အခန်း ၈၁ — ဖီးနစ် စားသောက်ဆိုင်
ဒေါက် ဒေါက်...
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်မင်း ရှေ့သို့တက်၍ တံခါးဖွင့်လိုက်ရာ စိမ်းသက်သော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ထိုသူသည် ချည်သားအဝတ်အစားများကို ဝတ်ဆင်ထားပြီး အစေခံလေးတစ်ဦးနှင့် တူသော်လည်း သူ့မျက်နှာပေးမှာ လည်ပတ်လွန်းလှသဖြင့် ကြည့်ရသူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
"ဘယ်သူလဲ"
ထိုသူသည် တံခါးလာဖွင့်သူမှာ ကျောက်မင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားပုံရသည်။ ကျောက်မင်း ဝတ်ဆင်ထားသော နန်းတွင်းကိုယ်ရံတော်ဝတ်စုံကို မြင်လိုက်ရသောအခါမှ သူက သတိဝင်လာပြီး ထူးဆန်းသော လေသံဖြင့် ဆိုလိုက်သည်။
"အော်... တခြားလူထင်နေတာ။ အရာရှိမင်း ကိုယ်ရံတော်ကြီး ဖြစ်နေတာကိုး"
ကျောက်မင်း၏ မျက်မှောင်များ ကြုတ်သွားသည်။ သူ့အလိုလိုသိစိတ်က ဤလူသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းဖြစ်ကြောင်း သတိပေးနေ၏။ သူက အသံဩဩဖြင့် ဟောက်လိုက်သည်။
"ကိစ္စရှိရင်ပြော၊ မရှိရင် သွားတော့"
သူက စကားပြောရင်း တံခါးကို ပြန်ပိတ်ရန် ဟန်ပြင်လိုက်သည်။
"အေ့... မလောပါနဲ့ဦး! ကျွန်တော်က ကိစ္စရှိလို့ လာတာပေါ့"
ထိုလူက ရှေ့သို့ အလုအယက် တိုးဝင်လာပြီး ကျောက်မင်း၏ လမ်းကို ပိတ်ဆို့ကာ အိမ်ထဲသို့ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား အကဲခတ်လိုက်သေးသည်။
"မင်း အခုချက်ချင်း မထွက်သွားရင် ငါ့လက်ကြမ်းတာ မတွေးနဲ့"
ကျောက်မင်းက ထိုသူ၏ လက်ကောက်ဝတ်ကို ဆွဲယူကာ အပြင်သို့ ဆောင့်တွန်းလိုက်သည်။ အစေခံလေးမှာ နောက်သို့ ယိုင်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ သူက နာကျင်လွန်းသဖြင့် သွားများကို တင်းတင်းစေ့ထားရင်း ရင်ထဲတွင် ဒေါသများ တလိပ်လိပ် တက်လာသည်။
"ငါက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ ငါ့ကို တွန်းရဲတယ်ပေါ့... ငါက ချူမိသားစုက လူကွ!"
ချူမိသားစုဟူသော စကားကို ကြားလိုက်ရသည့်အခါ ကျောက်မင်းက ဒေါသထွက်မည့်အစား ရယ်ပင် ရယ်ချင်သွားသည်။ ချူမိသားစုကတော့ အရိုက်ခံချင်လွန်းလို့ ဒီကို ကိုယ်တိုင် လာရှာနေကြတာပဲ။
"မင်း..."
"ချူလျိုယွဲ့ ဒီမှာနေတာ မဟုတ်လား။ ဒီအိမ်က ကြည့်ရတာ စုတ်ပြတ်သတ်နေတာပဲ။ ဟက်!"
အစေခံလေးက မြေပြင်မှ ပြန်ထလာပြီး ပို၍ပင် မောက်မာလာသည်။ "ဒီနေ့ ဂုဏ်ပြုစားပွဲ ကျင်းပမယ်လို့ ပြောထားတယ် မဟုတ်လား။ တောက်... တောက်... ဘာလို့ တစ်ယောက်မှ ရောက်မလာသေးတာလဲ။ တိတ်ဆိတ်နေတာပဲနော်"
"လမ်းဘေးခွေးတစ်ကောင် ဟောင်နေတာနဲ့တင် တိတ်ဆိတ်ဖို့ မလွယ်တော့ပါဘူး"
အေးစက်လှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။ ချူလျိုယွဲ့နှင့် ချူနင်တို့မှာ ဆူညံသံကြောင့် အပြင်သို့ ထွက်လာကြခြင်းဖြစ်သည်။
ကျောက်မင်းက အမြန်ပင် ပြောလိုက်သည်။ "တပ်မှူး... သခင်မလေး... ဒီလူက ပြဿနာလာရှာနေတာပါ။ ကျွန်တော် အခုပဲ မောင်းထုတ်လိုက်ပါ့မယ်"
ချူလျိုယွဲ့က လက်ကာပြလိုက်ပြီး အစေခံလေးကို စိတ်ဝင်တစား ကြည့်လိုက်သည်။ "ဘာလဲ... ချူမိသားစုက ကိုယ်တိုင်တောင် မလာရဲတော့ဘဲ ဒီလောက်တောင် အသုံးမကျဖြစ်သွားတာလား"
အစေခံလေး၏ မျက်နှာမှာ နီမြန်းသွားသည်။ "မင်း ဘယ်သူ့ကို ခွေးလို့ ပြောတာလဲ"
ချူလျိုယွဲ့က ပုခုံးတွန့်ပြလိုက်၏။ "ဟောင်နေတဲ့သူကို ပြောတာပေါ့"
အစေခံလေးမှာ စကားအသွားအလာတွင် အရေးနိမ့်သွားသဖြင့် စွံ့အသွားသည်။ သူက မျက်လုံးကို ဝေ့ဝဲကာ အကြံထုတ်ရင်း အေးစက်စက် ရယ်လိုက်သည်။
"ဟင်း... မနေ့ကတော့ အကျအန စားပွဲလုပ်မယ် ပြောခဲ့တာလေ။ အခုချိန်ထိ အိမ်ထဲက မထွက်နိုင်သေးဘူးလား။ အော်... ဒါမှမဟုတ် စားပွဲလုပ်ဖို့ နေရာမရှိလို့များလား။ ဒီလို အိုဟောင်းနေတဲ့ အိမ်ကြီးထဲမှာပဲ ဧည့်သည်တွေကို ဧည့်ခံမလို့လား။ ဟားဟား... ဘယ်သူကမှ လာမှာမဟုတ်ပါဘူး!"
ချူနင်၏ မျက်နှာ ညိုမှောင်သွားသည်။ "မင်း ပါးစပ်ကို မလိုချင်တော့ဘူး ထင်တယ်"
အစေခံလေး၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားပြီး ကြောက်လန့်တကြား နောက်ဆုတ်လိုက်မိသည်။ ချူနင်သည် အဆင့် ၅ စစ်သည်တော်အဆင့်ကို ပြန်လည် ရရှိသွားပြီဖြစ်ကြောင်း သူ ကြားထားပြီးသား ဖြစ်သည်။ သူ့အရှိန်အဝါက တကယ်ပင် မတူညီတော့ချေ။ သို့သော်လည်း... ဘာဖြစ်သလဲ? ဒီမြို့တော်တစ်ခုလုံးမှာ သူတို့သားအဖကို ဘယ်သူကမှ အဖက်လုပ်မှာ မဟုတ်ဘူး။ သူတို့ကို လက်ခံမယ့် စားသောက်ဆိုင်တောင် ရှိမှာမဟုတ်ဘူး။
သူက ပုခုံးတွန့်ရင်း လှောင်ပြောင်လိုက်ပြန်သည်။ "အို... အရာရှိ ချူနင်က အခု နန်းတွင်းကိုယ်ရံတော် တပ်မှူးချုပ်ကြီး ဖြစ်နေပြီဆိုတော့ ကျွန်တော့်လို အစေခံလေးတစ်ယောက်ကို အပြစ်ယူမှာ မဟုတ်ပါဘူးနော်။ ဒါနဲ့ ကျွန်တော်က ကူညီဖို့ လာတာပါ။ ပထမအကြီးအကဲက မှာလိုက်ပါတယ်... တကယ်လို့ စားပွဲကျင်းပဖို့ နေရာ ရှာမရရင် နည်းလမ်းရှိပါသေးတယ်တဲ့"
"ချူမိသားစုမှာ စားသောက်ဆိုင်တွေ အများကြီး ရှိပါတယ်။ ခင်ဗျားတို့သာ အလိုရှိမယ်ဆိုရင် အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပထမအကြီးအကဲက ဂရုမစိုက်ဘဲ နေရာငှားပေးပါလိမ့်မယ်။ လျှော့ဈေးတောင် ပေးဦးမှာတဲ့... ဘယ်လိုလဲ"
ဤသည်မှာ သူတို့ကို သိသိသာသာ စော်ကားမော်ကား လုပ်နေခြင်းပင်!
"အရာရှိ ချူနင်... စိတ်မဆိုးပါနဲ့ဦး။ ပထမအကြီးအကဲက ကူညီချင်ရုံသက်သက်ပါ။ ကြည့်စမ်း... မနေ့ကတော့ စားပွဲလုပ်မယ်လို့ ကြွေးကြော်ခဲ့ပြီး ဒီနေ့ကျမှ နေရာမရှိဘူးဆိုရင်—" အစေခံလေးက သူ့ပါးကို သူ ပြန်ရိုက်ပြရင်း "—တပ်မှူးချုပ်ကြီးဆိုတဲ့ ဂုဏ်သိက္ခာက ဘယ်နား သွားထားမလဲ"
ချူနင်၏ သွေးများ ဆူပွက်လာပြီး သူ့လက်ဖဝါးထဲတွင် စွမ်းအားများ စုစည်းလိုက်သည်။ သူသည် ဤအစေခံကို ချက်ချင်းပင် အဆုံးစီရင်တော့မည့် ဟန်ပြင်စဉ်—
မနီးမဝေးမှ လူတစ်ယောက် လမ်းလျှောက်လာသည်။
"ဒါ သခင်မလေး ချူလျိုယွဲ့ရဲ့ အိမ်ပါလားခင်ဗျာ"
အားလုံးက လှည့်ကြည့်လိုက်ကြသည်။ စကားပြောလိုက်သူမှာ အနည်းငယ် ဝဖြိုးပြီး ဖော်ရွေသော အပြုံးရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ချူလျိုယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါ ကျွန်မအိမ်ပါ။ ဘယ်သူများလဲ..."
ထိုသူသည် ခဏမျှ မှင်တက်သွားပြီးနောက် ပိုမိုပျူငှာစွာ ပြုံးပြလိုက်သည်။ "သခင်မလေး လျိုယွဲ့ ဖြစ်နေတာကိုး။ စောစောက မမှတ်မိလို့ တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်က 'ဖီးနစ် စားသောက်ဆိုင်' ရဲ့ မန်နေဂျာ— စုဟွေး ပါ"
သူ့ကိုယ်သူ မိတ်ဆက်လိုက်သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
'ဖီးနစ် စားသောက်ဆိုင်' ဆိုသည်မှာ မြို့တော်တွင် သမိုင်းသက်တမ်း ရှည်ကြာလှသည့် ဆိုင်ဟောင်းကြီး တစ်ခုဖြစ်ပြီး အလွန်ပင် ကျော်ကြားလှသည်။ ကောလာဟလများအရ ဖီးနစ် စားသောက်ဆိုင်တွင် အကောင်းဆုံး သုံးခု ရှိသည်ဟု ဆိုကြသည်— အကောင်းဆုံး အရသာ၊ အကောင်းဆုံး ဈေးနှုန်း နှင့် အကောင်းဆုံး ရှုခင်း။
အရသာကိုမူ ပြောစရာပင် မလိုတော့ချေ။ ထိုနေရာသို့ ရောက်ဖူးသူတိုင်းက အစားအစာများကို ချီးကျူးမဆုံး ဖြစ်ကြရသည်။ ဟုတ်ပါသည်၊ ထိုဆိုင်မှ အစားအစာများမှာ သာမန်လူတန်းစားများ မစားနိုင်သော ဈေးနှုန်းများ ဖြစ်သည်။ အချို့သော သူဌေးသားများပင် ထိုနေရာတွင် စားသောက်ရန် မတတ်နိုင်ကြချေ။ ရှုခင်းပိုင်းတွင်လည်း ဖီးနစ် စားသောက်ဆိုင်သည် တစ်ဆိုင်လုံး အထက်အောက် ဘယ်နေရာကကြည့်ကြည့် ကျော့ရှင်းလှပလွန်းလှသဖြင့် မြို့တော်၏ အလှပဆုံး မြင်ကွင်းအဖြစ် သတ်မှတ်ထားကြသည်။
ဤအချက်များကြောင့်ပင် ဖီးနစ် စားသောက်ဆိုင်သည် မြို့တော်တွင် အကောင်းဆုံး စားသောက်ဆိုင် ဖြစ်နေရခြင်းဖြစ်သည်။ 'ယင်းပင်း စားသောက်ဆိုင်' ကဲ့သို့သော ဆိုင်များမှာ ၎င်းကို ယှဉ်ရန်ပင် မတွေးဝံ့ကြချေ။
သို့သော်... ဖီးနစ် စားသောက်ဆိုင်၏ မန်နေဂျာက ဤနေရာကို ဘာကြောင့် လာရသနည်း။
"ရှင် လာတာက..."
"သခင်မလေး လျိုယွဲ့ ဂုဏ်ပြုစားပွဲ ကျင်းပချင်တယ်လို့ ကြားသိရပါတယ်။ ဖီးနစ် စားသောက်ဆိုင်အနေနဲ့ အဲဒီပွဲအတွက် တည်ခင်းဧည့်ခံပေးခွင့် ရမလားလို့ လာမေးတာပါခင်ဗျာ"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ချူလျိုယွဲ့ မျက်တောင်ခတ်လိုက်မိသည်။ "ရှင် ဆိုလိုတာက... ဒီစားပွဲကို လက်ခံပေးမယ်ပေါ့ ဟုတ်လား"
စုဟွေးက ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး "ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"
"..."
မြို့တော်ရှိ စားသောက်ဆိုင် အားလုံးက ငြင်းပယ်ထားသည့်ကြားမှ ဖီးနစ် စားသောက်ဆိုင်က သူတို့ကို ကူညီရန် အစပျိုးလာလိမ့်မည်ဟု ချူလျိုယွဲ့ တကယ်ပင် မထင်ထားခဲ့ပေ။
ချူနင်ပင်လျှင် စိတ်မအေးနိုင်တော့ဘဲ "မန်နေဂျာစု... ခင်ဗျား အတည်ပြောနေတာလား။ ဖီးနစ် စားသောက်ဆိုင်မှာ စားပွဲလုပ်ဖို့ဆိုရင် တစ်လကြိုတင် ဘွတ်ကင်လုပ်ရတယ် မဟုတ်လား။ အခုချက်ချင်း သွားရင် နေရာရှိပါ့မလား"
အခြားနေရာများကို သူ မပြောရဲသော်လည်း ဖီးနစ် စားသောက်ဆိုင်မှာမူ အမြဲတမ်း လူပြည့်နေတတ်သည်ကို သူသိသည်။
စုဟွေးက ပြုံးလျက် "စိတ်မပူပါနဲ့ အရာရှိ ချူနင်။ ဒီနေ့အတွက် ဖီးနစ် စားသောက်ဆိုင်ကို ရှင်းလင်းထားပြီးပါပြီ။ ကျွန်တော်တို့ သခင်မလေး လျိုယွဲ့ တစ်ဦးတည်းအတွက်ပဲ ဝန်ဆောင်မှု ပေးပါ့မယ်"
"..."
စုဟွေး၏ စကားမှာ လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့၏ အံ့ဩတုန်လှုပ်မှုမှာ မပြေပျောက်နိုင်သေးချေ။
ချူလျိုယွဲ့က ပထမဆုံး သတိပြန်ဝင်လာသူဖြစ်သည်။ တစ်စုံတစ်ယောက်က... ငါ့ကို ဒီအခက်အခဲကနေ ကူညီပေးလိုက်တာလား။ အဓိကက ဘယ်သူလဲ? ငါ့မှာ မြို့တော်ထဲမှာ သူငယ်ချင်းလည်း မရှိ၊ ကျောထောက်နောက်ခံလည်း မရှိဘူး။ လူတွေကိုတောင် အများကြီး ရန်စထားမိသေးတယ်။ ဘယ်သူကများ ချူမိသားစုကို ရန်စခံပြီး ငါ့ကို ကူညီရဲတာလဲ။
မဟုတ်သေးဘူး... ဖီးနစ် စားသောက်ဆိုင်ကို ဒီလိုလုပ်ခိုင်းနိုင်တဲ့သူဟာ အရှိန်အဝါ ကြီးမားသူဖြစ်ရမယ်။ အဲဒီလိုလူမျိုးက ချူမိသားစုကို ဘာလို့ ကြောက်နေမှာလဲ။
"မန်နေဂျာစု... ခင်ဗျား သူတို့ကို တကယ် ကူညီချင်လို့လား။ လက်ဖက်ရည် တစ်ခွက်တင် ငွေစ ၅၀၀ က စတာလို့ ကျွန်တော် ကြားဖူးပါတယ်။ သူတို့နှစ်ယောက်က ဒီပွဲအတွက် ပေးနိုင်မှာ မဟုတ်ဘူးနော်။ ခင်ဗျား ရှုံးမယ့် အလုပ်ကို တကယ် လုပ်မလို့လား"
အစေခံလေးသည် ဖီးနစ် စားသောက်ဆိုင်မှ လူ ရောက်လာလိမ့်မည်ဟု မထင်ထားသဖြင့် ကြောင်အသွားသော်လည်း အလျှော့မပေးဘဲ မောက်မာစွာ ပြောဆိုနေသေးသည်။
ထိုစကားကို ကြားသောအခါ စုဟွေးက သူ့ကို ကြည့်ပင်မကြည့်ဘဲ ချူလျိုယွဲ့ကိုသာ ပြုံးပြလိုက်ပြီး "စိတ်မပူပါနဲ့ သခင်မလေး လျိုယွဲ့။ ဒီနေ့အတွက် ကုန်ကျစရိတ် အားလုံးကို ပေးချေပြီးပါပြီ"
"ဘယ်သူ ပေးလိုက်တာလဲ"
"ဒုတိယသခင်ကြီး ယန် ပါ"
ဒုတိယသခင်ကြီး ယန်...? ကျိန်းပေါင်ဆောင်က ယန်ကောလား...?
"သခင်မလေး မသိသေးဘူးလား။ လွန်ခဲ့တဲ့ ရက်ပိုင်းက သခင်မလေး ရောင်းလိုက်တဲ့ အမဲလိုက်ကွင်းထဲမှာ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင် ပေါ်လာခဲ့ပါတယ်။ အဲဒါအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒုတိယသခင်ကြီး ယန်က ဖီးနစ် စားသောက်ဆိုင်ကို သခင်မလေးအတွက် အထူး ဘွတ်ကင်လုပ်ပေးလိုက်တာပါ။ သူကိုယ်တိုင်လည်း ဒီနေ့ လာရောက် ဂုဏ်ပြုပါလိမ့်မယ်"
"အရာရှိ ချူနင်နဲ့ သခင်မလေး... ကျေးဇူးပြုပြီး ကြွပါခင်ဗျာ—"