အခန်း ၉ — ရှင်းလင်းချက်
ပတ်ဝန်းကျင်တစ်ခုလုံး အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ချူလျိုယွဲ့၏ အရှက်ရဖွယ် ပြဇာတ်ကို ကြည့်ရန် ဝင်းအတွင်း၌ စုရုံးနေကြသူများအားလုံး ကြောင်အမ်းသွားကြ၏။ ချူလျိုယွဲ့ တစ်ယောက် ကျားနှလုံးစားလာသည်လား မသိ။ ချူလျန်ရှန်းကို ပါးနှစ်ချက် ဆင့်ရိုက်ရဲသည့်အထိ သတ္တိတွေ ဘယ်က ရလာသနည်း။
ဤအေးစက်ပြီး အရှက်ရဖွယ်ကောင်းသော အခြေအနေကို ပထမဆုံး သတိဝင်လာသူမှာ ချူလျန်ရှန်းပင် ဖြစ်သည်။ မျက်နှာပေါ်ရှိ ပူစပ်ပူလောင် ဝေဒနာနှင့် ပါးစပ်ထဲမှ သွေးညှီနံ့များက ခုနက ဘာဖြစ်သွားသည်ကို သူ့အား သတိပေးနေသယောင်။
"နင်... နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့! ဖာသည်မ!"
ချူလျန်ရှန်းသည် ဒေါသကြောင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကာ ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်ပြီး ချူလျိုယွဲ့ထံသို့ ကြမ်းကြုတ်စွာ ပြေးဝင်သွားတော့သည်။ ထက်မြက်လှသော ထိုဓားဦးမှာ ချူလျိုယွဲ့ကို နှစ်ပိုင်းပိုင်းတော့မည့်အလား။ အကယ်၍ ဤဓားချက်သာ ထိမှန်သွားပါက ချူလျိုယွဲ့သည် မသေလျှင်တောင် ဒုက္ခိတ ဖြစ်သွားမည်မှာ အသေအချာပင်။
သို့သော် ချူလျိုယွဲ့ကတော့ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ သူမက ခေါင်းကို အနည်းငယ် ငြိမ့်ပြကာ ချူလျန်ရှန်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လျက် စကားတစ်ခွန်းချင်းစီကို ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ချူလျန်ရှန်း... နင်က လူအများရှေ့မှာ ချူမိသားစုရဲ့ သမီးကြီးကို သတ်ချင်နေတာလား?"
ထိုစကားတစ်ခွန်းမှာ ချူလျန်ရှန်း၏ နားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ 'ချူမိသားစုရဲ့ သမီးကြီး' ဆိုသည့် စကားလုံးမှာ သူ့ကို ရပ်တန့်သွားစေသော ကျိန်စာတစ်ခုကဲ့သို့ ဖြစ်သွားသည်။ ဓားဦးမှာ ချူလျိုယွဲ့နှင့် လက်မအနည်းငယ်သာ ကွာတော့သည်။
သူသည် အလိုအလျောက် ချူလျိုယွဲ့ကို ကြည့်လိုက်မိရာ သူမ၏ နက်မှောင်ပြီး အေးစက်လှသော မျက်ဝန်းများနှင့် ဆုံသွားသည်။ ထိုခဏတွင် လူတစ်ယောက်၏ နှလုံးသားကို ညှစ်ထားသကဲ့သို့ ပြင်းထန်သော ဖိအားတစ်ခုကို သူ ခံစားလိုက်ရ၏။ ချူလျိုယွဲ့၏ အကြည့်များမှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို တစ်လက်မချင်းစီ ပိုင်းဖြတ်နေသယောင်။
ရှပ်!
ချူလျန်ရှန်း ချက်ချင်းပင် အသိဝင်လာသည်။ ဟုတ်သားပဲ။ သူမသည် အဝတ်စုတ်များ ဝတ်ဆင်ထားသော ပိန်ပါးသည့် မိန်းကလေး ဖြစ်နေသော်လည်း... သူမသည် ချူမိသားစု၏ တရားဝင် သမီးကြီး ဖြစ်သည်။ သူကတော့ ချူရှန်းမိန်၏ အရှိန်အဝါကို အသုံးချနေရသော အစေခံတစ်ဦးသာ မဟုတ်ပါလား။
"ပထမတစ်ချက်က နင့်နေရာ နင်မသိလို့"
ချူလျိုယွဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ချူလျန်ရှန်းမှာ အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသည်။
"ဒုတိယတစ်ချက်ကတော့ နင် အထက်လူကြီးကို ပြန်လှန်စော်ကားလို့ပဲ"
ချူလျိုယွဲ့က ထပ်မံ၍ အနားသို့ တိုးသွားပြန်သည်။ ချူလျန်ရှန်း၏ ဓားကိုင်ထားသော လက်များမှာ အနည်းငယ် တုန်ယင်လာ၏။
"ငါက မွေးရာပါ အသုံးမကျတဲ့သူ ဖြစ်နေရင်တောင် ငါ့ကိုယ်ထဲမှာ စီးဆင်းနေတာက ချူမိသားစုရဲ့ မူလမျိုးဆက် သွေးပဲ။ ဒီနှစ်တွေထဲ ငါက ငါ့နေရာမှာ ငါအေးအေးဆေးဆေး နေခဲ့တယ်။ ဒါပေမဲ့ နင်တို့ကကော? နင်တို့က ငါ့ကို အကြိမ်ကြိမ် နှိပ်စက်ပြီး စော်ကားခဲ့ကြတာပဲ။ နင်တို့ ဒါကို တွေးဖူးရဲ့လား? ငါ့ကို ဒီလိုလုပ်ဖို့ နင်တို့မှာ ဘာအခွင့်အရေး ရှိလို့လဲ?"
ချူလျိုယွဲ့၏ မေးခွန်းများက ချူလျန်ရှန်းကို ဒေါသပေါက်ကွဲသွားစေပြီး သူက ပြန်လည် အော်ဟစ်လိုက်သည်။
"ချူလျိုယွဲ့! နင်က တစ်ကိုယ်လုံး အသုံးမကျတဲ့ကောင်မပဲ! တစ်မိသားစုလုံးအတွက် အရှက်ရစရာပဲ! ဒီလိုစကားမျိုး ပြောထွက်ဖို့ နင် ဘယ်လောက်တောင် မျက်နှာပြောင်ရသလဲ? ဒီလောကမှာ ခွန်အားရှိတဲ့သူပဲ အလေးထားခံရတာ။ အခုဖြစ်နေတာတွေအားလုံးက နင်နဲ့ ထိုက်တန်လို့ပဲ!"
သူ၏ စကားလုံးများမှာ ကြမ်းတမ်းသော်လည်း အသံများမှာမူ အနည်းငယ် တုန်ယင်နေသည်။ ချူလျိုယွဲ့ကို တိတ်တဆိတ် နှိပ်စက်လျှင် ဘယ်သူမှ ဂရုစိုက်မည်မဟုတ်သော်လည်း တစ်မိသားစုလုံးကို ဆွဲထည့်လိုက်လျှင်တော့ ကိစ္စက ကြီးသွားနိုင်သည်ကို သူ သိထားသည်။ သူသည် အလုပ်လုပ်ရာတွင် အမြဲတမ်း သတိရှိသူ ဖြစ်သည်။ သို့သော် စုန့်လျန်တို့ သုံးယောက် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားမှုက သူ့ကို စိုးရိမ်စိတ် လွန်ကဲစေခဲ့သည်။ ထို့အပြင် ချူလျိုယွဲ့၏ ဆက်တိုက်ဆိုသလို လုပ်ဆောင်မှုများက သူ့ကို စိတ်လိုက်မာန်ပါဖြင့် လူစုကာ ရောက်လာစေခဲ့ခြင်း ဖြစ်သည်။ အမြဲတမ်း ကြောက်တတ်လှသော ချူလျိုယွဲ့က ဤကဲ့သို့ ပြန်လည် တုံ့ပြန်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
သူ၏ စကားကို ကြားသောအခါ ချူလျိုယွဲ့၏ နှုတ်ခမ်းများက ကွေးညွတ်သွားကာ ပြုံးလိုက်သည်။
"ဟုတ်တယ်... ငါက အသုံးမကျတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ငါ့ရဲ့ အဖိုးနဲ့ ငါ့ရဲ့ စေ့စပ်ထားတဲ့သူက ဘယ်သူလဲဆိုတာ နင် မေ့နေပုံရတယ်"
ချူလျန်ရှန်း ချက်ချင်းပင် ချွေးစေးများ ထွက်လာတော့သည်။ ချူလျိုယွဲ့၏ အဖိုးမှာ ချူမိသားစု၏ အရှင်သခင်ဖြစ်ပြီး သူမ၏ စေ့စပ်ထားသူမှာ အိမ်ရှေ့စံမင်းသား ဖြစ်သည်။ ချူလျိုယွဲ့အနေဖြင့် အိမ်ရှေ့စံနှင့် လက်ထပ်ရရန် အခွင့်အရေး မရှိတော့ဟု လူတိုင်းက ထင်ကြသော်လည်း လက်တွေ့တွင်မူ စေ့စပ်ထားမှုက တည်မြဲနေဆဲ ဖြစ်သည်။ ထိုအကြောင်းကို ကွယ်ရာတွင် ပြောနိုင်သော်လည်း သူမ၏ ရှေ့မှောက်တွင်တော့ မည်သူမျှ ပြောဝံ့ကြသည်မဟုတ်။
"နင် ခုနက ငါ့ကို ဖာသည်မလို့ ခေါ်လိုက်တာလား?" ချူလျိုယွဲ့က ပိုမို နွေးထွေးစွာ ပြုံးလိုက်ပြီး "ဒါဆိုရင် နင်က ငါ့အဖိုးနဲ့ အိမ်ရှေ့စံမင်းသားကိုပါ ဆဲလိုက်တာပေါ့ ဟုတ်လား?"
ခွပ်!
ချူလျန်ရှန်း၏ ဓားမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မျက်နှာမှာ ဖြူလျော်ကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။
ချူလျိုယွဲ့အနေဖြင့် သူမ၏ အဖိုးဆိုသူ သို့မဟုတ် အိမ်ရှေ့စံကို အမှန်တကယ် ဂရုစိုက်နေသည်တော့ မဟုတ်ပေ။ အကယ်၍ ထိုသူများက သူမအပေါ် အနည်းငယ်မျှ ဂရုစိုက်စိတ် ရှိခဲ့လျှင် မူလ ချူလျိုယွဲ့မှာ ဤကဲ့သို့သော အခြေအနေမျိုး ဆိုက်ရောက်လိမ့်မည် မဟုတ်ပေ။ သို့သော် လောလောဆယ်တွင် ထိုသူတို့၏ အရှိန်အဝါကို အသုံးချရန်မှာတော့ မဆိုးလှပေ။
"ကျုပ်... ကျုပ် မရည်ရွယ်ပါဘူး..." ချူလျန်ရှန်းက ထစ်ထစ်ငေါ့ငေါ့ ပြောရှာသည်။ အကယ်၍ ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက အိမ်ရှေ့စံဖြစ်စေ၊ ချူမိသားစုဖြစ်စေ သူတို့၏ သိက္ခာကို ထိန်းသိမ်းရန်အတွက် သူ့ကို လွှတ်ထားကြမည် မဟုတ်ပေ။
ချူလျိုယွဲ့က အေးစက်စွာ ပြောလိုက်သည်။ "အခု နင့်ရဲ့ ညာဘက်လက်မောင်းကို ဖြတ်ပြီး အပြစ်ပေးမလား၊ ဒါမှမဟုတ်... ငါ့အဖိုးနဲ့ အိမ်ရှေ့စံဆီ သွားပြီး တရားမျှတမှု တောင်းရမလား?"
ချူလျန်ရှန်း ထိတ်လန့်သွားသည်။ ချူလျိုယွဲ့က သူ့ကို ဤမျှ ပြင်းထန်သော တန်ဖိုးကို ပေးဆပ်ခိုင်းလိမ့်မည်ဟု မထင်ထားပေ။ ညာဘက်လက်မောင်းကို ကိုယ်တိုင်ဖြတ်ရမည်ဆိုသည်မှာ သူ၏ ကျင့်ကြံခြင်းလမ်းစဉ် တစ်ခုလုံး ပျက်စီးသွားခြင်းပင် ဖြစ်သည်။ သူက သွားကို ကြိတ်ကာ ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် ဝေ့ကြည့်လိုက်သည်။ အခု သူ အချိန်ဆွဲထားရမည်။ တတိယသမီးတော် ရောက်လာသည်အထိ စောင့်ရပေမည်။
"နင်ကိုယ်တိုင် မလုပ်နိုင်ရင် ငါပဲ လုပ်ပေးရမှာပေါ့!"
ချူလျိုယွဲ့က သူ့ကို တုံ့ပြန်ရန် အချိန်ပင်မပေးဘဲ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ကြမ်းပြင်ပေါ်မှ ဓားကို ကောက်ယူကာ ရက်ရက်စက်စက် ခုတ်ချလိုက်သည်။
ချူလျန်ရှန်းသည် အဆင့် (၃) စစ်သည်တစ်ဦး ဖြစ်သဖြင့် ချူလျိုယွဲ့၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရမည် ဖြစ်သော်လည်း... အကြောင်းရင်းတစ်ခုကြောင့် ဓားဦး လေထဲတွင် ဝှေ့ယမ်းသွားချိန်တွင် သူသည် ချူလျိုယွဲ့၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရချေ။
ဖတ်!
ချူလျန်ရှန်း၏ ညာဘက်လက်မောင်းမှာ နေရာမှာပင် ပြတ်တောက်သွားတော့သည်။ သွေးများမှာ နေရာအနှံ့သို့ ပန်းထွက်ကုန်၏။
"အားးးးးး!"
ပြင်းထန်လှသော ဝေဒနာကြောင့် ချူလျန်ရှန်းမှာ နာကျင်စွာ အော်ဟစ်တော့သည်။ လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်သွားကြကာ ချူလျိုယွဲ့ကို ခိုးကြည့်လိုက်မိကြသည်။ ထိုပိန်ပါးလှသော မိန်းကလေးမှာ ကျောပြင်ကို ဆန့်တန်းလျက် ဓားကို တည်ငြိမ်စွာ ကိုင်ထားဆဲပင်။ သူမသည် လူတစ်ယောက်၏ လက်မောင်းကို မဟုတ်ဘဲ သစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်သည့်အလား အေးစက်လွန်းလှသည်။ ဤသည်က သူတို့ကို ပို၍ ကြောက်ရွံ့စေသည်။
ချူလျိုယွဲ့သည် တကယ့်ကို တစ်ခြားလူတစ်ယောက်အလား ပြောင်းလဲသွားလေပြီ။
ချူလျိုယွဲ့ကို ဝိုင်းရံထားကြသော သူများသည်ပင် ဤမြင်ကွင်းကို မြင်ပြီးနောက် သူမကို နှိပ်စက်ရန် အစီအစဉ်များကို ဖျက်သိမ်းလိုက်ကြတော့သည်။ ရယ်စရာပဲ! သူမက ချူမိသားစု အရှင်သခင်နှင့် အိမ်ရှေ့စံကိုတောင် အသုံးချရဲသူ မဟုတ်ပါလား။ ဘယ်သူက သူမကို ဆန့်ကျင်ရဲတော့မှာလဲ။ အချို့မှာ ချူလျန်ရှန်းကို သွားထူပေးရန် တွန့်ဆုတ်နေကြသော်လည်း ရှေ့သို့ တစ်လှမ်းပင် မတိုးဝံ့ကြချေ။ အကယ်၍ ချူလျိုယွဲ့သာ ရူးပြီး သူတို့ကိုပါ ခုတ်လိုက်လျှင် ဘယ်လိုလုပ်မလဲ။
ထိုအချိန်အထိ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်နေကြသဖြင့် ချူလျိုယွဲ့ကဲ့သို့ အသုံးမကျသူတစ်ဦးက ချူလျန်ရှန်းကို ဘယ်လိုများ အနိုင်ယူလိုက်သလဲဆိုသည်ကို မစဉ်းစားမိကြချေ။
ချူလျိုယွဲ့က ဓားကို ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်ရာ ၎င်းမှာ ချူလျန်ရှန်း၏ ပြတ်တောက်နေသော လက်မောင်းဘေးသို့ လိမ့်သွားသည်။ လတ်ဆတ်သော သွေးများက ဓားပေါ်မှ တစက်စက် ကျနေဆဲဖြစ်ရာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
"ထွက်သွားကြစမ်း!"
သူမက ပြောပြောဆိုဆိုနှင့်ပင် လှည့်ထွက်ကာ ဝင်းထဲရှိ ဆေးပုံများဆီသို့ လျှောက်သွားတော့သည်။ ယနေ့ ဖြစ်ရပ်မှာ အခြားလူများအတွက် သတိပေးချက်တစ်ခုသာ ဖြစ်သည်။ မူလ ချူလျိုယွဲ့ ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခနှင့် နာကျင်မှုများအတွက် ဤလူအားလုံးကို အဆပေါင်း တစ်ရာမက ပြန်လည် ပေးဆပ်စေရမည်။
ငွေစင် နှစ်သိန်းဆိုတာ ဘာများလဲ? လက်မောင်းတစ်ဖက် ပြတ်သွားတာကော ဘာအရေးလဲ? ချူလျိုယွဲ့၏ အသက်နှင့် နှိုင်းယှဉ်လျှင် ဤအရာများမှာ ဘာမှမဟုတ်ချေ။
ဝင်းအတွင်းနှင့် အပြင်ရှိ လူအုပ်ကြီးမှာ ကြောင်အမ်းကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။ မူလက သူတို့သည် ချူလျိုယွဲ့၏ ပြဇာတ်ကို ကြည့်ချင်ခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထိုအချိန်တွင် အပြင်ဘက်မှ ရင်းနှီးသော ခြေသံများ ထွက်ပေါ်လာသည်။ အမျိုးသမီးတစ်ဦး၏ ထိတ်လန့်တကြား အော်သံကလည်း စူးစူးဝါးဝါး ထွက်ပေါ်လာ၏။
"လျန်ရှန်း! နင် ဘာဖြစ်သွားတာလဲ?"
လူအုပ်ကြီးက လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာများမှာ တစ်ဖန် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြန်သည်။ ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ချူလျန်ရှန်း၏ သခင်မဖြစ်သူ 'တတိယသမီးတော် ချူရှန်းမိန်' ပင် ဖြစ်သည်။
ချူရှန်းမိန်သည် ယခင်က ရှုံးနိမ့်ခဲ့သည်ကို တွေးမိတိုင်း မကျေမနပ် ဖြစ်နေသူဖြစ်ရာ ချူလျိုယွဲ့ကို အေးအေးဆေးဆေး မနေစေချင်သဖြင့် ချူလျန်ရှန်းကို လွှတ်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်တွင် ချူလျိုယွဲ့ ဘာဆေးတွေ ဝယ်သလဲဆိုသည်ကို သိချင်သလို၊ တစ်ဖက်တွင်လည်း ချူလျိုယွဲ့ကို ပညာပေးချင်နေသည်။ သို့သော် လမ်းတစ်ဝက်တွင် ပြဿနာတက်နေပြီဟူသော သတင်းကို ရသဖြင့် သူမ အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူမ ရောက်လာသောအခါ ချူလျန်ရှန်းမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ နာကျင်စွာ ညည်းတွားနေပြီး ညာဘက်လက်မောင်းမှာလည်း ပြတ်တောက်နေသည်ကို မြင်လိုက်ရသည်။ ချူလျန်ရှန်းမှာ ညည်းတွားရင်းနှင့်ပင် သူမဆီသို့ တရွတ်တိုက် သွားကာ ငိုယိုပြီး ပြောတော့သည်။
"သမီးတော်! သမီးတော် ကျုပ်အတွက် တရားမျှတမှု ရှာပေးပါဦး! အဲ့ဒီ ဖာ... သမီးကြီးက ကျုပ်ရဲ့ ညာဘက်လက်မောင်းကို ဖြတ်ပစ်လိုက်ပြီ!"
ချူရှန်းမိန်၏ ဒေါသမှာ ချက်ချင်းပင် ထောင်းခနဲ ထွက်သွားတော့သည်။ ချူလျန်ရှန်းသည် သူမ၏ အစေခံဖြစ်ကြောင်း လူတိုင်းသိသည်။ ချူလျိုယွဲ့၏ လုပ်ရပ်မှာ သူမ၏ ပါးကို ရိုက်လိုက်သကဲ့သို့ပင်။ သူမက ချူလျိုယွဲ့ကို စိုက်ကြည့်ကာ ရင်ထဲမှ ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း ပြောလိုက်သည်။
"အစ်မ... ဘာတွေ ဖြစ်နေတာလဲဆိုတာ ငါသိလို့ရမလား? ငါ့ကို ရှင်းလင်းချက်တစ်ခုတော့ ပေးသင့်တယ် မဟုတ်ဘူးလား?"