အခန်း ၇၁ — မင်းကို စောင့်နေခဲ့တာ ကြာပြီ
"ဒါ... ဒါက တော်တော်လေး ကြီးမားတဲ့ ကိစ္စပဲ။ ဧကရာဇ်မင်းမြတ်ဆီ ဒီသတင်း ရောက်မသွားသေးဘူး ထင်တယ်..." မိန်းမစိုးမင်က ပထမအကြီးအကဲနှင့် ကျန်လူများကို ကြည့်ကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "ဒါက အတည်ပဲလား"
"စာချုပ်လည်း ချုပ်ဆိုပြီးပြီ၊ သက်သေတွေလည်း အများကြီးရှိနေတာပဲ၊ အတည်ပေါ့။ စိတ်မပူပါနဲ့ မိန်းမစိုးမင်... ဒီကိစ္စကို တစ်နေ့ကျရင် ကျွန်တော်ကိုယ်တိုင် ဧကရာဇ်မင်းမြတ်ထံ ရှင်းပြပါ့မယ်"
ချူမိသားစုဝင် တစ်ဦးတစ်ယောက်ကမျှ ဝင်ရောက်ရှင်းပြလိုစိတ် မရှိသည်ကို မြင်သောအခါ မိန်းမစိုးမင်သည်လည်း ဤကိစ္စမှာ နောက်ဆုတ်၍ မရတော့ကြောင်း နားလည်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကောလာဟလတွေထဲမှာ ပျော့ညံ့ညံ့နဲ့ အသုံးမကျဘူးလို့ နာမည်ကြီးနေတဲ့ ချူမိသားစုရဲ့ သမီးပျိုက ဒီလောက်အထိ သတ္တိခဲဖြစ်ပြီး ပြတ်သားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိပေ။ ချူမိသားစုနဲ့ အဆက်အသွယ် ဖြတ်လိုက်ခြင်းမှာ မိမိကိုယ်ကိုယ် ရန်သူကြီးတစ်ဦး ဖန်တီးလိုက်ခြင်းနှင့် တူညီလှသည်။ သို့သော်လည်း ယခုအခါ ချူနင်က နန်းတော်အစောင့်တပ်ဖွဲ့၏ တပ်မှူးချုပ် ဖြစ်နေသလို၊ ချူလျိုယွဲ့မှာလည်း လူတိုင်းက အံ့သြချီးကျူးရသည့် ပါရမီရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ ချူမိသားစုအနေဖြင့် သူတို့ကို ဗြောင်ကျကျ ရန်ပြုဝံ့မည် မဟုတ်ချေ။
မိန်းမစိုးမင်မှာ အခြေအနေကို နားလည်တတ်သူဖြစ်ရာ သူ၏ အတွေးများကို လျင်မြန်စွာ စုစည်းလိုက်သည်။ သူသည် ချူလျိုယွဲ့ကို ကြည့်ကာ ဦးညွှတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည် — "ဒါဆိုရင်တော့ တပ်မှူးချူနဲ့ မိန်းကလေး လျိုယွဲ့တို့ရဲ့ ဂုဏ်သရေအတွက် ဂုဏ်ပြုပါတယ်ခင်ဗျာ။ ကျွန်တော့်မှာလည်း တခြားလုပ်စရာလေးတွေ ရှိသေးတာမို့ အရင်ပဲ ခွင့်ပြုပါဦး"
ချူလျိုယွဲ့သည် မိန်းမစိုးမင်အနေဖြင့် သူတို့မိသားစုရေးရာတွင် ပါဝင်ပတ်သက်လိုစိတ် မရှိသည်ကို သိသဖြင့် အလိုက်သင့်ပင် ပြောလိုက်သည် — "ကောင်းပါပြီ မိန်းမစိုးမင်... လမ်းမှာ ဂရုစိုက်သွားပါဦး"
ထို့နောက် မိန်းမစိုးမင်သည် ပထမအကြီးအကဲနှင့် ကျန်လူများကို နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ချူလျိုယွဲ့သည်လည်း ထိုနေရာ၌ ကြာကြာမနေတော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။ တစ်လှမ်းမျှ လှမ်းပြီးကာမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်လှည့်ကြည့်ကာ ပြောလိုက်၏ — "သြော်... ဒါနဲ့ မြို့တော်ထဲက လူအတော်များများက အိမ်တော်ကို လက်ဆောင်တွေ ပို့ထားကြတယ်လို့ ကြားတယ်။ အဲ့ဒါတွေအားလုံးက ကျွန်မအတွက် ဖြစ်သင့်တာဆိုတော့ တခြားပစ္စည်းတွေနဲ့အတူ တစ်ခါတည်း ပို့ပေးဖို့ အလုပ်ရှုပ်ခံပေးပါဦးနော်"
စကားဆုံးသည်နှင့် သူမသည် ထိုလူများ၏ ရုပ်ပျက်ဆင်းပျက် မျက်နှာပေးများကို စောင်းငဲ့ကြည့်ပင်မနေဘဲ အေးအေးလူလူပင် ထွက်ခွာသွားတော့သည်။ ပထမအကြီးအကဲမှာ ချူလျိုယွဲ့၏ ကျောပြင်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ သူမနောက်သို့ လိုက်သွားကာ သင်ခန်းစာ ကောင်းကောင်း ပေးချင်သော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်ကာ အော်ဟစ်လိုက်သည် — "ပြန်ကြမယ်!"
ဒုန်း!
လူအုပ်ကြီး ပြန်ဝင်သွားပြီးနောက် ချူအိမ်တော်၏ တံခါးကြီးမှာ ကျယ်လောင်စွာ ပိတ်သွားတော့သည်။ သို့သော်လည်း ချူမိသားစုအတွင်း ဖြစ်ပျက်ခဲ့သမျှ သတင်းကြီးမှာ မြို့တော်တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားလေပြီ။
...
"ပထမအကြီးအကဲ... ဒီ ချူလျိုယွဲ့ကတော့ တကယ်ကို လွန်လွန်းလှပြီ! ဒီနေ့ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ အရှက်ရမှုကိုသာ ပြန်မချေပနိုင်ရင် မြို့တော်ထဲမှာ ခေါင်းမော့ရဲတော့မှာ မဟုတ်ဘူး!" အိမ်တော်သို့ ပြန်ရောက်သောအခါ ပထမအကြီးအကဲသည် ချူမိသားစုတွင် သြဇာအရှိဆုံး လူအချို့ကိုသာ ချန်ထားကာ ဆွေးနွေးလေသည်။ ချူယန်က ဒေါသတကြီးဖြင့် ပထမဆုံး စတင်ပြောဆိုလာသည်။
ပထမအကြီးအကဲ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသော်လည်း တစ်ခွန်းမျှ ပြန်မပြောသေးပေ။
"ဟုတ်တယ်! သူက ထျန်းလုအကယ်ဒမီကို တက်ခွင့်ရတယ်ဆိုပေမဲ့ အရမ်းကို မောက်မာလွန်းနေပြီ။ အခုတောင် ဒီလောက် လုပ်ရဲရင် နောင်ကျရင် ဘာတွေများ လုပ်ဦးမလဲ မသိဘူး"
"ဒီတစ်ခါတော့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ငြိမ်ခံနေမယ်ဆိုရင် တစ်မြို့တော်လုံးက ကျွန်တော်တို့ကို လူဖျင်းတွေလို့ ထင်ကုန်ကြလိမ့်မယ်။ သူ့ကို ဒီအတိုင်း အလွယ်တကူ လွှတ်မပေးနိုင်ဘူး"
"ဟမ့်... ဒီ ချူလျိုယွဲ့က ချူမိသားစုကနေ ထွက်သွားလိုက်တာနဲ့ အေးအေးဆေးဆေး နေရတော့မယ်လို့ ထင်နေတာလား။ ကျွန်တော်တို့ရဲ့ အရည်အချင်းကို သူ့ကို ပြရမယ်။ မဟုတ်ရင် သူက ကျွန်တော်တို့မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလို့ ထင်နေဦးမယ်"
လူအချို့က ချူလျိုယွဲ့ကို ၎င်းတို့၏ အစွမ်းပြရန် စိတ်အားထက်သန်စွာဖြင့် အငြင်းပွားနေကြသည်။ တတိယအကြီးအကဲကမူ ဘေးတွင် ရပ်နေရင်း ခေါင်းခါကာ ခပ်တိုးတိုး ပြောလိုက်သည် — "သူ့မှာ ချူနင် ရှိနေသေးတာကို မမေ့ကြနဲ့ဦး"
ထိုစကားကြောင့် လူအားလုံး ချက်ချင်းပင် ဆွံ့အသွားကြသည်။ ချူနင်က လက်ရှိတွင် နန်းတော်အစောင့်တပ်ဖွဲ့၏ တပ်မှူးချုပ် ဖြစ်နေသည် မဟုတ်ပါလား... ဒါက တကယ့်ကို ခေါင်းခဲစရာ ကိစ္စပင်။
"... အဲ့ဒါက ဘာဖြစ်လဲ? ချူနင် တစ်ယောက်တည်းက ငါတို့ တစ်မိသားစုလုံးကို အံတုနိုင်မှာမို့လို့လား?" ချူယန်က ရက်စက်ယုတ်မာသော အကြည့်များဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။ "မြို့တော်ထဲမှာ အာဏာအစုအဖွဲ့တွေဆိုတာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာ။ ချူနင်နဲ့ ချူလျိုယွဲ့တို့က အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်ပြီလို့ ထင်ရပေမဲ့ ကိစ္စတွေက အဲ့လောက်မရိုးရှင်းပါဘူး။ ငါတို့နဲ့ အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်မှတော့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံယူဖို့ သူတို့မှာ သတ္တိရှိရမယ်"
ဤစကားက ပထမအကြီးအကဲကို အလင်းပွင့်သွားစေဟန်ရှိသည်။ သူသည် ဟိုဟိုဒီဒီ လျှောက်နေရင်း နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည် — "ဟုတ်တယ်! ချူလျိုယွဲ့က အောင်ပွဲခံ စားသောက်ပွဲ ကျင်းပချင်တယ်လို့ ပြောတယ်မလား။ မြို့တော်ထဲက လူဘယ်နှယောက်များ တက်ရောက်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်!"
...
ချူလျိုယွဲ့သည် သူမ၏ အိမ်သစ်ဆီသို့ တစ်ဦးတည်း လျှောက်လှမ်းလာခဲ့သည်။ ကိစ္စအချို့ကို ဖြေရှင်းပြီးသွားပြီ ဖြစ်၍ ယနေ့တွင် သူမ၏ စိတ်အခြေအနေက အလွန်ပင် ကောင်းမွန်နေသည်။ ယခုအခါ ညနေစောင်းနေပြီ ဖြစ်ကာ လေညင်းလေးများက သူမ၏ ဝဲကျနေသော ဆံနွယ်လေးများကို ဝေ့ယမ်းပေးနေသည်။ နေဝင်ချိန်၏ ရောင်ခြည်များက သူမ၏ အရိပ်ကို မြေပြင်ပေါ်တွင် ရှည်လျားစွာ ထင်ဟပ်စေသည်။
သူမသည် ရှားပါးလှသော လွတ်လပ်ပေါ့ပါးမှုဖြင့် တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ ပြန်လည်မွေးဖွားလာပြီးနောက် တစ်လလုံးလုံးတွင် သူမသည် အရာအားလုံးအတွက် စိုးရိမ်တကြီး စီစဉ်နေခဲ့ရသည်။ ယခုမှသာ သူမ အနည်းငယ် စိတ်အေးနိုင်တော့သည်။
ပတ်ဝန်းကျင်မှ ဆူညံသံများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်လာသည်။ ချူလျိုယွဲ့သည် ခေါင်းမော့ကြည့်လိုက်ရာ သူမ အိမ်သစ်၏ မြစိမ်းရောင် အမိုးကို မြင်လိုက်ရသည်။ အမဲလိုက်ကွင်းကို ရောင်းချရာမှ ရရှိသော ငွေစင် တစ်သိန်းကို အသုံးပြု၍ ဤအိမ်တော်ကို ဝယ်ယူထားခြင်း ဖြစ်သည်။
အိမ်တော်မှာ မြို့တော်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး လူသူကင်းမဲ့ကာ တိတ်ဆိတ်လှသည်။ အထက်တန်းလွှာ မိသားစုကြီးများက ဤကဲ့သို့သော နေရာမျိုးကို နှစ်သက်ကြမည် မဟုတ်သော်လည်း ချူလျိုယွဲ့ကမူ ပထမဆုံး မြင်လိုက်ရကတည်းက စွဲလန်းသွားခဲ့သည်။ သူမ၏ ယခင်ဘဝတွင် လှပသော်လည်း အေးစက်သော နန်းတော်များထဲ၌ နေခဲ့ရသည်မှာ လုံလောက်နေပြီ ဖြစ်သည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူမသည် ထိုအရာများကို စိတ်မဝင်စားတော့ချေ။ ဤကဲ့သို့ တိတ်ဆိတ်သော နေရာမျိုးကိုသာ သူမ ပို၍ နှစ်သက်မိသည်။
ချူမိသားစုဝင်များနှင့် ဝေးရာတွင် သူမနှင့် ဖခင်ဖြစ်သူ ချူနင်တို့၏ အေးချမ်းသော ဘဝသစ်ကို စဉ်းစားမိရင်း သူမ၏ နှုတ်ခမ်းများမှာ ပြုံးယောင်သန်းလာသည်။
ရုတ်တရက် အေးစက်သောအရာတစ်ခု သူမ၏ မျက်နှာပေါ်သို့ ကျလာသည်။ ချူလျိုယွဲ့မှာ အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်ရာ မိုးရေစက်များမှာ အရှိန်အဟုန်ဖြင့် စတင်ကျဆင်းလာတော့သည်။ မိုးရွာနေပြီ!
ချူလျိုယွဲ့သည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ ရှေ့နားမှ ကျောက်ပြားခင်းထားသော လမ်းကွေ့လေးကို ကျော်လိုက်လျှင် သူမ၏ အိမ်သို့ ရောက်ပြီဖြစ်သည်။ သို့သော် လမ်းကွေ့လေးကို လှည့်လိုက်သည်နှင့် ချူလျိုယွဲ့မှာ မှင်သက်သွားရသည်။
ရိုးရှင်းသော ကျောက်ပြားခင်း လမ်းလေး၏ အဆုံး၊ သူမ၏ အိမ်တော်ရှေ့တွင် လူတစ်ယောက် ရပ်နေသည်။ သူသည် အရပ်ရှည်ပြီး ဆီးနှင်းကဲ့သို့ ဖြူဆွတ်သော ဝတ်ရုံပေါ်တွင် အနက်ရောင် ဝတ်ရုံခြုံလွှာကို ဆင်မြန်းထားသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသည်နှင့်အမျှ ကောင်းကင်ယံမှာ ခဲရောင်သန်းသော အပြာရင့်ရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး မြေပြင်နှင့် မိုးကောင်းကင်အကြား မမြင်နိုင်သော မိုးဖလားကြီး တစ်ခုကို ဖန်တီးထားသကဲ့သို့ ရှိနေသည်။ မိုးစက်များမှာ ကျောက်ပြားလမ်းပေါ်သို့ ကျရောက်ကာ အဖြူရောင် မြူခိုးပါးပါးလေးများကို ဖြစ်ပေါ်စေပြီး ရှေ့မြင်ကွင်းကို ဝေဝါးနေစေသည်။
သို့သော်လည်း သူမသည် ထိုလူ၏ ထူးခြားလှပသော မျက်နှာကိုမူ ရှင်းလင်းစွာ မြင်နေရဆဲပင်။ အဖြူနှင့် အနက်ရောင် ဝတ်စုံများက သူ၏ အေးစက်ပြီး ခန့်ညားသော ရုပ်ရည်ကို ပိုမိုပေါ်လွင်စေသည်။ သူသည် တောင်ထိပ်ပေါ်မှ မက်မောဖွယ်ရာ ပန်းတစ်ပွင့်ကဲ့သို့ပင်။
ဒါက... ရုံရှုးလား?
ထိုအမည်မှာ ချူလျိုယွဲ့၏ နှလုံးသားထဲတွင် ဖျတ်ခနဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုလူသည် သူမရှိရာသို့ စတင်လျှောက်လှမ်းလာခဲ့သည်။ ကောင်းကင်မှာ မှောင်မည်းလာပြီး မိုးများ ရွာသွန်းနေသည်နှင့်အမျှ သူသည် မှောင်မိုက်ခြင်းထဲမှ ရုန်းထွက်လာသူတစ်ဦးနှင့် တူလှသည်။ အကြောင်းရင်း မရှိဘဲ ဤရုံရှုးမှာ ယခင်နှင့် မတူဘဲ ကွဲပြားနေသည်ဟု ချူလျိုယွဲ့ ခံစားလိုက်ရသည်။ သူမသည်လည်း သူရှိရာသို့ မသိမသာ တိုးကပ်သွားမိသည်။
နောက်ဆုံးတွင် ရုံရှုးသည် ချူလျိုယွဲ့၏ ရှေ့တွင် ခိုင်မြဲစွာ ရပ်တန့်လိုက်သည်။
"ရှင်..." ချူလျိုယွဲ့က တုံ့ဆိုင်းစွာ ပြောလိုက်သည်။
ဝူးး!
ရုံရှုးသည် သူ၏ လက်ကို ရုတ်တရက် မြှောက်လိုက်ရာ အနက်ရောင် အရိပ်တစ်ခု လေထဲတွင် ဝဲပျံသွားသည်။ ထိုအခါ ချူလျိုယွဲ့၏ ဦးခေါင်းပေါ်မှ မိုးရေစက်များမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ရုံရှုးက သူမအတွက် အနက်ရောင် ထီးတစ်ချောင်းကို မိုးပေးထားလိုက်ခြင်းပင်။
ချူလျိုးယွဲ့သည် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများနှင့် ဆုံသွားသည်။ ရုံရှုး၏ နက်မှောင်သော မျက်ဝန်းများမှာ ညကောင်းကင်ယံကဲ့သို့ အဆုံးအစမဲ့ နက်ရှိုင်းလှသည်။
"ယွဲ့အာ..." သူ၏ အေးစက်ပြီး မြူခိုးဆန်သော အသံထဲတွင် ရှာဖွေရခက်သည့် ချစ်ခြင်းမေတ္တာတို့ ကိန်းအောင်းနေသည်။ "ငါ မင်းကို စောင့်နေခဲ့တာ ကြာပြီ"