အခန်း ၄၆ — လှောင်ပြောင်သရော်မှုများ
ချူရှန်းမိန်၏ စကားကို ကြားလိုက်ရချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော နောက်ဘက်တောင်ကုန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ လူတိုင်း၏ မျက်နှာပေါ်တွင် မှင်တက်သွားသော အရိပ်အယောင်များ ထင်ဟပ်နေပြီး ချူလျိုယွဲ့ကို ရူးသွပ်သွားသူတစ်ဦးသဖွယ် ကြည့်နေကြသည်။ ချူလျိုယွဲ့က သူတို့ရဲ့ စာမေးပွဲကို ဝင်ဖြေမှာ ဟုတ်စ? လင်ကျူးက မျက်မှောင်ကြုတ်လိုက်ပြီး ပိုင်ချန်းကို မနှစ်မြို့ဟန်ဖြင့် ကြည့်ကာ "ပိုင်ချန်း... ဒါက ဘာသဘောလဲ၊ အကယ်ဒမီရဲ့ စာမေးပွဲက မကြာခင် စတော့မှာ၊ မင်း ဒီလိုမျိုး နောက်ပြောင်နေလို့ မဖြစ်ဘူးလေ"
ပိုင်ချန်းက တဟားဟား ရယ်မောလိုက်သည်။ "ငါက ဒီလိုကိစ္စမျိုးကို နောက်ပြောင်မယ့် လူစားမျိုးလား၊ လျိုယွဲ့လေးက ငါတို့ အကယ်ဒမီရဲ့ ကျောင်းသူတစ်ယောက် ဖြစ်နေမှတော့ သူ စာမေးပွဲဖြေတာ ဘာမှားလို့လဲ"
လင်ကျူးက သံသယ မကင်းသေးဘဲ ချူလျိုယွဲ့ကို အသေအချာ တစ်ချက် ပြန်ကြည့်မိသည်။ ချူလျိုယွဲ့သည် မွေးရာပါ အသုံးမကျသူတစ်ယောက် ဖြစ်ကြောင်း မြို့တော်တစ်ခုလုံးက သိထားကြသည်။ ထိုသို့သာ မဟုတ်ပါက သူမသည် ချူမိသားစု၏ အကြီးဆုံး သမီးတော်ဖြစ်ပါလျက်နှင့် လူတိုင်း၏ နှိပ်စက်ညှင်းပန်းမှုကို ခံနေရမည် မဟုတ်ပေ။ သို့သော် ယခု ပိုင်ချန်း ပြောနေသည်မှာ ချူလျိုယွဲ့သည် အကယ်ဒမီသို့ ဝင်ခွင့်ရရုံသာမက စစ်ဆေးမှု သုံးရပ်စလုံးကိုပါ အောင်မြင်ခဲ့သည်ဟူ၍ ဖြစ်သည်။ ၎င်းမှာ မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ အကယ်ဒမီ၏ သမိုင်းတစ်လျှောက်တွင် ထိုသို့ စွမ်းဆောင်နိုင်သူမှာ လက်ချိုးရေ၍ပင် ရသည်။
သို့သော် သူသည် ပိုင်ချန်း၏ အကြောင်းကို ကောင်းကောင်း သိထားသည်။ ထိုလူမှာ ပွင့်လင်းရိုးသားသော စရိုက်ရှိသူဖြစ်ပြီး အရည်အချင်း မရှိသူတစ်ဦးကို ဤမျှ ကောင်းပြနေမည့်သူ မဟုတ်ပေ။ သို့သော် သူက ချူလျိုယွဲ့ကို အမှန်တကယ်ပင် သဘောကျနေပုံရသည်! လင်ကျူး စကားမဆိုဘဲ ကြာနေသည်ကို မြင်သောအခါ ပိုင်ချန်းက စိတ်မရှည်သလို လက်ယမ်းပြလိုက်သည်။ "တော်ပြီ... မင်းတို့ ဘယ်သူမှ ငါ့ကို ယုံမှာမဟုတ်ဘူးဆိုတာ ငါသိတယ်၊ ခဏနေ စာမေးပွဲစရင် သူ့ရဲ့ အရည်အချင်းကို မင်းတို့ဘာသာ မျက်မြင်ကိုယ်တွေ့ ကြည့်လိုက်ကြတော့!"
ပိုင်ချန်းက ဤသို့ အပြတ်ပြောလာသဖြင့် လင်ကျူးလည်း သဘောတူလိုက်ရုံသာ ရှိတော့သည်။ "ကောင်းပြီလေ... ဒါဆို သူက ဘယ်ဘာသာရပ်ကို ဖြေမှာလဲ"
ချူရှန်းမိန် သည်လည်း ထိုစကားဝိုင်းကို အသေအချာ အာရုံစိုက်နေမိသည်။ ချူလျိုယွဲ့က ဘာကို အားကိုးပြီး ဤမျှ အတင့်ရဲစွာ စာမေးပွဲ လာဖြေရဲသလဲဆိုသည်ကို သူမ အလွန် သိချင်နေသည်။ ပိုင်ချန်းသည် ချူလျိုယွဲ့၏ ရှေ့သို့ ရောက်လာပြီး မျက်နှာတစ်ခုလုံး ပြုံးရွှင်နေလျက် "လျိုယွဲ့လေး... မင်း ဘယ်ဘာသာရပ်ကို ဖြေချင်လဲ၊ တကယ်တော့ ရွှမ်သခင် (Xuan Master) စာမေးပွဲက နည်းနည်း ပိုလွယ်တယ်၊ အချိန်လည်း အများကြီး မပေးရဘူး၊ မင်း ဒါကိုပဲ ရွေးလိုက်မလား"
လင်ကျူးက မိမိဘာသာ ခေါင်းခါလိုက်မိသည်။ ပိုင်ချန်း ဘာဖြစ်နေသည်ကို သူ အမှန်တကယ် နားမလည်တော့ပေ။ အချိန်အနည်းဆုံးပေးရသည့် စာမေးပွဲမှာ စစ်သည်တော် (Warrior) စာမေးပွဲ ဖြစ်သည်မှာ ထင်ရှားသည်။ ကျန်သည့် ရွှမ်သခင် စာမေးပွဲ သို့မဟုတ် နတ်ဆေးဆရာ (Heavenly Doctor) စာမေးပွဲမှာ အချိန်ရော အင်အားပါ များစွာ ကုန်ဆုံးစေသည်။ ပိုင်ချန်းက ချူလျိုယွဲ့ကို ရွှမ်သခင် စာမေးပွဲ ဖြေစေချင်နေသည်မှာ ထင်ရှားသော်လည်း အဘယ်ကြောင့်နည်း...။
ချူလျိုယွဲ့သည် ပိုင်ချန်း၏ စိတ်ကူးကို ရိပ်မိသဖြင့် သူ့ကို ပြန်လည် ပြုံးပြလိုက်သည်။ "အကြံပေးတာ ကျေးဇူးတင်ပါတယ် ဆရာပိုင်ချန်း၊ ဒါဆိုရင် ကျွန်မ ရွှမ်သခင် စာမေးပွဲပဲ ဖြေပါ့မယ်!"
ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ထဲရှိ ကျောင်းသားများမှာ တစ်ယောက်တစ်ပေါက် တီးတိုး ပြောဆိုလာကြတော့သည်။ "ဟင်း... သရုပ်ဆောင် ကောင်းလိုက်တာ၊ သူ တကယ်ပဲ စာမေးပွဲ သုံးခုလုံးကို အောင်မြင်ခဲ့တယ်ဆိုတာ ငါတော့ လုံးဝ မယုံဘူး၊ သူ့ရဲ့ ယွမ်သွေးကြောက ပျက်စီးနေတာလေ၊ စစ်သည်တော် စာမေးပွဲကို ဘယ်လိုလုပ် အောင်မှာလဲ"
"သူ ဘယ်လို နည်းလမ်းတွေ သုံးပြီး ဝင်ခွင့်ရခဲ့လဲ ဘယ်သူသိမှာလဲ၊ တကယ်သာ အရည်အချင်း ရှိရင် စစ်သည်တော် စာမေးပွဲကို ဖြေပြီး သက်သေပြလိုက်ရုံပဲလေ!"
"ဒါပေမဲ့ ဆရာပိုင်ချန်းက သူ့ကို အတော်လေး ဂရုစိုက်နေပုံပဲ... ဆရာက အရည်အချင်းမရှိဘဲ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေကို အမြဲ မုန်းတာ မဟုတ်ဘူးလား"
"ဘယ်သူသိမှာလဲ! ခဏနေရင် သိရမှာပေါ့!"
ပိုင်ချန်းသည် ထိုစကားများကို ကြားသောအခါ မျက်နှာပျက်သွားပြီး ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲ... "ဒီကလေးတွေ! ငါ သူတို့ကို..."
သို့သော် ချူလျိုယွဲ့က ပြုံးလျက် ခေါင်းခါပြလိုက်သည်။ "ဆရာပိုင်ချန်း... လူတွေ သံသယရှိတာက သဘာဝပါပဲ၊ စာမေးပွဲပြီးသွားရင် သူတို့အားလုံး ပါးစပ်ပိတ်သွားစေရပါမယ်"
သူမ၏ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသော အမူအရာကို မြင်လိုက်ရမှ ပိုင်ချန်း စိတ်သက်သာရာ ရသွားတော့သည်။ "ကောင်းပြီ... မင်းရဲ့ စွမ်းဆောင်ရည်နဲ့ပဲ သူတို့ရဲ့ ပါးစပ်တွေကို ပိတ်ပစ်လိုက်!" ပိုင်ချန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း သူမကို ရှင်းပြသည်။ "လျိုယွဲ့လေး... ကျောင်းသားတွေကို အုပ်စု သုံးစု ခွဲထားတယ်၊ အဲဒါက စာမေးပွဲ စစ်ဆေးတဲ့ ပုံစံပဲ၊ အားလုံးက ဒီတောင်ကုန်းပေါ်မှာ ရှိနေပေမဲ့ သီးခြားစီ ခွဲထားတာ၊ မင်းက ကျောင်းသူသစ် ဆိုတော့ အနိမ့်ဆုံး အဆင့်မှာ ရှိနေတယ်၊ သူတို့အားလုံး ဟိုဘက်မှာ... မင်း အဲဒီကို သွားလိုက်ရုံပဲ"
ချူလျိုယွဲ့က သူညွှန်ပြရာကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။ ထိုစဉ် ချူရှန်းမိန်က ရုတ်တရက် ဝင်ပြောလာသည်။ "ဆရာပိုင်ချန်း... ကျွန်မပဲ အစ်မကို လမ်းပြပေးလိုက်ရင် ဘယ်လိုလဲ၊ ဒါက ပိုပြီး အဆင်ပြေမယ် ထင်ပါတယ်"
ပိုင်ချန်းက သူမကို မျက်မှောင်ကြုတ်ကြည့်ပြီး အေးစက်စက် ရယ်မောလိုက်သည်။ "မင်းလား?"
ချူရှန်းမိန်နှင့် သူမ၏ သူငယ်ချင်းများ စောစောက ပြောဆိုခဲ့သည့် စကားများကို သူ မှတ်မိနေသေးသည်! သူမသည် ချူလျိုယွဲ့အပေါ် စေတနာ အမှန်ရှိသူ မဟုတ်သည်မှာ သိသာလှ၏! ထို့ကြောင့် သူ စိတ်မချနိုင်ပေ!
ပတ်ဝန်းကျင်ရှိ ကျောင်းသားများက ချူရှန်းမိန်ကို ထူးဆန်းသလို ကြည့်လိုက်ကြသည်။ ဆရာပိုင်ချန်းက သူမကို ဘာလို့ ဒီလို ဆက်ဆံနေရတာလဲ။ သူမက ဆရာတွေကြားမှာ အမြဲတမ်း ရေပန်းစားခဲ့တာ မဟုတ်ဘူးလား...။
ချူရှန်းမိန်မှာ အနေရခက်စွာ ရပ်နေရင်း မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ လင်ကျူးမှာ ကြည့်မနေနိုင်တော့သဖြင့် ညင်သာစွာ ပြောလိုက်သည်။ "မိန်မိန်... သူမက မင်းရဲ့ အစ်မဖြစ်နေမှတော့ မင်းပဲ လမ်းပြပေးလိုက်တာ အကောင်းဆုံးပါပဲ၊ အခုပဲ သွားလိုက်တော့၊ စာမေးပွဲက စတော့မှာ"
ချူလျိုယွဲ့က ပြုံးလျက် လျှောက်လာသည်။ "ဒါဆို ကျေးဇူးတင်ပါတယ် ညီမလေး"
ချူလျိုယွဲ့၏ လုပ်ရပ်ကြောင့် ပိုင်ချန်းလည်း ဘာမှ ထပ်မပြောတော့ပေ။ လျိုယွဲ့လေးသည် အနှိပ်စက်ခံရုံသက်သက် လူစားမျိုး မဟုတ်သည်မှာ ထင်ရှားသည်။ ချူရှန်းမိန်မှာ မိမိရှေ့တွင် ရပ်နေသော ချူလျိုယွဲ့ကို ကြည့်ရင်း ခဏမျှ မှင်တက်သွားမိသည်။ အချိန်အနည်းငယ်သာ ကြာသွားသော်လည်း ချူလျိုယွဲ့မှာ ယခင်ကထက် ပို၍ လှပလာပုံရသည်။ သူမ၏ အသားအရေမှာ ဖြူဝင်းနေပြီး မျက်ဝန်းများမှာ ကြင်နာမှုအပြည့်နှင့် သူမ၏ အပြုံးကပင် လူ့နှလုံးသားကို ဆွဲကိုင်ထားနိုင်သည့်အလား။ ချူလျိုယွဲ့သည် ထိုနေရာတွင် ရပ်နေရုံမျှနှင့်ပင် သူမကို ပို၍ လေးစားစရာကောင်းစေသော စွမ်းအားကြီးသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေသလို ခံစားရသည်။ သူမ၏ မျက်ဝန်းများမှာ မှောင်မိုက်သော ညယံမှ ကြယ်ပွင့်များကဲ့သို့ အရာအားလုံးကို လင်းထိန်စေနိုင်စွမ်း ရှိနေသည်!
ချူလျိုယွဲ့သည် မိမိထက် များစွာ ပိုမိုလှပနေသည်ကို သိမြင်လိုက်ရသဖြင့် ချူရှန်းမိန်၏ ရင်ထဲတွင် မခံချင်စိတ်များ ပိုမို ကြီးထွားလာသည်။ သူမသည် သွားကို တင်းတင်းကြိတ်ကာ ဒေါသနှင့် မနာလိုမှုများကို ဖိနှိပ်ထားရင်း အတုအယောင် အပြုံးဖြင့် ချူလျိုယွဲ့ကို ရှေ့မှ ဦးဆောင်ခေါ်သွားတော့သည်။ အကြည့်များစွာက သူတို့နှစ်ဦးထံတွင် စုပြုံနေကြသည်။ ချူလျိုယွဲ့က ထိုအကြည့်များကို လျစ်လျူရှုကာ လူအုပ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုနေရာတွင် ရပ်နေသော ကျောင်းသားများမှာ အသက်အငယ်ဆုံးသူများ ဖြစ်ကြသည်မှာ သိသာလှသည်။ သူတို့အားလုံး၏ ရင်ဘတ် ဘယ်ဘက်ခြမ်းတွင် ငွေရောင် တံဆိပ်ဝိုင်းလေးများ တပ်ဆင်ထားကြသည်။ ထိုတံဆိပ်ပေါ်တွင် ဓားတစ်လက် ပုံဖော်ထားပြီး ဓား၏ အောက်ဘက်တွင် အလွန်သေးငယ်သော စာလုံးလေးများ ရေးထိုးထားသည်။ ချူလျိုယွဲ့က တစ်ချက်ဝေ့ကြည့်လိုက်ရာ ထိုစာလုံးမှာ 'လေးရာ့ငါးဆယ့်သုံး' ဟူ၍ ဖြစ်သည်။ ဓားမှာ ထျန်းလုအကယ်ဒမီ၏ အမှတ်တံဆိပ်ဖြစ်ပြီး ဂဏန်းမှာ ကျောင်းသား၏ အတန်းနံပါတ် ဖြစ်ပုံရသည်။
ချူရှန်းမိန်၏ ရင်ဘတ်ပေါ်တွင်လည်း ထိုတံဆိပ်မျိုးပင် ရှိနေသည်။ သူမက နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ "အစ်မ... ဒီမှာရှိတဲ့ လူတွေက စစ်သည်တော် စာမေးပွဲ ဖြေမယ့်သူတွေ၊ ဟိုဘက်ကတော့ ရွှမ်သခင် ကျောင်းသားတွေ ရှိတဲ့နေရာ၊ အစ်မ အခု သွားလို့ရပြီ"
ချူလျိုယွဲ့ လှမ်းကြည့်လိုက်သောအခါ မတူညီသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ကျောင်းသား တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။ သူတို့သည် ချူလျိုယွဲ့ကို ရန်လိုသော၊ ဝေဖန်စမ်းစစ်သော အကြည့်များဖြင့် ကြည့်နေကြသည်။ ချူလျိုယွဲ့က ထိုဘက်သို့ ဦးတည်လျှောက်သွားသည်။ သုံးလှမ်းခန့် အကွာသို့ ရောက်သောအခါ လူငယ်တစ်ယောက်က ရှေ့သို့ ထွက်လာပြီး သူမ၏ လမ်းကို ပိတ်ရပ်လိုက်သည်။ ထို့နောက် အေးစက်သော အသံက သူမ၏ နားထဲသို့ တိုးဝင်လာသည်။ "လူတိုင်းက ရွှမ်သခင် ဖြစ်နိုင်တာ မဟုတ်ဘူး၊ ဒါ မင်း လာရမယ့် နေရာမဟုတ်ဘူး၊ နားလည်လား"
ချူလျိုယွဲ့က နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး မော့ကြည့်လိုက်သည်။ ထိုလူငယ်၏ ရင်ဘတ်တွင် ငွေရောင်တံဆိပ်အစား အနက်နှင့် အဖြူ ရောယှက်နေသော တံဆိပ်တစ်ခု ရှိနေသည်။ ဤသည်မှာ ရွှမ်သခင်များ၏ အမှတ်တံဆိပ်လော။ ချူလျိုယွဲ့မှာ အနည်းငယ် စိတ်ပူသွားမိသည်။ ဒီဘက်ခေတ် ကလေးတွေက ဘာလို့ ဒီလောက်တောင် အလဲထိုးခံချင်နေကြတာလဲ မသိဘူး...။