အခန်း ၇၉ — ကျိုယိုမျှော်စင်၏ လှုပ်ရှားမှု
အခန်း ၇၉ — ကျိုယိုမျှော်စင်၏ လှုပ်ရှားမှု
အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူမသည် စစ်မှန်သော စစ်သည်တော်တစ်ဦး ဖြစ်လာခဲ့လေပြီ။ ချူလျိုယွဲ့ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ယခုအချိန်တွင် ညဉ့်နက်နေပြီဖြစ်ပြီး အပြင်ဘက်တွင်လည်း မိုးတိတ်သွားခဲ့ပြီ။ သူမ မတော်တဆ ဖျက်ဆီးမိသွားသော တံခါးချပ်ကြီးကို ကြည့်ရင်း ရုံရှုး ဒီမှာ အိပ်ဖို့ တကယ်ရော လိုအပ်ရဲ့လားဟု ချူလျိုယွဲ့ တွေးတောနေမိသည်။
ထိုစဉ် ရုံရှုး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်ယံမှာ မဲမှောက်နေပြီး အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းထားသည်။ ခဏအကြာတွင် သူက "မိုးတိတ်သွားပြီဆိုတော့ ငါ ပြန်တော့မယ်" ဟု ဆိုလာသည်။
ချူလျိုယွဲ့ အံ့အားသင့်သွားပြီး "ဒီမှာ တစ်ညအိပ်မယ်လို့ ပြောခဲ့တာ မဟုတ်လား။ မိုးတိတ်သွားပြီ ဆိုပေမဲ့ အခုလို အပြင်ထွက်ရင် နေမကောင်း ဖြစ်သွားလိမ့်မယ် မဟုတ်လား"
သူမ၏ စနောက်မှုကို ကြားသောအခါ ရုံရှုးက မပြုံးဘဲ မနေနိုင်တော့ပေ။ "ဒီစာကြည့်ခန်းက အိပ်ဖို့ အဆင်မပြေတော့ဘူးလေ။ ဒါမှမဟုတ်... မင်းက ငါ့ကို မင်းရဲ့ အိပ်ခန်းထဲမှာ အတူအိပ်စေချင်လို့လား"
ချူလျိုယွဲ နှာခေါင်းရှုံ့လိုက်ပြီး ရုံရှုး၏ စနောက်မှုကို မကြားချင်ယောင်ဆောင်ကာ "အရှင်မင်းသား သဘောရှိသလိုသာ လုပ်ပါတော့၊ အချိန်မရွေး ပြန်နိုင်ပါတယ်" ဟု ပြောလိုက်သည်။
"နောက်နေ့မှ ငါ မင်းဆီ လာလည်ဦးမယ်" ဟု ဆိုကာ ရုံရှုး လှည့်ထွက်သွားသည်။ ရွှယ်ရွှယ် (Xue Xue) က ချူလျိုယွဲ့ကို တစ်ချက်ကြည့်ပြီးနောက် မကျေမနပ်ဖြင့် ရုံရှုးနောက်သို့ သုတ်ခြေတင် လိုက်သွားတော့သည်။
"အရှင်မင်းသား... အပြင်မှာ ရေအိုင်တွေ ရှိနေ..."
ချူလျိုယွဲ့ သတိပေးရန် ပြင်လိုက်သော်လည်း သူမ၏ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားရသည်။ ရုံရှုးသည် ငှက်မွေးတစ်မျှ ပေါ့ပါးစွာဖြင့် ရေမျက်နှာပြင်ပေါ်သို့ နင်းလျှောက်သွားရာ သူ၏ ခြေထောက်တွင် ရေစက်ကလေး တစ်စက်မျှပင် မတင်ကျန်ခဲ့ပေ။ သေချာကြည့်လိုက်မှ သူ၏ ခြေဖဝါးနှင့် ရေမျက်နှာပြင်ကြားတွင် သေးငယ်သော ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာလပ်လေး တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
လေပေါ်မှာ လမ်းလျှောက်နိုင်တာပဲ! အဆင့်-၅ စစ်သည်တော်နဲ့ အထက်တွေမှသာ ဒါကို လုပ်နိုင်တာ!
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချူလျိုယွဲ့ မှင်သက်သွားမိသည်။ ရုံရှုးသည် ယခုနှစ်တွင် အသက် ၁၆၊ ၁၇ ဝန်းကျင်သာ ရှိသေးသော်လည်း သူ၏ စွမ်းဆောင်ရည်မှာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားနေခဲ့သည်။ အားနည်းတဲ့သူ ဟုတ်လား။ လူတိုင်းက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လီမင်းသားကို အထင်သေးခဲ့ကြတာပဲ။ ချူလျိုယွဲ့သည် ရုံရှုးကို ဘယ်သောအခါမှ အထင်မသေးခဲ့သော်လည်း သူက အနည်းဆုံး အဆင့်-၅ စစ်သည်တော် ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူ၏ ပါရမီမှာ ထျန်းလင်းမင်းဆက် တွင်ပင် ထူးချွန်ထက်မြက်လှသည်ဟု ဆိုရမည်။
ချူလျိုယွဲ့ အံ့အားသင့်နေတုန်းမှာပင် လူနှင့် သားရဲမှာ ညမှောင်မှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
...
ညဉ့်နက်ပိုင်းတွင် ချူလျိုယွဲ့ သူမ၏ အိပ်ခန်းသို့ ပြန်လာခဲ့သည်။ ခုတင်ဘေးရှိ အနက်ရောင် ဝတ်ရုံကို မြင်သောအခါမှ ရုံရှုး ယူသွားဖို့ မေ့ခဲ့သည်ကို သူမ သတိထားမိတော့သည်။ ချူလျိုယွဲ့ မျက်မှောင်ကြုတ်လိုက်မိသော်လည်း နောက်ဆုံးတွင်တော့ ထိုဝတ်ရုံကို သိမ်းဆည်းထားလိုက်သည်။ အချိန်ရမှ သူ့ကို ပြန်ပေးရန် သူမ စိတ်ကူးထားလိုက်သည်။ တစ်နေ့တာလုံး အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသောကြောင့် သူမ လှဲချလိုက်သည်နှင့် ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
...
ရုံရှုးသည် အိမ်တော်မှ ထွက်လာပြီးနောက် စကျင်ကျောက်လမ်းအတိုင်း လျှောက်လာကာ ထောင့်ချိုးတစ်ခုအရောက်တွင် လူတစ်ယောက် အပြေးအလွှား ရောက်ရှိလာပြီး "သခင်ကြီးကို ဂါရဝပြုပါတယ်" ဟု နှုတ်ဆက်လိုက်သည်။ ၎င်းမှာ ယန်ချင်း ပင် ဖြစ်သည်။
"ဘာဖြစ်လို့လဲ" ဟု ရုံရှုးက အေးအေးဆေးဆေး မေးလိုက်သည်။
"သခင်ကြီး... ချွမ်းချုံ ဆီက သတင်းရထားပါတယ်။ ကျိုယိုမျှော်စင်မှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်" ဟု ယန်ချင်းက အမောတကော ပြောရင်း နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်သည်။
အရေးကြီးကိစ္စ မဟုတ်ပါက ယန်ချင်းသည် ယခုကဲ့သို့ အချိန်မျိုးတွင် သူ၏သခင်ကို ဆက်သွယ်ရန် ဝံ့မည်မဟုတ်ပေ။ သို့သော် ဤကိစ္စမှာ နောက်ကျ၍မဖြစ်သော ကိစ္စဖြစ်သည်။ ချွမ်းချုံသည် ထျန်းလုအကယ်ဒမီ မှ ဆရာတစ်ဦး ဖြစ်သည်။ သူသည် အတွေ့အကြုံ ရင့်ကျက်သော်လည်း ပုံမှန်အားဖြင့် လူမသိသူမသိ နေထိုင်တတ်သူ ဖြစ်သည်။ သူသည် ရုံရှုးအတွက် အလုပ်လုပ်ပေးနေသည်ကို မည်သူမျှ မသိကြပေ။
ထျန်းလုအကယ်ဒမီသည် ထူးခြားမြင့်မြတ်သော အဆင့်အတန်းရှိပြီး တော်ဝင်မိသားစုပင် လွယ်လွယ်နှင့် မနှောင့်ယှက်ရဲသော နေရာဖြစ်သည်။ မြို့တော်ပြင်ပသို့ နှစ်ပေါင်းများစွာ ရောက်နေခဲ့သော ရုံရှုးက ထျန်းလုအကယ်ဒမီတွင် သူလျှိုတစ်ဦးကို ကြိုတင် ထည့်သွင်းထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။ ချွမ်းချုံသည် အကယ်ဒမီတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း တစ်ခါမှ ဆက်သွယ်ခြင်း မရှိခဲ့ဖူးပေ။ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် ယန်ချင်းအနေဖြင့် မည်သို့ အေးအေးဆေးဆေး နေနိုင်မည်နည်း။ သူ အပူတပြင်း ပြေးလာခဲ့ရခြင်း ဖြစ်သည်။ ယခုမူ သူ၏ သခင်ကို အနှောင့်အယှက် မပေးမိရန်သာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိတော့သည်။
"အင်း..." ရုံရှုးက အေးစက်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းငြိမ့်ပြသည်။ သူသည် အံ့အားသင့်ပုံ မပေါ်ပေ။ "သူ့ကိုပဲ ဆက်ပြီး စောင့်ကြည့်ခိုင်းလိုက်"
ယန်ချင်း အံ့သြသွားပြီး "သခင်ကြီး... ဒါ... ဒါတွေ ဖြစ်လာမယ်ဆိုတာ သခင်ကြီး ကြိုသိနေတာလား"
ကျိုယိုမျှော်စင်သည် ထျန်းလုအကယ်ဒမီ၏ အရေးပါသော နေရာတစ်ခု ဖြစ်သည်။ သခင်ကြီးက ယနေ့တွင် ထိုမျှော်စင်၌ ထူးဆန်းသော လှုပ်ရှားမှုများ ရှိလာမည်ဟု မည်သို့ ကြိုတင်သိနေရသနည်း။ တကယ်တော့ သူသည် ချွမ်းချုံကို ဟိုးအရင်ကတည်းက အဘယ်ကြောင့် ထိုနေရာတွင် ထားရှိခဲ့သနည်း...။
ဘေးနားရှိ ရွှယ်ရွှယ်မှာ စိတ်ပျက်နေသကဲ့သို့ သမ်းဝေလိုက်သည်။ ရုံရှုးက ရွှယ်ရွှယ်ကို တစ်ချက်ကြည့်ပြီးနောက် "စတုတ္ထမင်းသမီး အခုတလော ဘာတွေလုပ်နေလဲ" ဟု ရုတ်တရက် မေးလိုက်သည်။
ယန်ချင်းက "စတုတ္ထမင်းသမီးက အခုတလော အမဲလိုက်ကွင်းကို သွားဖို့ ပူဆာနေပါတယ်။ အဲ့ဒီအတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံဖို့တောင် ဝန်မလေးဘူးလို့ သိရပါတယ်။ အဆင့်မြင့်သားရဲတွေကို ဖမ်းဖို့အတွက် သူဌေးသားသမီး အတော်များများကိုလည်း ခေါ်ထားတယ်လို့ ကြားပါတယ်။ သူတို့ မနက်ဖြန် သွားကြတော့မှာပါ"
ရုံရှုးက "အင်း" ဟု ပြန်ထူးလိုက်ပြီး ရွှယ်ရွှယ်ကို ကြည့်လိုက်သည်။ "စတုတ္ထမင်းသမီးကို အချိန်ကောင်းလေး တစ်ခု ပေးလိုက်စမ်းပါ"
ရွှယ်ရွှယ်သည် ၎င်း၏ ခြေဖဝါးများကို လျှာဖြင့် လျက်လိုက်ရာ ၎င်း၏ အပြာနုရောင် မျက်လုံးများမှာ အေးစက်စက်ဖြင့် တောက်ပသွားသည်။
"သခင်ကြီး... သခင်ကြီးရဲ့ ဝတ်ရုံကရော..."
သခင်ကြီးသည် အပြင်ထွက်တိုင်း ဝတ်ရုံ အမြဲဝတ်လေ့ရှိသည်။ ယခု ဘာကြောင့် မပါလာရသနည်း။ ရုံရှုးလှည့်ကြည့်လိုက်ရာ မှောင်မည်းနေသော ညဉ့်ကောင်းကင်ယံအောက်တွင် အနက်ရောင်သန်းနေသော အစိမ်းရောင် အိမ်တော်လေးမှာ ဝေဝါးစွာ ကျန်ရစ်ခဲ့သည်။
"မနက်ဖြန်ကျမှ ငါ အဲ့ဒီကို ပြန်သွားယူမယ်"