အခန်း ၇၆ — ဆုတ်ပြဲနေသော စာအုပ်စာမျက်နှာ
မိုးက ရွာနေဆဲပင်။ စာကြည့်ခန်းထဲတွင် ချူလျိုယွဲ့သည် သူမ၏ စွမ်းအင်နှင့် အသက်ရှူနှုန်းကို တည်ငြိမ်အောင်ထားပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏အင်အား(လောကဓာတ်အား )(Heaven and Earth Force) များကို လျင်မြန်စွာ စုပ်ယူနေသည်။
အချိန်များ ကုန်ဆုံးသွားသော်လည်း ချူလျိုယွဲ့ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏အင်အားများ သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ယွမ်သွေးကြောမှတစ်ဆင့် စွမ်းအင်သိုလှောင်ရာနေရာ(ဒန်ထျန်) ဆီသို့ ဦးတည်သွားသော်လည်း အနှစ်သာရပုလဲ (pearl of essence) အဖြစ်သို့ ကွဲထွက်မသွားပေ။ ထိုအစား အားမာန်များမှာ သေးငယ်သော ရေကန်ငယ်လေးထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
စစ်မှန်သော စစ်သည်တော်တစ်ဦး ဖြစ်လာရန်အတွက် အနှစ်သာရပုလဲကို အရင်ဖော်ဆောင်ရမည် ဖြစ်သည်။ ချူလျိုယွဲ့၏ အခြေအနေတွင် သူမ၏ ခန္ဓာကိုယ်ထဲ၌ အားမာန်များ အလုံအလောက်ရှိနေသဖြင့် အနှစ်သာရပုလဲ ဖော်ဆောင်ခြင်းမှာ အလွန်လွယ်ကူရမည် ဖြစ်၏။ သို့သော်လည်း အတော်ကြာသည်အထိ ကောင်းကင်နှင့်မြေကြီး၏အင်အားများ စုစည်း၍ မရသေးပေ။ ထိုအစား ရေကန်ငယ်လေးထဲ သို့သာ တရစပ် စီးဝင်နေတော့သည်။
ထိုစွမ်းအင်များသည် ဝါးမြိုခံလိုက်ရသကဲ့သို့ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားသည်။ ရေကန်မှာ ဂယက်ပင် တစ်ချက်မထပါဘဲ ငြိမ်သက်နေဆဲပင်။ ချူလျိုယွဲ့ အခြေအနေ၏ ပြင်းထန်မှုကို ဖြည်းဖြည်းချင်း သဘောပေါက်လာသည်။
ဒီလိုသာ ဆက်ဖြစ်နေရင် ငါ အနှစ်သာရပုလဲကို မဖော်ဆောင်နိုင်ဘဲ စစ်သည်တော် ဖြစ်မလာနိုင်တော့ဘူးလား။
အနှစ်သာရပုလဲသည် စစ်သည်တော်များအတွက် အလွန်အရေးပါသည်။ အထူးသဖြင့် စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကျင့်ကြံသူများအတွက် အနှစ်သာရပုလဲသည် အရေးအကြီးဆုံးအရာ ဖြစ်လာသည်။ အကယ်၍ သူမတွင် အနှစ်သာရပုလဲ မရှိပါက သူမကို စစ်မှန်သော စစ်သည်တော်ဟု မသတ်မှတ်နိုင်သလို သူမ၏ စွမ်းရည်မှာလည်း အကြီးအကျယ် ကန့်သတ်ခံရပေလိမ့်မည်။ ချူလျိုယွဲ့က အားမာန်များကို ထိန်းသိမ်းပြီး စုစည်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
ချူလျိုယွဲ့ မျက်လုံးများ ဖွင့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒီရေကန်ရဲ့ အားမာန်က ငါ့ရဲ့အားမာန်ကို လွှမ်းမိုးထားတာပဲ..."
သူမ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ခန္ဓာကိုယ်ပေါ်ရှိ ရေကန်၏ လွှမ်းမိုးမှုကို တွန်းလှန်ရန် နည်းလမ်းမရှိပေ။ ဒါက တကယ့်ကို အကြပ်အတည်းပဲ။ ဒီရေကန်က အာနိသင်က ဘာလဲ။
ရေကန်သည် သူမအတွက် အန္တရာယ်မရှိကြောင်း ချူလျိုယွဲ့ သေချာပေါက် သိထားသည်။ ၎င်းသည် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် သူမကို ကာကွယ်ပေးပြီး ကယ်တင်ပေးတတ်သေးသည်။ သို့သော်လည်း ဒါကို သူမ နားမလည်နိုင်ပါက ဤအဆင့်မှာတင် ထာဝရ ရပ်တန့်နေတော့မည်လော။
ချူလျိုယွဲ့ သူမ၏ လက်ဖဝါးကို ကြည့်လိုက်သည်။ သူမ ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံး သတိပြန်ရလာချိန်တွင် လက်ဖဝါးပေါ်၌ ထူးဆန်းသော ပုံစံတစ်ခု ပေါ်လာခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ နောက်ပိုင်းတွင် ထိုပုံစံ ပျောက်ကွယ်သွားပြီး သူမ၏ စွမ်းအင်သိုလှောင်ရာနေရာထဲ၌ ဆုတ်ပြဲနေသော စာအုပ်စာမျက်နှာတစ်ခု ပေါ်လာခဲ့သည်။ ထိုစာမျက်နှာသည် နောက်ဆုံးတွင် လွင့်မျောနေသော ရေကန်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
နောက်ဆုံးအကြိမ် ရေကန် တုံ့ပြန်ခဲ့သည်မှာ သူမ၏ ယွမ်သွေးကြောကို ပြန်လည်ပြုပြင်စဉ်က ဖြစ်သည်။ အစပိုင်းတွင် ချူလျိုယွဲ့က ၎င်းကို သိပ်ပြီး ဂရုမစိုက်ခဲ့သော်လည်း အနှစ်သာရပုလဲ ဖော်ဆောင်ရာတွင် ယခုကဲ့သို့ အနှောင့်အယှက် ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ချူလျိုယွဲ့ ထပ်မံ၍ အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း ကျရှုံးခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်။ ပြတင်းပေါက်အပြင်ဘက်က မိုးရွာသံ တဖြဖြက သူမကို ပို၍ စိတ်ပျက်စေသည်။
"ဒါက ဘယ်လို အသုံးမကျတဲ့ အရာလဲ"
သူမ စကားပြောပြီးသည်နှင့် စွမ်းအင်သိုလှောင်ရာနေရာ(ဒန်ထျန်) ထဲတွင် တုန်ခါသွားမှုကို ချူလျိုယွဲ့ ချက်ချင်း ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အားမာန်တစ်ခုက ရေကန်ထဲမှ ပေါက်ကွဲထွက်လာသည်။ ချူလျိုယွဲ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီး ရင်ဘတ်ထဲတွင် စွမ်းအင်များ တိုးဝင်လာသည်။ သူမ ကိုယ်ကို ထိန်းလိုက်ပြီး စွမ်းအင်သိုလှောင်ရာနေရာ(ဒန်ထျန်) ထဲကို အမြန်ကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ မှင်တက်သွားရသည်။ လွင့်မျောနေသော ရေကန်သည် ဖောက်ထွင်းမြင်ရသည့် စာအုပ်စာမျက်နှာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခြင်းပင်။ ၎င်းမှာ သူမ အရင်က မြင်ဖူးခဲ့သည့် စာမျက်နှာ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ စာမျက်နှာပေါ်၌ နီရဲသော အလင်းတန်းများ လျင်မြန်စွာ စုစည်းနေသည်။
ချူလျိုယွဲ့၏ နှလုံးသားမှာ ထိတ်လန့်သွားရသည်။ ဒီလို ရုတ်တရက် ပြောင်းလဲသွားတာက ဘာကို ဆိုလိုတာလဲ။ စာမျက်နှာပေါ်က အနီရောင်အလင်းတန်းတွေက တဖြည်းဖြည်းနဲ့ စုစည်းပြီး... စာလုံးတစ်လုံးလား။
ချူလျိုယွဲ့ သူမ၏ စွမ်းအင်ကို စုစည်းပြီး ဂရုတစိုက် ကြည့်လိုက်သည်။ ထိုအချိန်တွင် ဒုတိယမြောက် စာလုံးတစ်လုံး ပေါ်လာပြန်သည်။ ချူလျိုယွဲ့ စာမျက်နှာပေါ်က စာလုံးတွေကို နောက်ဆုံးတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်— "ငတုံး... ငတုံး"
ချူလျိုယွဲ့ ဆွံ့အသွားရသည်။ ဒီဖောက်ထွင်းမြင်ရတဲ့ စာအုပ်စာမျက်နှာကနေ ပထမဆုံး ထွက်ပေါ်လာတဲ့ စာလုံးတွေက...
"ရှင် ကျွန်မကို စော်ကားနေတာလား" ချူလျိုယွဲ့ မယုံနိုင်သလို မေးလိုက်သည်။
စာအုပ်စာမျက်နှာမှာ တုန်ခါသွားပြီး စာလုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သို့သော်လည်း ချူလျိုယွဲ့၏ အံ့အားသင့်မှုမှာ လျော့ပါးမသွားပေ။ အရင်တစ်ခေါက် ဖြစ်ပျက်ခဲ့သည်များကို အခြေခံ၍ ဤစာမျက်နှာသည် ပျက်စီးနေသော ရတနာတစ်ခု ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းခဲ့သော်လည်း အတိအကျ ဘာလဲဆိုသည်ကိုမူ မသေချာခဲ့ပေ။ ယခုကြည့်ရသည်မှာ ဤစာမျက်နှာသည် ကိုယ်ပိုင်အသိဉာဏ် ရှိနေပုံရသည်။
ချူလျိုယွဲ့ သူမ၏ အံ့သြမှုကို နှိမ်နှိမ်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ "ရှင်က တကယ်တော့ ဘာလဲ"
သူမ၏စွမ်းအင်သိုလှောင်ရာနေရာ -ဒန်ထျန်ထဲတွင် ဤကဲ့သို့ အရာတစ်ခု ရှိနေခြင်းက သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
စာအုပ်စာမျက်နှာပေါ်တွင် စာကြောင်းအသစ်တစ်ခု မကြာမီ ပေါ်လာပြန်သည်— "အနှစ်သာရပုလဲမှာ လောကဓာတ်အားမာန်တွေ စုစည်းတယ်။ တစ်ယောက်စာပဲဆိုရင်တော့ လျှံကျလိမ့်မယ်"
ချူလျိုယွဲ့ တောင့်ခဲသွားသည်။ ဒါက ငါ့ရဲ့ အနှစ်သာရပုလဲမှာ လောကဓာတ်အားမာန်တွေ မလုံလောက်သေးဘူးလို့ ဆိုလိုတာလား။ ဒါပေမဲ့ ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား။ ကျင့်ကြံသူတွေဆိုတာ မရေမတွက်နိုင်အောင် ရှိကြတာပဲ။ အကယ်၍ တစ်ယောက်ရဲ့ အနှစ်သာရပုလဲက အကန့်အသတ်မရှိတဲ့ လောကဓာတ်အားမာန်တွေကို ထိန်းထားနိုင်မယ်ဆိုရင် ကမ္ဘာကြီး ဗရုတ်သုတ်ခ ဖြစ်မသွားဘူးလား။ ပြီးတော့ ကျင့်ကြံသူတစ်ယောက် အဆင့်တက်လာတာနဲ့အမျှ အနှစ်သာရပုလဲက ပိုတောင့်တင်းလာပြီး စွမ်းအင်တွေ ပိုသိုလှောင်လာနိုင်တာပဲလေ။ ဒါက တစ်ကြိမ်တည်းနဲ့ ပြီးသွားတဲ့အရာမှ မဟုတ်တာ။
သူမ၏ အတွေးကို ဖတ်မိသည့်အလား စာကြောင်းမှာ ပျောက်ကွယ်သွားပြီး အသစ်တစ်ခုနှင့် အစားထိုးလိုက်သည်— "ပြင်မရတဲ့ ငတုံး"
ချူလျိုယွဲ့ စကားပင် မဆိုနိုင်တော့ပေ။ သူမ၏ အတိတ်ဘဝနှင့် ယခုဘဝ နှစ်ခုလုံးတွင် ဤကဲ့သို့ စော်ကားခံရဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူမ ဘာမှမပြောနိုင်ခင်မှာပင် စာကြောင်းမှာ ပျောက်ကွယ်သွားသည်။ စာအုပ်စာမျက်နှာသည်ပင် လွင့်မျောနေသော ရေကန်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။ တစ်ဖက်လူက သူမကို လျစ်လျူရှုလိုက်သည့်ပုံပင်...။
ချူလျိုယွဲ့သည် လွင့်မျောနေသော ရေကန်ကို စိုက်ကြည့်ရင်း အတွေးထဲ နစ်ဝင်သွားသည်။ ထိုစာကြောင်းက ဘာကို ဆိုလိုတာလဲ။ အနှစ်သာရပုလဲက တစ်ယောက်စာဆိုရင် လျှံကျလိမ့်မယ်...။ ငါ့ရဲ့ အနှစ်သာရပုလဲက လောကဓာတ်အားမာန်တွေကို ပိုပြီး သိုလှောင်နိုင်တယ်လို့ ပြောနေတာလား။
ဤသို့တွေးလိုက်သည်နှင့် ချူလျိုယွဲ့ စိတ်ကူးတစ်ခု ရသွားသည်။ သူမ ရေကန်ထဲတွင် ရှိနေသော အားမာန်များကို ခံစားကြည့်လိုက်သည်။ ကျယ်ပြောလှပြီး ထူးခြားဆန်းပြားလှ၏။ ချူလျိုယွဲ့ အသက်ရှူအောင့်လိုက်ပြီး စွမ်းအင်များကို ဂရုတစိုက် လမ်းကြောင်းပေးရန် ကြိုးစားလိုက်ရာ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ဂယက်တစ်ခု ဖြတ်သန်းသွားသည်။
ဟုန်း!
ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါက်ကွဲမှုတစ်ခုက ရေကန်ထဲမှ ထွက်ပေါ်လာပြီး ချူလျိုယွဲ့၏ ခြေလက်အင်္ဂါများဆီသို့ စီးဝင်သွားသည်။ ချူလျိုယွဲ့ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး လက်ချောင်းတစ်ချောင်းကို ရှေ့သို့ တည့်တည့် ထိုးပြလိုက်သည်။
ဒုန်း!
တံခါးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေတော့သည်။