အခန်း ၈၆ — အကာအကွယ်
"ဟားဟားဟား! ညီအစ်ကို ချူနင်... ဂုဏ်ယူပါတယ်ဗျာ!"
ရယ်မောသံနှင့်အတူ လူကြီးလူကောင်း အချို့ ဖီးနစ် စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်။ ချူနင်သည် မိမိ၏ အံ့ဩမှုကို ထိန်းချုပ်ရင်း သူတို့ကို ခရီးဦးကြိုပြုရန် ရှေ့သို့ တက်လိုက်သည်။
"ညီအစ်ကို ရှန့်ထျန်း... ခင်ဗျားတို့အားလုံး ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာကြတာလဲ"
ဤလူများမှာ မြင့်မားသော အဆင့်အတန်းရှိသူများ ဖြစ်ကြသည်။ မူအားဖြင့်ဆိုလျှင် သူတို့ ဤနေရာသို့ လာစရာ အကြောင်းမရှိပေ...။
"ညီအစ်ကို ချူနင်က နှစ်ပေါင်းများစွာ ကြာပြီးမှ တစ်ကျော့ပြန်လာနိုင်ခဲ့တာလေ၊ အခုဆို နန်းတွင်းကိုယ်ရံတော် တပ်မှူးချုပ်ကြီးတောင် ဖြစ်နေပြီ။ ခင်ဗျားရဲ့ ချစ်သမီးလေးကလည်း ထူးချွန်ထက်မြက်တဲ့ ပါရမီနဲ့ ထျန်းလုအကယ်ဒမီကို တက်ခွင့်ရခဲ့တာဆိုတော့... သေချာပေါက် ကျွန်တော်တို့ လာပြီး ဂုဏ်ပြုရမှာပေါ့!"
အိုးရှန့်ထျန်းက ချူနင်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။ ကျန်ရှိသူများကလည်း ခေါင်းငြိမ့် ထောက်ခံကြ၏။ သူတို့အားလုံးမှာ ထိုအကြောင်းပြချက်များကြောင့်ပင် ရောက်လာကြခြင်း ဖြစ်သည်။ သို့သော်လည်း ချူနင်၏ သံသယမှာ ပို၍သာ နက်ရှိုင်းလာတော့သည်။ သူသည် ဤလူများကို သိသော်လည်း ထိုမျှအထိ ရင်းနှီးကြသည်မဟုတ်။ သူတို့အားလုံးမှာ ကိုယ့်မိသားစု၏ ထူးချွန်သူများ ဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး အထူးတလည် ရင်းနှီးရန်မှာ မလွယ်ကူလှချေ။
သူသည် လွန်ခဲ့သော နှစ်များစွာကတည်းက ဘဝပျက်နေခဲ့သူဖြစ်ရာ လူအနည်းငယ်ကသာ သူ့ကို အဖက်လုပ်ခဲ့ကြသည်။ ဤလူများ၏ အဆင့်အတန်းနှင့်ဆိုလျှင် သူနှင့် ယွဲ့အာ၏ အခြေအနေ ပြောင်းလဲသွားသည့်တိုင် သူတို့ ကိုယ်တိုင် ကိုယ်ကျ လာရောက်ရန် မလိုအပ်ချေ။ သူသည် မနေနိုင်ဘဲ ယန်ကောကို တစ်ချက် ကြည့်လိုက်မိသည်။
စောစောက ပြောလိုက်သော စကားကို သူ အတိုင်းသား ကြားလိုက်ရသည် မဟုတ်ပါလား။ ကျိန်းပေါင်ဆောင် သခင်ကြီးက ယွဲ့အာ၏ စားသောက်ပွဲကို စည်ကားသထက် စည်ကားအောင် လုပ်ပေးရန် မှာကြားခဲ့သည်ဟု ဆိုသည်။ ဖီးနစ် စားသောက်ဆိုင်ကို ငှားရမ်းပေးရုံတင်မကဘဲ ကျွန်တော်တို့ ကိုယ်စား ဧည့်သည်တွေကိုပါ ဖိတ်ကြားပေးထားတာများလား...။
"ညီအစ်ကို ချူနင်... ဒါ ခင်ဗျားရဲ့ သမီးလေး ဖြစ်ရမယ် မဟုတ်လား" အိုးရှန့်ထျန်းနှင့် ကျန်သူများက ချူလျိုယွဲ့ထံသို့ အကြည့်လွှဲလိုက်ကြသည်။
ချူလျိုယွဲ့က သူတို့ကို တစ်ဦးချင်းစီ နှုတ်ဆက်လိုက်သည်။
"မျိုးစေ့ကောင်းမှ အပင်ကောင်းတာပဲ! ညီအစ်ကို ချူနင်... ဒီလောက် ထူးချွန်တဲ့ သမီးလေး ပိုင်ဆိုင်ထားတာ ခင်ဗျားကို ကျွန်တော် တကယ်ပဲ အားကျမိတယ်ဗျာ!"
အိုးရှန့်ထျန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။ သူ ပြောသည်မှာ စိတ်ရင်းပင် ဖြစ်သည်။ ချူလျိုယွဲ့တွင် ရှားပါးလှသော စစ်သည်တော်နှင့် လောကီဆရာသခင် ပါရမီ နှစ်မျိုးစလုံး ရှိကြောင်း မြို့တော်တစ်ခုလုံး သိကြပြီး ဖြစ်သည်။ အဓိကအချက်မှာ သူမသည် နှစ်ဖက်စလုံးတွင် ထူးချွန်နေခြင်းပင်! ကျောင်းတက်သည့် ပထမဆုံးနေ့မှာတင် သူမသည် သူမ၏ မျိုးဆက်တွင် အကောင်းဆုံး စစ်သည်တော်နှင့် ဒုတိယအတော်ဆုံး လောကီဆရာသခင် ဖြစ်လာခဲ့သည်။ မည်သူကများ အားမကျဘဲ နေနိုင်ပါမည်နည်း။
ချူလျိုယွဲ့ကို အသုံးမကျသူဟု ကောလာဟလ ထွက်ခဲ့သလို ချူနင်မှာလည်း ဒဏ်ရာကြောင့် ဘဝပျက်နေခဲ့ရသည်။ သူတို့နှစ်ဦးစလုံး ယခုကဲ့သို့ အခြေအနေသို့ ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ကျွန်တော်တို့ နောက်မကျသေးဘူး မဟုတ်လား" စွန်းရှက မေးလိုက်သည်။
ချူနင်က ပြုံးလျက် ခေါင်းခါပြလိုက်၏။ "အချိန်ကိုက်ပါပဲခင်ဗျာ... ကြွကြပါဦး..."
အောက်ထပ်မှ ဆူညံသံများကို ကြားရသောအခါ ဒုတိယထပ်ရှိ လူငယ်များမှာ ဂနာမငြိမ် ဖြစ်လာကြသည်။
"ငါ့အဖေရဲ့ အသံကို ကြားလိုက်သလိုပဲ ဘာလို့လဲမသိဘူး" အိုးကျန်းက ဝေခွဲမရစွာ မေးလိုက်သည်။ "ဒီမုခင်းက ငါ့ကို ရိုက်လိုက်တာ များသွားလို့ ငါ နားကြားမှားနေတာလား"
"ဖြစ်နိုင်တယ်... ဒါပေမဲ့ ငါလည်း ငါ့အဖေရဲ့ အသံကို ကြားလိုက်ရသလိုပဲ" စွန်းရှောင်ရှန်းသည် တံခါးဝသို့ လျှောက်သွားကာ ဝရံတာမှ ငုံ့ကြည့်လိုက်ပြီးနောက် မှင်တက်သွားတော့သည်။
"ငါ့အဖေ တကယ် ရောက်နေတာပဲ! အိုးကျန်း... မင်းအဖေလည်း ပါတယ်! မင်း နားမကြားမှားဘူး!"
အိုးကျန်း၏ မျက်နှာပေးမှာ တောင့်တင်းသွားပြီး ခေါင်းကို လက်နှင့်အုပ်ကာ ညည်းတွားလိုက်သည်။ "မဖြစ်နိုင်တာ! သူက ဒီအထိ လိုက်လာတာလား။ ငါ မနက်က လာမယ်ပြောတော့ သူက လုံးဝ သဘောမတူဘဲ ငါ့ကို ဆူလိုက်သေးတာ... အခုမှ ခိုးထွက်လာတာလေ! သေပြီ! သေပြီလို့သာ မှတ်လိုက်တော့! ဒီတစ်ခါတော့ အဖေနဲ့ တွေ့ရင် ငါ အသတ်ခံရတော့မယ်။ မဖြစ်ဘူး! ငါ အရင် ပုန်းမှဖြစ်မယ်!"
အိုးကျန်းက ပြတင်းပေါက်မှ ခုန်ချရန် ပြင်လိုက်သည်။
"ဘာလို့ ဒီလောက် တုန်လှုပ်နေတာလဲ!" ဝူရင်ရင်က အိုးကျန်း၏ အင်္ကျီကော်လာကို ဆွဲကာ အထင်သေးသလို ကြည့်လိုက်သည်။ "ကြည့်စမ်း... မင်းအဖေ လာတာပဲလေ။ သူက မင်းကို တကယ် လာဖမ်းတာဆိုရင် မင်း ပြေးလို့ လွတ်ပါ့မလား"
အိုးကျန်းမှာ ပူဆွေးသော မျက်နှာပေးနှင့် ဖြစ်နေတော့သည်။ သူ့အဖေကို သူ ဘယ်လိုမှ မယှဉ်နိုင်သည် မဟုတ်ပါလား။
ဒုတိယထပ်သို့ ရောက်လာကာစ စီထင်က အေးဆေးပင် ပြောလိုက်သည်။ "မင်းအဖေက မင်းကို အပြစ်ပေးဖို့ လာတာ မဟုတ်ဘူး"
အိုးကျန်းသည် အသက်ကယ်ကြိုးကို တွေ့လိုက်ရသည့်အလား စီထင်နားသို့ တိုးသွားသည်။ "စီထင်! မင်း ငါ့ကို ကူညီမှဖြစ်မယ်! ငါ တစ်ခုခု ဖြစ်သွားရင်—"
"သူတို့က ဂုဏ်ပြုဖို့ လာကြတာပါ"
စီထင်၏ စကားကြောင့် ကျန်ရှိသူများမှာ မယုံနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။ "ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မနက်က ငါလာမယ်ပြောတော့ အဖေက ငါ့ကို လူအ လို့တောင် ဆဲလိုက်သေးတာ..." အိုးကျန်းက တိုးတိုးလေး ရေရွတ်နေမိသည်။
စွန်းရှောင်ရှန်းက အော်ပြောလိုက်သည်။ "သူတို့ တကယ် အပေါ်တက်လာနေပြီ! မျက်နှာမှာလည်း အပြုံးတွေနဲ့!"
ကျောင်းသားများမှာ စုရုံး၍ ချောင်းကြည့်လိုက်ကြသည်။ အပေါ်ထပ်သို့ တက်လာသူများမှာ ချူနင်၊ ချူလျိုယွဲ့တို့နှင့် ရင်းရင်းနှီးနှီး စကားပြောဆိုလာကြသည် မဟုတ်ပါလား။
ထိုစဉ် အိုးရှန့်ထျန်းက အပေါ်သို့ မော့ကြည့်လိုက်ရာ အိုးကျန်းကို မြင်သွားသည်။ သားအဖနှစ်ဦး အကြည့်ချင်း ဆုံသွားကြ၏။ အိုးကျန်းမှာ ချက်ချင်းပင် ထွက်ပြေးရန် ပြင်လိုက်သည်။ "သူငယ်ချင်းတို့... ငါတော့..."
"ဟားဟား! အိုးကျန်း... မင်း ရောက်နေတာကိုး!"
အိုးကျန်းသည် ပုန်းနေ၍ မရတော့မှန်း သိလိုက်သဖြင့် တောင့်တောင့်ကြီး ပြုံးလိုက်ရသည်။ "အဖေ..."
"ဒီကလေးကတော့... ငါ့ကိုတောင် မစောင့်ဘူး။ လက်ဆောင်တွေရော သေချာ ပြင်မလာဘူး မဟုတ်လား"
အဆူခံရတော့မည်ဟု စောင့်နေသော အိုးကျန်း: "?"
"ဒါပေမဲ့ အဖေက လက်ဆောင် ယူလာပြီးသားပါ။ နောက်တစ်ခါကျရင် ဒီလောက်အထိ ပေါ့ပေါ့တန်တန် မလုပ်နဲ့ သိလား"
အိုးကျန်း မျက်လုံးများ ပြူးသွားတော့သည်။ ချူမိသားစုကို ရန်စတာ မသင့်တော်ဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ? ငါ့ကို တားခဲ့တာ ဘယ်သူလဲ? ငါ့ကို လူအ လို့ ဆဲခဲ့တာ ဘယ်သူလဲ?
ဘေးမှ စွန်းရှက ဝင်ပြောလိုက်သည်။ "ညီအစ်ကို ရှန့်ထျန်းရာ... စိတ်မဆိုးပါနဲ့။ ကလေးတွေဆိုတာ ပျော်ချင်ကြတာပဲလေ။ သူတို့က ဒါတွေကို ဘယ်လိုလုပ် ထည့်စဉ်းစားတတ်ပါ့မလဲ။ ကြည့်ပါဦး! ငါ့သမီး ရှောင်ရှန်းလည်း ဘာမှ ယူမလာဘူး။ လူကြီးတွေပဲ ဒီတာဝန်ကို ယူရမှာပေါ့..."
ဝင်ပါမိသွားသော စွန်းရှောင်ရှန်း: "?"
"လူကြီးမင်းတို့ခင်ဗျာ... ခင်ဗျားတို့အတွက် အခန်းက ဒီဘက်မှာပါ။ ကြွကြပါဦး..." စုဟွေးသည် ပါးနပ်သူဖြစ်ရာ လူကြီးများကို ကလေးများနှင့် ဝေးရာ အခန်းတစ်ခုသို့ စီစဉ်ပေးလိုက်သည်။ စီယန်ကတော့ စုဟွေးကို တိတ်တဆိတ် လက်မထောင် ပြလိုက်မိသည်။
လူကြီးများ ထွက်သွားကြပြီးနောက် လူငယ်များမှာ အသိပြန်မဝင်နိုင်ကြသေးချေ။ "ဒါက... သူတို့က အရာရှိချူကြောင့် လာကြတာလား"
စီထင်သည် သူတို့နောက်တွင် ရပ်နေရင်း အောက်ထပ်မှ မိန်းကလေးကို တိတ်တဆိတ် ကြည့်နေမိသည်။ ချူလျိုယွဲ့သည် သွယ်လျပြီး တည်ငြိမ်လှကာ သူမ၏ နက်မှောင်သော ဆံကေသာများကို ဖားလျားချထားသည်။
အိုးရှန့်ထျန်းနှင့် ကျန်သူများသည် ချူနင်ကြောင့် လာကြခြင်း မဟုတ်မှန်း သူ သိသည်။ မဟုတ်ဘူး... သူတို့က သူမကြောင့် လာကြတာ။
မမြင်ရသော လက်တစ်စုံက သူမကို မြို့တော်၏ ရှုပ်ထွေးမှုများကြားမှ ကာကွယ်ပေးထားသလိုပင်။ အဲဒီလူက... ဘယ်သူများလဲ?!