အခန်း ၉၂ — စတုတ္ထမြောက် မင်းသမီးလေး
ရုံရှုးက သူမကို မသိမသာ ပြုံးကြည့်ရင်း "ဒုတိယသခင်ကြီးယန်... ထိုင်ပါဦး" ဟု ဆိုလိုက်သည်။
ယန်ကောမှာ ခြေဖျားလက်ဖျားများ အေးစက်တုန်ယင်သွားပြီး ဒူးညွတ်ကျလုနီးပါး ဖြစ်သွားရကာ ကျောပြင်တစ်ခုလုံးလည်း ချွေးစေးများ စို့တက်လာတော့သည်။ အခြားသူများက သူ့ကို ဤသို့ခေါ်လျှင် ကိစ္စမရှိသော်လည်း ဤပုဂ္ဂိုလ်က ထိုသို့ခေါ်နေခြင်းမှာ... သူ့ကို သေတွင်းထဲ ပို့နေသလိုပင်။
"...ဒါ... ဒါက မသင့်တော်ပါဘူး..." ယန်ကောက အားတင်းကာ ပြုံးလိုက်ရင်း "အရှင်မင်းသားက မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူဆိုတော့ ကျွန်တော်မျိုးက..."
"မိန်းကလေး လျိုယွဲ့က ထိုင်ခိုင်းနေတာပဲ... အားနာမနေပါနဲ့" ရုံရှုးက သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဆက်လက်ငြင်းဆန်နေပါက တစ်မျိုးဖြစ်သွားနိုင်သည်ကို သိသဖြင့် ယန်ကောမှာ စိုးရိမ်တကြီးဖြင့် ဝင်ထိုင်လိုက်ရသည်။ "ကဲ... ကောင်းပါပြီဗျာ"
ချူလျိုယွဲ့က သူ့ကို တစ်ချက်ကြည့်ကာ ထူးဆန်းသလို ခံစားလိုက်ရသည်။ ယနေ့ ယန်ကော၏ အပြုအမူမှာ အလွန်ပင် ထူးဆန်းနေသည်။ ရုံရှုးက တော်ဝင်မျိုးနွယ် ဖြစ်နေလျှင်ပင် မြို့တော်အတွင်းရှိ 'ကျိန်းပေါင်ဗိမာန်' ၏ ဂုဏ်သတင်းနှင့် ဩဇာအရ ယန်ကောအနေဖြင့် ဤမျှအထိ ရိုကျိုးစရာ မလိုပေ။
ထိုသံသယစိတ်တို့က သူမ၏အတွေးထဲတွင် ခဏတာ ဖြတ်ပြေးသွားသော်လည်း အသေးစိတ်စဉ်းစားရန် ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က ရုတ်တရက် ရောက်လာပြီး သူမရှေ့ရှိ အရက်ခွက်ကို ယူသွားလေသည်။
"မိန်းကလေးတွေက လက်ဖက်ရည်ပဲ သောက်သင့်တယ်"
ရုံရှုးက ပြောပြောဆိုဆိုဖြင့် ခွက်ကိုလဲလိုက်ကာ သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူ၏ အပြုအမူမှာ အလွန်ပင် သဘာဝကျလှသဖြင့် ဘေးပတ်ဝန်းကျင်ရှိ မည်သူကမျှ ထူးခြားသည်ဟု မထင်ကြပေ။ ချူနင်ပင်လျှင် သူ့ကို ပို၍ လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်နေမိသည်။
ချူလျိုယွဲ့ကတော့ သူမရှေ့ရှိ အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ခွက်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်မိသည်။ ဤသည်မှာ... အကဲစမ်းနေခြင်းလော။
...
"ဟေ့... လီမင်းသားက ဘာလို့ ဒီနေ့ ရောက်လာတာလဲလို့ မင်းတို့ ထင်သလဲ။ အရင်က လီမင်းသားအိမ်တော်ကို ပို့သမျှ ဖိတ်စာတွေကို သူ အမြဲတမ်း ငြင်းပယ်ခဲ့တာလေ။ ချူနင်မှာ ဘယ်လို အရည်အချင်းမျိုးရှိလို့ သူ့ကို ဒီအထိ ရောက်လာအောင် ဖိတ်နိုင်ရတာလဲ"
"ဘယ်သူ သိမှာလဲ... ချူနင်က နန်းတွင်းကိုယ်ရံတော်တပ်ရဲ့ ဗိုလ်ချုပ်ဆိုပေမယ့် လီမင်းသားကိုယ်တိုင် တက်ရောက်ရလောက်တဲ့အထိတော့ မဟုတ်တန်ရာဘူး"
"ဒါနဲ့... ငါကြားတာတော့ အိမ်ရှေ့စံရဲ့ မွေးနေ့ပွဲတုန်းက စတုတ္ထမင်းသမီးလေးက ချူလျိုယွဲ့ကို အခက်တွေ့အောင် လုပ်တုန်းက လီမင်းသားက ကူညီပေးခဲ့တယ်ဆိုပဲ။ သူများ ချူလျိုယွဲ့ကို စိတ်ဝင်စားနေတာလား မသိဘူးနော်"
"မဖြစ်နိုင်တာ... သူ မြို့တော်ကို ပြန်ရောက်တာ ဘယ်လောက်မှ မရှိသေးတာလေ"
"အဲ့ဒါဆိုရင် သူက ဘာလို့ ချူလျိုယွဲ့ဘက်ကနေ ကာကွယ်ပေးရတာလဲ။ ဒီကို လာတယ်ဆိုတာ အိမ်ရှေ့စံနဲ့ ချူမိသားစုကို ရန်စလိုက်တာနဲ့ အတူတူပဲဆိုတာ သူ မသိဘဲ နေမလား"
"ဟဲဟဲ... မင်း ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ငါ့အမြင်မှာတော့ လီမင်းသားက အိမ်ရှေ့စံကို သရော်ချင်လို့ ဒီအခွင့်အရေးကို သုံးတာနေမှာ။ သူ ပြန်ရောက်တာနဲ့ မင်းသားဘွဲ့ ချီးမြှင့်ခံရတာဆိုတော့ အိမ်ရှေ့စံက ဘယ်ကြည်နူးပါ့မလဲ"
"သူက ဒီလောက် ကျန်းမာရေးမကောင်းတာ... ဘာကို ပြိုင်ဆိုင်နေဦးမှာလဲ..."
"မင်း မသိဘူးလား... လီမင်းသားရဲ့ မိခင်က... မိဖုရားကြီးရဲ့ လက်ချက်နဲ့..."
ထိုနေရာသို့ ရောက်သောအခါ စကားပြောနေသူမှာ ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ စကားဖြတ်လိုက်တော့သည်။ လူအများမှာ တိတ်ဆိတ်သွားပြီး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အခြားအကြောင်းအရာသို့ ပြောင်းလိုက်ကြသည်။
"ဘာပဲဖြစ်ဖြစ်... ဒီနေ့ပြီးရင်တော့ ချူနင်နဲ့ ချူလျိုယွဲ့တို့က မြို့တော်မှာ နေရာတစ်ခု အခိုင်အမာ ရသွားပြီပဲ။ ချူမိသားစုကတော့ ဒီနေ့ မျက်နှာပျက်စရာတွေ အတော်ဖြစ်သွားတာဆိုတော့ ဒီအတိုင်း ငြိမ်နေမယ် မထင်ဘူး"
"ဟမ့်... ချူမိသားစုမှာ ဒီလို ပါရမီရှင်မျိုး မပေါ်တာ ကြာပြီ။ ချူနင်နဲ့ ချူလျိုယွဲ့သာ မရှိရင် သူတို့ရဲ့ နေ့ရက်တွေက ခက်ခဲလာတော့မှာပဲ..."
"ချူမိသားစုက အထင်ကရ မိသားစုကြီး လေးစုထဲမှာ နေရာယူထားတာ ကြာလွန်းနေပြီလေ..."
...
ချူလျိုယွဲ့က လက်ဖက်ရည်တစ်ငုံ သောက်လိုက်စဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ သူမ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အောက်ထပ်သို့ ငုံ့ကြည့်လိုက်သည်။ သူတို့ရှိနေသော အခန်းမှာ ဒုတိယထပ်တွင် မြင်ကွင်းအကောင်းဆုံး အခန်းဖြစ်၏။ ပြတင်းပေါက် တစ်ဖက်မှာ စားသောက်ဆိုင်၏ ရေကန်ကို မြင်ရပြီး အခြားတစ်ဖက်မှာတော့ လမ်းမကြီးကို မြင်နေရသည်။
ချူလျိုယွဲ့သည် လမ်းမပေါ်တွင် မြင်းစီးလာသော လူတစ်စုကို မြင်လိုက်ရသည်။ လမ်းဘေးရှိ ဈေးဆိုင်ခန်းအချို့ တိုက်မိလဲကျကုန်သဖြင့် ပရမ်းပတာ ဖြစ်သွားသော်လည်း ဆိုင်ရှင်များမှာ ဘာမှမပြောရဲဘဲ အလျှင်အမြန်ပင် ပစ္စည်းများကို သိမ်းဆည်းနေကြသည်။
ချူလျိုယွဲ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သောအခါ ထိုလူစုမှာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ နန်းတွင်းကိုယ်ရံတော်များပင်။ သို့သော်... ဤမျှအထိ အရေးတကြီး ဖြစ်နေရအောင် ဘာများ ဖြစ်ပျက်သွားသနည်း။
ထိုစဉ် ကိုယ်ရံတော်တစ်ဦးက အဖွဲ့ထဲမှ ခွဲထွက်လာပြီး ဖီးနစ်စားသောက်ဆိုင်ဘက်သို့ ဦးတည်လာသည်။
"ဗိုလ်ချုပ် ချူနင် ဒီမှာ ရှိပါသလား"
အောက်ထပ်တွင် ရှိနေသော စုဟွေးက အခြေအနေ တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိသော်လည်း ချက်ချင်းပင် ပြန်ထူးလိုက်သည်။ "ဗိုလ်ချုပ် ချူနင် ဒီမှာ ရှိပါတယ်"
"ကျွန်တော်က သတ္တမမြောက် တံတားရဲ့ အုပ်ချုပ်ရေးမှူး ကျိချင်းဖုန်းပါ။ ဗိုလ်ချုပ်ကို အရေးတကြီး တွေ့ခွင့်တောင်းပါတယ်"
အသက် ၂၀ ကျော်ခန့်ရှိသော ထိုလူ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေသည်။
"ခဏ စောင့်ပါဦး အရာရှိကျိ... ကျွန်တော် အခုပဲ အစီရင်ခံပေးပါ့မယ်..."
"အရာရှိကျိကို အပေါ်ကို တိုက်ရိုက် လွှတ်ပေးလိုက်ပါ" ဟု ချူလျိုယွဲ့က လှမ်းပြောလိုက်သည်။
ကျိချင်းဖုန်းက မော့ကြည့်လိုက်သောအခါ ဒုတိယထပ် ပြတင်းပေါက်နားတွင် ရပ်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အပေါ်ထပ်သို့ အပြေးတက်လာခဲ့သည်။
ချူနင်သည် ဤလူနှင့် လူချင်းမဆုံဖူးသော်လည်း နန်းတွင်းကိုယ်ရံတော်တပ်၏ အခြေအနေကို နားလည်ထားသဖြင့် ကျိချင်းဖုန်းဟူသော အမည်ကို ကြားဖူးနားဝ ရှိသည်။
"ဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်"
ကျိချင်းဖုန်း၏ မျက်နှာမှာ တင်းမာနေသည်။ သူက ဦးညွှတ်ရန် ပြင်လိုက်သော်လည်း ချူနင်က တားလိုက်သည်။
"ဘာဖြစ်လို့လဲ" ချူနင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဗိုလ်ချုပ်... ဒီမနက်မှာ စတုတ္ထမင်းသမီးလေးက အမဲလိုက်ကွင်းကို သွားခဲ့ပါတယ်။ အခုလေးတင် သတင်းရတာကတော့... မင်းသမီးလေးက ချောက်ထဲကို မတော်တဆ ပြုတ်ကျသွားပြီလို့ သိရပါတယ်ခင်ဗျာ"