အခန်း ၆၅ — အပြစ်
တမင်သက်သက်! ချူလျိုယွဲ့က ဒါကို တမင်လုပ်ခဲ့တာပဲ! ရုံကျင်းက လူအ မှမဟုတ်သည်မို့ ချူလျိုယွဲ့၏ ယခုလက်ရှိ အမူအရာကို မြင်သည်နှင့် အလုံးစုံကို သဘောပေါက်သွားခဲ့သည်။ သူမသည် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက အဘယ့်ကြောင့် အမဲလိုက်ကွင်းကို ကိုယ်တိုင်ရောင်းချပြီး ဤကဲ့သို့ အဖြစ်အပျက်များကို ဆက်တိုက်ဖန်တီးပါမည်နည်း။ ရုံကျင်းသည် ရှေ့တွင် ရပ်နေသော ပြုံးရွှင်နေသည့် မိန်းကလေးကို စိုက်ကြည့်နေမိသည်။ သူမ၏ မျက်ဝန်းများက ဤနေ့ရက် ရောက်လာမည်ကို ကြိုသိနေသကဲ့သို့ တောက်ပနေ၏။
“အိမ်ရှေ့စံမင်းသားမှာ တခြားပြောစရာ မရှိတော့ရင် ကျွန်မ သွားခွင့်ပြုပါဦး”
ချူလျိုယွဲ့က သူ့ဘေးမှ ဖြတ်လျှောက်သွားရင်း ပြောလိုက်သည်။ အစမှအဆုံးတိုင် သူမ၌ တွယ်တာမှု သို့မဟုတ် နောင်တရမှု အငွေ့အသက် အစအနမျှ မရှိခဲ့ပေ။ ရုံကျင်း၏ နှလုံးသားသည် ထိုးစစ်ခံလိုက်ရသလို နာကျင်သွားရပြီး အရေးကြီးသောအရာတစ်ခုကို ရုတ်တရက် ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားရင်း သူမကို ပြေးဆွဲထားချင်သော စိတ်ရိုင်းကို နောက်ဆုံးလက်ကျန် ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်ထားရသည်။ အခုချိန်မှာ သူက ဘယ်လို အနေအထားမျိုးမို့လို့လဲ? လူတိုင်းက သူ့ကို လှောင်ပြောင်စရာ တစ်ခုလို သဘောထားနေကြပြီ မဟုတ်ပါလား။
“အစ်ကိုတော်ကျင်း... အစ်ကိုတော်ကျင်း... ကျွန်မကို ကူညီပါဦး... နာတယ်... အစ်ကိုတော်ကျင်း...”
ချူရှန်းမိန်သည် ရုံကျင်းကို သူမ၏ နောက်ဆုံးသော အားကိုးရာသဖွယ် စိုက်ကြည့်ရင်း သနားစဖွယ် ငိုယိုနေသည်။ သူမသည် ရုံကျင်းဆီသို့ တိုးသွားချင်သော်လည်း တစ်ကိုယ်လုံးမှာ လှုပ်မရအောင် ဖြစ်နေလေပြီ။ သူမသည် ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ လဲလျောင်းနေရပြီး အင်အားအစအနမျှ မရှိတော့ပေ။ အတန်ကြာ ရုန်းကန်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြန်လည်လဲကျသွားရာ တစ်ကိုယ်လုံး ဖုန်မှုန့်များနှင့် ပေပွသွားတော့သည်။ ဖရိုဖရဲဖြစ်နေသော ဆံပင်များ၊ ကြောက်မက်ဖွယ် ဒဏ်ရာများနှင့် သွေးစွန်းမှုများကြားတွင် သူမသည် ကြောက်စရာကောင်းသော တစ္ဆေတစ်ကောင်နှင့်ပင် တူနေတော့သည်။ ယခုအချိန်တွင် ချူရှန်းမိန်သည် တစ်ချိန်က ဂုဏ်ယူဝင့်ကြွားပြီး လူအများ ဝိုင်းဝိုင်းလည်ခဲ့ကြသည့် ပါရမီရှင် မိန်းကလေးတစ်ဦးနှင့် လုံးဝမတူတော့ပေ။ လူအများက သူမကို နှိမ့်ချသော အကြည့်များဖြင့် ကြည့်နေကြသည်။
“ဟက်... ချူရှန်းမိန်တော့ လုံးဝကို အရှုံးကြီး ရှုံးသွားပြီပဲ”
“ဟီးဟီး... နင်ပဲ အရင်က သူ့ကို သိပ်သဘောကျတာဆို? အခုကျတော့ ဘာလို့...”
“ဖူး! ဒီလို ဟန်ဆောင်ကောင်းတဲ့ မိန်းမမျိုးကို ငါကတော့ မကြိုက်ရဲပါဘူး။ သူ့သိက္ခာကတော့ လုံးဝကို ရွှံ့ထဲရောက်သွားပြီ။ အကယ်ဒမီမှာပဲဖြစ်ဖြစ်၊ တစ်မြို့တော်လုံးမှာပဲဖြစ်ဖြစ် အရင်လို မျက်နှာပွင့်လန်းတဲ့ နေ့တွေ ရှိတော့မှာ မဟုတ်ဘူး”
“ဒါမှမဟုတ်ရင်လည်း အိမ်ရှေ့စံမင်းသားကို ဘယ်လိုများ မြှူဆွယ်နိုင်ပါ့မလဲ? မြို့တော်မှာ အိမ်ရှေ့စံကို ကပ်ချင်တဲ့ မိန်းမတွေမှ အများကြီး။ ဒါပေမဲ့ ချူရှန်းမိန်ကတော့ အတော်ဆုံးနဲ့ တစ်ဦးတည်းသော အောင်မြင်တဲ့သူပဲ။ အိမ်ရှေ့စံရဲ့ အကြိုက်က တော်တော်လေးကို အစပ်ကြိုက်တာပဲ... ဟားဟားဟား!”
“ဟေ့... ဒီနေ့ပြီးရင် အိမ်ရှေ့စံက ချူရှန်းမိန်ကို လက်ထပ်ဦးမယ် ထင်လား?”
“အိမ်ရှေ့စံ လက်ထပ်မလားတော့ မသိဘူး။ ကျွန်တော် သိတာတစ်ခုကတော့ ဒီနေ့ပြီးရင် ချူလျိုယွဲ့က တစ်မြို့တော်လုံးမှာ ကမ်းလှမ်းမှု အများဆုံးခံရတဲ့ ဂုဏ်သရေရှိ အမျိုးသမီး ဖြစ်လာတော့မယ်။ အခု သူက အိမ်ရှေ့စံနဲ့ စေ့စပ်မှုကို ဖျက်သိမ်းပြီး လွတ်လပ်သွားပြီဆိုတော့ ချူအိမ်တော်ရဲ့ တံခါးဝကတော့ လူတွေတိုးလို့ ပျက်တော့မှာပဲ။ ပြီးတော့ သူက နဂိုကတည်းက အရမ်းလှတာလေ။ စစ်သည်ရော လောကီဆရာသခင်အဖြစ်ပါ ပါရမီရှိတာဆိုတော့ ပြောမနေနဲ့တော့”
တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့လွင့်လာသည်။ ရုံကျင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင် မီးတောင်ချော်ရည်များ လှိုင်လှိုင်ထနေသကဲ့သို့ ပူလောင်လာပြီး နောက်တစ်စက္ကန့်တွင် ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ ရုံကျင်းသည် နာကျည်းမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ချူရှန်းမိန်ကို သေလုမတတ် စိုက်ကြည့်လိုက်သည်။
“လူတွေ! သူ့ကို ခေါ်သွားပြီး အနားယူခိုင်းလိုက်စမ်း!”
ရုံကျင်းက အံကြိတ်ကာ အမိန့်ပေးလိုက်သည်။ ရုံကျင်း၏ နောက်ကွယ်မှ လူတစ်ဦး ချက်ချင်း ရှေ့သို့တိုးလာပြီး ချူရှန်းမိန်ကို မ ချီသွားတော့သည်။ ချူရှန်းမိန်သည် ရုံကျင်း၏ ဘေးမှ ဖြတ်သွားစဉ် သူမ၏ လက်ကို ဆန့်ထုတ်ကာ သူ့ထံမှ နှစ်သိမ့်မှုကို ရှာဖွေနေရှာသည်။
“အစ်ကိုတော်ကျင်း... အစ်ကို...”
ရုံကျင်းက သူမကို သတိပေးသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ဒီကာလအတွင်းမှာ နင် ကောင်းကောင်း အနားယူပြီး ကုသရမယ်။ ဘာကိစ္စမှ မရှိဘဲ အပြင်မထွက်နဲ့။ နားလည်လား?”
ရုံကျင်းသည် ဤမျှ အေးစက်ပြီး ဂရုမစိုက်သော အကြည့်မျိုးဖြင့် ချူရှန်းမိန်ကို တစ်ခါမျှ မကြည့်ဖူးခဲ့ပေ။ သူသည် သူမကို အသုံးမကျသော အမှိုက်သဖွယ် ကြည့်နေခြင်း ဖြစ်သည်။ ချူရှန်းမိန်သည် တုန်လှုပ်သွားပြီး သူမ၏ လက်ကို ကြောက်ရွံ့စွာ ပြန်ရုပ်လိုက်ကာ ရင်ထဲမှ ထိတ်လန့်မှုနှင့် မကျေနပ်မှုများကို ဖိနှိပ်ထားလိုက်ရသည်။
“ဟုတ်... ဟုတ်ကဲ့ပါ...”
“လျိုယွဲ့လေးရေ... တော်လိုက်တာ! မင်းက ထူးချွန်တဲ့ ပါရမီရှင်ပါလို့ ငါပြောတာကို ဟိုလူကြီးတွေက မယုံကြဘူး!”
အခြားတစ်ဖက်တွင်မူ ပိုင်ချန်းသည် ချူလျိုယွဲ့၏ အနားသို့ ပြေးသွားကာ ဆရာများအဖွဲ့ဘက်သို့ ဂုဏ်ယူစွာ မေးငေါ့ပြလိုက်သည်။
“သူ့ရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘာပြောစရာ ရှိသေးလဲ? လောကီဆရာသခင် စစ်ဆေးမှုမှာ ဒုတိယ၊ စစ်သည် စစ်ဆေးမှုမှာ ပထမနော်!”
ဆရာများသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မတတ်သာသလို ရယ်မောလိုက်ကြသည်။ အရည်အချင်းသည် ထာဝရ အားကောင်းဆုံး သက်သေပင် မဟုတ်ပါလား။ သူတို့ကိုယ်တိုင် မမြင်ခဲ့ရပါက တစ်မြို့တော်လုံး၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော အသုံးမကျသည့် ချူလျိုယွဲ့က ဤမျှ စွမ်းဆောင်ရည်ရှိမည်ဟု သူတို့ မည်သည့်အခါမျှ ယုံကြည်မိမည် မဟုတ်ပေ။
စွန်းကျန့်ယန်က ပြုံးလျက် ခေါင်းခါလိုက်သည်။
“ကဲပါ ပိုင်ချန်းရာ။ အခုကစပြီး မင်းက လျိုယွဲ့ကို မျက်နှာသာပေးပြီး အကယ်ဒမီထဲ ခေါ်သွင်းခဲ့တယ်လို့ ဘယ်သူမှ မသင်္ကာဖြစ်တော့မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း မင်းက အကယ်ဒမီအတွက် စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ကို လက်မလွှတ်ရအောင် လုပ်ပေးခဲ့တယ်လို့ လူတွေက ချီးကျူးကြမှာပါ”
အရင်က ချူလျိုယွဲ့အပေါ် ထားရှိခဲ့သော သူ၏ တင်းမာသည့် သဘောထားကို ပြန်တွေးမိပြီး ပိုင်ချန်းသည် အပြစ်မကင်းသလို ခံစားလိုက်ရကာ ခေါင်းကို ကုတ်လိုက်သည်။
“ဟဲဟဲ... အဲဒါက ဘာမှမဟုတ်ပါဘူး! အဓိကက လျိုယွဲ့လေး ကိုယ်တိုင်က ထူးချွန်တာပါ!”
ယခုအခါ ကျောင်းသားများစွာက ချူလျိုယွဲ့ကို ကြည့်နေသော အကြည့်များသည် အစောပိုင်းက နှိမ့်ချမှုများမှ ယခုအခါ စူးစမ်းလိုစိတ်နှင့် အားကျမှုများသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဆရာပိုင်ချန်း... ဝင်ခွင့်စာမေးပွဲမှာ တကယ် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြောပြပါဦး!”
ကျောင်းသားတစ်ဦးက ရုတ်တရက် အော်ဟစ်မေးမြန်းလိုက်သည်။ ထိုစကားသည် လူအုပ်ကြားမှ အော်ဟစ်အားပေးသံများကို ဖြစ်ပေါ်စေခဲ့သည်။
“ဟုတ်တယ်! ပြောပြပါ!”
“သူက စစ်ဆေးမှု သုံးမျိုးစလုံးကို ဘယ်လိုမျိုး အောင်မြင်ခဲ့တာလဲ?”
ပိုင်ချန်းက နောက်ပြောင်သလို ဆူပူလိုက်သည်။
“မင်းတို့တွေက ပုန်ကန်မလို့လား? ငါက ဆရာလေ၊ ပုံပြင်ပြောသူ မဟုတ်ဘူး! ဒီသတင်းတွေက အပြင်မှာ တောမီးလို ပြန့်နေတာပဲ။ ကိုယ့်ဘာသာကိုယ် သွားစုံစမ်းကြ!”
လူအုပ်ကြီးဆီမှ ရယ်မောသံများ ပေါက်ကွဲထွက်လာသည်။
...
ချူရှန်းမိန်သည် ထိုရယ်သံများက သူမ၏ နားထဲတွင် အလွန်ပင် ကသိကအောက် ဖြစ်စရာကောင်းသည်ဟု ခံစားနေရသည်။ တစ်ချိန်က သူမသည် အားလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသူ ဖြစ်ပြီး လူတိုင်း အားကျခဲ့ရသူ ဖြစ်သည်။ သို့သော် ယခုအခါ ချူလျိုယွဲ့က သူမ၏ နေရာကို အလုံးစုံ အစားထိုးသွားခဲ့ပြီ။ ချူလျိုယွဲ့သည် ချူရှန်းမိန် နဂိုက ပိုင်ဆိုင်ခဲ့သည်ထက်ပင် ပို၍ ရရှိသွားခဲ့သည်။ သူမကရော? ယခုအခါ သူမသည် ကွင်းပြင်ထဲမှ မသကာဖွယ်၊ ဝေဝေဝါးဝါးနှင့် သနားစဖွယ် အခြေအနေဖြင့်သာ အသယ်ခံပြီး ထွက်ခွာသွားရတော့သည်။ သူမသည် နာကျည်းမှုများစွာဖြင့် မျက်လုံးကို မှိတ်ထားကာ သွားကို ကြိတ်ထားမိသည်။
‘ချူလျိုယွဲ့... ငါတို့ကြားက ကိစ္စက မပြီးသေးဘူး!’
ရုံကျင်းသည်လည်း ချူရှန်းမိန်ကဲ့သို့ပင် အကျပ်ရိုက်သော အခြေအနေတွင် ရှိနေသည်။ သူသည် ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေမိပြီး ဆူညံသော ရယ်သံများကို ကြားရသောအခါ ပို၍ပင် ခံရခက်လာသည်။
“နန်းတော်မှာ လုပ်စရာရှိသေးလို့ ကျွန်တော့်ကို သွားခွင့်ပြုပါဦး”
ရုံကျင်းသည် စွန်းကျန့်ယန်နှင့် ကျန်ဆရာများကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူ နောက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။
...
“လျိုယွဲ့... ဒီနေ့က အကယ်ဒမီမှာ မင်းရဲ့ ပထမဆုံးနေ့ပဲ။ မင်းက ဝင်ခွင့်စစ်ဆေးမှု သုံးခုစလုံး အောင်မြင်ထားတာဆိုတော့ မင်းစိတ်ကြိုက် ပညာရပ်ကို ရွေးချယ်နိုင်တယ်။ စစ်ဆေးမှု နှစ်ခုမှာ ပါဝင်ခဲ့ဖူးတာဆိုတော့ အဲဒီ ကဏ္ဍနှစ်ခုအကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်မယ်လို့ ငါထင်တယ်။ ဘယ်ပညာရပ်ကို အထူးပြုသင်ယူချင်လဲဆိုတာ စဉ်းစားပြီးပြီလား?”
စွန်းကျန့်ယန်က မေးလိုက်သည်။ သူ ပြောလိုက်သည်နှင့် လူအုပ်ကြီးက ချက်ချင်း ငြိမ်သက်သွားပြီး ချူလျိုယွဲ့ကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။ ပိုင်ချန်းသည်လည်း ရင်တထိတ်ထိတ်ဖြင့် တံတွေးကို မျိုချလိုက်မိသည်။ ချူလျိုယွဲ့တွင် လောကီဆရာသခင်အဖြစ် ပါရမီအရှိဆုံးဟု သူ အရင်က ထင်ခဲ့သည်။ သို့သော် ယခုတိုက်ပွဲအပြီးတွင် ချူလျိုယွဲ့၏ ယွမ်သွေးကြောများမှာ လုံးဝကောင်းမွန်နေပြီး စစ်သည်တစ်ဦးအဖြစ်လည်း ထူးချွန်သော ကျင့်ကြံခြင်း ပါရမီရှိကြောင်း သူ နားလည်သွားခဲ့ပြီ။ သူမ၏ ရှေ့တွင် မည်သည့် အတားအဆီးမျှ မရှိတော့ပေ။ မည်သည့်လမ်းကို ရွေးချယ်သည်ဖြစ်စေ သူမ၏ ရှေ့တွင် တောက်ပသော အနာဂတ်က စောင့်ကြိုနေသည်။
ချူလျိုယွဲ့က ပြုံးလိုက်သည်။
“ကျွန်မ ရွေးချယ်မှာက... လောကီဆရာသခင်ပညာရှင် ပါ!”
...
ချူစံအိမ်တော်။
ဧည့်ခန်းမထဲတွင် ထိုင်ခုံများအားလုံး ပြည့်နေသည်။ ချူမိသားစု၏ အရေးပါသော အဖွဲ့ဝင်များအားလုံး တစ်နေရာတည်းတွင် စုဝေးနေကြခြင်း ဖြစ်သည်။ ကျယ်ဝန်းသော ဧည့်ခန်းမထဲတွင် အသက်ရှူကျပ်မတတ် တိတ်ဆိတ်မှုက လွှမ်းမိုးနေသည်။ လူတိုင်းက တိတ်ဆိတ်စွာ ထိုင်နေကြပြီး သူတို့၏ အမူအရာများမှာ ထူးဆန်းနေသည်။ သူတို့သည် သတင်းကြားကြားချင်း ရောက်လာကြသူများမို့ ဘာကြောင့် စုဝေးနေရသည်ကို သိကြသည်။
နောက်ဆုံးတွင် တတိယအကြီးအကဲက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်သည်။
“ဒီသတင်းက တစ်မြို့တော်လုံးကို ပျံ့နှက်သွားပြီ၊ လူအများကြီးက လက်ဆောင်တွေလည်း ပို့နေကြတယ်... စည်းမျဉ်းတွေအရဆိုရင် လျိုယွဲ့ ထျန်းလုအကယ်ဒမီကို ဝင်ခွင့်ရတာကို ငါတို့ ဂုဏ်ပြုသင့်တယ်—”
“ဘာကို ဂုဏ်ပြုရမှာလဲ?”
ပထမအကြီးအကဲသည် မျက်နှာပျက်နေပြီး စားပွဲကို အရှိန်ပြင်းပြင်း ရိုက်လိုက်သည်။
“သူ ပြန်လာတဲ့အခါ လူကြီးတွေကို လိမ်ညာပြီး အမှန်တရားကို ဖုံးကွယ်ထားတဲ့အတွက် သူ့ကို အရင်ဆုံး အပြစ်ပေးရမယ်!”