အခန်း ၈၇ — အားပြိုင်မှု
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ ဖီးနစ် စားသောက်ဆိုင်သို့ လာရောက်သူဦးရေမှာ တစ်စတစ်စ ပိုမိုများပြားလာသည်။ မြို့တော်ရှိ ချမ်းသာကြွယ်ဝပြီး အရှိန်အဝါကြီးမားသော မိသားစုဝင် အတော်များများ ရောက်ရှိလာကြပြီ ဖြစ်သည်။ စောစောက တိတ်ဆိတ်ငြိမ်သက်နေသော စားသောက်ဆိုင်ကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်အမင်း စည်ကားသိုက်မြိုက်သွားတော့သည်။
လူအများအပြားမှာ ချူနင်နှင့် နှုတ်ဆက်စကား ဆိုရန် တစ်ဦးပြီးတစ်ဦး ရောက်လာကြသော်လည်း ချူလျိုယွဲ့ကိုမူ မသိမသာ အကဲခတ်နေမိကြဆဲပင်။ အချို့က စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသလို အချို့မှာမူ ဝေခွဲမရဖြစ်နေကြပြီး အချို့၏ အကြည့်များတွင်မူ ကြောက်ရွံ့မှုများပင် အရိပ်ထင်နေသည်။
ဤမိန်းကလေး၏ အဆင့်အတန်းမှာ သေချာပေါက် ထူးခြားနေပေလိမ့်မည်။ သို့မဟုတ်ပါက ကျိန်းပေါင်ဆောင်၏ ဒုတိယသခင်ကြီး ယန်က သူမအပေါ် ဤမျှအထိ အလေးထား ဂရုစိုက်နေစရာ အကြောင်းမရှိချေ။ အနည်းဆုံးတော့ ကျိန်းပေါင်ဆောင်က သူမ၏ ကျောထောက်နောက်ခံအဖြစ် ရှိနေသရွေ့ နောင်တွင် သူမကို ဗြောင်ကျကျ ရန်စရဲသူ ရှားပေလိမ့်မည်။ အကျိုးဆက်ကို မကြောက်ဘဲ အိမ်ရှေ့မင်းသားနှင့် ချူမိသားစုကို သူမ ဘာကြောင့် ရန်စဝံ့သနည်းဆိုသည်မှာ မဆန်းတော့ချေ။ ဤမျှ ခိုင်မာသော ကျောထောက်နောက်ခံ ရှိနေမှတော့ ဒါက အံ့ဩစရာ မဟုတ်တော့ပါချေ။
ချူလျိုယွဲ့သည်လည်း သူမအပေါ် ကျရောက်နေသော အမျိုးမျိုးသော အကြည့်များကို သတိပြုမိသည်။ သူမ၏ မျက်နှာပြင်မှာ တည်ငြိမ်နေသော်လည်း လက်တွေ့တွင်မူ သူမကိုယ်တိုင်ပင် ပို၍ ဝေခွဲမရ ဖြစ်လာရသည်။
ကျိန်းပေါင်ဆောင်ရဲ့ 'သူဌေးကြီး' က တကယ်ပဲ ဘယ်သူလဲ? သူက ငါ့ကို ဘာလို့ ဒီလောက်အထိ ကူညီနေတာလဲ၊ မြို့တော်တစ်ခုလုံးက သူ့ကို ဒီလောက်အထိ ကြောက်နေရအောင် သူက ဘာတွေများ လုပ်ခဲ့လို့လဲ?
ဒီနေ့ ဖီးနစ် စားသောက်ဆိုင်ကို လာကြတဲ့သူတွေဟာ အိမ်ရှေ့မင်းသားနဲ့ ချူမိသားစုကို ရန်စလိုက်သလို ဖြစ်နေမှာ အမှန်ပဲ။ ဒါတောင်မှ သူတို့က ရောက်လာကြသေးတယ်! ဒီပွဲပြီးရင်တော့ အားလုံးကို သေသေချာချာ စုံစမ်းရမယ်...။
ချူလျိုယွဲ့သည် ထိုအတွေးများကို ခေတ္တဘေးဖယ်ထားကာ ဧည့်သည်များကို နှုတ်ဆက်ရန် ချူနင်၏နောက်မှ လိုက်ပါသွားသည်။ ယန်ကောသည်လည်း သူတို့ဘေးတွင် ရပ်နေရင်း ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေ၏။ သူ၏ အမူအရာမှာ အိမ်ရှင်များထက်ပင် ပို၍ တက်ကြွကာ ရိုးသားလွန်းလှသည်။
ချူနင်သည် ယခင်က နာမည်ကြီးခဲ့သူ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ လူမသိသူမသိ နေထိုင်ခဲ့ရသူဖြစ်သည်။ ရုတ်တရက် ကျန်းမာရေး ပြန်ကောင်းလာပြီး လူပုံအလယ် ပြန်ရောက်လာချိန်တွင် သူ အနည်းငယ် အနေရခက်နေသေးသည်။ ကျိန်းပေါင်ဆောင်၏ ဒုတိယအကြီးအကဲ ဖြစ်သော ယန်ကောမှာမူ လူပေါင်းစုံနှင့် ဆက်ဆံရာတွင် အလွန်ပင် ကျွမ်းကျင်လှသူဖြစ်သည်။ သူ ရှိနေခြင်းက ချူလျိုယွဲ့နှင့် ချူနင်တို့အတွက် အရာရာကို ပို၍ အဆင်ပြေချောမွေ့သွားစေသည်။
အချို့သော လူများမှာ ဤသည်ကို မြင်သောအခါ တိုးတိုးတိတ်တိတ် ပြောဆိုနေကြတော့သည်။
"ဒုတိယသခင်ကြီး ယန်ဆိုတာ အမြဲတမ်း ဂုဏ်ကြီးတဲ့သူလေ။ မင်းသားတွေ၊ မင်းသမီးတွေတောင် သူ့ကို ရိုရိုသေသေ ဆက်ဆံကြတာ။ သူက တစ်စုံတစ်ယောက်ကို ဒီလိုမျိုး အောက်ကျနောက်ကျ ဆက်ဆံတာ မင်းတို့ မြင်ဖူးလို့လား"
"ဟုတ်တယ်ဗျ။ ဒီမနက် ကျိန်းပေါင်ဆောင်က လူတွေ လာမယ်လို့ ကြားတုန်းက ငါ သိပ်ပြီး အထင်မကြီးမိဘူး။ ချူနင်က အစွမ်းကုန် ကြိုးစားပြီး ဖိတ်ထားလို့ နေမှာပါလို့ပဲ ထင်ခဲ့တာ။ ဘယ်သူက သိမှာလဲ... ဒါက ဒုတိယသခင်ကြီး ယန်က နောက်ဆုံးမိနစ်မှ တမင်သက်သက် စီစဉ်လိုက်တာပဲ!"
"ဟေ့... မင်းတို့ရော သတိထားမိလား။ သူက ချူလျိုယွဲ့ကို ပိုပြီး ဂရုစိုက်နေသလိုပဲနော်။ ကြည့်ရတာ... တစ်ခုခုကို ကြောက်နေရသလိုမျိုးလား? ချူလျိုယွဲ့က တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောလိုက်တာကိုတောင် သူက အလေးအနက် ထားနေတာ! တောက်... သူက သူမကို စိတ်ဝင်စားနေတာများလား"
"ရှူး! ပါးစပ် ဆင်ခြင်စမ်း! မင်းတို့က နောက်ကျမှ ရောက်လာတာကိုး။ စောစောက ဒုတိယသခင်ကြီး ယန် ကိုယ်တိုင် ပြောခဲ့တယ်... သူက သူ့သခင်ရဲ့ အမိန့်ကို နာခံနေတာပါတဲ့!"
"ဒါက ထူးဆန်းတာပဲ။ သူ့မှာ ဇနီးသည် ရှိပြီးသား မဟုတ်လား..."
"ချူလျိုယွဲ့က ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဒါတွေကို ရအောင်လုပ်လိုက်လဲ ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ကျိန်းပေါင်ဆောင် ရှိနေသရွေ့ အိမ်ရှေ့မင်းသားနဲ့ ချူမိသားစုက သူမကို လောလောဆယ် ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး! နောင်ကျရင် ပွဲက ပိုကောင်းလာဦးမယ်လို့ ငါ ယုံကြည်တယ်!"
...
"မင်း ပြောတာ အတည်လား။ အိုးရှန့်ထျန်းနဲ့ တခြားလူတွေ တကယ်သွားကြတာလား"
လုကျစ်ထောင်၏ စကားကို ကြားရသောအခါ လုမိသားစုဝင်များ အံ့ဩသွားကြသည်။
"ကျွန်တော် ပြောတာ အမှန်တွေချည်းပဲ! ချူလျိုယွဲ့က အိမ်ရှေ့မင်းသားနဲ့ ချူမိသားစုကို ရန်စထားတော့ ဖီးနစ် စားသောက်ဆိုင် တစ်ဆိုင်လုံးကို ငှားထားရင်တောင် ဘယ်သူမှ လာမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ မကြာခင်မှာတင် လူတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတာပဲ။ အဆင့်အတန်း မြင့်တဲ့သူတွေလည်း အများကြီးပဲ! အဲဒါကြောင့် ကျွန်တော် ချက်ချင်း ပြန်လာသတင်းပို့တာ"
လုကျစ်ထောင်သည် ရောက်ရှိနေသည့် ထင်ရှားကျော်ကြားသော အမည်များကို ပြန်လည် စဉ်းစားမိတိုင်း ရင်ထဲတွင် တုန်လှုပ်သွားရသည်။ မင်းသား၊ မင်းသမီးတွေရဲ့ စားသောက်ပွဲမှာတောင် လူ ဒီလောက်အထိ စည်ပါ့မလား မသိချေ။
လုမိသားစုဝင်များ တိတ်ဆိတ်သွားကြသည်။ လုဖေးရန့်က ဘေးမှနေ၍ အထင်သေးသလို နားထောင်နေသည်။
"အဲဒါ ဘာဖြစ်လဲ။ အိုးမိသားစုက အားကောင်းတယ် ဆိုပေမဲ့ ငါတို့နဲ့ ယှဉ်လို့တောင် ရတာ မဟုတ်ဘူး! တော်ဝင်မိသားစုကို ဖယ်လိုက်ရင် ငါတို့ မိသားစုကြီး လေးခုက မြို့တော်မှာ အရှိန်အဝါ အကြီးဆုံးပဲ။ စီထင်နဲ့ စီယန်တို့ ရောက်နေတယ် ဆိုပေမဲ့ ကျန်တဲ့ မိသားစု သုံးခုက လှုပ်ရှားမှု မရှိသေးဘူးလေ! အဲဒီလူတွေ သွားတာ ဘာမှ အဓိပ္ပာယ် မရှိပါဘူး!"
လုမိသားစု အကြီးအကဲ လုမင်၏ မျက်နှာမှာ ညိုမှောင်နေသည်။ "မိုက်မဲလိုက်တာ! တစ်ဦးချင်းအနေနဲ့ ဆိုရင်တော့ သူတို့ထဲက ဘယ်သူမှ မိသားစုကြီး လေးခုကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ သူတို့အားလုံး ပေါင်းစည်းသွားရင်တော့ လျစ်လျူရှုလို့ မရဘူး! ချူနင် တပ်မှူးချုပ် ဖြစ်လာတာ တစ်ခုတည်းနဲ့တင် သူတို့ အများကြီး သွားစရာ အကြောင်းမရှိဘူး! ဒီကိစ္စနောက်ကွယ်မှာ တစ်ခုခု ရှိနေတာ သေချာတယ်!"
လုဖေးရန့်သည် အဆူခံလိုက်ရသဖြင့် စိတ်မကောင်း ဖြစ်သွားသည်။ သို့သော်လည်း လုမင်၏ ညိုမှောင်နေသော မျက်နှာပေးကို မြင်လိုက်ရသောအခါ သူမ ပြန်မပြောဝံ့တော့ချေ။
"ဘယ်သူသွားသွား၊ မသွားသွား ကျွန်မကတော့ ဂရုမစိုက်ဘူး၊ ကျွန်မလည်း မသွားဘူး! ချူလျိုယွဲ့က သူမရဲ့ မနာလိုစိတ်ကြောင့်မိန်မိန်ရဲ့ မျက်နှာကို ဖျက်ဆီးခဲ့တာ။ ကျွန်မသာ သွားရင် ကျွန်မမျက်နှာကိုလည်း ဖျက်ဆီးပစ်ဦးမှာ!"
လုကျစ်ထောင်က နားထောင်ရင်း နှာခေါင်းရှုံ့လိုက်မိသည်။ "အစ်မကြီး... ကျွန်တော်ကတော့ အစ်မပြောတာကို သဘောမတူဘူး။မိန်မိန်က လှတယ်ဆိုပေမဲ့ ချူလျိုယွဲ့က သူမထက် အများကြီး ပိုလှတာလေ။ သူမက ဘာလို့ မိန်မိန်ကို မနာလို ဖြစ်ရမှာလဲ။မိန်မိန်ကပဲ သူမကို သွားရန်စမိလို့ ဒုက္ခရောက်သွားတာ ဖြစ်ဖို့များပါတယ်..."
"စတုတ္ထလေး... မင်း ဘာကို ဆိုလိုတာလဲ။ မင်းက အဲဒီမိန်းမယုတ်ကို စိတ်ဝင်စားနေတာလား" လုဖေးရန့်က မျက်လုံးပြူးကာ သူ့ကို စိုက်ကြည့်ရင်း အော်ဟောက်လိုက်သည်။
လုကျစ်ထောင်က ရင်ထဲတွင် လှောင်ပြောင်လိုက်မိသည်။ လုဖေးရန့်သည် ထျန်းလုအကယ်ဒမီကို တက်ခွင့်ရထားသူ ဖြစ်သဖြင့် မိသားစုအတွင်း အမြဲတမ်း ဗိုလ်ကျစိုးမိုးနေသူဖြစ်သည်။ သူမသည် မည်သူကမျှ သူမကို ရန်မစဝံ့သည့်အလား ပြုမူတတ်သည်။ သူမ၏ ထိုအမူအရာကို သူ မနှစ်မြို့သည်မှာ ကြာလှပြီ။
"ကျွန်တော် ပြောတာ အမှန်တရား မဟုတ်လို့လား။ ပြီးတော့ ချူလျိုယွဲ့က ပါရမီရှင်တစ်ယောက်အနေနဲ့ လူတိုင်းရဲ့ အားကျမှုကို ရနေပြီလေ၊ ဖခင်ဖြစ်သူကလည်း တပ်မှူးချုပ်ကြီးဆိုတော့... အမျိုးသား အများကြီးက သူမကို လက်ထပ်ဖို့ တောင်းဆိုကြမှာပဲ! မိန်မိန်ရဲ့ ဂုဏ်သိက္ခာနဲ့ မျက်နှာကတော့ ပျက်စီးသွားပြီ။ အိမ်ရှေ့မင်းသားကလည်း သူမကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ အစ်မကြီး... သူမနဲ့ ဝေးဝေးနေဖို့ ကျွန်တော် အကြံပေးချင်တယ်!"
"မင်း..."
"တော်ပြီ! အားလုံး ပါးစပ်ပိတ်ထားစမ်း!" လုမင်က ခက်ထန်စွာ ဟန့်တားလိုက်သည်။ "ဒီနေ့ မင်းတို့အားလုံး အိမ်မှာပဲ နေရမယ်! ဘယ်သူမှ အပြင်မထွက်နဲ့! ငါ အိမ်ရှေ့မင်းသား နန်းတော်ကို သွားဦးမယ်"
လုမိသားစုသည် အိမ်ရှေ့မင်းသားနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိစေရန် ကြိုးစားအားထုတ်ခဲ့ရသည်။ ယခုကဲ့သို့ အချိန်မျိုးတွင် သူတို့၏ သစ္စာရှိမှုကို ပြသရန် ပို၍ပင် အရေးကြီးလှသည်! ကျိန်းပေါင်ဆောင်က ဘယ်လောက်ပဲ အင်အားကြီးပါစေ၊ တော်ဝင်နန်းတော်ကိုတော့ မယှဉ်နိုင်ပါချေ။ ရောင်ချန်နိုင်ငံမှာတော့ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူရဲ့ စကားကသာ အတည် ဖြစ်သည် မဟုတ်ပါလား!
...