အခန်း ၄၄ — သခင်မကြီးအတွက် လက်ဆောင်ရွေးချယ်ခြင်း
ချူလျိုယွဲ့က ထိုစကားကို ကြားသောအခါ မေးခွန်းတစ်ခုဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။ "ကျွန်မက ဘာလို့ ဒီမှာ ရှိနေလို့ မရရမှာလဲ"
"နင်..."
အိမ်ရှေ့စံမင်းသား၏ မွေးနေ့စားပွဲတွင် ဖြစ်ပျက်ခဲ့သမျှပြီးနောက် ချူရှန်းမိန်သည် ချူလျိုယွဲ့ကို အရိုးထဲကပါ နာကျည်းနေခဲ့ခြင်း ဖြစ်သည်။ ယခု သူမကို မြင်လိုက်ရသောအခါ ပြေးသွားပြီး ပညာပေးလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော် စကားလုံးများ နှုတ်ဖျားသို့ ရောက်ခါရှိသေး ချူလျိုယွဲ့၏ ဘေးတွင် ရပ်နေသောသူကို သူမ ရုတ်တရက် သတိပြုမိသွားသည်။ ထိုသူမှာ အကယ်ဒမီမှ ဆရာပိုင်ချန်းပင်!
သူမသည် ပြောလက်စ စကားလုံးများကို အတင်းအကျပ် ပြန်မြိုချလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်များကိုလည်း ရုပ်သိမ်းလိုက်သည်။ သူမ ခေါင်းမော့ကာ ပိုင်ချန်းကို ကြည့်လိုက်သောအခါတွင်မူ ပုံမှန်အတိုင်း နွေးထွေးသော အပြုံးတစ်ခုကို မျက်နှာတွင် အတင်းတပ်လိုက်ပြီး—
"နှုတ်ခွန်းဆက်သပါတယ် ဆရာပိုင်ချန်း"
သူမ၏ ဘေးပတ်ပတ်လည်မှ လူများလည်း ထိုအခါမှ သတိဝင်လာကြပြီး လိုက်လံ နှုတ်ဆက်ကြတော့သည်။
"နှုတ်ခွန်းဆက်သပါတယ် ဆရာပိုင်ချန်း!"
ပိုင်ချန်းက ဘာမှပြန်မပြောဘဲ မျက်မှောင်ကြုတ်ထားသည်။ သူသည် အစောပိုင်းက ပြောဆိုခဲ့သမျှ စကားဝိုင်းတစ်ခုလုံးကို အတိုင်းသား ကြားခဲ့ရသည် မဟုတ်ပါလား။ ချူလျိုယွဲ့နှင့် ချူရှန်းမိန်တို့ကြားက ရန်ငြိုးကို ခဏထားဦး၊ ချူလျိုယွဲ့သည် ကျန်သောသူများကို ဘာတစ်ခုမှ ရန်စခဲ့ခြင်း မရှိပေ။ သူတို့ အချင်းချင်း စကားပြောဆိုရာတွင် ဤမျှအထိ ရိုင်းစိုင်းကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချူလျိုယွဲ့သည် သူ၏ အသည်းကျော် တပည့်ရင်း မဖြစ်သေးသော်ငြား သူမကို မည်သူကမျှ စော်ကားမော်ကား ပြောဆိုနေသည်ကို သူ နားမခံနိုင်ပေ။ ပိုင်ချန်းသည် ပေါက်ကွဲလွယ်သော အကျင့်ရှိသူဖြစ်ရာ ကြားခဲ့ရသမျှကြောင့် သူ၏ ရင်ထဲတွင် ဒေါသအဟုန်တို့ တောက်လောင်နေပြီ ဖြစ်သည်။
ချူရှန်းမိန်သည် ပိုင်ချန်း၏ ဒေါသကို အာရုံခံမိသောအခါ အခြားသူများနှင့် စိုးရိမ်တကြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူ ငါတို့ ပြောတာတွေကို ကြားသွားတာလား။ ကြားသွားရင်တောင် ငါတို့က ချူလျိုယွဲ့အကြောင်း ပြောနေတာလေ၊ သူက ဘာလို့ စိတ်တိုနေရတာလဲ
"အကယ်ဒမီက မင်းတို့ကို ဒီကို ခေါ်ထားတာက ကျင့်စဉ်တွေကို လေ့ကျင့်ပြီး ပိုတော်လာအောင် လုပ်ဖို့ပဲ၊ အတင်းအဖျင်း ပြောဖို့ မဟုတ်ဘူး။ တကယ်လို့ မင်းတို့ရဲ့ စိတ်က ကျင့်စဉ်အပေါ်မှာ မရှိဘူးဆိုရင်လည်း အမြန်ဆုံး ထွက်သွားကြတာ ပိုကောင်းမယ်!"
ပိုင်ချန်း၏ ပြင်းထန်သော စကားလုံးများမှာ ထိချက်ပြင်းလှသည်။ မိန်းကလေးများ၏ မျက်နှာမှာ ဖြူလျော့သွားကြသည်။ ဤသည်မှာ တော်တော်လေးကို အရှက်ရစရာ ကောင်းလှသည်။ ၎င်းတို့သည် ယခင်က ဤကဲ့သို့ အငေါက်ခံရဖူးခြင်း မရှိသဖြင့် မျက်နှာများ ပူထူလာကြသည်။ သို့သော် ပိုင်ချန်း၏ အဆင့်အတန်းကြောင့် သူတို့ ပြန်မပြောရဲကြပေ။
သူတို့အုပ်စုသည် အကူအညီတောင်းသည့် အကြည့်များဖြင့် ချူရှန်းမိန်ကို ခိုးကြည့်လိုက်ကြသည်။ ဆရာများ၏ အချစ်တော်ဖြစ်သော ချူရှန်းမိန် တစ်ယောက်သာလျှင် သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ပါလား။ ချူရှန်းမိန်သည်လည်း ပိုင်ချန်း၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်နေရသည်။ ငါတို့ ချူလျိုယွဲ့အကြောင်း နည်းနည်းပါးပါး ပြောမိတာကို သူက ဒီလောက်အထိ တုံ့ပြန်နေရသလား
"ဆရာပိုင်ချန်း... တစ်ခုခု မှားနေပြီ ထင်ပါတယ်။ ကျွန်မတို့က စကားစပ်မိလို့ ပြောလိုက်တာပါ။ ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး..."
သို့သော် ပိုင်ချန်းကမူ ယနေ့ သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးမည့်ပုံ မပေါ်ပေ။ "ဪ... ဒါဆို ငါကပဲ နားကြားမှားတာလို့ ပြောချင်တာလား"
ချူရှန်းမိန် မှင်တက်သွားသည်။ အကယ်ဒမီမှ ဆရာများမှာ သူမအပေါ် ဤသို့ မဆက်ဆံဖူးချေ၊ သို့သော် ယနေ့မူ...။
"မိန်မိန်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ သူမရဲ့ အစ်မကို ဒီမှာတွေ့လို့ အံ့သြပြီး မေးလိုက်မိတာပါ"
သူတို့သည် ချူလျိုယွဲ့အပေါ် စော်ကားမိသည်ကို အာရုံလွှဲရန် စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ချူရှန်းမိန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ပိုင်ချန်းက ဒီနေ့ ချူလျိုယွဲ့ကို စစ်ဆေးဖို့ တာဝန်ကျတဲ့သူပဲ!
အချိန်ကို ကြည့်ရလျှင် စစ်ဆေးမှုမှာ ပြီးဆုံးလောက်ပြီ ဖြစ်သည်။ သို့သော် ချူလျိုယွဲ့သည် အိမ်ပြန်မသွားဘဲ ဘာကြောင့် ဒီမှာ ရှိနေရသနည်း။
ချူလျိုယွဲ့က မျက်မှောင်ကို ကျဉ်းလိုက်ပြီး ခပ်နောက်နောက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ကျွန်မ ဒီနေ့ ထျန်းလုအကယ်ဒမီရဲ့ ဝင်ခွင့်စစ်ဆေးမှုကို လာဖြေတာလေ။ ညီမလေး မသိဘူးလား။ ခုနကတင် အဲဒီအကြောင်း ပြောနေကြတာ မဟုတ်ဘူးလား"
ချူရှန်းမိန် စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ဖြစ်သွားသော်လည်း မျက်နှာတွင် အပြုံးကို မနည်း ထိန်းထားရသည်။ "ဟုတ်ပါပြီ... အဲဒါကြောင့်ပဲ ငါက သိချင်နေတာလေ။ ဆရာပိုင်ချန်း... ကျောင်းစည်းကမ်းအရဆိုရင် သာမန်လူတွေ ကျောင်းထဲ ဝင်လို့မရဘူး မဟုတ်လားရှင်"
သူမ၏ နောက်ကွယ်မှ လူများလည်း လိုက်လံ မြည်တွမ်ကြတော့သည်။
"ဟုတ်တယ်၊ အပြင်လူဖြစ်တဲ့ ချူလျိုယွဲ့က ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ"
"ဒါက စည်းကမ်းကို ချိုးဖောက်တာပဲ..."
ပိုင်ချန်းက အေးစက်စွာ ရယ်မောလိုက်သည်။ "စည်းကမ်းကို ချိုးဖောက်တာ ဟုတ်လား။ ဒီမှာ ဘယ်သူက ဆရာလဲ၊ မင်းတို့လား ငါလား။ ငါ ပြောပြလိုက်မယ်... ချူလျိုယွဲ့ဟာ ဒီနေ့ကစပြီး ထျန်းလုအကယ်ဒမီရဲ့ ကျောင်းသူ ဖြစ်သွားပြီ! သူမ ဒီကို ဝင်လာတာ ဘာမှားလို့လဲ"
"ဘာ...!"
ချူရှန်းမိန် အံ့အားသင့်စွာ ဟစ်အော်လိုက်မိပြီး ချူလျိုယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ချူလျိုယွဲ့လို လူမျိုးက ထျန်းလုအကယ်ဒမီကို ဘယ်လိုလုပ် ဝင်ခွင့်ရသွားမှာလဲ။ ပိုင်ချန်းမှာမူ ချူရှန်းမိန်ကို ပုံမှန်ဆိုလျှင် သိပ်အဖက်လုပ်သူ မဟုတ်သော်လည်း ယခုအခါတွင်မူ စိတ်မရှည်တော့ပေ။ ရွှမ်ဆရာ ပါရမီရှင်တစ်ယောက်နဲ့ နှိုင်းယှဉ်ရင် ချူရှန်းမိန်ရဲ့ ပါရမီဆိုတာက ဘာပြောစရာ ရှိလို့လဲ။ ချူမိသားစုဟာ တကယ့်ကို လူအတွေ စုနေတဲ့ မိသားစုပဲ!
"ဘာလဲ... မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား" ဟု ပိုင်ချန်းက အေးစက်စွာ မေးလိုက်သည်။
ချူရှန်းမိန် သတိပြန်ဝင်လာပြီး "မဟုတ်... မဟုတ်ပါဘူး! ကျွန်မက ဒီတိုင်း..."
"ဆရာပိုင်ချန်း... ဆရာ တစ်ခုခု မှားနေတာ မသေချာဘူးလား။ ချူလျိုယွဲ့မှာ ယွမ်သွေးကြော ပျက်စီးနေတာလေ! သူမက မွေးကတည်းက အသုံးမကျတဲ့သူ ဖြစ်ခဲ့တာ။ သူမမှာ အကယ်ဒမီကို ဝင်နိုင်တဲ့ ဘာအရည်အချင်း ရှိလို့လဲ"
ဖေဖေဟု ခေါ်သော မိန်းကလေးမှာလည်း ချူလျိုယွဲ့ကို သံသယများ၊ မုန်းတီးမှုများဖြင့် ကြည့်ရင်း သူမ၏ သံသယကို မထိန်းနိုင်ဘဲ ထုတ်ပြောလိုက်မိသည်။
ပိုင်ချန်းမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်လာတော့သည်။ "ငါ ပြောပြမယ်... သူမက ဝင်ခွင့်ရရုံတင် မဟုတ်ဘူး၊ စစ်ဆေးမှု သုံးခုစလုံးကို အောင်မြင်ခဲ့တာ!"
ချူရှန်းမိန်နှင့် ကျန်သောသူများမှာ ဆွံ့အသွားကြသည်။ ပိုင်ချန်း ပြောသည့် စကား၏ အဓိပ္ပာယ်ကို နားလည်သွားသောအခါ သူတို့၏ မျက်နှာပေးမှာ အရောင်စုံ ပြောင်းလဲသွားကြတော့သည်။
ချူလျိုယွဲ့သည် ရယ်ရခက် ငိုရခက် အခြေအနေဖြင့် ပိုင်ချန်းကို ကြည့်လိုက်သည်။ သူမ တစ်ခွန်းမှ မပြောရသေးခင်မှာတင် သူက သူမဘက်ကနေ ကာကွယ်ပေးလိုက်ပြီ မဟုတ်ပါလား။
ချူရှန်းမိန်၏ မျက်နှာမှာ ကြားလိုက်ရသမျှကို မယုံကြည်နိုင်သဖြင့် စိမ်းတစ်လှည့် ဖြူတစ်လှည့် ဖြစ်နေသည်။ သို့သော် ပိုင်ချန်းကိုယ်တိုင်က ချူလျိုယွဲ့ဘေးမှာ ရပ်နေသည်ဖြစ်ရာ မည်သို့ လိမ်ညာမှု ဖြစ်နိုင်မည်နည်း။ ချူလျိုယွဲ့က ဘယ်လို နည်းလမ်းတွေ သုံးလိုက်တာလဲ! သူမ၏ ရင်ထဲတွင် မီးများ တောက်လောင်နေသကဲ့သို့ ခံစားရပြီး မတ်တတ်ပင် မရပ်နိုင်တော့လောက်အောင် ဖြစ်သွားရသည်။
"မိန်မိန်... ဖေဖေ... ဘာလို့ ဒီမှာ ရပ်နေကြတာလဲ။ စစ်ဆေးမှု စတော့မယ်လေ! ဆရာတွေ အားလုံးက နင်တို့ကို လိုက်ရှာနေကြပြီ။ အခု မသွားရင် နောက်ကျတော့မယ်!"
ထိုအချိန်တွင် အဝေးမှ လူတစ်ယောက် ပေါ်လာပြီး လှမ်းအော်လိုက်သည်။ ချူရှန်းမိန်၏ စိတ်ထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာပြီး သူမက ချူလျိုယွဲ့ကို ကြည့်လိုက်သည်။
"အစ်မ... အစ်မ လာတာ အချိန်ကိုက်ပဲ။ နှစ်ဝက်စာ စစ်ဆေးမှု ဆိုတာ အကယ်ဒမီရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပဲလေ။ အစ်မလည်း လိုက်ကြည့်ပါလား။ စိတ်ဝင်စားရင် ဝင်တောင် ပါလို့ရသေးတယ်။ ဒါက ကျောင်းထဲက လူတွေနဲ့ ရင်းနှီးဖို့ အခွင့်အရေးပဲလေ။ အစ်မ ဘယ်လို သဘောရလဲ"
သူမက ငါ့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ချင်နေတာလား... ချူလျိုယွဲ့က ပြုံးလိုက်ပြီး— "ကောင်းပြီလေ"
ယနေ့တွင် 'ကျန့်ပေါင်ဗိမာန်' (Zhen Bao Pavilion) မှာ ထူးထူးခြားခြား စည်ကားလျက် ရှိသည်။ မွန်းတည့်ချိန်ပင် မရောက်သေးသော်လည်း ပထမထပ်တွင် အဆင့်အတန်းရှိသော လူအတော်များများ စုရုံးနေကြပြီ ဖြစ်သည်။ သူတို့အားလုံး ဤနေရာသို့ ရောက်လာကြသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်— ကျန့်ပေါင်ဗိမာန်သို့ ရတနာအသစ်များ ရောက်ရှိလာပြီး ယနေ့တွင် လေလံပွဲ ကျင်းပမည် ဖြစ်သောကြောင့်ပင်!
လွန်ခဲ့သော ရက်အနည်းငယ်ကပင် မိသားစုအသီးသီးထံသို့ လက်ကမ်းစာစောင်များ ပေးပို့ထားပြီး ဖြစ်သည်။ အလွန် ရှားပါးသော ပစ္စည်းအချို့ ပါဝင်နေသဖြင့် လူအများအပြား ရောက်ရှိလာကြခြင်း ဖြစ်သည်။ ကျန့်ပေါင်ဗိမာန်၏ ဒုတိယ တာဝန်ခံ ဖြစ်သော 'ယန်ကော' သည် လူအမျိုးမျိုးနှင့် စကားလက်ဆုံ ကျနေသည်။
"ဒုတိယသခင်ကြီးယန်... ကျွန်တော်တို့ ဒီနေ့ လေလံပွဲအတွက် စောင့်နေတာ ကြာပါပြီ!"
"ဟုတ်ပဗျာ! ဒီပစ္စည်းတွေကို ဘယ်သူတွေများ ရသွားမလဲဆိုတာ သိချင်လှပြီ!"
"ဟဲဟဲ... လေလံပွဲ စတာနဲ့ သိရမှာပေါ့။ ဒုတိယသခင်ကြီးယန်လည်း တော်တော် ပင်ပန်းနေရပြီပဲ"
ယန်ကော၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်။ "ဒါက ဘာမှ မဟုတ်ပါဘူးဗျာ။ အားလုံးပဲ အချိန်ပေးပြီး ကြွလာပေးကြတာကိုပဲ ကျေးဇူးတင်လှပါပြီ..."
ထိုစဉ် အစေခံတစ်ဦးက ယန်ကောထံ အပြေးအလွှား ရောက်လာပြီး သူ၏ နားနားတွင် ကပ်ပြောကာ စာတစ်စောင် ကမ်းပေးလိုက်သည်။ ယန်ကောက ပြုံးလျက်— "တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးပဲ ခဏလောက် ခွင့်ပြုပေးပါဦး"
ထို့နောက် သူသည် ခန်းမနောက်ကွယ်ရှိ အခန်းငယ်လေးအတွင်းသို့ ဝင်သွားကာ စာကို ဂရုတစိုက် ဖွင့်ဖတ်လိုက်သည်။ "သခင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး စာပို့ရတာလဲ..."
ယန်ကော၏ စကားလုံးများမှာ စာထဲတွင် ဖတ်လိုက်ရသမျှကြောင့် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်လုံးများမှာလည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ သူ၏ အမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး စိတ်အေးအေးထားရန် ခဏမျှ အချိန်ယူလိုက်ရသည်။ ခဏအကြာတွင် သူသည် ခန်းမအလယ်သို့ လျှောက်ထွက်လာခဲ့သည်။
"အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ ဒီနေ့ လေလံပွဲကို ဖျက်သိမ်းလိုက်ပါပြီ"
ထိုင်နေသော လူတိုင်း မှင်တက်သွားကြသည်။ "ဘာ...! ဖျက်သိမ်းလိုက်တယ် ဟုတ်လား"
"ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော်တို့ တစ်မနက်လုံး စောင့်နေတာကို အခုမှ လာဖျက်တယ်လို့ ပြောရတာလား"
ယန်ကောက တောင်းပန်သော အမူအရာဖြင့် ပခုံးတွန့်ပြလိုက်သော်လည်း သူ၏ လေသံမှာ ပြတ်သားလှသည်။ "အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ ဒီလို ဖျက်သိမ်းလိုက်ရတာမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သခင်က ကျန့်ပေါင်ဗိမာန်ထဲမှာ ရှိသမျှ ပစ္စည်းတွေရော၊ အခုရောက်လာတဲ့ ရတနာအသစ်တွေ အားလုံးကိုပါ ခေတ္တ အရောင်းအဝယ် မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ သူကိုယ်တိုင် သခင်မကြီးအတွက် လက်ဆောင်ကို ဒီပစ္စည်းတွေထဲကနေ ကိုယ်တိုင် ရွေးချယ်ချင်လို့ပါတဲ့ခင်ဗျာ"