အခန်း ၅၂ — မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့
ထျန်းလုအကယ်ဒမီ၏ ဝင်ခွင့်စာမေးပွဲများကို အသုတ်လိုက်ခွဲ၍ သီးခြားစီ စစ်ဆေးခြင်းဖြစ်သော်လည်း ထိပ်ဆုံးအဆင့်ရရှိသူ သုံးဦးကိုမူ လူသိရှင်ကြား ကြေညာပေးလေ့ရှိသည်။ ဤသည်မှာ ထူးချွန်သော ကျောင်းသားများအတွက် ဂုဏ်ပြုဆုလာဘ်တစ်ခု ဖြစ်သလို ကျန်ရှိနေသည့် ကျောင်းသားများအတွက်လည်း တက်ကြွလှုံ့ဆော်မှု တစ်ခုပင် ဖြစ်၏။လောကီဆရာ (Xuan Master) စာမေးပွဲတွင် စီထင်က ပထမနေရာကို သိမ်းပိုက်နိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်သော်လည်း ချူလျိုယွဲ့က မည်သို့ပြု၍ ဒုတိယနေရာသို့ ရောက်ရှိနေရသနည်း။
ဆူညံပွက်လောရိုက်နေသည့် တောင်ကုန်းတစ်ခုလုံး ချက်ချင်းပင် သေနတ်သံကြားသည့် ပုစဉ်းရင်ကွဲများနှယ် တိတ်ဆိတ်သွားတော့သည်။ ချူရှန်းမိန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည့် အအေးဓာတ်ကြောင့် ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူမ၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားပြီး နားထဲတွင်မူ စာကြောင်းတစ်ကြောင်းတည်းကသာ ထပ်တလဲလဲ မြည်ဟည်းနေတော့သည်။
'ချူလျိုယွဲ့က လောကီဆရာ စာမေးပွဲမှာ ဒုတိယတဲ့လား။'
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လောကီဆရာ ဖြစ်ဖို့ဆိုသည်မှာ မွေးရာပါ ပါရမီအပေါ် အလွန်အမင်း မူတည်သည် မဟုတ်ပါလား။ ပါရမီရှိသည်ဟု အများက သတ်မှတ်ထားသော သူမကိုယ်တိုင်ပင် လောကီဆရာ ဖြစ်ရန် ကံမပါခဲ့ချေ။ အားလုံးက အသုံးမကျသော လူဖျင်းဟု သတ်မှတ်ထားသည့် ချူလျိုယွဲ့ကမှ ဘယ်လိုလုပ်ပြီး...။
မကြာမီပင် လူအုပ်ကြီးထဲ၌ အပြင်းအထန် ငြင်းခုံသံများ ထွက်ပေါ်လာတော့သည်။
"ချူလျိုယွဲ့က ဒုတိယ ဟုတ်လား။ တစ်ခုခု မှားနေတာ မဟုတ်ဘူးလား"
"ဘယ်လိုပဲ စဉ်းစားစဉ်းစား မဖြစ်နိုင်တာ။ ချူလျိုယွဲ့က စွမ်းအင်ကြော မရှိတဲ့ လူဖျင်းတစ်ယောက်လို့ အားလုံးက ပြောနေကြတာ မဟုတ်ဘူးလား"
"တစ်ခုခုတော့ လွဲနေပြီ... သူ စာမေးပွဲ အောင်တယ်ဆိုရင်တောင် ဒုတိယအဆင့်အထိ ရဖို့ဆိုတာ မလွယ်ဘူးလေ"
ယခုစာမေးပွဲတွင် စီထင်အပြင် အခြားသော ပါရမီရှင် လောကီဆရာလောင်းများစွာ ပါဝင်ခဲ့ကြသည်ကို အားလုံးက သိကြသည်။ ထိုသူတို့မှာ အကယ်ဒမီတွင် အနည်းဆုံး ခြောက်လခန့် ကြိုတင်လေ့ကျင့်ထားသူများ ဖြစ်ကြရာ ချူလျိုယွဲ့လက်ထဲတွင် အရေးနိမ့်သွားသည်မှာ ယုံကြည်ရခက်လှသည်။
တစ်ယောက်သောသူက ဝေခွဲမရစွာဖြင့် ဆိုလာသည်။ "ဒါမှမဟုတ်... တကယ်ပဲ ဖြစ်နေမလား။ သူက တကယ်ပဲ ထူးခြားတဲ့ လောကီဆရာ ပါရမီရှင် ဖြစ်နေလို့ ဆရာပိုင်ချန်းက သူ့အပေါ် အဲ့လောက် အလေးထားနေတာများလား"
"မဖြစ်နိုင်ဘူး!" ချူရှန်းမိန်က စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။ အားလုံးက သူမကို ဝိုင်းကြည့်လာမှသာ မိမိကိုယ်မိမိ အမူအရာ ပျက်သွားမှန်း သတိထားမိတော့၏။
သူမက ပျာပျာသလဲဖြင့် ပြန်လည် ရှင်းပြလိုက်သည်။ "အဲဒါက... ကျွန်မ ရည်ရွယ်တာက... ကျွန်မအစ်မမှာ စွမ်းအင်ကြော တကယ်မရှိတာပါ။ တကယ်လို့ သူက လောကီဆရာ ပါရမီရှင်သာ ဆိုရင် ကျွန်မတို့ မိသားစုက မသိဘဲ နေမှာ မဟုတ်ဘူးလေ... သူ ဘယ်လိုတွေ လုပ်လိုက်တာလဲဆိုတာ ကျွန်မလည်း မသိတော့ပါဘူး..."
သူမ၏ စကားမှာ ချူလျိုယွဲ့သည် မရိုးသားသော နည်းလမ်းဖြင့် ဒုတိယရရှိခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ထိုစဉ် တစ်စုံတစ်ယောက်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ "ချူရှန်းမိန်... နင်က အိမ်ရှေ့စံမင်းသားရဲ့ အချစ်ကို လုယူထားတဲ့သူပဲ။ ချူလျိုယွဲ့မှာ တကယ်ပဲ ပါရမီရှိတယ်ဆိုရင်တောင် နင့်ကို ပြောပြပါ့မလား"
ထိုစကားကြောင့် လူအုပ်ကြီးမှာ ဝါးလုံးကွဲမတတ် ရယ်မောကြတော့သည်။ အိမ်ရှေ့စံ၏ တည်ခင်းဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို မြို့တော်တစ်ခုလုံး သိရှိပြီးသားပင်။ ချူရှန်းမိန်က အိမ်ရှေ့စံ၏ အာရုံစိုက်မှုကို ရရန် ကိုယ့်ကိုယ်ကိုယ် အပ်နှင်းခဲ့ပြီး နောက်ဆုံးတွင် ချူလျိုယွဲ့နှင့် အိမ်ရှေ့စံတို့၏ စေ့စပ်မှုကို ပျက်ပြားစေခဲ့သည် မဟုတ်ပါလား။ ထိုကဲ့သို့ ရန်ငြိုးရန်စရှိနေသူနှစ်ဦးကြားတွင် ညီအစ်မ သံယောဇဉ်ရှိသည်ဆိုသည်မှာ ယုံတမ်းစကားသာ ဖြစ်လိမ့်မည်။ ချူရှန်းမိန်က အခုထက်ထိ ချူလျိုယွဲ့အပေါ် စိုးရိမ်ပြနေသည်မှာ သရုပ်ဆောင် ကောင်းလွန်းလှပေသည်။
ချူရှန်းမိန်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်သလို ခံစားလိုက်ရသည်။
"ချူရှန်းမိန်... နင်က ချူလျိုယွဲ့ နင့်ထက် သာသွားမှာ ကြောက်လို့ တမင် ပြောနေတာလား"
"မဟုတ်ဘူး!" ချူရှန်းမိန်က ချက်ချင်း ငြင်းဆိုလိုက်သော်လည်း ပတ်ဝန်းကျင်မှ လှောင်ပြောင်သော အကြည့်များကြောင့် စိတ်မသက်မသာ ဖြစ်လာရသည်။ သူမ သွားကို တင်းတင်းကြိတ်ထားမိ၏။ အတိတ်ကဆိုလျှင် သူမသည် အနာဂတ် အိမ်ရှေ့စံကတော် ဖြစ်သောကြောင့် အားလုံးက ဖားကြယားကြသော်လည်း ယခုမူ သူမ၏ ဂုဏ်သိက္ခာမှာ မြေကျနေပြီ ဖြစ်သည်။ အိမ်ရှေ့စံကတော် ရာထူးမှာလည်း သူမလက်ထဲသို့ ရောက်ရန် မသေချာတော့သဖြင့် ထိုသူများက သူမကို ရဲရဲတင်းတင်းပင် လှောင်ပြောင်ဝံ့နေကြပြီ ဖြစ်သည်။
"ကျွန်မ... ကျွန်မက ထူးဆန်းတယ်လို့ ထင်လို့ပါ။ လောကီဆရာ စာမေးပွဲက အရမ်းမြန်မြန် ပြီးသွားတော့ ဘယ်သူမှ မသိနိုင်..."
"ချူရှန်းမိန်... နင်က အကြီးအကဲစွန်းကို သံသယဝင်နေတာလား" လင်ကျူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ စွန်းကျန့်ယန်သည် အကယ်ဒမီတွင် အလွန် ရိုသေလေးစားခံရသူ ဖြစ်သည်။ ဆရာအများစုပင် သူ့ကို မဆန့်ကျင်ဝံ့ကြရာ ကျောင်းသားများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ချူရှန်းမိန် ကျောချမ်းသွားပြီး ခေါင်းငုံ့လိုက်ရတော့သည်။ "ကျွန်မ... ကျွန်မ မဝံ့ရဲပါဘူး..."
သူမ၏ ပုံစံကို ကြည့်ပြီး လင်ကျူးက တိတ်တဆိတ် သက်ပြင်းချမိသည်။ ချူရှန်းမိန်ကို ထက်မြက်သူဟု ထင်ခဲ့သော်လည်း ဤမျှ စိတ်ထားသေးသိမ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ "ဆီမီးဖိုင်နယ် ပွဲစဉ်တွေက မကြာခင် စတော့မယ်။ အခု အရေးကြီးဆုံးက ကိုယ့်စိတ်ကိုယ် ပြန်ထိန်းဖို့ပဲ"
ချူရှန်းမိန်က ခေါင်းညိတ်ပြပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ စစ်သည်တော် (Warrior) စာမေးပွဲတွင် ပထမရမှသာ သူမ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်မည် မဟုတ်ပါလား။
...
တောင်ကုန်း၏ အခြားတစ်ဖက်တွင်မူ ၄၅၁ သုတ်မြောက် ကျောင်းသားများ၏ စာမေးပွဲ ကျင်းပနေသည်။ ရုံကျင်းက ရပ်နေရင်း သူ၏ ဓားကို စစ်ဆေးနေ၏။ သူ၏ နောက်ကွယ်မှ လူငယ်အချို့မှာမူ စိတ်လှုပ်ရှားစွာဖြင့် စကားဆိုနေကြသည်။
"အရှင်မင်းသား... ဒီတစ်ခါ စစ်သည်တော် စာမေးပွဲမှာ အရှင်ပဲ ပထမရတော့မှာ သေချာသလောက်ပါပဲ"
"အရှင်က တစ်ကျောင်းလုံးမှာ အသန်မာဆုံး ဖြစ်မှာပါနော်"
ရုံကျင်းက ခပ်ဖွဖွ ရယ်မောရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ "ဒါက ပြောလောက်စရာ မဟုတ်ပါဘူး..."
ဒိုင်း!
ကောင်းကင်ယံတွင် နောက်ထပ် မီးရှူးမီးပန်းတစ်ခု ပေါက်ကွဲသွားပြန်သည်။ ရုံကျင်းက ထိုမီးရှူးမီးပန်းကို ကြည့်ကာ မျက်လုံးကို အနည်းငယ် မှေးလိုက်၏။ ဘေးမှ လူငယ်တစ်ဦးက ရယ်မောရင်း ပြောသည်။ "ခုနတင် စီထင်က လောကီဆရာ စာမေးပွဲမှာ ပထမရသွားပြီ။ အခုကတော့ စစ်သည်တော် စာမေးပွဲရဲ့ ပထမဆုံးလူ ထွက်လာတာ ထင်တယ်"
အခြားလူငယ်တစ်ဦးကလည်း မျက်လုံးကလယ်ကလယ်ဖြင့် ဝင်ပြောသည်။ "ဟုတ်ပ! စစ်သည်တော် စာမေးပွဲရဲ့ ပထမကတော့ ချူရှန်းမိန် ဖြစ်မှာပေါ့ ဟုတ်တယ်မလား"
ရုံကျင်း ခဏမျှ ငြိမ်သက်သွားပြီး မျက်နှာထားမှာ ပိုမို နူးညံ့သွားသည်။ "သူက တကယ်ပဲ ပါရမီရှိတဲ့သူပါ"
ချူရှန်းမိန်သာ ပထမရခဲ့လျှင် သူမ၏ ဂုဏ်သိက္ခာ ပြန်တက်လာမည့်အပြင် သူ၏ မျက်နှာလည်း ပွင့်လန်းပေလိမ့်မည်။
ထိုစဉ် သြဇာညောင်းပြီး လေးနက်သော အသံကြီးက ဟိန်းထွက်လာတော့သည်။
"၄၅၃ သုတ်မြောက် လောကီဆရာ စာမေးပွဲရဲ့ ဒုတိယဆုရှင် — ချူလျိုယွဲ့!"
ရုံကျင်း၏ မျက်နှာပေါ်မှ ပြုံးရိပ်များမှာ ချက်ချင်းပင် အေးခဲသွားတော့သတည်း။