အခန်း ၆၁ — တိုက်ပွဲ
“ဘာ... မင်းက စစ်သည်တော် စစ်ဆေးမှုမှာ ပါဝင်ချင်တယ် ဟုတ်လား။” ထိုဆရာမှာ အံ့အားသင့်သွားရသည်။ “မင်း ခုနတင် လောကီဆရာ စစ်ဆေးမှုမှာ ဝင်ဖြေထားပြီးပြီ မဟုတ်လား။”
ချူလျိုယွဲ့က ရှင်းပြလိုက်သည်။ “ဆရာ... ဒီနေ့က ကျွန်မရဲ့ ကျောင်းစတက်တဲ့ ပထမဆုံးနေ့ပါ၊ ဘယ်ကဏ္ဍကို အဓိကထား လေ့လာမလဲဆိုတာလည်း မဆုံးဖြတ်ရသေးပါဘူး။ ဒါကြောင့် စစ်သည်တော် စစ်ဆေးမှုမှာ ပါဝင်ခွင့်ရှိတယ်လို့ ထင်ပါတယ်၊ ဟုတ်တယ်မလား။”
“ဒါကတော့...” ဆရာသည် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ “မင်းပြောတာလည်း မမှားပါဘူး၊ ဒါပေမဲ့... အရင်က ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။”
လူတစ်ယောက်သည် ကဏ္ဍအသီးသီးတွင် ပါရမီရှိလျှင်ပင် ပုံမှန်အားဖြင့် အထူးပြုလေ့လာရန် တစ်ခုကိုသာ ရွေးချယ်လေ့ရှိကြသည်။ ဥပမာအားဖြင့် လောကီဆရာ ဖြစ်လာနိုင်သူတစ်ဦးသည် စစ်သည်တော် ကျင့်ကြံခြင်းထက် လောကီဝင်္ကပါများအပေါ်၌သာ အချိန်နှင့် ခွန်အားအားလုံးကို မြှုပ်နှံလေ့ရှိသည်။ လူသားတိုင်းတွင် စွမ်းအင်ကန့်သတ်ချက် ရှိသည်မဟုတ်ပါလား။ လောဘတကြီးနှင့် နှစ်ခုလုံးကို ရယူလိုပါက အဆုံးတွင် နှစ်ခုလုံး ဆုံးရှုံးသွားတတ်ကြသည်။
ထို့အပြင် ချူလျိုယွဲ့တွင် ယွမ်သွေးကြော မရှိသဖြင့် သူမအတွက် လောကီဆရာဖြစ်လာခြင်းက အကောင်းဆုံး လမ်းစပင် ဖြစ်သည်။ သူမ ဘာကြောင့်များ စစ်သည်တော် စစ်ဆေးမှုမှာ ပါဝင်ချင်ရလောက်အောင် မိုက်မဲနေရသနည်း။
“ကျောင်းသားတစ်ယောက်က စစ်ဆေးမှုတစ်ခုပဲ ဖြေရမယ်လို့ ကျောင်းစည်းကမ်းမှာ မပြဋ္ဌာန်းထားပါဘူး။ ဒီမိန်းကလေးက စမ်းကြည့်ချင်တယ်ဆိုမှတော့ သူမကို ခွင့်ပြုပေးလိုက်ပါ။”
ထိုဆရာသည် မော့ကြည့်လိုက်ရာ ခဏမျှ မှင်တက်သွားပြီးနောက် စကားပြောသူကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။ “ဂါရဝပြုပါတယ် အကြီးအကဲစွန်း။”
ချူလျိုယွဲ့သည်လည်း လှည့်ကြည့်လိုက်ပြီး ကျေးဇူးတင်သောအားဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ မူလက သူမတစ်ယောက်တည်း လာရန် အစီအစဉ်ရှိသော်လည်း စွန်းကျန့်ယန်က သူမနောက်သို့ လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးနေပုံရသည်။
စွန်းကျန့်ယန်ကိုယ်တိုင် ပြောလာပြီဖြစ်ရာ အခြားသူများ ကန့်ကွက်၍ မရတော့ပေ။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ထိုဆရာက ခက်ခက်ခဲခဲပင် ဆိုလာသည်။
“မင်း စစ်ဆေးမှုမှာ ပါဝင်ဖို့ကတော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့... ဒီက စစ်ဆေးမှုတွေက အားလုံး ပြီးသွားပြီလေ၊ ဗိုလ်လုပွဲတောင် ပြီးသွားပြီ။ မင်းသာ ဝင်ပြိုင်ချင်တယ်ဆိုရင် အနိုင်အရှုံး ဆုံးဖြတ်ဖို့ ပြိုင်ဘက်တစ်ယောက် လိုအပ်တယ်၊ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သင့်တော်တဲ့သူ မရှိတော့ဘူး။”
ချူလျိုယွဲ့က မေးလေးကို ပင့်လိုက်သည်။ “ဟိုမှာ သင့်တော်တဲ့သူတစ်ယောက် ရှိနေတာပဲ မဟုတ်လား။”
“ချူရှန်းမိန်...?” ထိုဆရာသည် မယုံကြည်နိုင်စွာဖြင့် ယောင်နနနှင့် မေးလိုက်သည်။ “မင်းက စစ်သည်တော်မှာ ပထမရထားတဲ့သူနဲ့ ယှဉ်ပြိုင်ချင်တာလား။ မင်း တကယ်ကြီး ပြောနေတာလား။”
ချူလျိုယွဲ့က ရူးနေတာလား။ သူမမှာ ယွမ်သွေးကြော မရှိတဲ့အတွက် အဆင့် ၁ စစ်သည်တော်တစ်ယောက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဆင့် ၄ ကို ရောက်တော့မယ့် ချူရှန်းမိန်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ တိုက်ပွဲဝင်မယ်ဆိုရင် သူမအတွက် အရှုံးကသာ စောင့်ကြိုနေမှာ ဖြစ်သည်။
ချူလျိုယွဲ့သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြုံးလျက် ဆိုလိုက်သည်။ “ကျွန်မ အတည်ပြောနေတာပါ၊ ဘာလို့လဲဆိုတော့... ကျွန်မ ဒီကိုလာတာ ပထမဆုကို ယူဖို့ပဲလေ!”
...
ဗိုလ်လုပွဲ ပြီးဆုံးသွားသဖြင့် စစ်သည်တော် စစ်ဆေးရေးနယ်မြေမှာ ငြိမ်သက်နေပြီဖြစ်ကာ လူများစွာမှာလည်း ပြန်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ သို့သော် ချူလျိုယွဲ့က စစ်ဆေးမှုတွင် ပါဝင်ရန် ရောက်ရှိလာပြီး ချူရှန်းမိန်ကို တိုက်ရိုက် စိန်ခေါ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ တိတ်ဆိတ်နေသော လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဝေဖန်သံများ ညံသွားတော့သည်။
“ဒါ အတည်ကြီးလား။ ချူလျိုယွဲ့က ချူရှန်းမိန်ကို စိန်ခေါ်လိုက်တယ် ဟုတ်လား။”
“ဟား... ငါကြားတာ မှားနေတာလား။ သူမက ပထမနေရာကို လိုချင်တယ်တဲ့လား။”
“ဘုရားရေ... ဒီချူလျိုယွဲ့က များသောအားဖြင့် စကားသိပ်မပြောပေမဲ့ ပြောလိုက်ရင်တော့ လူတိုင်းကို အံ့သြသွားအောင် လုပ်တာပဲ။ ဒီနေ့ သူ သက်သေပြခဲ့တာတွေက မလုံလောက်သေးဘူးလို့ ထင်နေတာလား။”
“အိမ်ရှေ့စံမင်းသား ဘေးမှာရှိနေတုန်း ညီအစ်မနှစ်ယောက် တိုက်ခိုက်ကြတော့မယ်ပေါ့။ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ!”
အကယ်၍ ဘေးတွင် လူအများအပြား ကြည့်မနေပါက ချူရှန်းမိန်မှာ အော်ဟစ်ရယ်မောမိမည်မှာ အမှန်ပင်။ ချူလျိုယွဲ့က ငါ့ဆီကနေ ပထမနေရာကို လုယူချင်တယ်ပေါ့လေ?
လောကီဆရာနှင့် ပတ်သက်သည့် ကိစ္စများတွင် ချူလျိုယွဲ့ကို သူမ ဘာမှမတတ်နိုင်သော်လည်း စစ်သည်တော် စစ်ဆေးမှုတွင် ဝင်ပြိုင်ခြင်းကတော့ သူမကိုယ်တိုင် ပြဿနာရှာခြင်းသာ ဖြစ်သည်။
“အစ်မ... အစ်မက တကယ်ပဲ ညီမကို စိန်ခေါ်ချင်တာလား။” ချူရှန်းမိန်၏ ရင်ထဲတွင် မနာလိုမှုနှင့် မုန်းတီးမှုတို့ အပြည့်ရှိနေသော်လည်း ချူလျိုယွဲ့က ကိုယ်တိုင် အဆုံးစီရင်ရန် ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ချူလျိုယွဲ့က မျက်ခုံးပင့်လိုက်သည်။ “မင်းက ငါနဲ့ မတိုက်ချင်လို့လား။”
“အစ်မက ဒီလိုဖြစ်စေချင်တယ်ဆိုရင်တော့ ညီမက လိုက်လျောရမှာပေါ့။ စိတ်မပူပါနဲ့ အစ်မ... ညီမ 'သတိထား' ပြီး တိုက်ပါ့မယ်၊ အစ်မကို ထိခိုက်အောင် မလုပ်ပါဘူး။”
သူမက ပြောရင်းနှင့် ဆရာ့ကို ပြုံးပြလိုက်သည်။ “ဆရာ... ဒီပွဲကို ခွင့်ပြုပေးပါရှင်။”
သူတို့နှစ်ဦးစလုံးက သဘောတူထားကြသဖြင့် အခြားသူများကလည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုကြတော့ပေ။
“ကောင်းပြီ! ဒါဆို နောက်ထပ် တစ်ပွဲ ထပ်တိုးလိုက်မယ်။ ဒါပေမဲ့ ငါ ထပ်ပြောမယ်နော်... သတ်မှတ်ထားတဲ့ အမှတ်တွေ ရပြီဆိုတာနဲ့ ပွဲကို ရပ်ရမယ်။”
ချူလျိုယွဲ့က ဘာမှပြန်မပြောပေ။ ရုံကျင်း၏ မျက်နှာမှာ မလှမ်းမကမ်းတွင် ရှိနေသော မိန်းကလေးကို ကြည့်ကာ စိတ်ရှုပ်ထွေးနေဟန် ပေါ်နေသည်။ တစ်ချိန်က အနှိမ်ခံမိန်းကလေးသည် ယခုအခါ ပါရမီရှင် လောကီဆရာတစ်ဦး ဖြစ်လာခဲ့လေပြီ...။
သူမက ငါ့ကို တစ်ခုခု သက်သေပြချင်လို့ တမင်သက်သက် ဒီကို လာတာလား။
သို့သော် ချူလျိုယွဲ့သည် အတန်ကြာသည်အထိ သူ့ဘက်သို့ လှည့်ပင်မကြည့်ဘဲ သူ မရှိသကဲ့သို့ ပြုမူနေလေသည်။ ရုံကျင်း၏ စိတ်ထဲတွင် အမည်မသိ ဒေါသမီးတစ်ခု တောက်လောင်လာသည်။ သူက ချူရှန်းမိန်ဘက်သို့ လှည့်ကာ ကြင်နာစွာ ပြောလိုက်သည်။
“သတိထားနော်... ငါ့ကို စိတ်မပူစေနဲ့ဦး။ မင်း ပထမရရင် မင်းအတွက် အောင်ပွဲခံ စားပွဲသောက်ပွဲတစ်ခု ငါ လုပ်ပေးမယ်!”