အခန်း ၅၈ — မင်းက အတော်ဆုံးပဲ
“နောက်ဆုံးအဆင့်ကို ရောက်ပြီပဲ။ မိန်မိန်... မင်းကတော့ ပထမရမှာ သေချာတယ် မဟုတ်လား။”
“ဟုတ်တာပေါ့! လွန်ခဲ့တဲ့ ရက်ပိုင်းကတင် မင်းရဲ့ကျင့်စဉ်အဆင့် ထပ်တက်သွားတယ်လို့ ငါကြားတယ်။ ဒီတစ်ခါတော့ မင်းရဲ့အစွမ်းတွေကို အားရပါးရ မြင်ရတော့မှာပဲ။”
စစ်သည်တော် စစ်ဆေးရေးနယ်မြေတွင် လုပ်ငန်းစဉ်များမှာ တစ်ဝက်ခန့် ပြီးဆုံးနေပြီဖြစ်ကာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤနေရာသည် ကျောင်းသားအရေအတွက် ၃၀၀ နီးပါးဖြင့် အများဆုံးရှိသည့်နေရာလည်း ဖြစ်သည်။ သို့သော် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်သူမှာ နှစ်ဦးတည်းသာ ရှိလေသည်။ ထိုအထဲတွင် ချူရှန်းမိန်မှာ အပါအဝင်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သူမအနားတွင် ဝိုင်းအုံနေသူများ၏ မြှောက်ပင့်စကားများကြောင့် ချူရှန်းမိန်၏ စိတ်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာသည်။ သူမက နှိမ့်ချသောလေသံဖြင့် “ငါက နင်တို့ပြောသလောက်လည်း မတော်ပါဘူးဟာ။ ပြီးတော့ ကုမင်ဖုန်းကလည်း တော်တော်လေး အစွမ်းထက်တယ်လေ။ ဒီတစ်ခါ စစ်ဆေးမှုမှာ ငါ ပထမရချင်မှ ရမှာပါ” ဟု ပြန်ပြောလိုက်သည်။
ကုမင်ဖုန်းမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်လာသည့် အခြားတစ်ယောက် ဖြစ်သည်။ သူသည်လည်း ကြီးမြတ်သော မိသားစုကြီးလေးစုထဲမှ ဆင်းသက်လာသူတစ်ဦးပင်။
“သူက သာမန်ကိုယ်လုပ်တော်သား တစ်ယောက်ပဲဥစ္စာ။ မင်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။” မိန်းကလေးတစ်ယောက်က နှာခေါင်းရှုံ့ကာ ဆိုသည်။ “သူ့မှာ ပါရမီလေး နည်းနည်းပါးပါး ရှိမနေရင် ကုမိသားစုက သူ့ကို ဂရုစိုက်နေပါ့မလား။”
ယောင်ချန်ပြည်တွင် လူတို့သည် တရားဝင်ဇနီးမှ မွေးဖွားသော မျိုးဆက်နှင့် ကိုယ်လုပ်တော်မှ မွေးဖွားသော သာမန်သားတို့အကြား အဆင့်အတန်း ခွဲခြားမှုကို အလွန်အလေးထားကြဆဲ ဖြစ်သည်။
ချူရှန်းမိန်သည် အဝေးတွင် ရပ်နေသော ကုမင်ဖုန်းကို လှမ်းကြည့်လိုက်ရာ သူကလည်း သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကုမင်ဖုန်းမှာ တကယ်တော့ အတော်လေး ရုပ်ရည်ချောမောသူ ဖြစ်သည်။ သူ၏ မျက်နှာသွင်ပြင်များမှာ ထုဆစ်ထားသကဲ့သို့ အချိုးအစားကျလှသော်လည်း အမြဲတမ်းလိုလို မှိုင်းညှို့နေတတ်သော ပယင်းရောင်မျက်ဝန်းများက လူကို အေးစိမ့်သွားစေနိုင်လေသည်။
သူမက ချက်ချင်းပင် မနှစ်မြို့ဟန်ပြကာ သူမ၏ သူငယ်ချင်းကို ဆွဲလိုက်သည်။ “အစွမ်းအစကသာ အဓိကပါ ရန့်အာရယ်၊ နောက်ဆို ဒါမျိုးတွေ လျှောက်မပြောပါနဲ့။”
ရန့်အာဟု ခေါ်သော မိန်းကလေးမှာမူ ကုမင်ဖုန်း သူတို့ကို ကြည့်နေသည်ကို သတိပင်မထားမိဘဲ လျှာလေးထုတ်ကာ “ဘာဖြစ်လဲ... ငါက လုမိသားစုရဲ့ ဒုတိယသမီးပျိုပဲ။ သူက ငါ့ကို ပြဿနာရှာရဲရှာကြည့်လေ” ဟု ဆိုသည်။
လုမိသားစုသည် ကုမိသားစုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူမသည် မိသားစု၏ တရားဝင်သမီးဦး ဖြစ်နေသည်မဟုတ်ပါလား။ ချူရှန်းမိန်က ကုမင်ဖုန်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူက အကြည့်လွှဲသွားပြီး သူတို့စကားကို မကြားဟန် ဆောင်နေလေသည်။
ကုမင်ဖုန်း အမှန်တကယ် ကြားဖြစ်အောင် ကြားသည်။ ချူရှန်းမိန်သည် သူ့ကို ကျေးဇူးရှိစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း သူကတော့ ငါးစာဟပ်မည့်ပုံ မပေါ်ပေ။ ချူရှန်းမိန်၏ စိတ်ထဲတွင်လည်း ဤကဲ့သို့သော သာမန်သားမျိုးကို အထင်သေးမိသဖြင့် ဆက်၍ တွေးမနေတော့ပေ။
လုဖေးရန့်က သူမ၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး ကပ်ပြောသည်။ “မိန်မိန်... ချူလျိုယွဲ့က လောကီဆရာစစ်ဆေးမှုမှာ ဒုတိယရသွားတယ်နော်။ ဘာပဲဖြစ်ဖြစ် နင် သူ့ကို ရှုံးလို့မဖြစ်ဘူး။ နင်ကတော့ ပထမ ရကိုရရမယ်!”
ချူရှန်းမိန်၏ ကိုယ်လေး တောင့်တင်းသွားသည်။ သူမ၏ အနာပေါ်ကို ဆားနှင့် ပွတ်သလိုဖြစ်အောင် သတိမထားမိဘဲ ပြောဆိုတတ်သော လုဖေးရန့်ကို စိတ်ထဲမှ ကြိတ်၍ ဒေါသထွက်မိသည်။ သူမက မသိမသာ ခေါင်းငြိမ့်ပြကာ “ငါ ဘာလုပ်ရမလဲ သိပါတယ်” ဟု ပြန်ဖြေလိုက်သည်။
ထိုစဉ် အဝေးက ကောင်းကင်ယံ၌ မီးရှူးမီးပန်းတစ်ခု ပေါက်ကွဲသွားသည်။
“စစ်သည်တော် စစ်ဆေးမှုရဲ့ ပထမဆုရှင် — ၄၅၁ သုတ်မှ ရုံကျင်း!”
“အိမ်ရှေ့စံမင်းသားပဲ! ပထမက တကယ်ပဲ သူဖြစ်နေတာပဲ!” လုဖေးရန့်၏ မျက်လုံးများ တောက်ပသွားပြီး ချူရှန်းမိန်၏ လက်မောင်းကို ဝမ်းသာအားရ လှုပ်ရမ်းလိုက်သည်။ “မိန်မိန်... မင်းသားက လူတွေပြောသလိုပဲ တကယ် အစွမ်းထက်တာပဲနော်။ သူတို့အသုတ်က ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တယ်လို့ ကြားတယ်၊ အခုလို ပထမရတာ တကယ် အံ့သြဖို့ကောင်းတယ်!”
ချူရှန်းမိန်က အေးအေးလူလူပင် ရယ်မောလိုက်သည်။ “အစ်ကိုကျင်းအတွက် ဒါက လက်ဖျားနဲ့ ခါလိုက်သလိုပါပဲ။”
လုဖေးရန့်မှာ ချူရှန်းမိန်နှင့် အိမ်ရှေ့စံတို့၏ ရင်းနှီးမှုကို အားကျသလို မနာလိုလည်း ဖြစ်နေမိသည်။ “ဟေ့... မိန်မိန်၊ မင်းသားက နင့်ကို တစ်မူထူးခြားပြီး ဆက်ဆံတာပဲ။ အခု နင့်ရဲ့ စစ်ဆေးမှုကိုရော သူ လာကြည့်မှာလား။”
သူမအနားရှိ လူအားလုံး၏ အာရုံမှာ ချူရှန်းမိန်ထံသို့ ရောက်ရှိသွားသည်။ ချူရှန်းမိန်မှာ အနည်းငယ် အနေရခက်သွားသည်။ အရင်ကဆိုလျှင် အိမ်ရှေ့စံက သေချာပေါက် ရှိနေမည် ဖြစ်သော်လည်း ဟိုတစ်ခေါက် စားပွဲသောက်ပွဲ ပြီးကတည်းက သူမအပေါ် ထားရှိသည့် သဘောထားမှာ သိသိသာသာ အေးစက်သွားခဲ့ရာ လာမည် မဟုတ်လောက်ပေ။
သူမက အပြုံးတုလေး လုပ်ကာ “ဟိုဘက်မှာ စစ်ဆေးမှုက ခုမှ ပြီးတာဆိုတော့ အစ်ကိုကျင်းလည်း အလုပ်များနေဦးမှာ... သူလာနိုင်မှာ မဟုတ်...”
သူမ စကားမဆုံးခင်မှာပင် အဝေးဆီမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မိန်မိန်... မင်းက ဘာလို့ အဲဒီလို ပြောရတာလဲ။ ဒါက မင်းရဲ့ နောက်ဆုံးအဆင့်ပဲဥစ္စာ၊ ငါ သေချာပေါက် လာမှာပေါ့။”
ချူရှန်းမိန်၏ ရင်ခုန်သံများ မြန်လာပြီး ချက်ချင်းပင် မော့ကြည့်လိုက်သည်။ အိမ်ရှေ့စံ ရုံကျင်းမှာ ခရမ်းရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမထံသို့ လျှောက်လာနေသည်။
ချူရှန်းမိန်၏ စိတ်ထဲတွင် ဝမ်းသာမှုနှင့်အတူ စိုးရိမ်စိတ်တို့ပါ ဒွန်တွဲနေသည်။ ချူလျိုယွဲ့က လောကီဆရာ စစ်ဆေးမှုတွင် ဒုတိယရခဲ့တာကို သူလည်း သိနေမှာပဲ။ သူ ဘာလို့ ဒေါသထွက်မနေဘဲ ငါ့ကို လာကြည့်တာလဲ။
ရုံကျင်းသည် ချူရှန်းမိန်၏ ရှေ့သို့ ရောက်လာသည်။ သူ၏ မျက်နှာတွင် တွေ့ရခဲသော ကြင်နာရိပ်တို့ လွှမ်းနေသည်။ သူက စကားတစ်လုံးချင်းစီကို အလေးအနက်ထားဟန်ဖြင့် ပြောလိုက်သည်။
“မင်းက အတော်ဆုံးပဲ။ ပထမနေရာကတော့ မင်းအတွက်ပဲ ဖြစ်မှာပါ၊ ဟုတ်တယ်မလား။”