေါသတကြီးဖြင့် ပေါက်ကွဲလေတော့သည်။
"မယ်မယ်! အဲ့ဒီ တိရစ္ဆာန်စုတ်ကြောင့် အခုလို ဖြစ်ရတာ! အဲ့ဒီကောင်သာ မရှိရင် သမီး ဒီလို ဖြစ်လာမှာ မဟုတ်ဘူး! ပြီးတော့ အဲ့ဒီ အမဲလိုက်ကွင်းလည်း ပါသေးတယ်! မယ်မယ်... ခမည်းတော်ဆီကို သွားမတွေ့ဘူးလား။ အဲ့ဒီ အမဲလိုက်ကွင်းကို ပိတ်ပစ်ဖို့ ခမည်းတော် သဘောတူပြီလား။ ချူလျိုယွဲ့က ကျိန်းပေါင်ဗိမာန်ကို အဲ့ဒီနေရာ ရောင်းခဲ့တာလေ။ သူတို့အားလုံး ဒီကိစ္စမှာ ပါမှာ သေချာတယ်။ သမီး သူတို့ကို အသက်နဲ့ ပြန်ပေးဆပ်ခိုင်းချင်တယ်!"
မိဖုရားကြီး၏ မျက်နှာမှာ တင်းမာသွားသည်။ သူမ ခဏတာ ဝေခွဲမရ ဖြစ်နေပြီးမှ ခက်ခက်ခဲခဲပင် စကားဆိုလိုက်ရသည်။ "ကျန်းကျန်း... ဒီကိစ္စက သမီးကိုယ်တိုင် အမဲလိုက်ကွင်းကို ဇွတ်သွားချင်လို့ ဖြစ်ရတာဆိုတော့... ဒါက ခက်လိမ့်မယ် ထင်တယ်..."
"ဘာလို့လဲ?!"
ရုံကျန်းက မိခင်ဖြစ်သူကို ဘေးသို့ တွန်းထုတ်လိုက်သည်။ မိခင်ဖြစ်သူ၏ ဝေခွဲမရ ဖြစ်နေသော အမူအရာကို မြင်လိုက်သည်နှင့် သူမ တစ်ခုခုကို ချက်ချင်း ရိပ်မိသွားသည်။ "ဒါ... ဒါက ခမည်းတော်ရဲ့ ဆန္ဒလား"
"အားလုံး ထွက်သွားကြစမ်း"
မိဖုရားကြီးသည် အခန်းထဲရှိ လူအားလုံးကို ထွက်သွားခိုင်းလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမက မကျေမနပ်ဖြင့် ခေါင်းခါရင်း— "သမီးရဲ့ ခမည်းတော် စရိုက်ကို သမီး သိသားပဲ..."
"မယ်မယ်!" ရုံကျန်းက မယုံနိုင်သလို ကြည့်လိုက်သည်။ "ခမည်းတော်က သမီးကို အမြဲတမ်း အလိုလိုက်ခဲ့တာလေ။ အခု သမီးရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားပြီဆိုတာတောင် သူက ဒီကိစ္စကို အရေးယူဖို့ မရည်ရွယ်တော့ဘူးလား"
ဒါဆိုလျှင် သူမ မည်သို့ လက်စားချေနိုင်တော့မည်နည်း။