အခန်း ၈ — အိမ်ရှေ့စံမင်းသမီးကြီး
ချူမိသားစုမှ အသုံးမကျသော အရည်အချင်းမရှိသူလေး ချူလျိုယွဲ့ တစ်ယောက် ရူးသွပ်သွားလေပြီ။ တစ်ညတာအတွင်းမှာပင် မြို့တော်တစ်ခုလုံး၌ ဤသတင်းမှာ ဟိုးဟိုးကျော်သွားတော့သည်။
"ငါ့ဝမ်းကွဲရဲ့ ဦးလေးလေးက ချူမိသားစုမှာ အလုပ်လုပ်တာလေ၊ သူကိုယ်တိုင် မြင်ခဲ့တာတဲ့။ ကျိန်းပေါင်ခန်းမကလူတွေက လာပြီးတော့ နာမည်ကျော် ဆေးသစ်ဥဆေးဖတ်တွေကို ချူလျိုယွဲ့ဆီ အရိုအသေပေးပြီး လာပို့ကြတာတဲ့။ အဲ့ဒါတွေက အနည်းဆုံး ခြောက်လစာလောက် ရှိတယ်ဆိုပဲ။ ကြည့်ရတာ တစ်ခုခုတော့ မှားနေပြီထင်တယ်နော်"
"မဖြစ်နိုင်တာ... ချူလျိုယွဲ့က မွေးရာပါ အစွမ်းမရှိတဲ့ အသုံးမကျသူဆိုတာ လူတိုင်းသိတာပဲ။ သူက ကျိန်းပေါင်ခန်းမနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ? အဲ့လောက် ဆေးပစ္စည်းတွေဆိုတာ တန်ဖိုးမနည်းဘူးလေ၊ သူက ဘယ်လိုလုပ် တတ်နိုင်မှာလဲ?"
"အဲ့ဒါကြောင့် သူရူးသွားပြီလို့ ပြောတာပေါ့! ကျိန်းပေါင်ခန်းမဆိုတာ အရှုံးခံပြီး ဘယ်တော့မှ အလုပ်လုပ်တာ မဟုတ်ဘူး။ သူ အဲ့ဒီလောက် ပိုက်ဆံတွေ ဘယ်ကရတာလဲ? ဒါမှမဟုတ်... အိမ်ရှေ့စံမင်းသားဆီကများလား?"
"ဟားဟား! အိမ်ရှေ့စံက ဒီနှစ်တွေထဲ ချူလျိုယွဲ့အကြောင်း တစ်ခွန်းတောင် ဟဖူးတာ မဟုတ်ဘူး။ သူက ဘာလို့ ဒီလိုလုပ်ပေးမှာလဲ? တကယ်လို့ ပိုက်ဆံရခဲ့ရင်တောင် ဆေးတွေဝယ်တာကတော့ အပိုပဲ။ ဒီဆေးတွေနဲ့ပဲ အသုံးမကျတဲ့ဘဝကနေ ပါရမီရှင် ဖြစ်လာမယ်လို့ သူတကယ်ကြီး ထင်နေတာလား?"
"ဟားဟားဟား!"
မြို့တော်အတွင်းရှိ လူအများက လှောင်ပြောင်သရော်ရင်း ချူလျိုယွဲ့၏ ပြဇာတ်ကို စောင့်ကြည့်နေကြလေသည်။
...
အိမ်ရှေ့စံ၏ စံအိမ်တော်အတွင်း...
စာကြည့်ခန်းထဲ၌ ခရမ်းရင့်ရောင် ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ဖတ်ရှုနေသည်။ သူသည် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိဦးမည်ဖြစ်ပြီး မျက်နှာထား တည်ကြည်ကာ အလွန်ပင် ချောမောခန့်ညားလှသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်သော အရှိန်အဝါများ ထင်ဟပ်နေ၏။ ဤသူကား ယောင်ချန်းနိုင်ငံ၏ အလေးအမြတ်ထားခြင်း ခံရသော အိမ်ရှေ့စံမင်းသား—ရုံကျင်း ပင်ဖြစ်သည်။
"အရှင်... ချူမိသားစုမှာ တစ်ခုခု ထူးခြားနေပုံရပါတယ်..." အိမ်ရှေ့စံ၏ ကိုယ်ရံတော် စုန့်ယွမ်က အနားသို့ကပ်ကာ သတိထားပြီး တင်ပြလိုက်သည်။
ရုံကျင်းက ခေါင်းမော့ကြည့်ကာ "ချူမိသားစုမှာ ဘာဖြစ်နိုင်မှာမို့လို့လဲ? မိန်မိန်တစ်ခုခုဖြစ်လို့လား..."
စုန့်ယွမ်၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သောအခါ ရုံကျင်း တစ်ခုခုကို ရိပ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ပြောစမ်း... ဘာဖြစ်တာလဲ?"
စုန့်ယွမ်က ချူလျိုယွဲ့နှင့် ကျိန်းပေါင်ခန်းမတို့၏ အကြောင်းစုံကို အသေးစိတ် တင်ပြလိုက်၏။
"ကျုပ်လည်း... ချူမိသားစုရဲ့ သမီးကြီးက အဲ့ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးတွေကို ဝယ်နိုင်ဖို့ ငွေစင်တွေ ဘယ်ကရသလဲဆိုတာ စဉ်းစားလို့မရဘူး ဖြစ်နေတယ်"
ထိုဆေးများအားလုံးကို ကျောက်စိမ်းသေတ္တာများဖြင့် ထည့်သွင်းသယ်ဆောင်လာသဖြင့် အထဲတွင် ဘာပါသည်ကို အပြင်လူများ မသိနိုင်သော်လည်း ခန့်မှန်းကြည့်ရုံဖြင့်ပင် မူးဝေသွားလောက်သော တန်ဖိုးရှိမည်မှာ အသေအချာပင်။
ရုံကျင်းက စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်ကာ "သူ ဘာတွေ လျှောက်လုပ်နေတာလဲ?"
အကယ်၍ ထိုစေ့စပ်ကြောင်းလမ်းမှုသာ မရှိခဲ့လျှင် ဤကဲ့သို့သော အသုံးမကျသည့် မိန်းကလေးကို သူ လှည့်ကြည့်မိမည်ပင် မဟုတ်ပေ။ နှစ်ပေါင်းများစွာအတွင်း ချူလျိုယွဲ့သည် ချူမိသားစုအတွက် အရှက်ရစရာ ဖြစ်ခဲ့ရုံသာမက သူ၏ဘဝတွင်လည်း ဖျက်မရသည့် အမည်းစက်တစ်ခု ဖြစ်နေခဲ့သည်။ ထိုအကြောင်းကို တွေးမိတိုင်း သူ စိတ်ပျက်မိရသည်။
စုန့်ယွမ်က ဝေခွဲမရစွာဖြင့် "အရှင်... ချူနင်က ဒီနှစ်ပိုင်းတွေမှာ မျက်နှာသာ မရတော့ဘူးဆိုပေမဲ့ တစ်ချိန်တုန်းကတော့ အတော်လေး အရှိန်အဝါ ရှိခဲ့တာပါ။ သူတို့မှာ ငွေအနည်းငယ် စုဆောင်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ဘာကြောင့် ဆေးတွေ အများကြီး ဝယ်ရတာလဲဆိုတာကတော့... ဒါမှမဟုတ်..."
"ဟွန့်... သူက သူ့ရဲ့ မွေးရာပါ အားနည်းချက်ကို ကုဖို့ ကြိုးစားနေတာနေမှာပေါ့!"
စေ့စပ်ထားသည့် ကတိအတိုင်း လက်ထပ်ရန် တစ်လသာ လိုတော့သည်။ သူက မြင့်မြတ်သော နေရာတစ်ခုသို့ တက်လှမ်းနိုင်ဦးမည်ဟု စိတ်ကူးယဉ်နေဆဲလော။
"ရယ်စရာပဲ! ယောင်ချန်းနိုင်ငံ တစ်နိုင်ငံလုံးမှာ ပျက်စီးနေတဲ့ ဝိညာဉ်သွေးကြောကို ကုနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ တကယ်လို့ ကုနိုင်ခဲ့ရင် သူ ဒီလိုအခြေအနေမျိုး ရောက်မနေဘူး။ သူ့အကြောင်း ထည့်ပြောနေဖို့တောင် မတန်ဘူး။ ဒါက ပြဇာတ်တစ်ခုပါပဲ။ နန်းတော်ကလည်း မကြာခင်မှာ ဒီစေ့စပ်မှုကို ဖျက်သိမ်းတော့မှာ။ အဲ့ဒီမတိုင်ခင် ပိုအရေးကြီးတာက... ရုံရှို့ ပြန်လာတော့မှာလား?"
ရုံရှို့ ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် စုန့်ယွမ်၏ မျက်နှာထား ပြောင်းလဲသွားကာ လေသံတိုးတိုးဖြင့် "ဟုတ်ကဲ့... သူတို့ ဒီနေ့ မြို့တော်ကို ရောက်ပါလိမ့်မယ်။ ကျုပ် စုံစမ်းရသလောက်တော့ သတ္တမမင်းသားက ခြံရံသူ နှစ်ယောက်ပဲ ခေါ်လာပြီး ရိုးရိုးရှင်းရှင်းပဲ ပြန်လာတာပါ"
ရုံကျင်ကး လှောင်ပြောင်သည့်အပြုံးဖြင့် "အနည်းဆုံးတော့ သူက သူ့နေရာသူ သိသားပဲ"
ရုံရှို့သည် မွေးရာပါ ကျန်းမာရေး အားနည်းသူဖြစ်သဖြင့် အခြားမင်းသားများနှင့် မတူပေ။ သူသည် မိုင်ပေါင်းများစွာ ဝေးကွာသော မင်ယွဲ့ထျန်းရှန်း တောင်ပေါ်သို့ သွားရောက်ကာ ကျန်းမာရေး အမြဲ ဂရုစိုက်နေရသူ ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူ မြို့တော်သို့ နှစ်ကြိမ်သာ ပြန်လာခဲ့ဖူးသည်။ နောက်ဆုံးအကြိမ် ပြန်လာခဲ့သည်မှာလည်း သုံးနှစ်တောင် ရှိသွားပြီ ဖြစ်သည်။
လူအများစုက သတ္တမမင်းသားကို အလေးမထားကြသလို အချို့ဆိုလျှင် သူရှိသည်ကိုပင် မေ့နေကြပြီ။ သို့သော် အိမ်ရှေ့စံ ရုံကျင်းကတော့ ထိုသို့မဟုတ်ပေ။ ရုံရှို့ ပြန်လာမည့်အရေးကို သူ အထူးသတိထားနေပြီး တိတ်တဆိတ် စောင့်ကြည့်ရန်ပင် လူလွှတ်ထားလေသည်။
"လက်အောက်ငယ်သားတွေကို သတိနဲ့ စောင့်ကြည့်ဖို့ ပြောထားလိုက်။ တစ်ခုခု ထူးခြားတာနဲ့ ငါ့ကို ချက်ချင်း အစီရင်ခံရမယ်!"
"အမိန့်အတိုင်းပါ အရှင်!"
ခွန်အားမရှိဘဲ အားနည်းလှသည့် သတ္တမမင်းသားကို အိမ်ရှေ့စံက ဘာကြောင့် ဤမျှ စိုးရိမ်နေရသည်ကို စုန့်ယွမ် နားမလည်သော်လည်း ချက်ချင်းပင် ထူးလိုက်လေသည်။
"ဪ... အရှင်၊ အဆင့် (၅) မိစ္ဆာသားရဲတစ်ကောင် အမဲလိုက်ကွင်းကို ရောက်နေတယ်လို့ သိရပါတယ်။ အရှင် ဘယ်တော့သွားကြည့်မလဲ?"
ရုံကျင်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ "မကြာခင် ငါ့မွေးနေ့ ရောက်တော့မယ်။ ဒီနှစ် မွေးနေ့ပွဲကို အမဲလိုက်ကွင်းမှာပဲ ကျင်းပမယ်"
"အမိန့်အတိုင်းပါ အရှင်!"
...
ချူမိသားစု စံအိမ်အတွင်း...
တန်ဖိုးကြီးလှသော ခြောက်လစာ ဆေးပစ္စည်းများကို ချူလျိုယွဲ့နှင့် သူမအဖေ နေထိုင်ရာ ဝင်းထဲသို့ လူသိရှင်ကြား လာပို့ကြသည်။ ချူနင်မှာ အပြင်သွားနေသဖြင့် ချူလျိုယွဲ့တစ်ယောက်တည်း ဆေးသေတ္တာများကို အိမ်ထဲသို့ တစ်ခုပြီးတစ်ခု သယ်သွင်းနေရသည်။
ထိုစဉ် သူမ နေထိုင်ရာ တိတ်ဆိတ်လှသော ဝင်းအတွင်း၌ ချောင်းကြည့်နေသော မျက်လုံးများစွာ ရှိနေသည်ကို သူမ ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော် ချူလျိုယွဲ့က ဘာမှမသိသကဲ့သို့ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ တစ်ခါတစ်ရံတွင် ကျောက်စိမ်းသေတ္တာများကို ဖွင့်ကာ ဆေးများ၏ အရည်အသွေးကိုပင် စစ်ဆေးလိုက်သေးသည်။
ကျိန်းပေါင်ခန်းမက သူမအပေါ် အတော်လေး အလေးထားပုံရပြီး အကောင်းဆုံး ဆေးပစ္စည်းများကိုသာ ပို့ပေးထားသည်။ ဤအရာများသည် သူမ၏ ဝိညာဉ်သွေးကြောများ ပြန်လည်ကောင်းမွန်လာစေရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။
ထိုအချိန်တွင် ဝင်းအပြင်ဘက်မှ ကမူးရှူးထိုး ပြေးလာသော ခြေသံများနှင့်အတူ လူတစ်ယောက်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
"မြန်မြန်လုပ်! ချူလျိုယွဲ့ကို ဖမ်းစမ်း!"
ချူလျိုယွဲ့က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပေါ့။
သူမ ခေါင်းမော့ကြည့်လိုက်ရာ လူတစ်စုက တံခါးကို ကန်ဖွင့်ပြီး ဝင်လာကြသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်လာသူမှာ ကြမ်းကြုတ်သော မျက်နှာထားရှိပြီး သူ၏နောက်တွင်လည်း တောင့်တင်းခိုင်မာသော လူဆယ်ယောက်ကျော် ပါလာသည်။ သူတို့မှာ ရန်ပွဲတစ်ခု စတင်ရန် အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ချူလျိုယွဲ့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သောအခါမှ ထိုသူမှာ 'ချူလျန်ရှန်း' ဖြစ်ကြောင်း မှတ်မိသွားသည်။ သူသည် ချူရှန်းမိန်၏ ယုံကြည်ရသော လက်ရုံးတစ်ဦး ဖြစ်သည်။ မူလ
ချူလျိုယွဲ့ကို သတ်ရန် ကြံစည်ခဲ့သူများထဲမှ တစ်ဦးလည်း ဖြစ်၏။
တိုက်ဆိုင်လိုက်တာ။ ငါကတောင် သူ့ကို လိုက်ရှာတော့မလို့၊ အခုတော့ သူကိုယ်တိုင် အရောက်လာခဲ့ပြီပဲ။
ခဏအတွင်းမှာပင် လူနှစ်ယောက်က ချူလျိုယွဲ့ဆီသို့ ပြေးဝင်လာကြသည်။ ချူလျိုယွဲ့၏ အကြည့်များမှာ ဓားကဲ့သို့ ထက်မြက်သွားကာ အော်ဟစ်လိုက်သည်။
"နင်တို့ ဘာလုပ်တာလဲ! ငါ့နေရာကို ကျူးကျော်ဝင်ရောက်ဖို့ နင်တို့ကို ဘယ်သူက အခွင့်အာဏာ ပေးထားတာလဲ?"
သူမ၏ အမေးစကားမှာ ပြတ်သားလွန်းလှသဖြင့် လူတိုင်းကို ခေတ္တမျှ တုန်လှုပ်သွားစေကာ အလိုအလျောက် ရပ်တန့်သွားစေသည်။ ချူလျန်ရှန်းမှာလည်း အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သရော်လိုက်သည်။
"ဟက်... ချူလျိုယွဲ့၊ ငါတို့ ဘာလို့လာလဲဆိုတာ နင်မသိဘူးလား? ကျိန်းပေါင်ခန်းမက တန်ဖိုးကြီး ဆေးတွေကို နင် ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ? ဒီပိုက်ဆံတွေက မသမာတဲ့ နည်းလမ်းတွေနဲ့ ရထားတာပဲ ဖြစ်ရမယ်! နင့်ကို ငါ သတိပေးမယ်၊ အေးအေးဆေးဆေးပဲ နင့်ဆီက ပစ္စည်းတွေကို အပ်ပြီး ငါတို့နဲ့ လိုက်ခဲ့စမ်း။ မဟုတ်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့"
ထိုစကားကို ကြားသောအခါ ချူလျိုယွဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လက်ထဲမှ ပစ္စည်းများကို အောက်သို့ ချလိုက်သည်။ "ဪ... ဒါဆို ငါက ငြင်းရင်ကော?"
ချူလျန်ရှန်း အံ့သြသွားပြီးနောက် လှောင်ရယ်လိုက်သည်။ "နင့်မှာ ငြင်းနိုင်တဲ့ အခွင့်အရေး ရှိလို့လား?"
သူက ချူလျိုယွဲ့ကို မထီမဲ့မြင်ပြုသည့် အကြည့်များဖြင့် စစ်ဆေးကြည့်လိုက်သည်။ "အသုံးမကျတဲ့သူ တစ်ယောက်က ချူမိသားစုမှာ ဒီလောက်နှစ်တွေအကြာကြီး အလကား လာကပ်နေတာတောင် အရှက်မရှိဘူး။ အခုတော့ နင်က ဒီပစ္စည်းတွေကို ရဖို့ အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးလိုက်သေးတယ်! ချူလျိုယွဲ့... နင်ကတော့ သိက္ခာမရှိပေမဲ့ ချူမိသားစုကတော့ သိက္ခာရှိချင်သေးတယ်ဟဲ့!"
ချူလျိုယွဲ့က သူ့ကို တည်ငြိမ်စွာ ကြည့်ရင်း ရှေ့သို့ တိုးလာသည်။ သူမ လက်လျှော့လိုက်သည့်ပုံပင်။
ချူလျန်ရှန်းမှာ ပို၍ပင် မောက်မာလာကာ ဘေးကလူတွေကို ကြည့်ပြီး "မြန်မြန်လုပ်... ပစ္စည်းတွေကို သိမ်းလိုက်ကြ! ဒီပစ္စည်းတွေ အားလုံးက အရေးကြီးတဲ့ သက်သေတွေပဲ၊ တစ်ခုမှ မကျန်စေနဲ့..."
ဖြန်း!
ပြင်းထန်သော ရိုက်ချက်သံတစ်ခု လေထဲတွင် ဟိန်းထွက်သွားသည်။ တစ်ဝင်းလုံး တိတ်ဆိတ်သွားတော့သည်။
ချူလျိုယွဲ့က ချူလျန်ရှန်းကို တကယ်ကြီး ရိုက်လိုက်တာလား?!
သူသည် တတိယသမီးတော် ချူရှန်းမိန်၏ ယုံကြည်ရသော လူယုံဖြစ်ကြောင်း လူတိုင်းသိကြသည်။ ဘယ်သူမဆို သူ့ကိုတွေ့လျှင် မျက်နှာသာ ပေးကြရစမြဲ။ သို့သော် ချူလျိုယွဲ့ကတော့ လုံးဝ ရူးသွပ်သွားသည့်အလား သူ့ကိုတောင် ရိုက်ရဲလေသည်။
"နင်! နင် ငါ့ကို ရိုက်ရဲတယ်ပေါ့?" ချူလျန်ရှန်းမှာ အံ့သြလွန်း၍ စကားပင် မထွက်နိုင်တော့ပေ။ မျက်နှာပေါ်မှ ပူစပ်ပူလောင် ဝေဒနာက သူ၏ ဒေါသကို ဆွပေးလိုက်သည်။ "နင်ကတော့ အသေစောချင်နေပြီ ထင်တယ်!"
သူက စကားပြောရင်း အလိုအလျောက် လက်ကိုမြှောက်ကာ ချူလျိုယွဲ့ကို ပြန်ရိုက်ရန် ရွယ်လိုက်သည်။ သို့သော် သူ၏လက်မှာ ကျရောက်မလာဘဲ ချူလျိုယွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူမက နောက်ထပ် ပြင်းထန်သော ပါးရိုက်ချက်တစ်ခုကို ထပ်မံ ကျွေးလိုက်ပြန်သည်။
ဖြန်း!
ဤတစ်ကြိမ်တွင်မူ ချူလျန်ရှန်း၏ ပါးစပ်မှ သွေးများပင် ပန်းထွက်သွားလေတော့သည်။