အခန်း ၈၄ — ပြိုင်ဆိုင်မှု
"ဒါက လက်ဆောင်အသေးအမွှားလေးပါ၊ ဘာမှမဟုတ်ပါဘူး။ သခင်မလေး လျိုယွဲ့ အနေနဲ့ ဒါကို သေချာပေါက် လက်ခံပေးရပါမယ်"
အပြင်ဘက်တွင် တောင်ပုံရာပုံ ဖြစ်နေသော လက်ဆောင်သေတ္တာများကို ကြည့်ရင်း ချူလျိုယွဲ့ ဆွံ့အသွားရသည်။ လက်ဆောင်အသေးအမွှားတဲ့လား... ယန်ကောက ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်မှုလွဲနေတာလား၊ ဒါမှမဟုတ် ကျိန်းပေါင်ဆောင်မှာ ပိုက်ဆံတွေ သိပ်ပေါနေတာလား။
သို့သော်လည်း နောက်ဆုံးတွင် ချူလျိုယွဲ့ လက်ခံလိုက်ရတော့သည်။ ယန်ကော၏ ပြတ်သားလှသော မျက်နှာပေးကို ကြည့်ခြင်းအားဖြင့် သူမသာ ငြင်းပယ်လိုက်ပါက သူ့ကို အထင်သေးရာ ရောက်ပေလိမ့်မည်။
"ဒါဆိုရင်လည်း ရှင်တို့ရဲ့ စေတနာကို ကျွန်မ ရိုရိုသေသေပဲ လက်ခံလိုက်ပါ့မယ်"
သူမ လက်ခံလိုက်ပြီဆိုမှ ယန်ကောမှာ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ သူ့သခင်က ချူလျိုယွဲ့အတွက် လက်ဆောင်တွေ ရွေးနေသည်ဟု ကြားလိုက်ရစဉ်က သူ၏ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားခဲ့ရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ သူ့သခင်ရဲ့ ကောလာဟလထဲက အမျိုးသမီးဟာ သူနဲ့ မကြာသေးခင်ကမှ အရောင်းအဝယ် လုပ်ထားတဲ့ ချူမိသားစုရဲ့ သခင်မကြီး ချူလျိုယွဲ့ ဖြစ်နေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိချေ။
"ကောင်းပါပြီ! ကောင်းပါပြီ! သခင်မလေး လျိုယွဲ့မှာ ဒီလောက် ထူးချွန်တဲ့ ပါရမီ ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ တကယ်ကို အံ့ဩသွားရပါတယ်"
ဒါက အမှန်တရားပင်။ အားလုံးက အသုံးမကျသူဟု ထင်ထားသည့် ချူလျိုယွဲ့သည် ထျန်းလုအကယ်ဒမီကို ဝင်ခွင့်ရရုံသာမက ဤမျှ ကောင်းမွန်သော ရလဒ်များ ရရှိလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ချူလျိုယွဲ့၏ ပါရမီနှင့် သည်းခံနိုင်စွမ်းကို ကြည့်ခြင်းအားဖြင့် မိန်းကလေးများကို စိတ်မဝင်စားတတ်သော သူ့သခင်က သူမကို ဘာကြောင့် စွဲလန်းသွားရသနည်းဆိုသည်မှာ မေးနေစရာပင် မလိုတော့ချေ။
ယန်ကောသည် အမဲလိုက်ကွင်း အရောင်းအဝယ် ကိစ္စတုန်းက ချူလျိုယွဲ့နှင့် ဆက်ဆံဖူးသဖြင့် သူမကို အတော်ပင် အထင်ကြီးခဲ့မိသည်။ ယခုအခါ သူမသည် သူ့သခင်၏ အသည်းစွဲ ဖြစ်နေမှန်း သိလိုက်ရသောအခါ သူ၏ သဘောထားမှာ ပို၍ပင် ကောင်းမွန်လာတော့သည်။
သူက ချူနင်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ "ခင်ဗျား ကျန်းမာရေး ပြန်ကောင်းလာပြီး အခုတော့ နန်းတွင်းကိုယ်ရံတော် တပ်မှူးချုပ်ကြီး ဖြစ်နေပြီလို့ ကြားရပါတယ်။ ကျွန်တော် ဂုဏ်မပြုရသေးဘူးနော်"
"ဒုတိယသခင်ကြီး ယန်ကလည်း... အားနာစရာကြီးဗျာ" ချူနင်က ရှေ့သို့ လှမ်းလာပြီး ချူလျိုယွဲ့ကို ချစ်ခင်စွာ ကြည့်လိုက်သည်။ "ကျွန်တော့် ယွဲ့အာသာ မရှိရင်..."
သူက စကားကို ရပ်လိုက်ပြီး ဆက်မပြောတော့ချေ။ ယွဲ့အာသည် စာမေးပွဲ သုံးမျိုးစလုံး အောင်မြင်ပြီး အကယ်ဒမီသို့ ဝင်ခွင့်ရခဲ့သော်လည်း သူမ၏ အထင်ရှားဆုံး အောင်မြင်မှုများမှာ လောကီဆရာသခင်အဆင့် အကဲဖြတ်ပွဲတွင် ဒုတိယ၊ စစ်သည်တော် အကဲဖြတ်ပွဲတွင် ပထမ ရရှိခြင်းတို့ ဖြစ်သည်။
သူမ၏ နတ်ဆေးဆရာ ပါရမီကိုမူ မည်သူကမှ ထည့်မပြောကြချေ။ သူမသည် နတ်ဆေးဆရာ အကဲဖြတ်ပွဲတွင်လည်း မပါဝင်ခဲ့သလို ဝင်ခွင့်စာမေးပွဲတွင်လည်း ထိုဘာသာရပ်ကို အနိုင်နိုင်သာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယွဲ့အာသည် နတ်ဆေးဆရာအဖြစ် ဝင်ရောက်လိမ့်မည်ဟု ချူနင် အစက ထင်ထားခဲ့သော်လည်း သူမက သူမ၏ ပါရမီကို တမင်တကာ ဖုံးကွယ်ထားပုံရသည်။ ဘာကြောင့်လဲဆိုသည်ကို သူ မသိသော်လည်း ယွဲ့အာတွင် သေချာပေါက် အကြောင်းပြချက် ရှိပေလိမ့်မည်။ အနည်းဆုံးတော့ သူမ၏ လက်ထဲတွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေသေးသည် မဟုတ်ပါလား။
ချူလျိုယွဲ့က ပြုံးလျက် "ဖေဖေကလည်း ဘာတွေ ပြောနေတာလဲ။ သမီးတို့ အတူတူ ရုန်းကန်လာတာ နှစ်တွေ အများကြီး ရှိပါပြီ။ အခုတော့ ခက်ခဲတဲ့ ရက်တွေကို ဖြတ်ကျော်နိုင်ခဲ့ပြီပေါ့။ ဖေဖေ သမီးနဲ့ ရှိနေပေးတာက သမီးအတွက် ကံကောင်းခြင်းပါပဲ"
ချူနင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ "ယွဲ့အာ ပြောတာ မှန်တယ်! ဒီနေ့တော့ သေချာ ဂုဏ်ပြုရမယ်! ဒုတိယသခင်ကြီး ယန်... အထဲကို ကြွပါဦး"
'အထဲ' ဆိုသည်မှာ စားသောက်ဆိုင်၏ အလယ်ဗဟို ပိုကျသော နေရာကို ဆိုလိုခြင်း ဖြစ်သည်။ ယန်ကော ကိုယ်တိုင် စားသောက်ပွဲသို့ တက်ရောက်ခြင်းမှာ ကျိန်းပေါင်ဆောင်က ဤသားအဖ နှစ်ဦးဘက်မှ ရပ်တည်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မြို့တော်တွင် လက်ရှိ ကျိန်းပေါင်ဆောင်၏ အဆင့်အတန်းနှင့်ဆိုလျှင် ဤကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ အလွန်ပင် ရှားပါးလှသည်။
"ဟားဟား... အရာရှိ ချူနင်နဲ့ သခင်မလေး လျိုယွဲ့တို့က ဒီနေ့ရဲ့ တကယ့်အိမ်ရှင်တွေပဲ။ ခင်ဗျားတို့ အရင်ဝင်ကြပါ" ယန်ကောက ပြုံးလျက် ပြန်ဖြေလိုက်သော်လည်း သူ၏ အကြည့်မှာ မသိမသာ ချူလျိုယွဲ့ထံသို့ ရောက်သွားသည်။
ဟာသပဲ! ငါကများ သခင်လေးရဲ့ အမျိုးသမီးရှေ့ကနေ လမ်းလျှောက်ရဲပါ့မလား။
ဒုတိယသခင်ကြီး ယန်သည် ဒီနေ့ အလွန် ထူးဆန်းနေကြောင်း ချူလျိုယွဲ့ သတိပြုမိလိုက်သည်။ သို့သော်လည်း အခုက မေးခွန်းထုတ်ရမည့် အချိန်မဟုတ်ချေ။ ယန်ကောက အတင်းပင် တောင်းဆိုနေသဖြင့် သူမလည်း ထပ်မံ အတင်းအကျပ် မလုပ်တော့ပေ။
"ဒါဆိုရင်လည်း ဒုတိယသခင်ကြီး ယန်... အားမနာဘဲ ကိုယ့်အိမ်လိုပဲ သဘောထားပါနော်"
ယန်ကောက ချက်ချင်းပင် ပျော်ရွှင်စွာ သဘောတူလိုက်သည်။ ချူလျိုယွဲ့၏ ခေါင်းထဲတွင် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားပြီး သူမက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဒါနဲ့ ဒုတိယသခင်ကြီး... အမဲလိုက်ကွင်းထဲမှာ အဆင့်မြင့် မိစ္ဆာသားရဲတွေ ပေါ်လာတယ်လို့ ကြားပါတယ်။ အဲဒါတွေက ဘယ်အဆင့်လောက် ရှိလဲဆိုတာ သိရမလားဟင်"
ယန်ကောသည် ထိုစကားကို ကြားသောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ချောင်းဟန့်လိုက်သည်။ "တကယ်တော့... အရင်က အဆင့်မြင့် မိစ္ဆာသားရဲတွေရဲ့ အစအနကိုပဲ တွေ့ခဲ့တာပါ။ အဲဒါတွေက တကယ့်ကို ဘာလဲဆိုတာတော့ မမြင်ရသေးဘူး။ ဒါပေမဲ့... သူတို့ရဲ့ အဆင့်ကတော့ မနိမ့်လောက်ဘူးလို့ ထင်တာပဲ..."
ချူလျိုယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ အဆင့်မြင့် မိစ္ဆာသားရဲဆိုသည်မှာ တွေ့ရခဲလှသဖြင့် ယန်ကောက ဤကဲ့သို့ အရေးကြီးသော ကိစ္စရပ်များကို အသေးစိတ် မပြောချင်သည်မှာ သဘာဝကျလှသည်။
ချူနင်က တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ယန်ကော ခေါ်လာသော လူများမှလွဲ၍ အခြားသူ တစ်ယောက်မှ ရောက်မလာသေးသည်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ပြောလိုက်သည်။ "ဖီးနစ် စားသောက်ဆိုင် တစ်ဆိုင်လုံးကို ငှားပေးထားတဲ့အတွက် ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ဘူး။ ဒါပေမဲ့ ဒီနေ့ လူအများကြီး လာမှာ မဟုတ်ဘူး ထင်တယ်... ရှင် ပိုက်ဆံတွေ အလကား ကုန်သွားမှာ စိုးလို့ပါ"
ယန်ကောက ရယ်မောလိုက်ပြီး ဘာမှ ပြန်မပြောချေ။ အလကား ကုန်မယ်? မလောက်မှာတောင် ကြောက်နေရတာ!
...
"'စီ' မိသားစုရဲ့ သခင်လေး 'စီထင်' ကြွလာပါပြီ!"
ဒုတိယမြောက် ကြေညာသံကြောင့် ဖီးနစ် စားသောက်ဆိုင်အတွင်းရှိ လူများ အံ့ဩသွားကြသည်။ ချူလျိုယွဲ့ မော့ကြည့်လိုက်ရာ အပြာရောင် ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၏ မျက်နှာမှာ ထက်မြက်ပြီး ချောမောလှသည်။ သူ၏ အရှိန်အဝါမှာ အေးစက်ပြီး မြင့်မြတ်လွန်းလှသဖြင့် ထက်လှသော ဓားတစ်စင်းနှင့် တူလှသည်။
သူက စီထင် ပါလား!
"သူ... သူက ဘာလို့ ဒီကို ရောက်လာတာလဲ" ချူနင် အံ့ဩသွားသည်။
မြို့တော်တွင် ထိပ်တန်း အထက်တန်းလွှာ မိသားစုကြီးအဖြစ် အငြင်းပွားဖွယ်မရှိ သတ်မှတ်ခံထားရသော စီမိသားစုသည် အခြားမိသားစုများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခဲလှသည်။ သို့ဆိုလျှင် ယခုတစ်ကြိမ်တွင် ဘာကြောင့် လူလွှတ်လိုက်ရသနည်း။ ထို့အပြင် စီမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲတွင် အဆင့်အတန်း အမြင့်ဆုံးဖြစ်သော စီထင်ကိုပင် စေလွှတ်လိုက်သေးသည်။
ဤစားသောက်ပွဲသည် ချူလျိုယွဲ့တို့ သားအဖနှင့် ချူမိသားစုတို့အကြား အားပြိုင်မှုတစ်ခုဟု ဆိုနိုင်သည်။ ဤနေရာသို့ လာခြင်းမှာ ချူမိသားစုကို ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်ကြောင်း လူတိုင်းသိကြသည်။ သာမန်အားဖြင့် စဉ်းစားလျှင် စီမိသားစုအနေဖြင့် ဤကိစ္စတွင် ဝင်ပါရန် မလိုအပ်ချေ။ ရွေးချယ်ရမည်ဆိုလျှင်ပင် သူတို့သည် ချူမိသားစုကိုသာ ရွေးချယ်ကြပေလိမ့်မည်။ သို့ဆိုလျှင် ဘာကြောင့်များ...
စီထင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ ရောက်လာသည်။ သူက ချူနင်ကို အရင်ဆုံး ဦးညွှတ်လိုက်သည်။ "ဦးလေးချူကို နှုတ်ခွန်းဆက်သပါတယ်"
ချူနင်က အမြန်ပင် "အားနာစရာတွေ မလုပ်ပါနဲ့ စီထင်ရယ်"
စီထင်သည် မြင့်မြတ်သော်လည်း ခပ်တန်းတန်း အရှိန်အဝါမျိုး ရှိသည်။ သို့သော် သူ၏ အကြည့်မှာ တည်ငြိမ်ပြီး အမူအရာမှာလည်း ယဉ်ကျေးသိမ်မွေ့သဖြင့် ကြည့်ရသူများမှာ စိတ်အနှောင့်အယှက် မဖြစ်ကြချေ။
"ဒါ... စီမိသားစုရဲ့ အကြီးအကဲက လွှတ်လိုက်တာလား" ချူနင်က မဝံ့မရဲ မေးလိုက်သည်။
စီထင် ခေါင်းငြိမ့်လိုက်၏။ "အဘိုးက မကြာသေးခင်က အလုပ်တွေ နည်းနည်းများနေလို့ ကိုယ်တိုင် မလာနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်ကို သူ့ကိုယ်စား လွှတ်လိုက်တာပါ။ ဦးလေး အဆင့် ၅ စစ်သည်တော်အဆင့် ပြန်ရသွားတာကို ကြားတော့ အဘိုးက အလွန်ဝမ်းသာနေပါတယ်။ အချိန်ရရင် ဦးလေးနဲ့ လက်ရည်စမ်းချင်သေးတယ်လို့လည်း မှာလိုက်ပါတယ်"
တကယ်တော့ 'စီယဲ့' သည် ချူနင်ထက် အသက်အနည်းငယ်သာ ကြီးသူဖြစ်သည်။ သူတို့နှစ်ဦးမှာ ယခင်က ရင်းနှီးမှု ရှိခဲ့ကြသော်လည်း နောက်ပိုင်းတွင် ချူနင် ဒဏ်ရာရသွားပြီး စီယဲ့က စီမိသားစု၏ အကြီးအကဲ ဖြစ်လာသောအခါ သူတို့၏ ဆက်ဆံရေးမှာ တဖြည်းဖြည်း ကျဲသွားခဲ့သည်။ စီယဲ့၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင် သူ ကိုယ်တိုင်လာရန် မလိုအပ်ချေ။ စီမိသားစု၏ သခင်လေး စီထင်ကို လွှတ်လိုက်ခြင်းကပင် စီမိသားစု၏ ရပ်တည်ချက်ကို ပြသရန် လုံလောက်လှပြီ ဖြစ်သည်။
ချူနင် စိတ်လှုပ်ရှားသွားသည်။ "... ကောင်းပြီ! ကောင်းပြီ!"
"ဒါပေမဲ့... ကျွန်တော် ဒီနေ့ လာတာက မိသားစုကိုယ်စား တင်မကဘဲ ကျွန်တော့်ကိုယ်ပိုင် ဆန္ဒကြောင့်လည်း ပါပါတယ်" စီထင်က ချူလျိုယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။ "ချူမိသားစု သခင်မကြီးနဲ့ ကျွန်တော်က လောကီဆရာသခင် ဘာသာရပ်တူ တပည့်တွေပဲလေ။ ဒါကြောင့် ဂုဏ်ပြုဖို့ လာသင့်တာပေါ့"
အကယ်ဒမီကို စစ်သည်တော်၊ လောကီဆရာသခင် နှင့် နတ်ဆေးဆရာ ဟူ၍ ဂိုဏ်းခွဲ သုံးခု ခွဲထားသည်။ မူလကပင် လောကီဆရာသခင် ဖြစ်နိုင်သူမှာ အလွန်နည်းပါးလှသဖြင့် သူတို့ကြားတွင် စည်းလုံးမှုနှင့် ရင်းနှီးမှု ပိုရှိကြသည်။ ထို့ကြောင့် စီထင်၏ လုပ်ရပ်မှာ သဘာဝကျသည်ဟု ဆိုနိုင်သည်။
ချူလျိုယွဲ့ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
စီထင်သည် ထိုမိန်းကလေး၏ အပြုံးမှာ အလွန်ပင် စူးရှတောက်ပလွန်းသဖြင့် တိုက်ရိုက် မကြည့်ရဲဘဲ ဖြစ်သွားသည်။ သူ့နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားပြီး ယခင်က ခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်မျိုး ပြန်ပေါ်လာပြန်သည်။ သူက ခေါင်းကို အသာငြိမ့်လိုက်ပြီး မသိမသာ မျက်နှာလွှဲလိုက်သည်။
"အခုက အားလပ်ရက်ဆိုတော့ အကယ်ဒမီမှာ လူ သိပ်မရှိဘူး။ ဒါပေမဲ့ 'စီယန်' က တခြားလူတွေကို သွားခေါ်နေပြီ။ ခဏနေရင် ရောက်လာကြလိမ့်မယ်"
"'စီ' မိသားစုရဲ့ ပဉ္စမမြောက် သခင်လေး 'စီယန်'၊ 'အိုး' မိသားစုရဲ့ ဒုတိယသခင်လေး 'အိုးကျန်း'၊ 'စွန်း' မိသားစုရဲ့ စတုတ္ထ သခင်မလေး 'စွန်းရှောင်ရှန်း'၊ နန်ကျန့် ဗိုလ်ချုပ်ကြီးရဲ့ သမီး 'ဝူရင်ရင်'..."
ချူလျိုယွဲ့ မော့ကြည့်လိုက်ရာ လူငယ်အုပ်စုတစ်စု အတူတူ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်လာသူမှာ စီယန် ဖြစ်ပြီး သူက အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။
"ဖီးနစ် စားသောက်ဆိုင်ပါလား! ချူလျိုယွဲ့ မွဲသွားတဲ့အထိ စားကြမယ်ဟေ့!"
"ကောင်းပြီလေ!" လူအုပ်ကြီးက ဟစ်ကြွေးလိုက်ကြသည်။
"သူမက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ ငါဆိုရင် ဖီးနစ် စားသောက်ဆိုင်မှာ သုံးလနေမှ တစ်ခါတောင် မစားနိုင်ဘူး"
"ဟုတ်တယ်! အရင် အကဲဖြတ်ပွဲတုန်းက ငါ နောက်ကျမှ ထွက်လာလို့ သူမ ရုပ်ရည်ကိုတောင် သေချာ မမြင်လိုက်ရဘူး။ ဒီတစ်ခါတော့ သေချာ ကြည့်ရမယ်"
"ငါတို့ လောကီဆရာသခင် အကဲဖြတ်ပွဲမှာ ဒုတိယရတဲ့သူက စစ်သည်တော် အကဲဖြတ်ပွဲမှာ ပထမ ရသွားတာလေ။ ဟိုလူတွေတော့ ရင်ကွဲနာကျကုန်ပြီ ထင်တယ် ဟားဟား!"
"နောက်ကျရင် ငါနဲ့ မလုကြနဲ့နော်! ငါက သူမနဲ့ အရင်ဆုံး သောက်မှာ!"
သက်ဝင်လှုပ်ရှားနေသော စကားသံများကြောင့် ဖီးနစ် စားသောက်ဆိုင် တစ်ခုလုံး ချက်ချင်းပင် စည်ကားသွားတော့သည်။ စီယန်က မော့ကြည့်ပြီး စီထင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"အစ်ကိုကြီး! ကျွန်တော် လူတွေအကုန် ခေါ်လာပြီ! နောက်မှာလည်း လာနေကြသေးတယ်!"
စီထင်က "အင်း" ဟုသာ တိုးတိုးလေး ပြန်ဖြေလိုက်သော်လည်း သူ့အင်္ကျီလက်ထဲက လက်များမှာ တင်းတင်း ဆုပ်ထားမိသည်။
ချူလျိုယွဲ့ မျက်တောင်ခတ်လိုက်သည်။ "စီထင်... ရှင် သူတို့ကို ခေါ်လိုက်တာလား"
စီထင်က ခပ်တည်တည်ဖြင့် ခေါင်းငြိမ့်ပြသည်။ "အဲဒီလိုလည်း မဟုတ်ပါဘူး။ အားလုံးက ကျောင်းနေဖက်တွေပဲလေ။ လူများတော့ ပိုစည်တာပေါ့"
ယန်ကော၏ မျက်မှောင်များ ပင့်တက်သွားသည်။ ဒီကောင်လေးကတော့ မဆိုးဘူးပဲ။ သူက ငါ့သခင်နဲ့ လာပြိုင်နေတာလား။