အခန်း ၆၇ — အပြတ်အစဲ လမ်းခွဲခြင်း!
ပထမအကြီးအကဲနှင့် အခြားသူများသည် တံခါးမကြီးဆီသို့ အပြေးအလွှား ရောက်လာကြရာ တံခါးဝတွင် ရပ်နေသော ချူလျိုယွဲ့ကို ချက်ချင်း မြင်လိုက်ရသည်။ မလှမ်းမကမ်းတွင်လည်း လူအုပ်ကြီး စုရုံးနေကြပြီ ဖြစ်သည်။ ယခုမှာ မွန်းလွဲပိုင်း အချိန်ဖြစ်ပြီး ချူလျိုယွဲ့ ထျန်းလုအကယ်ဒမီသို့ တက်ရောက်ခွင့်ရသည့် သတင်းမှာ တစ်မြို့တော်လုံးကို တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ရာ လူအများအပြားမှာ အခြေအနေကို လာရောက်ကြည့်ရှုရန် စုဝေးနေကြခြင်း ဖြစ်သည်။ သူတို့သည် ချူမိသားစု၏ တံခါးဝသို့ မချဉ်းကပ်ရဲကြသော်လည်း ထိုလူအုပ်ကြီးကြောင့် မိသားစုဝင်းအတွင်း အဝင်အထွက် လမ်းများမှာ ပိတ်ဆို့နေပြီး ပရမ်းပတာ ဖြစ်နေတော့သည်။
ပထမအကြီးအကဲမှာ ဒေါသများ တလိပ်လိပ် တက်နေသော်လည်း ထိုလူအုပ်ကြီးကို မြင်လိုက်ရသောအခါ အငြိုးအတေးအဖြစ် ပြောင်းလဲသွားသည်။
"ဘာရပ်လုပ်နေတာလဲ။ အခုချက်ချင်း အထဲဝင်ခဲ့စမ်း!" သူက စိတ်မရှည်စွာဖြင့် ချူလျိုယွဲ့ကို အော်ဟစ်လိုက်သည်။
ချူလျိုယွဲ့ကတော့ ကျောက်စာတိုင်ပမာ မလှုပ်မယှက် ရပ်မြဲအတိုင်း ရပ်နေ၏။ သူမက တစ်မြို့လုံးရှေ့မှာ မိသားစုရဲ့ အရှက်ခွဲမှုကို ပြသချင်နေတာလား။ သူမက နားနောက်သို့ ဝဲကျနေသော ဆံနွယ်အချို့ကို သပ်တင်လိုက်ရင်း သိနားလည်ဟန်ရှိသော အပြုံးမျိုးဖြင့် မေးလိုက်သည်။
"ပထမအကြီးအကဲ... အရင်က ကျွန်မဟာ အသုံးမကျတဲ့သူ ဖြစ်ခဲ့တုန်းက ခင်ဗျားတို့ ခိုင်းသမျှ ကျွန်မ ဘာမှမပြောဘဲ ငြိမ်ခံခဲ့ပါတယ်။ ဒါပေမဲ့ အခု ကျွန်မက ထျန်းလုအကယ်ဒမီရဲ့ အရွေးချယ်ခံ ဖြစ်နေပြီပဲ။ ဘာဖြစ်လို့ ကျွန်မအပေါ် ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ။ ကျွန်မက ခင်ဗျားတို့အတွက် အဲဒီလောက်တောင် မုန်းဖို့ကောင်းနေလို့လား"
ပထမအကြီးအကဲမှာ စကားအခြေအတင် ဖြစ်သွားပြီး မျက်နှာလွှဲကာ အော်လိုက်သည်။ "မင်း ထျန်းလုအကယ်ဒမီကို တက်ခွင့်ရတာဟာ ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ အဲဒါကို အခွင့်ကောင်းယူပြီး မောက်မာပြမယ်ဆိုရင်တော့ ငါ အခွင့်မပေးနိုင်ဘူး!"
သူ၏ မျက်နှာပေးမှာ မပြောင်းလဲဘဲ တရားသောအရှိန်အဝါဖြင့် အသံကို မြှင့်လိုက်သည်။ "ငါတို့ ချူမိသားစုဟာ မြို့တော်ရဲ့ ကြီးကျယ်တဲ့ မိသားစုလေးခုထဲက တစ်ခုပဲ။ မိသားစုစည်းကမ်းကို အမြဲတမ်း တန်ဖိုးထားတယ်။ မင်းက မျိုးဆက်သစ် တစ်ယောက်အနေနဲ့ ငါ့လို လူကြီးသူမကို ကိုယ်တိုင်လာဖိတ်ခိုင်းရအောင် လုပ်ရဲတယ်ပေါ့။ ဒါဟာ ဘယ်လောက် မှားသလဲဆိုတာ မင်းသိရဲ့လား"
ချူလျိုယွဲ့က ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောလိုက်ပြီး ပထမအကြီးအကဲကို ကြည့်လိုက်သည်။ "ပထမအကြီးအကဲ... ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား မိသားစုရဲ့ လူကြီးသူမတစ်ယောက်လို့ သိနေတာပဲလား။ ကျွန်မ နှိပ်စက်ခံနေရတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ခင်ဗျားက လူကြီးတစ်ယောက်အနေနဲ့ ကျွန်မကို ကာကွယ်ဖို့ တစ်ခါလောက်တောင် ပေါ်လာခဲ့ဖူးလား"
"မင်း..." ပထမအကြီးအကဲ စကားဆွံ့သွားကာ မျက်လုံးချင်း မဆုံဝံ့ဘဲ အကြည့်လွှဲလိုက်သည်။ "ချူမိသားစု တစ်ခုလုံးမှာ ကိစ္စတွေက အများကြီးရှိတာ။ တစ်ခါတစ်လေ သတိမမူမိတာမျိုးတွေ ရှိတတ်တာ သဘာဝပဲ..."
"အဲဒီ သတိမမူမိတာတွေက ဆယ်စုနှစ်တစ်ခုတောင် ကြာခဲ့တာလား" ချူလျိုယွဲ့က သူ၏စကားကို ဖြတ်ပြောလိုက်သည်။ သူမ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်ဝန်းများမှာ အေးစက်လာ၏။
"အသက်ငါးနှစ်အရွယ်မှာ အစေခံတစ်ယောက်က ကျွန်မကို အဆိပ်တိုက်ခဲ့တယ်။ သုံးရက်သုံးညတိုင်တိုင် သတိမေ့နေခဲ့ပေမဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ အသက်ခုနစ်နှစ်မှာ တခြားကလေးတွေလို ကျင့်ကြံချင်ပေမဲ့ ကျွန်မဟာ လေ့ကျင့်ရေးကွင်းကို ခြေချဖို့တောင် အရည်အချင်းမရှိဘူးလို့ အပြောခံခဲ့ရတယ်။"
"အသက်ဆယ်နှစ်မှာတော့ ဈေးဝယ်ဖို့ပဲ အိမ်ပြင်ထွက်ခွင့်ရခဲ့တယ်။ ဆောင်းတွင်းကြီးမှာတောင် ပျင်းရိတဲ့ အစေခံတွေရဲ့ အဝတ်တွေကို လျှော်ပေးဖို့ ရေခပ်ခဲ့ရတယ်။ ကျွန်မရဲ့ လက်တွေဟာ အေးလွန်းလို့ ဖူးရောင်နေခဲ့တာ... ဒီအကြောင်းတွေကို ပထမအကြီးအကဲ မသိဘူးလို့ ပြောမလို့လား"
ချူလျိုယွဲ့၏ အသံမှာ တည်ငြိမ်နေသော်လည်း သူမ၏ ရင်ထဲမှ နက်နဲသော စိတ်ပျက်အားငယ်မှုနှင့် အထီးကျန်ဆန်မှုများကို ခံစားနေရသည်။ ကလေးတစ်ယောက်က ဒီလို ဆက်ဆံခံရအောင် ဘာအမှားတွေ လုပ်ခဲ့လို့လဲ။
ပထမအကြီးအကဲနှင့် ကျန်လူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသလို၊ လူအုပ်ကြီးမှာလည်း တိတ်ဆိတ်သွားကြသည်။ တစ်မြို့တော်လုံးက ချူမိသားစုမှာ အသုံးမကျတဲ့သူ တစ်ယောက်ရှိတာကို သိကြသော်လည်း၊ ထိုသူသည် ချူမိသားစု၏ တရားဝင် သမီးဦးဖြစ်သည်ကိုမူ မည်သူမျှ သတိမပြုမိခဲ့ကြပေ။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ကလေးတစ်ယောက်အပေါ် ဒီလောက်အထိ ရက်စက်ခဲ့တာဟာ အကြောင်းပြချက် မရှိနိုင်ပါဘူး!
ပထမအကြီးအကဲမှာ အရှက်ရသဖြင့် ဒေါသပေါက်ကွဲသွားပြီး "အဲ... အဲဒါတွေက အတိတ်က ကိစ္စတွေပဲ။ ပြီးတော့ ဖြစ်ခဲ့တာတွေက မင်းကို တကယ်ပဲ ထိခိုက်စေခဲ့တာမှ မဟုတ်တာ။ အခု မင်းက ထျန်းလုအကယ်ဒမီကို တက်ခွင့်ရနေပြီပဲ။ အခုမှ ဒါတွေကို ပြန်ပြောပြီး ဘာလုပ်ချင်တာလဲ။ ချူမိသားစုတစ်ခုလုံးက မင်းကို တောင်းပန်စေချင်တာလား"
ချူလျိုယွဲ့က ပြန်မဖြေဘဲ သူမ၏ အေးစက်စူးရှသော မျက်ဝန်းများဖြင့် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ မှတ်ဉာဏ်အပိုင်းအစများစွာက သူမ၏ ဦးနှောက်ထဲတွင် လှစ်ခနဲ ဖြတ်ပြေးသွားသည်။ သူမသည် စစ်မှန်သော ချူလျိုယွဲ့ မဟုတ်သော်လည်း ထိုကိစ္စရပ်များကို ပြန်တွေးမိသောအခါ ရင်ထဲမှ အမုန်းတရားနှင့် ဒေါသများကို ထိန်းချုပ်ရန် ခက်ခဲလှသည်။ သူမသည် ဤခန္ဓာကိုယ်ကို အသုံးပြုနေသည်ဖြစ်ရာ၊ ထိုသူများ၏ ဆိုးယုတ်မှုများကို အတိုးချ၍ ရှင်းပစ်ရန်မှာ သူမ၏ တာဝန်ပင် ဖြစ်သည်။
ချူယန်က နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ အကျယ်ကြီး အော်ဟစ်လိုက်သည်။ "ချူလျိုယွဲ့... မင်းက တကယ်ကို အသိတရားမဲ့တာပဲ! ဘာပဲဖြစ်ဖြစ် ချူမိသားစုက မင်းကို ကျေးဇူးမမျှော်ဘဲ ကျွေးမွေးစောင့်ရှောက်ခဲ့တာ။ အခုတော့ ကျေးဇူးကန်းရုံတင်မကဘဲ လူပုံအလယ်မှာ ငါတို့ကို ပြန်ပြီး စွပ်စွဲနေတာလား။ မင်း ရင်ထဲမှာ ဘာတွေ ကြံစည်နေတာလဲ"
ချူလျိုယွဲ့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ကျွန်မ ပြောတာတွေက အမှန်တရား မဟုတ်လို့လား။ ပြီးတော့ ကျွန်မကို ကျွေးမွေးခဲ့တာက ကျွန်မရဲ့ အဖေနဲ့ အမေပဲ။ ကျန်တဲ့ ချူမိသားစုက ဘယ်တုန်းက ပါဝင်ခဲ့လို့လဲ။ ချူယန်... အရင်က ကျွန်မအဖေကို ခင်ဗျား လျှို့ဝှက်နှိပ်စက်ခဲ့တဲ့ ကိစ္စတွေကို ကျွန်မ စာရင်းမရှင်းရသေးဘူး။ ခင်ဗျားမှာ ဒီစကားတွေကို ပြောဖို့ သတ္တိရှိသေးတယ်ပေါ့"
ထိုစဉ်က ချူနင်သည် ဒဏ်ရာရရှိခဲ့သဖြင့် အစွမ်းများ လျော့နည်းသွားခဲ့သော်လည်း အခြားကိစ္စရပ်များတွင် ထူးချွန်သူ ဖြစ်သည်။ ချူယန်၏ နာမည်အောက်ရှိ ဆိုင်များ အောင်မြင်နေခြင်းမှာ ချူနင်၏ ကြိုးစားအားထုတ်မှုကြောင့် တစ်ဝက်နီးပါး ပါဝင်သည်။ သို့သော်လည်း ချူနင်မှာ သူ၏ ကြိုးစားမှုအတွက် တန်ဖိုးထားမခံရဘဲ ချူယန်၏ ခေါင်းပုံဖြတ်ခြင်းကိုသာ ခံခဲ့ရသည်။ ထိုသားအဖနှစ်ယောက်၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ ခက်ခဲလာပြီး စားဝတ်နေရေးပင် မပြေလည်ခဲ့ပေ။ ထို့ကြောင့်လည်း ချူနင်မှာ ပို၍ စိတ်ဓာတ်ကျလာခဲ့ရခြင်း ဖြစ်သည်။
"မင်း... မင်း မိုက်ရိုင်းလှချည်လား!" ချူယန်သည် ချူလျိုယွဲ့က လူပုံအလယ်တွင် သူ့ကို ဤသို့ ပြန်ပြောလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ခဏတာ ဒေါသကြောင့် ဆွံ့အသွားပြီးနောက် တုန်ရင်နေသော လက်ညှိုးဖြင့် ချူလျိုယွဲ့ကို ညွှန်ကာ "မင်း... မင်း... ကောင်းပြီလေ ချူလျိုယွဲ့! ထျန်းလုအကယ်ဒမီကို တက်ခွင့်ရရုံနဲ့ မင်းကိုယ်မင်း အဲဒီလောက်တောင် အစွမ်းထက်နေပြီ ထင်နေတာလား"
"ကျွန်မက ဝင်ခွင့်စာမေးပွဲကို အောင်ရုံတင် မဟုတ်ဘူး၊ ကဏ္ဍသုံးခုစလုံးမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာ။ ပြီးတော့ လောကီဆရာသခင်စာမေးပွဲမှာ ဒုတိယနဲ့ စစ်သည်တော်စာမေးပွဲမှာ ပထမ ရခဲ့တာလေ။" ချူလျိုယွဲ့က မျက်ခုံးပင့်လိုက်ရင်း "ကျွန်မက အဲဒီလောက်ကြီးလည်း မတော်ပါဘူး။ ချူရှန်းမိန်ထက် နည်းနည်းလေး ပိုတော်သွားတာပါ"
"မင်း!" ချူယန်၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားသော်လည်း ချူလျိုယွဲ့ကို ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ သူမ ပြောသမျှမှာ အမှန်တရားတွေသာ ဖြစ်နေသည် မဟုတ်ပါလား! အစွမ်းရှိသူသာ အလေးထားခံရသည့် ဤလောကတွင် သူမ၏ အောင်မြင်မှုက အင်အားအရှိဆုံး လက်နက် ဖြစ်နေသည်။
"တော်တော့!" ပထမအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချူလျိုယွဲ့ကို စိုက်ကြည့်လိုက်သည်။ "အခုချက်ချင်း အထဲကို ပြန်ဝင်စမ်း! မင်းရဲ့ အခန်းထဲမှာပဲ မင်းရဲ့ အမှားတွေကို ပြန်ဆင်ခြင်ပြီး နောင်တရနေလိုက်!"
"ပထမအကြီးအကဲ... ခင်ဗျား တစ်ခုခု မှားနေပုံရတယ်။ ကျွန်မက ခင်ဗျားကို ဒီကို ခေါ်ထုတ်လာတာ ကျွန်မကို အထဲပြန်ခေါ်ဖို့ မဟုတ်ဘူး။" ချူလျိုယွဲ့က ရပ်မြဲအတိုင်း ရပ်နေပြီး ပြတ်သားစွာ ကြေညာလိုက်သည်။
"ကျွန်မ ဒီကို လာတာက ချူမိသားစုနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ပစ်ဖို့ပဲ! ဒီနေ့ကစပြီး ကျွန်မ ချူလျိုယွဲ့နဲ့ ကျွန်မရဲ့အဖေ ချူနင်တို့ဟာ ချူမိသားစုဝင်အဖြစ်ကနေ အပြီးအပိုင် နှုတ်ထွက်လိုက်ပြီ! နောင်တစ်ချိန် သေသည်အထိ ကျွန်မတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိစေရဘူး!