အခန်း ၇၇ — အဆင့်တက်လှမ်းခြင်း
ချူလျိုယွဲ့သည် ပျက်စီးသွားသော တံခါးချပ်ကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေမိသည်။ "ခုနလေးတင်... ငါလုပ်လိုက်တာက ရေကန်ထဲမှာ ဂယက်လေးတစ်ခု ထအောင်လုပ်ရုံတင်လေ... ဒီလောက်ပြင်းထန်တဲ့ ပေါက်ကွဲအားတွေက ဘယ်ကနေ ရောက်လာတာလဲ"
ထိုစဉ် အပြင်ဘက်မှ အရိပ်တစ်ခု ဝှေ့ခနဲ ဝင်ရောက်လာသည်။
"ယွဲ့အာ!"
ချူလျိုယွဲ့က အသံလာရာဆီသို့ အလိုလို လှည့်ကြည့်လိုက်မိသည်။ ရုံရှုးပင် ဖြစ်သည်။ တံခါးပျက်စီးသွားသည့် အသံကို ကြားလျှင်ကြားချင်း သူ အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်မည်မှာ သိသာလှသည်။ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ လက်ခနဲ ဖြစ်သွားသည်။ 'ငါ့အခန်းက ဒီနေရာနဲ့ တော်တော်ဝေးတာပဲ... သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ'
ရုံရှူးက တံခါးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် သူမအနားသို့ အပြေးအလွှား တိုးကပ်လာသည်။ "နေကောင်းရဲ့လား... ဘာဖြစ်တာလဲ"
သူမ အန္တရာယ်ကင်းကြောင်း မြင်လိုက်ရမှသာ သူ သက်ပြင်းချနိုင်သော်လည်း စိတ်ကတော့ မအေးနိုင်သေးပေ။ ချူလျိုယွဲ့ ခေတ္တမျှ မှင်တက်သွားမိသည်။ အမြဲတမ်း ပျင်းရိပျင်းတွဲ နိုင်လှသော သူ၏ အသံထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ စွက်ဖက်နေသည်။ အနီးကပ် ကြည့်ရှုပါကလည်း အမြဲတမ်း ခန့်ညားတည်ငြိမ်နေတတ်သော သူ၏ မျက်ခုံးအစုံကြားတွင် မသိမသာ ထင်ဟပ်နေသော စိုးရိမ်စိတ်ကို တွေ့မြင်နိုင်သည်။ ဤသည်မှာ ရုံရှုးအတွက် ဖြစ်ခဲလှသော အမူအရာမျိုးပင်။
ချူလျိုယွဲ့က ခေါင်းယမ်းလိုက်ပြီး "ကျွန်မ ဘာမှမဖြစ်ပါဘူး... အနှစ်သာရပုလဲကို စုစည်းဖို့ ကြိုးစားရင်း အမှားအယွင်းလေး နည်းနည်းဖြစ်သွားတာပါ... အားကို ကောင်းကောင်း မထိန်းနိုင်လိုက်လို့"
"တကယ်လား" ရုံရှုးက သူမကို သံသယဖြင့် ကြည့်လိုက်သည်။ အနှစ်သာရပုလဲ တစ်လုံး စုစည်းရုံနှင့် ဤမျှ ကြီးမားသော ဆူညံပွက်လောရိုက်မှုမျိုး ဖြစ်နိုင်ပါ့မလား။
မိမိ၏ ရှင်းပြချက်မှာ အနည်းငယ် ယုတ္တိမတန်ကြောင်း ချူလျိုယွဲ့ ကိုယ်တိုင်လည်း သိနေသည်။ အဆင့် ၃ စစ်သည်တော် တစ်ဦးပင်လျှင် ခုနကကဲ့သို့ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်စွမ်း မရှိချေ။ သို့သော်လည်း လက်တွေ့မှာ ထိုအတိုင်းပင် ဖြစ်နေသည် မဟုတ်ပါလား။
ချူလျိုယွဲ့က သူမ၏ မျက်ခုံးကြားကို မတတ်သာသလို ပွတ်သပ်ရင်း "ကျွန်မ တကယ် အဆင်ပြေပါတယ်... အိမ်ရှေ့မင်းသား စိုးရိမ်မနေပါနဲ့တော့"
ထိုအချိန်တွင် ရွှယ်ရွှယ်က အပြင်ဘက်မှ ပြေးဝင်လာပြီး ချူလျိုယွဲ့အနားသို့ ခုန်တက်လာသည်။ ၎င်းက ချူလျိုယွဲ့ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေသကဲ့သို့ သူမအနားတွင် လိုက်လံ နမ်းရှုပ်နေတော့သည်။ ချူလျိုယွဲ့က ၎င်း၏ ဦးခေါင်းထိပ်မှ အမွှေးနုလေးများကြောင့် ယားကျိကျိဖြစ်ကာ ရယ်မောမိသွားသည်။ "ရပါပြီ၊ ရပါပြီ... ရွှယ်ရွှယ်၊ ငါ ဘာမှမဖြစ်ဘူး... ဒဏ်ရာလည်း မရပါဘူး"
ရွှယ်ရွှယ်က မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ချူလျိုယွဲ့ တကယ် အဆင်ပြေနေသည်ကို မြင်မှသာ ချော့မော့ခံလိုဟန်ဖြင့် သူမ၏ လည်ပင်းနားသို့ တိုးဝှေ့လာသည်။ ရုံရှုးက ရွှယ်ရွှယ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ရွှယ်ရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တောင့်တင်းသွားပြီး အသံတိုးတိုးဖြင့် ဟိန်းဟောက်ကာ ကြမ်းပြင်ပေါ်တွင် ငြိမ်ကုပ်လျက် လဲလျောင်းသွားတော့သည်။
ချူလျိုယွဲ့က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးရင်း ရုံရှုးကို လှည့်ကြည့်ကာ မေးလိုက်သည်။ "အိမ်ရှေ့မင်းသား... ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ"
ရွှယ်ရွှယ်က အဆင့်မြင့် သားရဲတစ်ကောင် ဖြစ်သည့်အပြင် ခြင်္သေ့မျိုးနွယ် ဖြစ်သောကြောင့် အလွန် လျင်မြန်သည်။ ၎င်းသည်ပင် ဆူညံသံကြားလျှင်ကြားချင်း လာခဲ့ခြင်း ဖြစ်သော်လည်း ရုံရှုး၏ နောက်တွင် ကျန်ရစ်နေခဲ့သေးသည်။ "... ဒါမှမဟုတ် ရှင်က အနားမှာ ရှိနေတာလား"
မိန်းကလေး၏ သံသယအပြည့်နှင့် အကြည့်ကို မြင်သောအခါ ရုံရှုးမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူက သူမ၏ ပါးလေးကို ဆွဲညှစ်လိုက်ရင်း "အတွေးတွေ လျှောက်မများပါနဲ့... ကိုယ်က အိပ်မပျော်တာနဲ့ လမ်းလျှောက်နေတာပါ... ဆူညံသံကြားလို့ ဒီဘက်ကို လာခဲ့တာ"
ချူလျိုယွဲ့က သူ၏လက်ကို ဖယ်ထုတ်လိုက်သော်လည်း စိတ်ထဲကတော့ မယုံကြည်ပေ။ ဒီလောက်တောင် တိုက်ဆိုင်ပါ့မလား။ ပြီးတော့ အနားမှာ လမ်းလျှောက်နေတယ် ဆိုရင်တောင် ခုနက သူ ရောက်လာတဲ့ အရှိန်အဟုန်ကို ငါ မှတ်မိနေသေးတယ်။ ဒီအမြဲ ဖျားနာနေတတ်တဲ့ လီမင်းသားက တစ်ခုခုကို ဖုံးကွယ်ထားတဲ့နေရာမှာ တကယ်ကို ပါးနပ်တာပဲ...။
ချူလျိုယွဲ့က ဆက်မမေးတော့ဘဲ "အိမ်ရှေ့မင်းသား... ဒါက မတော်တဆမှုလေးပါပဲ... အခု ပြန်ပြီး အနားယူလိုက်ပါဦး" ဟုသာ ပြောလိုက်သည်။
ရုံရှုးက ပျက်စီးနေသော တံခါးကို တမင်တကာ စိုက်ကြည့်ရင်း "ကိုယ် ထွက်သွားရင် မင်း ဒီအခန်းကြီး တစ်ခုလုံးကို ဖြိုချပစ်ဦးမှာ မဟုတ်ဘူးလို့ သေချာလား"
ချူလျိုယွဲ့ စကားမပြောနိုင်ဘဲ ဆွံ့အသွားရသည်။ ဤအခြေအနေကို ရှင်းပြဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား။
"မင်းရဲ့ အနှစ်သာရပုလဲကို ဆက်ပြီး စုစည်းပါ... ကိုယ်က ဒီမှာပဲ ရှိနေမှာပါ၊ မင်းကို အနှောင့်အယှက် မပေးပါဘူး" ဟု ပြောပြီးနောက် ရုံရှုးက အခန်းထောင့်ရှိ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူက မပြန်တော့မည့်အလား စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ ဖတ်နေတော့သည်။
ချူလျိုယွဲ့ သက်ပြင်းသာ ချမိတော့သည်။ ဒီလူ့ရဲ့ အရှက်မရှိ တည်ငြိမ်လွန်းတဲ့ အမူအရာကိုတော့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ထားလိုက်ပါတော့! ရေကန်က ငါ့ရဲ့ ဒန်ထျန် (စွမ်းအင်သိုလှောင်ရာနေရာ) ထဲမှာ ရှိနေတာဆိုတော့ အပြင်လူတွေ သိနိုင်မှာ မဟုတ်ပါဘူး။ သူတို့ အလွန်ဆုံး ခံစားရမှာက အထဲမှာ ရှိနေတဲ့ ပေါက်ကွဲအားကိုပဲ။ အဲဒါကိုလည်း အနှစ်သာရပုလဲကြောင့်လို့ပဲ အကြောင်းပြလို့ ရပါတယ်။
နေပါဦး! ရုတ်တရက် အတွေးတစ်ခုက ချူလျိုယွဲ့၏ ဦးနှောက်ထဲသို့ လျှပ်စီးကဲ့သို့ ဝင်ရောက်လာပြီး စာအုပ်စာမျက်နှာပေါ်ရှိ စာသား၏ အဓိပ္ပာယ်ကို သူမ နားလည်သွားခဲ့သည်။
၎င်းက သူမကို အနှစ်သာရပုလဲအဖြစ် အသုံးပြုခိုင်းနေခြင်းပါတကား!