အခန်း ၉၃ — ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ
"ဘာ..." ချူနင်မှာ အံ့အားသင့်သွားပြီး "စတုတ္ထမင်းသမီးလေးမှာ ကိုယ်ရံတော်တွေ အပြည့်အစုံရှိနေတာပဲ... ဘယ်လိုဖြစ်လို့ ဒီလိုကိစ္စမျိုး ဖြစ်ပျက်ရတာလဲ"
ကျိချင်းဖုန်းက ခေါင်းခါပြလိုက်သည်။ "အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ သိရသလောက်ကတော့ ချောက်ကမ်းပါးအောက်က မြစ်ရေစီးကြောင်းက အရမ်းသန်တာပဲ... မင်းသမီးလေး ပျောက်ဆုံးသွားတာ တစ်နာရီလောက် ရှိနေပြီဖြစ်ပေမယ့် အခုထိ ရှာမတွေ့သေးဘူး။ အရှင်မင်းကြီးကတော့ အရမ်းကို စိတ်ပူနေပြီး မင်းသမီးလေးကို ရှာဖွေဖို့ နန်းတွင်းကိုယ်ရံတော်တွေကို စေလွှတ်လိုက်ပြီ။ ကျွန်တော်ကတော့ ဗိုလ်ချုပ်ကို လာခေါ်တာပါ..."
ချူနင်က ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။ "သွားကြစို့!" သူသည် ဗိုလ်ချုပ်တစ်ဦးဖြစ်သည့်အတွက် ဤကဲ့သို့ အခြေအနေမျိုးတွင် ရှိနေသင့်သည်။
ခြေတစ်လှမ်း လှမ်းလိုက်ပြီးမှ ချူလျိုယွဲ့ကို ရုတ်တရက် သတိရသွားကာ သမီးဖြစ်သူအား အားနာသောအကြည့်ဖြင့် လှည့်ကြည့်လိုက်မိသည်။ "ယွဲ့အာ..."
"စတုတ္ထမင်းသမီးလေးရဲ့ ကိစ္စက ပိုအရေးကြီးပါတယ်... ဖခင် အမြန်သွားပါတော့"
"ဒါပေမဲ့..." ချူနင်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။
"ဒီက ကိစ္စတွေကို ကျွန်တော် စီစဉ်လိုက်ပါ့မယ်... ဗိုလ်ချုပ်ချူနင် စိတ်မပူပါနဲ့။ ခမည်းတော်က စတုတ္ထမင်းသမီးလေးကို အမြဲတမ်း အလိုလိုက်ခဲ့တာဆိုတော့ ဒီကိစ္စမှာ ဗိုလ်ချုပ်အနေနဲ့ အစွမ်းကုန် ကြိုးစားပေးစေချင်ပါတယ်"
ရုံရှုး၏ စကားကြောင့် ချူနင်မှာ စိတ်အေးသွားရသည်။ "အဲ့ဒါဆိုရင်တော့... လီမင်းသားကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ထို့နောက် ချူနင်နှင့် ကျိချင်းဖုန်းတို့သည် အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။
၎င်းတို့နှစ်ဦး အခန်းပြင်သို့ ထွက်သွားသည်နှင့် ယန်ကောကလည်း ခုံမှ ချက်ချင်း ထရပ်လိုက်သည်။ "လီမင်းသား... မိန်းကလေးလျိုယွဲ့... စတုတ္ထမင်းသမီးလေး ပျောက်ဆုံးသွားတာက ကျိန်းပေါင်ဗိမာန်ရဲ့ အမဲလိုက်ကွင်းမှာ ဖြစ်တာဆိုတော့ ကျွန်တော်လည်း အမြန်ပြန်မှ ဖြစ်မှာပါ"
ချူလျိုယွဲ့က အခြေအနေကို နားလည်သဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ဒီကိစ္စက အရေးကြီးတယ်... ဒုတိယသခင်ကြီးယန် အမြန်ပြန်ပါတော့"
ဘာပဲဖြစ်ဖြစ် ဤဖြစ်ရပ်က သူတို့ပိုင်နက်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ သူတို့တွင်လည်း တာဝန်မကင်းပေ။ ယန်ကောသည် ရုံရှုးကို တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ "ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦး... မိန်းကလေးလျိုယွဲ့ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ဒုတိယသခင်ကြီးယန်က အလုပ်များတဲ့သူပဲ... ဒီနေ့ လာတက်ပေးတာနဲ့တင် လျိုယွဲ့က ကျေးဇူးတင်လှပါပြီ" ချူလျိုယွဲ့က ခေါင်းခါပြလိုက်ရင်း "ကျွန်မ လိုက်ပို့ပေးပါရစေ..."
"မလိုပါဘူး... မလိုပါဘူး။ ဒီနေ့က ဧည့်သည်တွေလည်း အများကြီးရှိသေးတာပဲ။ ဗိုလ်ချုပ်ချူနင်လည်း ထွက်သွားပြီဆိုတော့ လုပ်စရာတွေ အများကြီး ရှိနေမှာပါ။ ကျွန်တော့်အတွက်နဲ့ ဒုက္ခမများပါနဲ့... ကျွန်တော် သွားလိုက်ပါဦးမယ်"
ယန်ကောမှာ ပြောပြောဆိုဆိုဖြင့်ပင် နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ အမြန်ထွက်သွားတော့သည်။ တံခါးဝတွင် ရပ်နေသော ယန်ချင်းကတော့ အသက်လုကာ ထွက်ပြေးသွားသည့် ယန်ကောကို ကြည့်ရင်း သနားစပြုလာသည်။ စတုတ္ထမင်းသမီးလေး ပျောက်ဆုံးတာက ဘာမှမဟုတ်သေးပေ။ ဤလူမှာ ခုနက ရုံရှုး၏ ဘေးတွင် ထိုင်လိုက်ရခြင်းကြောင့်ပင် စိတ်ဒဏ်ရာ ရသွားပုံရသည်။ ဆက်နေမည်ဆိုပါက သူ၏ နှလုံးသားမှာ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
ယခုမူ စည်ကားနေသော အခန်းထဲတွင် ရုံရှုးနှင့် ချူလျိုယွဲ့တို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ ရုံရှုးက သူ၏ ခွက်ကို ပွတ်သပ်နေရင်း မျက်ခုံးနှစ်ခုကြားတွင် စိုးရိမ်ရိပ်များ ယှက်သန်းလျက် ရှိသည်။ "အဲ့ဒီ အမဲလိုက်ကွင်းရဲ့ မြေမျက်နှာသွင်ပြင်က တော်တော်လေး အန္တရာယ်များတယ်လို့ ငါကြားဖူးတယ်။ ဒီတစ်ခါတော့... စတုတ္ထမင်းသမီးလေး တကယ် အန္တရာယ်ရှိသွားပြီ"
ချူလျိုယွဲ့က သူ့ကို ကြည့်လိုက်သည်။ "အရှင်မင်းသား... စတုတ္ထမင်းသမီးလေး အက်စီးဒင့် ဖြစ်တာကို သွားမကြည့်ဘူးလား"
ရုံရှုးက အရက်ကို တစ်ငုံချင်း စိမ်သောက်လိုက်ရာ အရက်နံ့မှာ အခန်းထဲတွင် ပျံ့လွင့်သွားသည်။ "ခမည်းတော်က နန်းတွင်းကိုယ်ရံတော်တွေကို ရှာဖို့ လွှတ်လိုက်ပြီပဲ။ ငါသွားလည်း ပိုပြီး အလုပ်ရှုပ်သွားစေရုံပဲ ရှိမှာ... ဒီမှာပဲ စောင့်နေတာက ပိုကောင်းပါတယ်" ဟု အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
ချူလျိုယွဲ့က မျက်ခုံးပင့်လိုက်မိသည်။ "ဒီမှာလား..."
ရုံရှုးက ခွက်ကို လက်ချောင်းများဖြင့် ခေါက်လိုက်ရင်း ချူလျိုယွဲ့ကို စိုက်ကြည့်ကာ "မင်းဆီမှာ ငါ့ပစ္စည်းတစ်ခု ကျန်ခဲ့တယ်လို့ ထင်တယ်။ အားလုံး ပြီးသွားမှပဲ အဲ့ဒါကို လာယူတော့မယ်"
ချူလျိုယွဲ့က အလိုအလျောက်ပင် ငြင်းဆိုလိုက်ချင်သည်။ "အဲ့ဒီလောက်ကြီး ဒုက္ခခံမနေပါနဲ့... အခုပဲ ကျွန်မ အိမ်ပြန်ပြီး ယူလာပေးပါ့မယ်"
ရုံရှူးက ခဏတာ တိတ်သွားပြီးနောက် သူမကို ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ငါ့အဝတ်အစားတွေ မင်းဆီမှာ ရှိနေတယ်ဆိုတာ ဒီမှာ ရှိနေတဲ့လူတွေ အကုန်လုံးကို သိစေချင်လို့လား"
ချူလျိုယွဲ့ : "..."
"ဒါပေမဲ့... အရှင်မင်းသားက ကျွန်မဆီကို လာတယ်ဆိုတာကလည်း ပိုပြီး မသင့်တော်ဘူး မဟုတ်ဘူးလား"
ရုံရှုးက သူမ၏ မျက်လုံးများကို ပြုံးယောင်သန်းလျက် စိုက်ကြည့်ကာ အလေးမထားသလို ပြောလိုက်သည်။ "ညဘက်သွားရင်တော့ ဘယ်သူမှ မြင်မှာမဟုတ်ပါဘူး"
ချူလျိုယွဲ့မှာ စကားပင် မထွက်နိုင်တော့ပေ။ ဒီလူ... အရှက်မရှိလိုက်တာ!
...
ချူနင်နှင့် နန်းတွင်းကိုယ်ရံတော်များ ထွက်သွားပြီးနောက် လူအများမှာ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသွားကာ စုံစမ်းရန် လူလွှတ်ကြတော့သည်။ စတုတ္ထမင်းသမီးလေးသည် ယနေ့ အမဲလိုက်ကွင်းသို့ သွားခဲ့သည်ကို လူအများက သိရှိကြသည်။ ထို့ပြင် အခြေအနေမှာ အလွန်စိုးရိမ်ရသဖြင့် လျှို့ဝှက်ထားရန်မှာလည်း မဖြစ်နိုင်ပေ။
သတင်းမှာ တမဟုတ်ချင်း ပြန့်နှံ့သွားရာ လူတိုင်းမှာ မှင်တက်သွားကြရသည်။ အမဲလိုက်ကွင်းမှာ အန္တရာယ်ရှိသည် မှန်သော်လည်း မင်းသမီးလေးတွင် ကိုယ်ရံတော်များ ပါရှိသည်။ ထိုမျှအထိ ကြီးလေးသော ကိစ္စမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့ပြင် စတုတ္ထမင်းသမီးလေး သွားခဲ့သော အမဲလိုက်ကွင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ချူလျိုယွဲ့ထံမှ 'ကျိန်းပေါင်ဗိမာန်' က ဝယ်ယူထားသည့် နေရာ မဟုတ်ပါလား။
အကယ်၍ စတုတ္ထမင်းသမီးလေးသာ တစ်ခုခုဖြစ်ခဲ့လျှင် လူများစွာ ရောပါသွားနိုင်ချေ ရှိသည်။ လူအများမှာ အကျိုးအကြောင်း ဆက်စပ်မိသွားကြပြီး အချို့မှာမူ မသိမသာပင် ပြန်ရန် ပြင်ကြတော့သည်။
ချူလျိုယွဲ့က ထိုသူတို့၏ စိတ်ကူးကို သိရှိသည်။ ထိုသူတို့မှာ အသာစီးရရာဘက်သို့ လိုက်တတ်သူများသာ ဖြစ်သဖြင့် သူမ ဂရုမစိုက်ဘဲ လိုက်ပါပို့ဆောင်ပေးလိုက်သည်။ စီယန်နှင့် အခြားသူများ ရှိနေသော အခန်းရှေ့မှ ဖြတ်သွားစဉ် ထိုသူအားလုံး တံခါးဝတွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
"ရှင်တို့လည်း ပြန်တော့မလို့လား" ချူလျိုယွဲ့က မေးလိုက်သည်။
"အဲ့ဒါတွေကို ထားလိုက်ပါဦး... မင်းက ဘယ်လိုဖြစ်လို့ အေးအေးဆေးဆေး စဉ်းစားနေနိုင်ရတာလဲ" စီယန်က အနားသို့ အပြေးအလွှား ရောက်လာကာ "အက်စီးဒင့်ဖြစ်တဲ့ အမဲလိုက်ကွင်းက ဘယ်သူ့နေရာလဲဆိုတာ မင်းသိလား..."
"သိပါတယ်"
"အဲ့ဒါဆိုရင် မင်းက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ။ အရှင်မင်းကြီးက မင်းကို အပြစ်တင်မှာ မကြောက်ဘူးလား" စီယန်တစ်ယောက်တည်း စိုးရိမ်နေသည် မဟုတ်ပေ။ အခြားသူများလည်း ဤကိစ္စမှာ တော်တော်လေး ရှုပ်ထွေးသွားပြီဟု ယူဆကာ စိုးရိမ်နေကြသည်။
"အဲ့ဒီ အမဲလိုက်ကွင်းက ကျွန်မနဲ့ ဘာမှမဆိုင်တော့ပါဘူး။ ပြီးတော့ စတုတ္ထမင်းသမီးလေးက အဆင့်မြင့်သားရဲတွေကို ဖမ်းချင်လို့ဆိုပြီး ဇွတ်သွားခဲ့တာပဲလေ။ ဒါက တခြားသူကို အပြစ်တင်လို့ ရမယ်မထင်ဘူးနော်"
စီယန်နှင့် အခြားသူများမှာ ခဏတာ ဆွံ့အသွားကြသည်။ သူမ ပြောသည်မှာ မှန်နေသလိုရှိသော်လည်း တစ်ခုခုတော့ လွဲနေသလိုပင်...
"ဒါပေမဲ့ အဲ့ဒါက စတုတ္ထမင်းသမီးလေးလေ..."
ချူလျိုယွဲ့က ပြုံးလိုက်သည်။ ရုံကျင်းတောင်မှ သူမ၏ လက်ချက်မိပြီးနောက် ဘာမှမလုပ်နိုင်ခဲ့သည်ကို ထည့်တွက်လျှင် မိမိဖာသာ ပြဿနာရှာသည့် ရုံကျန်းဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
"မင်းသမီးလေးမှာ အရှင်မင်းကြီးရဲ့ ဘုန်းကံရှိတာပဲ... အဆင်ပြေမှာပါ။ စိတ်ရှည်ရှည်နဲ့ပဲ စောင့်ကြည့်ကြတာပေါ့"
စီယန်နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းငြိမ့်ပြလိုက်ကြသည်။
...
ညနေစောင်းသောအခါ သတင်းများ ရောက်ရှိလာတော့သည်။ စတုတ္ထမင်းသမီးလေး ရုံကျန်းသည် ချောက်ထဲသို့ ပြုတ်ကျကာ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့သည်။ ထို့ပြင် နက်နဲသော အဆင့်မြင့်သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အချိန်မီ ကုသမှုမခံယူနိုင်ခဲ့သဖြင့် သူမ၏ ကျင့်ကြံခြင်းအမြုတေ (အနှစ်သာရပုလဲ) မှာ ပျက်စီးသွားခဲ့ရကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတစ်ဦး ဖြစ်သွားခဲ့ရလေတော့သည်။