အခန်း ၅၃ — ပါရမီရှင်
ချူလျိုယွဲ့?
ထျန်းလုအကယ်ဒမီရဲ့ စာမေးပွဲစစ်ဆေးခြင်းမှာ ဒီနာမည်ကို ကြားလိုက်ရတော့ ရုံကျင်းတစ်ယောက် နားကြားမှားလေသလားလို့တောင် ထင်မှတ်သွားမိသည်။
"နာမည်တူရုံပဲ မဟုတ်လား"
ရုံကျင်းရဲ့ မျက်နှာပျက်ယွင်းသွားသည်ကို မြင်သောအခါ ဘေးနားရှိ လူငယ်များက မဝံ့မရဲ ရေရွတ်လိုက်ကြသည်။ ရုံကျင်းသည် သူ့ဓားကို ဓါးအိမ်ထဲသို့ ပြန်သိမ်းလိုက်ရာ ၎င်း၏မျက်နှာမှာ မီးသွေးခဲကဲ့သို့ မည်းမှောင်နေတော့သည်။
"ဘာတွေဖြစ်နေလဲဆိုတာ သွားစုံစမ်းချေ"
"အမိန့်အတိုင်းပါ!"
လူငယ်တစ်ယောက်သည် ကပျာကယာ လှည့်ထွက်သွားလေသည်။ ကျန်ရှိနေသူများမှာမူ ဇဝေဇဝါဖြစ်လျက် တစ်ဦးကိုတစ်ဦး ကြည့်နေကြမိ၏။ အိမ်ရှေ့စံမင်းသားသည် ချူလျိုယွဲ့ကို အလွန်အမင်း မုန်းတီးသူဖြစ်ရာ ဤနာမည်ကို ကြားလိုက်ရခြင်းက သူ၏စိတ်အခြေအနေကို ဆိုးရွားသွားစေမည်မှာ အသေအချာပင်။ ထို့ကြောင့် ရုံကျင်းကို ဒေါသထွက်အောင် မလုပ်မိစေရန် အားလုံးက ချက်ချင်းပင် ငြိမ်ကျသွားကြသည်။
သို့သော်လည်း ကြေညာသံကို ကြားလိုက်ရသည်မှာ သူတို့တစ်စုတည်း မဟုတ်ပေ။ စာမေးပွဲစောင့်ဆိုင်းနေသော အခြားကျောင်းသားများမှာလည်း အတိုင်းသား ကြားလိုက်ရသည်။ သူတို့ထဲမှ အချို့သည် မကြာသေးမီက တောမီးပမာ ပျံ့နှံ့နေသည့် ကောလာဟလထဲမှ ချူလျိုယွဲ့နှင့် အခုကြေညာလိုက်သော နာမည်က တစ်ဦးတည်းဖြစ်နေမလားဟု တွေးတောရင်း ရုံကျင်းကို ခိုးကြည့်နေကြလေသည်။
"ဘယ်သူလဲဟ... ဒီချူလျိုယွဲ့ဆိုတာက။ ဂျူနီယာတွေထဲက ရုတ်တရက် ပေါ်ထွက်လာတဲ့ ရတနာတစ်ပါးများလား"
"ငါလည်း မသိဘူး၊ တစ်ခါမှ မကြားဖူးပါဘူး။ ဒါပေမဲ့ အဲ့ဒီတစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်..."
"အို! ငါ ရုတ်တရက် သတိရသွားပြီ။ အဲ့ဒီချူလျိုယွဲ့က ငါတို့အကယ်ဒမီကို ဝင်ခွင့်ဖြေမယ်လို့ ပြောထားတာ မဟုတ်လား။ ငါ အမှတ်မမှားဘူးဆိုရင် သူ့ရဲ့ဝင်ခွင့်စစ်ဆေးမှုက ဒီနေ့ပဲလေ"
"ရှူး! တိုးတိုးလုပ်စမ်းပါ! အိမ်ရှေ့စံရဲ့ မျက်နှာကို မကြည့်မိဘူးလား။ နောက်ပြီး ချူလျိုယွဲ့လို လူမျိုးက အကယ်ဒမီကို ဘယ်လိုလုပ် ဝင်ခွင့်ရမှာလဲ။ တစ်နေရာရာမှာ မှားနေတာ ဖြစ်ရမယ်"
ဘေးပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများကို ကြားရသောအခါ ရုံကျင်း၏မျက်နှာမှာ ပို၍ပင် မည်းမှောင်လာသည်။ ဟုတ်ပေသည်၊ ချူလျိုယွဲ့က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန်အတွက် တောင်းဆိုခဲ့သည့် တစ်ခုတည်းသော ကတိကဝတ်မှာ ထျန်းလုအကယ်ဒမီသို့ ဝင်ခွင့်ဖြေဆိုခွင့်ရရှိရေး ဖြစ်သည်ကို သူ လုံးဝမေ့နေခဲ့သည်။
မဟုတ်ဘူး... ဒါက မဖြစ်နိုင်ဘူး...။
"အိမ်ရှေ့စံမင်းသား!"
စိုးရိမ်ထိတ်လန့်စရာကောင်းသော တိတ်ဆိတ်မှုကို အော်ဟစ်သံတစ်ခုက ဖြိုခွဲလိုက်သည်။ အချက်အလက် စုံစမ်းရန် သွားခဲ့သော လူငယ်ပင် ဖြစ်၏။ သူ့ကို မြင်မြင်ချင်း ရုံကျင်းက ရှေ့သို့ အပြေးတက်ကာ အလောတကြီး မေးလိုက်သည်။
"ဟိုဘက်မှာ တကယ် ဘာတွေဖြစ်နေတာလဲ"
မိမိ၏အသံထဲတွင် ဖုံးကွယ်ထား၍မရသော တုန်လှုပ်ချောက်ချားမှုများ ပါဝင်နေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိပေ။
"အိမ်ရှေ့စံမင်းသား... ဟိုဘက်က လောကီဆရာသခင် (Xuan Master) စာမေးပွဲမှာ ဒုတိယရသွားတဲ့သူက တကယ်ပဲ ချူလျိုယွဲ့ ဖြစ်နေပါတယ်"
လူငယ်က အသက်ရှူမဝသလို ရင်တုန်ပန်းတုန်နှင့် ပြောလိုက်သည်။ ရုံကျင်း၏ နှလုံးသားမှာ ဗြုန်းခနဲ နစ်မွန်းသွားရသော်လည်း နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားဆဲပင်။
"အဲ့ဒီကျောင်းသားအုပ်စုထဲမှာ ဒီနာမည်နဲ့ တခြားတစ်ယောက်ရှိနေတာ မဟုတ်လား"
ထိုလူငယ်မှာ အကြပ်ရိုက်သွားပြီး
ရုံကျင်း၏အကြည့်ကို ရှောင်ဖယ်ကာ ခေတ္တတုံ့ဆိုင်းသွားသည်။
"ဟု... ဟုတ်ကဲ့၊ ချူလျိုယွဲ့ဆိုတဲ့ နာမည်နဲ့ တစ်ယောက်တော့ ရှိပါတယ်..."
ရုံကျင်းသည် မျက်စိကို မှိတ်လိုက်ပြီးမှ သက်ပြင်းတစ်ချက်ကို ခိုး၍ချလိုက်မိသည်။ နာမည်တူရုံ သက်သက်သာ ဖြစ်ရမည်။ အမှန်ပင်၊ ထိုချူလျိုယွဲ့ကဲ့သို့ လူမျိုးက ဘယ်ပုံဘယ်နည်းဖြင့်လောကီဆရာသခင် ဖြစ်နိုင်ပါ့မည်နည်း။
"အိမ်... အိမ်ရှေ့စံမင်းသား..."
ရုံကျင်းက သူ့စကားကို အဓိပ္ပာယ်ကောက်လွဲသွားကြောင်း သိသဖြင့် လူငယ်က အသံတုန်တုန်ရီရီဖြင့် ပြန်ရှင်းပြလိုက်ရသည်။
"ဒီချူလျိုယွဲ့ဆိုတာက... အဲ့ဒီတစ်ယောက်ပါပဲ..."
ရုံကျင်း မှင်တက်သွားသည်။ "မင်း ဘာပြောလိုက်တာလဲ"
လူငယ်က မျက်နှာငယ်လေးဖြင့် ဆက်ပြော၏။ "ချူလျိုယွဲ့က ဒီနေ့ပဲ အကယ်ဒမီကို ဝင်ခွင့်ရခဲ့တာပါ။ သူက ကျောင်းသားသစ်တစ်ယောက်အနေနဲ့ လောကီဆရာသခင် စာမေးပွဲကို ဝင်ဖြေခဲ့တာ... ပြီးတော့ ဒုတိယ ရသွားပါတယ်။ အခုဆို ဟိုဘက်က ကျောင်းသားတွေနဲ့ ဆရာတွေအားလုံး ဒီသတင်းကြောင့် ရူးမတတ် အုတ်အော်သောင်းနင်း ဖြစ်နေကြတာ။ မကြာခင်မှာ ဒီဘက်ကလူတွေလည်း အကုန်သိကုန်တော့မှာပါ"
ဤသတင်းမှာ တစ်နာရီအတွင်း လူတိုင်းထံသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။ အတိတ်က လူတိုင်း အနိုင်ကျင့်ခဲ့သော ချူလျိုယွဲ့သည် ထျန်းလုအကယ်ဒမီသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ရုံသာမက၊ ကျောင်းဝင်သည့်နေ့မှာပင် လောကီဆရာသခင် စာမေးပွဲတွင် ဒုတိယရရှိခဲ့သည်ဟူသော သတင်းက တစ်မြို့လုံးကို သေချာပေါက် ဟိုးလေးတကျော် ဖြစ်သွားစေပေလိမ့်မည်။
ရုံကျင်းသည် အချိန်အတော်ကြာအောင် သတိမဝင်နိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ ထို့နောက် ထိုလူငယ်၏ ကော်လာကို ဆွဲညှစ်ကာ ဟိန်းဟောက်လိုက်တော့သည်။
"မင်း ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ။ ယွမ်သွေးကြော တောင် မရှိတဲ့သူက ဘယ်လိုလုပ်ပြီး လောကီဆရာသခင် ဖြစ်နိုင်မှာလဲ"
"အိမ်... အိမ်ရှေ့စံမင်းသား၊ ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး လိမ်ရဲပါ့မလဲ။ အကြီးအကဲ စွန်းကျန့်ယန် ကိုယ်တိုင် ပြောလိုက်တာပါ။ ပြီး... ပြီးတော့..."
သူသည် တံတွေးကို မျိုချလိုက်ပြီး ငိုတော့မည့်ရုပ်ဖြင့် ဆက်ပြောသည်။
"အဲ့ဒီချူလျိုယွဲ့က စစ်ဆေးမှု သုံးမျိုးစလုံးကို အောင်မြင်ပြီးမှ အကယ်ဒမီကို ဝင်ခွင့်ရခဲ့တာပါ။ ဆရာပိုင်ချန်းက ပြောပါတယ်... ချူလျိုယွဲ့ဆိုတာ နှစ်တစ်ရာမှာ တစ်ယောက်သာ ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ဖြစ်ပြီး... ရှေ့လျှောက် အလွန်တောက်ပတဲ့ အနာဂတ် ရှိတယ်လို့..."
ဘုန်း!
ရုံကျင်းသည် သူ့ကို ကြမ်းပြင်ပေါ်သို့ ဆောင့်တွန်းပစ်လိုက်ရာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေတော့သည်။