အခန်း ၇၅ — ရွေးချယ်မှုများ
ချူလျိုယွဲသည် သူမ၏အခန်းကို ရုံရှုးအား ပေးလိုက်ရသည့်အတွက် အမှန်တကယ် စိတ်မဆိုးမိပေ။ သူသည် သူမကို အကြိမ်အနည်းငယ် ကူညီပေးခဲ့ဖူးသဖြင့် သူမတွင် သူ့အကြွေးရှိနေသည်။ ထို့ကြောင့် သူ့ကို တစ်ညတာ တည်းခိုခွင့်ပေးခြင်းမှာ ပြောပလောက်သည့်ကိစ္စ မဟုတ်ချေ။ အိပ်ခန်းထဲမှ ထွက်လာပြီးနောက် သူမ ခေတ္တမျှ စဉ်းစားကာ စာကြည့်ခန်းသို့ ဦးတည်လိုက်သည်။ စာကြည့်ခန်းထဲတွင်လည်း ခုတင်တစ်လုံးရှိသော်လည်း ချူလျိုယွဲ့မှာ အိပ်စက်ရန် အစီအစဉ်မရှိပေ။ သူမသည် ယနေ့တွင် အဆင့်တက်လှမ်းပြီး စစ်မှန်သော စစ်သည်တော်တစ်ဦးအဖြစ် နောက်ဆုံးတွင် အသွင်ပြောင်းလဲလိုခြင်း ဖြစ်သည်။
ချူလျိုယွဲ့သည် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ဆို့လိုက်ပြီးနောက် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။ ဤခန္ဓာကိုယ်တွင် (ဧကရာဇ်သွေးကြော) ယွမ်သွေးကြောများ ရှိနေသဖြင့် အခြားကျင့်ကြံသူများထက် ကျင့်ကြံခြင်း အရှိန်အဟုန်မှာ များစွာ ပိုမိုမြန်ဆန်လှသည်။ ထို့ကြောင့် သူမ၏ ယွမ်သွေးကြောများ ပြန်လည်ကောင်းမွန်လာသည်မှာ မကြာသေးသော်လည်း ချူလျိုယွဲ့၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နှင့် မြေကမ္ဘာ၏ စွမ်းအားများ ပြည့်ဝစွာ တည်ရှိနေပြီဖြစ်သည်။ ထျန်းလုအကယ်ဒမီသို့ တက်ရောက်ခွင့် ရရှိသွားပြီဖြစ်သဖြင့် သူမ၏ ယွမ်သွေးကြောများ ပြန်လည်ကောင်းမွန်လာသည့် အချက်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
အခန်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ မကြာမီမှာပင် ကောင်းကင်နှင့် မြေကမ္ဘာမှ စွမ်းအားများသည် ချူလျိုယွဲ့၏ ခန္ဓာကိုယ်ဆီသို့ စုစည်းရောက်ရှိလာတော့သည်။
ဒီညတော့ ငါ စစ်သည်တော်အဆင့်ကို အရောက်တက်လှမ်းနိုင်ရမယ်!
…
မိုးရွာသော ဤညသည် ထူးခြားဖြစ်ရပ်များဖြင့် ပြည့်နှက်နေရန် ကံပါလာပုံရသည်။
လုအိမ်တော်
“ရန့်အာ… ချူလျိုယွဲ့က စာမေးပွဲစစ်ဆေးမှုမှာ မိန်မိန်ကို တကယ်ပဲ အနိုင်ယူလိုက်တာလား”
စာမေးပွဲပြီးနောက် ကျောင်းမှာ သုံးရက်ပိတ်သည်။ လုဖေးရန့် အိမ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် စာကြည့်ခန်းသို့ ခေါ်ဆောင်ခြင်းခံရပြီး အကယ်ဒမီတွင် ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို အစစ်ဆေးခံရတော့သည်။
လုဖေးရန့်က နှုတ်ခမ်းဆူကာ “တကယ်ပါဆို” ဟု ဖြေလိုက်သည်။
လုမိသားစုဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ဒါက… ချူလျိုယွဲ့က တကယ်ပဲ အောက်ခြေကနေ ထိပ်ဆုံးကို တက်လှမ်းနိုင်သွားတာလား”
ဒီသတင်းကို စတင်ကြားစဥ်က သူတို့ မယုံကြည်ခဲ့ကြပေ။ နတ်ဆေးဆရာများပင် မကုသနိုင်ခဲ့သည့် ချူလျိုယွဲ့၏ ချို့ယွင်းနေသော ယွမ်သွေးကြောများက မည်သို့များ ပြန်လည်ကောင်းမွန်လာနိုင်ပါမည်နည်း။ သို့သော် ယခုမူ သူတို့ ယုံကြည်ရုံမှတစ်ပါး အခြားမရှိတော့ပေ!
“ဟွန့်… သမီးတော့ ဒါက တစ်ခုခု ထူးဆန်းနေတယ်လို့ ထင်တယ်။ အဲ့ဒီ ချူလျိုယွဲ့က မိန်မ်ိန့်ကို အနိုင်ယူဖို့ တစ်ခုခု လှည့်စားလိုက်တာ ဖြစ်ရမယ်။ သူက အရမ်း ရက်စက်တာပဲ။ မိန်မိန့်ကို အနိုင်ယူရုံတင်မကဘူး၊ မျက်နှာကိုပါ အမာရွတ်ထင်အောင် လုပ်ခဲ့တာ။ အခုတော့ မိန်မိန်က သူ့ကို အရိုးထဲကနေ နာကျည်းနေပြီ!”
လူကြီးများမှာ ဖြစ်ပျက်ခဲ့သမျှကို ကြားရသောအခါ အံ့အားသင့်ကာ ခေါင်းခါယမ်းလိုက်ကြသည်။
“ဒီ ချူလျိုယွဲ့ကတော့ ချူမိသားစုကို တကယ် ရန်စလိုက်တာပဲ။ သူက အရင်လို မဟုတ်တော့ဘူး၊ ချူနင်ကလည်း နန်းတွင်းကိုယ်ရံတော်တပ်မှူး ဖြစ်လာတော့ သူတို့က မောက်မာနေကြတာပဲ။ ဒါပေမဲ့ နန်းမြို့တော်ထဲမှာ သူတို့ ဆက်ရှင်သန်နိုင်ဖို့ကတော့ ခက်လိမ့်မယ် ထင်တယ်…”
“ဒုတိယအကြီးအကဲ… ချူမိသားစုဆီကနေ သတင်းစကား ပါးလိုက်ပါတယ်…”
“ငါတို့က ချူမိသားစုနဲ့ သိပ်အဆင်မပြေဘူး ဆိုပေမဲ့လည်း၊ မိန်မိန်ရဲ့ ကိုယ်ထဲမှာ လုမိသားစု သွေးပါနေတာပဲ။ ပြီးတော့ ဆာလောင်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးနေပါသေးတယ်။ အခုချိန်မှာ ချူမိသားစုကို ရန်စစရာ မလိုသေးဘူး”
“ဟုတ်ကဲ့ပါ!”
…
ကုအိမ်တော်
ကျောင်းပိတ်ရက်ဖြစ်သော်လည်း ကုမင်ဖုန်းမှာ အရင်အတိုင်းပင် အိမ်သို့ ပြန်မလာခဲ့ပေ။ ကုမိသားစုဝင်များကလည်း ထိုအချက်ကို ဂရုမစိုက်ကြဘဲ ချူမိသားစုအပေါ် မည်သို့သော သဘောထားမျိုး ထားရှိသင့်သလဲဆိုသည်ကိုသာ ဆွေးနွေးနေကြသည်။
“ချူနင်ရဲ့ အဆင့်အတန်းက အခုဆို အပြောင်းအလဲ ရှိသွားပြီ။ ငါတို့က သူ့ကို လေးစားမှုမပြရင် အရှင်မင်းကြီးကို မလေးစားရာ မကျဘူးလား။ ချူမိသားစုက အရှိန်အဝါ ကျဆင်းနေပြီဆိုတော့ သူတို့ကို အဲ့လောက်အထိ ကြောက်နေစရာ မလိုတော့ပါဘူး…”
“ဒါပေမဲ့လည်း ချူမိသားစုမှာ ခဲယဉ်းတဲ့ လူတွေ ရှိနေသေးတာပဲ။ ချူနင်က ဘယ်လောက်ပဲ တော်နေပါစေ၊ သူက တစ်ကိုယ်တော် ဖြစ်နေတာ။ ချူမိသားစုဝင်တွေကို သူ အနိုင်ပိုင်းနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး”
“အဲ့ဒီလိုဆိုရင် ငါတို့က…”
“ချူမိသားစုကိုပဲ ထောက်ခံမယ်!”
…
စီအိမ်တော်
စီထင်နှင့် စစ်ယန်တို့ အိမ်ပြန်ရောက်ပြီး မကြာမီမှာပင် အိမ်ထောင်ဦးစီး စီယဲ့က သူတို့ကို မေးမြန်းရန် ခေါ်လိုက်သည်။ အခန်းထဲတွင် သူတို့ သားအဖ သုံးဦးတည်းသာ ရှိနေသည်။
“မင်းတို့ ချူလျိုယွဲ့အပေါ် ဘယ်လို ထင်သလဲ” စီယဲ့က တိုက်ရိုက်ပင် မေးလိုက်သည်။
“အဖေ… အဲ့ဒီ ချူလျိုယွဲ့က တော်တော်လေး လက်ဖျားခါလောက်တယ်! အစ်ကို့ထက် နည်းနည်းလေးပဲ လိုတော့တာ။ ချူမိသားစုကတော့ ဒီနှစ်တွေမှာ မျက်စိမှောက်နေခဲ့တာပဲ!” စီယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
စီယဲ့က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာ “ချူလျိုယွဲ့က ဒီနေ့မှာပဲ ချူမိသားစုနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ” ဟု ဆိုသည်။
“ဘာ!” စီယန် အော်ဟစ်မိသွားသည်။ သို့သော် ချူမိသားစုက သူမအပေါ် ဆက်ဆံခဲ့ပုံကို ပြန်တွေးမိသောအခါ သူမ၏ လုပ်ရပ်မှာ အမှားမရှိဟု ခံစားလိုက်ရသည်။ “… သူတို့ ဆက်ဆံခဲ့ပုံအရဆိုရင်တော့ ဒါက ဖြစ်သင့်ပါတယ်။ သူ တကယ် သတ္တိရှိတာပဲ!”
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် စီထင်က စီယဲ့ကို ကြည့်ကာ “ဖခင်… ဖခင်ရဲ့ ရွေးချယ်မှုက ဘာလဲ” ဟု မေးလိုက်သည်။
ဤကဲ့သို့ ပါးနပ်စူးရှမှုမျိုးမှာ ကြီးကျယ်သော အမှု့ကိစ္စများကို လုပ်ဆောင်မည့်သူတွင်သာ ရှိတတ်သည်။ စီယဲ့က သူ့သားကို သဘောကျစွာ ကြည့်လိုက်သည်။
“ချူမိသားစုပဲ။ တကယ်တော့ ငါတစ်ယောက်တည်းတင် မဟုတ်ဘူး၊ နန်းမြို့တော်ထဲက လူတိုင်းလည်း ဒီလိုပဲ ရွေးချယ်ကြလိမ့်မယ်။ ချူမိသားစုက… သူမကို ရှင်သန်ကြီးထွားလာဖို့ အခွင့်အရေးရော အချိန်ရော ပေးလိမ့်မယ် မထင်ဘူး”
သို့သော် စီထင်က ခေါင်းခါယမ်းလိုက်သည်။
“ကျွန်တော်ကတော့ အဖေ့ကို ချူလျိုယွဲ့ဘက်ကနေ ရပ်တည်စေချင်ပါတယ်”
စီယဲ့ အံ့အားသင့်သွားသည်။ “ဘာဖြစ်လို့လဲ”
စီထင် ခေတ္တမျှ ငြိမ်သက်သွားပြီးမှ “သူမရဲ့ အရည်အချင်းက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်။ ပြီးတော့… ချူမိသားစုကို အခွင့်အရေး ပေးမှာမဟုတ်တာက ချူမိသားစု မဟုတ်ဘဲ သူမကိုယ်တိုင် ဖြစ်နေလို့ပါပဲ” ဟု ပြန်ဖြေလိုက်လေသည်။