အခန်း ၇၄ — အချိန်ကိုက်ပင်
ထိုစဉ်က ရုံရှုး၏ ပုံစံကို ချူလျိုယွဲ့ မည်သို့ ဖော်ပြရမှန်းပင် မသိတော့ပေ။ သူသည် သူပြောပြနေသည့် ရှုခင်းများကို လွမ်းဆွတ်နေသယောင် ရှိသော်လည်း တစ်စုံတစ်ယောက်ကို ပို၍ပင် လွမ်းဆွတ်နေပုံရသည်။ ဆောင်းရာသီမှာ မက်မွန်ပွင့်တွေ ဝေဆာနေတာကို ဘယ်မှာ မြင်နိုင်မှာလဲ။ ပြီးတော့ သူ မေ့မရနိုင်တဲ့ ထိုသူကကော ဘယ်သူလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုသူသည် သူမအတွက် အလွန်တရာ အရေးပါနေသည်မှာတော့ အထင်အရှားပင်။
ချူလျိုယွဲ့ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မက်မွန်ပွင့်ဆံထိုးလေးကို သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
ရုံရှုးက ပါးကို လက်ဖြင့်ထောက်ကာ ငေးမောနေသည်။ မျက်နှာပေါ်သို့ ကျရောက်နေသည့် ပူနွေးသော ဖယောင်းတိုင်မီးရောင်က သူ၏ ထူးခြားထင်ရှားသော ရုပ်ရည်ကို ပို၍ ပေါ်လွင်စေသည်။ ချူလျိုယွဲ့ အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ မိုးက ပို၍ သည်းထန်လာပြီး မကြာမီ တိတ်သွားမည့်ပုံလည်း မပေါ်ပေ။
သူမက မေးလိုက်၏။ "အရှင်မင်းသား... ရှင့်ရဲ့ စံအိမ်ကလူတွေ ရှင် ဒီမှာရှိနေတာ သိကြလား။ မိုးက ဒီလောက် သည်းနေတာဆိုတော့ သူတို့ ရှင့်ကို လာကြိုသင့်တာပေါ့ မဟုတ်ဘူးလား"
သူ့မှာ ထီးပါသည်ဆိုသော်လည်း လီမင်းသားကို မိုးထဲလေထဲ ပြန်ခိုင်းရန်မှာ အနည်းငယ် လွန်ရာကျပေလိမ့်မည်။ အထူးသဖြင့် သူက သူမကို အဖိုးတန်လက်ဆောင်တစ်ခု ပေးပြီးကာစ မဟုတ်ပါလား။
ရုံရှုးက သူမကို ခပ်နောက်နောက် အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။ "မင်းက ကိုယ့်ကို မမြင်ချင်တော့ဘူးလား။ ကိုယ့်ကို ပြန်ဖို့ တအား နှင်လွှတ်နေတာပဲ"
"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ။ ရှင် လာလည်တာ ကျွန်မအတွက် ဂုဏ်ယူစရာပဲလေ။ ဒါပေမဲ့ ကျွန်မတို့ အိမ်က နည်းနည်း နွမ်းပါးတော့ လီမင်းသားစံအိမ်နဲ့ ယှဉ်လို့မရဘူးလေ" ချူလျိုယွဲ့က တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်သည်။
"ကိုယ်ကတော့ ဒီနေရာက မဆိုးဘူးလို့ ထင်တာပဲ" ရုံရှုးက စားပွဲကို ခေါက်လိုက်သည်။ "ဒါ့အပြင်... ကိုယ့်ရဲ့ ကျန်းမာရေးကလည်း အခုတလော အားနည်းနေတော့ အအေးဓာတ်ကို သိပ်မခံနိုင်ဘူး။ မိုးက ဆက်ရွာနေဦးမယ်ဆိုရင်တော့ ဒီည မင်းဆီမှာ ခဏလောက် အနှောင့်အယှက်ပေးရတော့မယ့်ပုံပဲ"
လက်ဖက်ရည်သောက်ရန် ခွက်ကို လှမ်းကိုင်လိုက်သော ချူလျိုယွဲ့မှာ ထိတ်လန့်သွားကာ မျက်လုံးများ ပြူးကျသွားပြီး လက်ဖက်ရည်ခွက်ကို လွှတ်ချမိမတတ် ဖြစ်သွားသည်။
"ရှင်... ဒီမှာ အိပ်ချင်တယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဒီစံအိမ်မှာ သူမ နေတာ ပထမဆုံးနေ့ပဲ ရှိသေးတာလေ။ ရုံရှုးက သူမနဲ့ ဘယ်လိုမှလည်း မတော်စပ်ဘဲနဲ့ ဒီမှာ ဘယ်လိုလုပ်ပြီး အိပ်နိုင်မှာလဲ။
"မင်းရဲ့ စံအိမ်က တော်တော်ကြီးတာပဲ။ အနည်းဆုံးတော့ ဧည့်သည်နားနေဆောင်တစ်ခုတော့ ရှိမှာပေါ့ မဟုတ်ဘူးလား" ရုံရှုးကလည်း အံ့သြသွားသည့်ဟန်ဖြင့် ကြည့်လာသည်။
"..."
ချူလျိုယွဲ့ စကားပင် မပြောနိုင်တော့ပေ။ စံအိမ်ထဲတွင် အခန်းများစွာ ရှိသော်လည်း သူမသည် အစကတည်းက အေးချမ်းမှုကို လိုချင်သဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိပ်ခန်း နှစ်ခန်းသာ ပြင်ဆင်ထားခဲ့သည်—တစ်ခန်းက ချူနင်အတွက်ဖြစ်ပြီး နောက်တစ်ခန်းက သူမအတွက် ဖြစ်သည်။ သူ့အတွက် နေရာမရှိပေ။
ချူလျိုယွဲ့က ရုံရှုးအား အခြေအနေကို ချက်ချင်း ရှင်းပြလိုက်သည်။ "... အရှင်မင်းသား... ကျွန်မ ရှင့်ကို နှင်လွှတ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမှာ ရှင့်အတွက် တကယ်ကို အခန်းမရှိလို့ပါ။ ကျွန်မအဖေလည်း ဒီည နောက်ကျမှ ပြန်လာမှာဆိုတော့..."
"မင်းအဖေက ခမည်းတော်နဲ့တွေ့ဖို့ နန်းတော်ထဲ သွားတယ် မဟုတ်လား။ ခမည်းတော်က အလွန်ဝမ်းသာနေပြီး အရာရှိချူနဲ့ တစ်ညလုံး စကားပြောဖို့ ရည်ရွယ်ထားတယ်လို့ ကိုယ် ကြားထားတယ်"
ချူလျိုယွဲ့က ရုံရှုးကို သံသယဖြင့် စောင်းကြည့်လိုက်သည်။ သူ ဒါကို သိနေသည်မှာ မဆန်းပေ။ မင်အမတ်ကြီးကလည်း စောစောက တံခါးဝတွင် ပြောသွားခဲ့သဖြင့် သိလိုသူတိုင်း လွယ်လွယ်ကူကူ စုံစမ်းနိုင်သည်။ ထို့အပြင် မင်းသားတစ်ပါးအနေဖြင့် ရုံရှုးသည် နန်းတွင်းရေးရာများကို အသိဆုံး ဖြစ်ပေလိမ့်မည်။ လီမင်းသားသည် ကြည့်ရသလောက် အပြစ်ကင်းစင်ပြီး နူးညံ့သူတော့ မဟုတ်ချေ။
"သူတို့ စကားပြောလို့ ပြီးရင်တော့ အဖေ ပြန်လာမှာပါ။ သမီးတစ်ယောက်အနေနဲ့ အဖေ့အတွက် အခန်းတစ်ခန်း မချန်ထားလို့ မရဘူးလေ"
ရုံရှုးက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်သည်။ "အဲဒါ မှန်ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ လူကြီးတွေကို အနှောင့်အယှက် မပေးသင့်ဘူးလေ"
ချူလျိုယွဲ့ စိတ်သက်သာရာ မရခင်မှာပင် သူက ဆက်ပြောလိုက်သည်မှာ... "အဲဒီလိုဆိုရင်တော့... ကိုယ် ယွဲ့အာကိုပဲ အားနာရတော့မှာပဲ"
ချူလျိုယွဲ့ ကန့်ကွက်ရန် စားပွဲကို ရိုက်ရန် ပြင်လိုက်သော်လည်း ရုံရှုးက အအေးမိလို့ မေ့လဲတော့မည့်အလား တဟွတ်ဟွတ် ချောင်းဆိုးပြနေသည်ကို မြင်လိုက်ရသည်။
ဒီလူကတော့ ဒီမှာနေဖို့ကို အသေအလဲ ကြိုးစားနေတာပဲ။
ချူလျိုယွဲ့ လက်သီးကို တင်းတင်းဆုပ်ပြီးမှ ပြန်လွှတ်လိုက်ကာ ထရပ်လိုက်သည်။ "ကျွန်မတို့ အိမ်က စုတ်ပြတ်သတ်နေတာပါ။ အရှင်မင်းသား အအေးမိသွားခဲ့ရင်လည်း နားလည်ပေးဖို့ တောင်းပန်ပါတယ်"
ရုံရှုး၏ ချောင်းဆိုးသံမှာ နောက်ဆုံးတော့ ရပ်တန့်သွားသည်။ "ကျေးဇူးပါ ယွဲ့အာ"
...
သူ့မျက်နှာက မြို့ရိုးထက်တောင် ပိုထူသေးတယ်။ ဘာ.တည်ငြိမ်တဲ့ လူကြီးလူကောင်းလဲ။ အားလုံးက ဟန်ဆောင်မှုတွေပဲ။ သူက အရှက်မရှိတဲ့ လူရှုပ်လူပွေ သိသိသာသာကြီးပဲ။
ချူလျိုယွဲ့က အိပ်ရာကို ပြင်ဆင်ရင်း စိတ်ထဲကနေ ကြိတ်ဆဲနေမိသည်။ ဖျတ်! သူမ စောင်ကို အားဖြင့် ခါလိုက်သည်။ ဒုန်း! ပြတင်းပေါက်တွေကို အားဖြင့် ပိတ်ပစ်လိုက်သည်။ ဒုန်း ဒုန်း ဒုန်း! ခေါင်းအုံးကို ကုတင်ပေါ်သို့ အကြမ်းပတမ်း ပစ်ချလိုက်သည်။
"ယွဲ့အာ... ဒီခေါင်းအုံးက သစ်သားနဲ့ လုပ်ထားတာ ဆိုပေမဲ့၊ အဲဒီလောက် အားနဲ့တော့ ခံနိုင်မှာ မဟုတ်ဘူးထင်တယ်..." ရုံရှုးက သတိပေးလိုက်သည်။ သူမ၏ အမူအရာကို ကြည့်ရင်း သူ၏ မျက်ခုံးများ လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
ချူလျိုယွဲ့က အပြုံးတုဖြင့် "စိတ်မပူပါနဲ့။ အတော်လေး ခိုင်ပါတယ်။ အရှင်မင်းသား ကောင်းကောင်း မအိပ်ရမှာ စိုးလို့ အသေအချာ ပြင်ပေးနေတာပါ"
ရုံရှုး နှုတ်ပိတ်နေလိုက်သည်။ သူမ၏ စိတ်တိုနေသော မျက်နှာလေးကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ကဲ! အားလုံး ပြင်ဆင်ပြီးပြီ။ အရှင်မင်းသား ဒီမှာပဲ အနားယူတော့"
ပြင်ဆင်ပြီးသည်နှင့် ချူလျိုယွဲ့ ထွက်သွားရန် ပြင်လိုက်သည်။ ရုံရှုးက ရှေ့သို့ တစ်လှမ်းတိုးကာ သူမကို ပိတ်ဆို့လိုက်သည်။ "မင်း ဘယ်သွားမလို့လဲ"
ချူလျိုယွဲ့ သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။ "ဒီနေရာကို ရှင့်ကို ပေးလိုက်ပြီဆိုတော့ ကျွန်မက တခြားတစ်နေရာ သွားရမှာပေါ့"
ရုံရှုးက ခေါင်းခါလိုက်သည်။ "ကိုယ်က အိပ်ပျော်နေရင်း ပိတတ်တဲ့ အကျင့်ရှိတယ်၊ ဒါကြောင့် တစ်ယောက်တည်း မနေရဲဘူး"
ချူလျိုယွဲ့ မျက်လုံးများ ဖြည်းညှင်းစွာ ပြူးကျလာသည်။ "အဲဒါဆို ရှင်က..."
ဘုန်း!
အဖြူရောင် အရိပ်တစ်ခု ပြတင်းပေါက်ကနေ ခုန်ဝင်လာပြီး ကြမ်းပြင်ပေါ်သို့ ကျလာသည်။ နှစ်ယောက်သား လှည့်ကြည့်လိုက်ကြသည်။ ချူလျိုယွဲ့မှာ ဝမ်းသာအားရ ဖြစ်သွား၏။
"ရွှယ်ရွှယ်... နင် ဘာလို့ ဒီရောက်နေတာလဲ"
ရွှယ်ရွှယ်သည် ကြမ်းပြင်ပေါ်တွင် ဝပ်နေပြီး ၎င်း၏ နူးညံ့လှသော အမွေးများမှာ မိုးရေကြောင့် စိုစွတ်နေသဖြင့် ပုံမှန်ထက် ပို၍ ပိန်သွားသယောင် ရှိသည်။ ချူလျိုယွဲ့၏ အသံကို ကြားသောအခါ လှည့်ပြီး ထရန် ပြင်လိုက်သော်လည်း... အေးစက်သော အကြည့်တစ်ချက်က ၎င်းကို ကြမ်းပြင်ပေါ်တွင်သာ ငြိမ်နေစေရန် ဖိနှိပ်ထားလိုက်သည်။ ၎င်းက မလှုပ်ဝံ့တော့ဘဲ အခန်းထဲသို့ မတော်တဆ ပြုတ်ကျလာသည့်အလား ဟန်ဆောင်နေလေသည်။
ချူလျိုယွဲ့က ရုံရှုးကို အောင်နိုင်သူအပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ "ရွှယ်ရွှယ် ရောက်နေပြီဆိုတော့ သူ ရှင့်ကို အဖော်ပြုပေးလိမ့်မယ်။ ရွှယ်ရွှယ်က လိမ်မာတယ်ဆိုတော့ ရှင့်ကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ၊ ဟုတ်တယ်မလား"
ရုံရှုးက ရွှယ်ရွှယ်ကို ကြည့်လိုက်သည်။ "အင်း" ဟု သူက အေးစက်စွာ ပြောလိုက်သည်။
ရွှယ်ရွှယ် တုန်ရင်သွားသည်။ နောက်တစ်ခဏတွင် ၎င်းက ကိုယ်ပေါ်က မိုးရေများကို ခါချလိုက်ရာ အပြာရောင် မီးတောက်တစ်ခုက ၎င်း၏ ကိုယ်ကို လွှမ်းခြုံသွားပြီး ကျန်ရှိနေသော မိုးရေများကို အငွေ့ပျံသွားစေသည်။ ထို့နောက်တွင်မူ ၎င်းသည် ပုံမှန်အတိုင်း သန့်ရှင်းသပ်ရပ်သော ပုံစံသို့ ပြန်ရောက်သွားသည်။ ၎င်းက ရုံရှုးဆီသို့ ပြေးသွားကာ လိမ်မာသော အကြည့်ဖြင့် ကြည့်နေ၏။
ချူလျိုယွဲ့၏ စိတ်အုံမှိုင်းမှုများ အားလုံး လွင့်စင်သွားကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။ အခန်းထဲတွင်မူ လူနှင့် သားရဲကြားတွင် အနေရခက်သော တိတ်ဆိတ်မှုက လွှမ်းမိုးသွားလေသည်။
"မင်း ဒီတစ်ခေါက် ဝင်လာတာ တကယ့်ကို အချိန်ကိုက်ပဲနော်... ဟုတ်တယ်မလား"