အခန်း ၅၁ — အဆင့်သတ်မှတ်ချက်!
စီထင်သည် သူ့ရှေ့ရှိ မိန်းကလေးငယ်ကို ကြည့်လိုက်ရာ သူ၏အကြည့်များက သူမ၏ ကိုယ်ပေါ်သို့ အလျင်အမြန် ဝေ့ဝဲသွားသည်။ သူမတွင် မည်သည့်ဒဏ်ရာမှ မရှိချေ။ ကြည့်ရသည်မှာ သူမသည် မည်သည့်အခက်အခဲနှင့်မျှ မတွေ့ခဲ့ရပုံပေါ်သည်။ သို့သော် ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ချူလျိုယွဲ့သာ လမ်းခုလတ်တွင် လမ်းမှားခဲ့လျှင် စွမ်းအားရှင်ဝင်္ကပါက အလိုအလျောက် အလုပ်လုပ်မည်ဖြစ်ရာ သူမအနေဖြင့် အခက်အခဲအချို့နှင့် ကြုံတွေ့ရပေမည်။
သို့သော် ယခုမူ သူမသည် မိမိအိမ်နောက်ဖေး၌ အေးအေးလူလူ လမ်းလျှောက်နေသည့်နှယ် ရှိနေသည်။ အကယ်၍ သူမသာ အခက်အခဲ တစ်စုံတစ်ရာနှင့် မကြုံခဲ့ရပါက ဤနေရာသို့ သူနှင့်တစ်ပြိုင်နက်တည်း သို့မဟုတ် သူ့ထက်ပင် စော၍ ရောက်နေသင့်သည်။ သို့သော် သူမက တစ်လှမ်းသာ နောက်ကျခဲ့သည်။
စီထင်သည် ချူလျိုယွဲ့၏ မျက်နှာကိုကြည့်ကာ တစ်စုံတစ်ခုကို သိရှိရန် ကြိုးစားသော်လည်း သူမ၏ တောက်ပသော မျက်ဝန်းအစုံထဲတွင်မူ တည်ငြိမ်မှုမှအပ ဘာကိုမျှ မတွေ့ရပေ။ သူ ဘာကိုမျှ ခန့်မှန်း၍မရခဲ့ချေ။ ဤလောကတွင် သူမ၏ စိတ်နှလုံးကို တုန်လှုပ်စေနိုင်သည့် အရာဟူ၍ ဘာမျှမရှိသကဲ့သို့ပင်။
“မင်း တော်တော်မြန်တာပဲ” ဟု စီထင်က ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
ချူလျိုယွဲ့က လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ကာ — “ရှင့်ထက်တော့ နည်းနည်းလေး နှေးပါသေးတယ်”
စီထင်သည် ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ ဤပြိုင်ပွဲတွင် ခက်ခဲသောအရာဟူ၍ ဘာမှမရှိတော့ပေ။ ချူလျိုယွဲ့ တစ်ဦးတည်းသာလျှင် ခန့်မှန်းရခက်သော ကိန်းရှင်တစ်ခု ဖြစ်နေသည်။ သို့သော် သူမသည် သူမ၏ အရည်အချင်းအစစ်အမှန်ကို ထုတ်မပြလိုကြောင်း ထင်ရှားနေသဖြင့် နောက်မှသာ သူမအကြောင်းကို စုံစမ်းစစ်ဆေးလျှင်လည်း မနှောင်းပေ။
ချူလျိုယွဲ့သည်လည်း ဘာမှထပ်မပြောဘဲ ရှေ့သို့သာ ဆက်လှမ်းခဲ့သည်။ နေရာတစ်ခုအရောက်တွင် သူမ၏ ခြေဖျားအောက်ရှိ ပန်းကန်ပြားပုံသဏ္ဌာန် ကျောက်တုံးများပေါ်သို့ အကြည့်ရောက်သွားသည်။ ဤသည်မှာ စွမ်းအားရှင်ဝင်္ကပါ၏ ‘ဝင်္ကပါမျက်စိ’ ဖြစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အလွန်ပင် ရိုးရှင်းလှသော ဤကျောက်တုံးထဲတွင် တစ်ဝင်္ကပါလုံး၌ အားအကောင်းဆုံး စွမ်းအင်များ ကိန်းအောင်းနေခြင်းဖြစ်သည်။ ဤနေရာကို ဖြတ်ကျော်ပြီးသည်နှင့် ထွက်ပေါက်နှင့် မဝေးတော့ပေ။
စီထင်၏ ပုံရိပ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ချူလျိုယွဲ့ကလည်း နောက်မှ ကပ်လျက် လိုက်ပါသွားတော့သည်။
...
စီထင်သည် တောအုပ်ထဲမှ မည်သည့်အတားအဆီးမှမရှိဘဲ ချောမောစွာ ထွက်လာနိုင်ခဲ့ပြီး သူ့အား စောင့်ကြိုနေသော စွန်းကျန့်ယန်နှင့် အခြားဆရာနှစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အလံကို အသာအယာ ကောက်ယူလိုက်ရာ တစ်ချိန်တည်းမှာပင် စစ်တုရင်ခုံသဏ္ဌာန်ရှိသော နေရာမှ မီးရှူးမီးပန်းတစ်လုံး ကောင်းကင်သို့ ပျံတက်သွားသည်။
ဒိုင်း!
မီးရှူးမီးပန်း ပေါက်ကွဲသွားခြင်းမှာ စွမ်းအားရှင်ပညာရှင် စာမေးပွဲ၏ ထိပ်တန်းဂုဏ်ထူးဆောင် (Top Scholar) ပေါ်ထွက်လာပြီဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
“စီထင်... မင်း တကယ်ကို တိုးတက်လာတာပဲ။ အပြင်ရောက်ဖို့ တစ်နာရီတောင် မပြည့်ဘူး” ဟု စွန်းကျန့်ယန်က ချီးကျူးလိုက်သည်။
စီထင်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ “ချီးမွမ်းပေးတဲ့အတွက် အကြီးအကဲစွန်းကို ကျေးဇူးတင်ပါတယ်။ ကျနော် လေ့လာရဦးမှာတွေ အများကြီး ရှိပါသေးတယ်”
အခြား သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ရယ်မောကာ — “မင်းက အခုမှ အသက် ၁၅ နှစ်ပဲ ရှိသေးတာလေ။ ဒါပေမဲ့ အဆင့် (၃) စွမ်းအားရှင်ပညာရှင် ဖြစ်နေပြီ။ မင်းရဲ့ အနာဂတ်က အလွန်တောက်ပမှာ အမှန်ပဲ။ ဒီထိပ်ဆုံးနေရာနဲ့ မင်းက တကယ်ကို ထိုက်တန်ပါတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် စီထင်၏ အမူအရာမှာ တစ်စုံတစ်ခုကို ပြောချင်သည့်နှယ် ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင်မူ ထိုစကားများကို ပြန်မျိုချလိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ ခဏအကြာတွင် တောအုပ်ထဲမှ လှပသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ချူလျိုယွဲ့ပင် ဖြစ်သည်။ သူတို့နှစ်ဦး ပန်းတိုင်ရောက်သည့် အချိန်ကွာခြားချက်မှာ အလွန်ပင် နည်းပါးလှသည်။
စွန်းကျန့်ယန်နှင့် အခြားနှစ်ဦးမှာ ချူလျိုယွဲ့ကို သေချာစွာ အကဲခတ်နေကြသည်။ သတင်းကြီးနေသော အသုံးမကျသည့် မိန်းကလေးမှာ အမှန်တကယ်တော့...
ချူလျိုယွဲ့ လျှောက်လာပြီး ဒုတိယအလံကို ကောက်ယူလိုက်သည်။
...
မီးရှူးမီးပန်းများ ကောင်းကင်သို့ ပျံတက်သွားချိန်တွင် တောင်ကုန်းနောက်ဘက်၌ ပြိုင်ပွဲဝင်နေကြဆဲ ကျောင်းသားများမှာ အံ့အားသင့်သွားကြသည်။ စစ်သည်တော် စစ်ဆေးရေးဇုန်တွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
“စွမ်းအားရှင်ပညာရှင် စာမေးပွဲက ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။ စီနီယာအစ်မတွေ ပြောတာကတော့ နာရီပေါင်းများစွာ ကြာတယ်ဆို”
“ဒါက ထိပ်ဆုံးက အောင်တဲ့သူ ပေါ်လာပြီဆိုတဲ့ သဘောပေါ့ ဟုတ်လား”
“စောသေးတာပဲ... ဘယ်သူက ထိပ်ဆုံးက ဖြစ်မယ် ထင်လဲ”
“ဘယ်သူရှိဦးမှာလဲ။ စီထင် ရှိနေသရွေ့တော့ တခြားသူက ထိပ်ဆုံးရောက်ဖို့ မလွယ်ပါဘူး”
ထိုစဉ် အားမာန်ပါပြီး သြဇာညောင်းသော အသံတစ်သံ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။
“၄၅၃ ကြိမ်မြောက် စွမ်းအားရှင်ပညာရှင် စာမေးပွဲရဲ့ ပထမဆုရှင် — စီထင်!”
ထိုအသံ ဆုံးသွားသည်နှင့် လူအုပ်ကြီးမှာ ပွက်လောရိုက်သွားတော့သည်။
“တကယ်ပဲ သူပါလား!”
“ဒီလောက် မြန်မြန်ဆန်ဆန်ဆိုရင် စီထင်က အဆင့် (၃) စွမ်းအားရှင်ပညာရှင် ဖြစ်နေပြီပေါ့။ နှစ်ဝက်လောက် သတင်းအစအန ပျောက်နေလို့ ငြိမ်သွားပြီ ထင်တာ။ အခုတော့ တိတ်တိတ်လေး ပထမရသွားတာပဲ!”
“ဟုတ်ပ! ငါ့အထင်တော့ ချူရှန်းမိန်ရဲ့ ပါရမီတောင် သူ့ကို မမီဘူး ထင်တယ်”
“စစ်သည်တော်နဲ့ စွမ်းအားရှင်ပညာရှင်က ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
လူအချို့မှာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး ချူရှန်းမိန်ကိုလည်း မကြာခဏ လှမ်းကြည့်နေကြသည်။ ချူရှန်းမိန်မှာ ထိုအကြည့်များကို အစွမ်းကုန် သည်းခံကာ မကြားချင်ယောင် ဆောင်နေသော်လည်း သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေပြီဖြစ်သည်။
စီထင်က အာရုံစိုက်မှုအားလုံးကို လုယူသွားပြီ! သို့သော် ကိစ္စမရှိပေ။ စီထင်က စီမိသားစုမှ ဖြစ်သဖြင့် သူမနှင့် ဘာမှမဆိုင်ပေ။ ယနေ့တွင် ချူလျိုယွဲ့ကိုသာ အမှုန့်လုပ်နိုင်လျှင်...
ဒိုင်း!
ဒုတိယမြောက် မီးရှူးမီးပန်းမှာ ကောင်းကင်သို့ ပျံတက်သွားပြန်သည်။ လူအုပ်ကြီး မှင်သက်သွားကြ၏။
စွမ်းအားရှင်ပညာရှင် စာမေးပွဲရဲ့ ဒုတိယဆုရှင်... ပေါ်လာပြန်ပြီလား? ပထမ မီးရှူးမီးပန်း ပေါက်ကွဲပြီး မကြာခင်မှာတင် ဒုတိယတစ်လုံး ထပ်တက်လာခြင်းဖြစ်သည်။
“ဘုရားရေ... စီထင်ရဲ့ နောက်ကပ်လျက်ကနေ ဒုတိယရအောင် ဘယ်သူက ဒီလောက် စွမ်းဆောင်နိုင်ရတာလဲ”
လူအုပ်ထဲတွင် မေးခွန်းများ ပျံ့နှံ့သွားသည်။ ထိုစဉ် ယခင်အသံကြီးကပင် ဟိန်းထွက်လာပြန်သည်။
“၄၅၃ ကြိမ်မြောက် စွမ်းအားရှင်ပညာရှင် စာမေးပွဲရဲ့ ဒုတိယဆုရှင် — ချူလျိုယွဲ့!”