အခန်း ၅၀ — နှမြောစရာပဲ
“စီထင်က ပါရမီအင်မတန် ထူးချွန်တဲ့သူပဲ။ ဒီကြားထဲမှာလည်း သူ တော်တော်လေး တိုးတက်လာပုံရတယ်။ သူ ဝင်္ကပါမျက်စိကို ရှာတွေ့တာက အံ့သြစရာတော့ မဟုတ်ပါဘူး”
စွန်းကျန့်ယန်က အထူးအဆန်းမဖြစ်သလို လက်ခါယမ်းပြလိုက်သည်။ “ဒါပေမဲ့ ငါအံ့သြတာက... သူ အကယ်ဒမီကို စဝင်ကတည်းက အမြဲတမ်း ခေါင်းငုံ့ပြီး အေးအေးဆေးဆေး နေတတ်တာလေ။ အခုကျမှ ဘာလို့...?”
မိမိစွမ်းရည်ကို ထုတ်ဖော်ပြသခြင်းမှာ စီထင်၏ စတိုင်လ်မဟုတ်ပေ။ “သူ့အတွက် ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီဆိုတာကို သူ သတိထားမိသွားလို့များလား...” ဟု စွန်းကျန့်ယန်က တိုးတိုးရေရွတ်လိုက်သည်။
ကျန်နှစ်ယောက်မှာ ဝေခွဲမရစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ “ထိုက်တန်တဲ့ ပြိုင်ဘက်? အကြီးအကဲစွန်း... ခင်ဗျား အတည်ပြောနေတာလား။ အကယ်ဒမီမှာရှိတဲ့ ကျောင်းသားတွေထဲမှာ စီထင်ကို ခြိမ်းခြောက်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ”
အပြင်လူများ မသိနိုင်သော်လည်း စွမ်းအားရှင်ပညာရှင်များဖြစ်သည့် သူတို့ကမူ စီထင်၏ စွမ်းရည်နှင့် ပါရမီ မည်မျှနက်နဲကြောင်း ကောင်းကောင်းသိသည်။ သူ့အထက် နှစ် (၂ နှစ်စာ) စီနီယာများပင်လျှင် စီထင်နှင့်ယှဉ်လျှင် အနိုင်ရရန် မသေချာကြောင်း ပြောလျှင်ပင် အပိုဖြစ်မည်မဟုတ်ပေ။
“စီထင်ရဲ့ ပါရမီက အနှစ် ၁၀၀ မှာ တစ်ယောက်ပေါ်ခဲတဲ့ စွမ်းအားရှင်ပညာရှင် ပါရမီမျိုးလို့ ခင်ဗျားကိုယ်တိုင် ပြောခဲ့တာ မဟုတ်လား”
စွန်းကျန့်ယန်က လက်ညှိုးထိုးပြရင်း သူတို့သုံးဦးအလယ်ရှိ စွမ်းအားရှင်ဝင်္ကပါကို ညွှန်ပြလိုက်သည်။ “သေချာကြည့်လိုက်စမ်း။ ချူလျိုယွဲ့က လမ်းလျှောက်တာ စနစ်မကျသလို ထင်ရပေမဲ့ သူက ဦးတည်ချက်တစ်ခုတည်းကိုပဲ ဦးတည်ပြီး လျှောက်နေတာ”
သူ့စကားကြောင့် ထိုနှစ်ဦးမှာ ဇဝေဇဝါဖြင့် ငုံ့ကြည့်လိုက်ကြသည်။ သူမ တောအုပ်ထဲ စဝင်ကတည်းက လျှောက်လာသည့် လမ်းကြောင်းမှာ... “ဝင်္ကပါမျက်စိဆီကိုလား?”
သွားသည့်ပုံစံမှာ အနည်းငယ် ရှုပ်ထွေးနေသော်လည်း ချူလျိုယွဲ့သည် အမှန်တကယ်ပင် ဝင်္ကပါမျက်စိရှိရာသို့ ယေဘုယျအားဖြင့် ဦးတည်နေခြင်းဖြစ်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အဆင့် (၁) စွမ်းအားရှင်ပညာရှင်တောင် မဟုတ်သေးဘူးလေ။ ဝင်္ကပါမျက်စိကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။ သူက သူ့ဗီဇစိတ်အတိုင်း လျှောက်သွားနေတာပဲ ဖြစ်မှာပါ”
ထိုအမျိုးသားနှစ်ဦး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ စွန်းကျန့်ယန်က ရယ်မောလိုက်၏။ “အကယ်၍ သူက လမ်းသုံးခွဆုံမှာ လမ်းမမှားခဲ့ရင် အခုဆို ဝင်္ကပါမျက်စိကို ရောက်နေလောက်ပြီ။ ဒါဆိုရင်... သူက စီထင်ထက်တောင် ပိုမြန်နေဦးမယ်”
ဤစကားက ထိုအမျိုးသားနှစ်ဦးကို လုံးဝ ဆွံ့အသွားစေသည်။
“ပိုင်ချန်း တစ်ယောက် ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေလဲဆိုတာ အံ့သြစရာ မရှိတော့ဘူးပဲ။ သူကတော့ တကယ့် ပါရမီရှင်အစစ်ကို ရှာတွေ့ထားတာပဲ” စွန်းကျန့်ယန်က ချူလျိုယွဲ့အပေါ် စပ်စုချင်စိတ်များဖြင့် စွမ်းအားရှင်ဝင်္ကပါကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။
သူမက စွမ်းအားရှင်ဝင်္ကပါအကြောင်းကို နားမလည်လို့ ဒီလိုလုပ်နေတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားချင်လို့ တမင်တကာ လုပ်နေတာလား...
...
ချူလျိုယွဲ့သည် တောအုပ်ထဲတွင် လမ်းရှာဖွေနေဆဲဖြစ်သည်။ တစ်နေရာအရောက်တွင် သူမ ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်လုံးမှိတ်ကာ စွမ်းအားရှင်ဝင်္ကပါ၏ အပြောင်းအလဲများကို အာရုံခံလိုက်သည်။
“နောက်ဆုံးတော့ ရောက်ပြီ...” ချူလျိုယွဲ တိုးတိုးရေရွတ်ရင်း မျက်လုံးဖွင့်လိုက်သည်။
စီထင်ကတော့ ဝင်္ကပါမျက်စိဆီကို ရောက်နှင့်လောက်ပြီ။ အခုမှ ငါ ဆက်သွားလို့ရမယ်။
ပထမဦးစွာ သူမအနေဖြင့် ယနေ့တွင် သူမ၏ စွမ်းရည်အားလုံးကို ထုတ်ပြရန် စိတ်မပါသလို အစီအစဉ်လည်း မရှိပေ။ သို့သော် သူမ၏ ရလဒ်ကလည်း အလွန်အမင်း ဆိုးရွားနေ၍ မဖြစ်ချေ။ သို့မဟုတ်ပါက အခြားသူများက သူမကို အသုံးမကျသူဟု ဆက်လက် တံဆိပ်ကပ်နေကြဦးမည်ဖြစ်သည်။ သူမ သက်ပြင်းတစ်ချက်ကို အဝအပြည့် ရှူလိုက်ပြီး လမ်းကြောင်းပြောင်းကာ ရှေ့သို့ လှမ်းတက်လိုက်သည်။
...
စီထင်သည် ဝင်္ကပါမျက်စိသို့ ရောက်ရှိချိန်တွင် မည်သူမျှ ရှိမနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူ့ရှေ့တွင် မည်သူမျှ ရောက်မနေပုံရသည်။ ထို့နောက်တွင်မူ သူ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။
ငါက ဘာလို့ တစ်ယောက်ယောက် ငါ့ရှေ့ရောက်နေမှာကို ကြောက်နေရတာလဲ။ ငါ့ကိုယ်ငါ အပြည့်အဝ ယုံကြည်မှုရှိခဲ့တာပဲ၊ အရင်က ဒီလိုမျိုး တစ်ခါမှ မခံစားဖူးပါဘူး။ ဒီနေ့ ငါ ဘာဖြစ်နေတာလဲ။ ချူလျိုယွဲ့ ပြောခဲ့တဲ့ စကားကြောင့်လား...
စီထင် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ချူလျိုယွဲ့ထံမှ အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ခံစားနေရသည်။ ထိုခံစားချက်က မည်သည့်နေရာမှ လာမှန်း သူ မသိသော်လည်း ချူလျိုယွဲ့မှာ မရိုးရှင်းကြောင်း သူ၏ စိတ်က သိနေသည်။
ကံကောင်းစွာဖြင့် သူ ဝင်္ကပါမျက်စိဆီကို အရင်ရောက်ခဲ့သည်။ ဝင်္ကပါမျက်စိကို ရောက်ပြီဖြစ်၍ ပြိုင်ပွဲက ပြီးဆုံးရန် နီးကပ်နေပြီဖြစ်သည်။ စီထင်က သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်မျဉ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ထူးဆန်းသော ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ နောက်တစ်ခဏတွင် ငွေရောင်မျဉ်းကြောင်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပျောက်ကွယ်သွားတော့သည်။
စီထင်သည် ထိုမျဉ်းကြောင်းရှိရာ ဦးတည်ချက်ကို ကြည့်လိုက်ပြီး ရှေ့သို့ ဆက်သွားရန် ပြင်လိုက်သည်။ သူ စတင်လှုပ်ရှားလိုက်သည်နှင့် နောက်ဘက်မှ ခြေသံအချို့ကို ကြားလိုက်ရသည်။ သူ ဗီဇစိတ်အရ လှည့်ကြည့်လိုက်ရာ ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်က သူ့မျက်စိထဲသို့ ဝင်ရောက်လာသည်။
ချူလျိုယွဲ့က မော့ကြည့်လိုက်ပြီး သူနှင့် မျက်လုံးချင်း ဆုံသွားသည်။ သူမက ပြုံးလိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။
“နှမြောစရာပဲ... ကျမက ရှင့်နောက်မှာ ရောက်နေတာပဲ”