အခန်း ၄ — ဒီအကြွေးကို ငါပြန်ဆပ်မယ်!
ချူရှန်းမိန် သည်ရင်းနှီးနေသော ထိုမျက်နှာကို မြင်လိုက်ရသည့်အခါ အလွန်အမင်း ထိတ်လန့်သွားကာ ထိုင်နေရာမှပင် ဝုန်းခနဲ ထရပ်မိတော့မတတ် ဖြစ်သွားသည်။
ဒါ... တကယ်ကြီး ချူလျိုယွဲ့ပဲ! ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
စုန်လျန်နဲ့ သူ့နောက်လိုက်နှစ်ယောက်က အားနည်းတဲ့သူတွေ မဟုတ်ဘူး။ အစွမ်းမရှိတဲ့ ချူလျိုယွဲ့ကို ရှင်းပစ်ဖို့ဆိုတာ သူတို့အတွက် လက်တစ်ဖက်တည်းနဲ့တောင် လုပ်လို့ရတဲ့ကိစ္စပဲ။ အစီအစဉ်အားလုံးက အကွက်ကျကျ စီစဉ်ထားပါလျက်နဲ့ ချူလျိုယွဲ့က ဘယ်လိုလုပ်ပြီး...
"ယွဲ့အာ!"
သမီးဖြစ်သူကို မြင်မြင်ချင်း ချူနင်တစ်ယောက် ပျာပျာသလဲ ပြေးလာတော့သည်။
"ယွဲ့အာ... သမီး ဘာဖြစ်လာတာလဲ?"
ချူနင်၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုတို့က ချူလျိုယွဲ့၏ နှလုံးသားကို နွေးထွေးသွားစေသည်။ ချူနင်သည် သူ့သမီးကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း သူမ ခံစားလိုက်ရ၏။ သူမက အသုံးမကျသော လူဖျင်းတစ်ယောက် ဖြစ်နေလင့်ကစား ဖခင်တစ်ယောက်အနေဖြင့် ပေးဆပ်သည့် မေတ္တာက လျော့နည်းသွားခြင်း မရှိပေ။
နှမြောစရာကောင်းသည်မှာ... တကယ့် ချူလျိုယွဲ့အစစ်ကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချူလျိုယွဲ့သည် ချူနင်၏လက်ကို အသာအယာ ပုတ်ပေးလိုက်ရင်း စိတ်အေးစေမည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"မစိုးရိမ်ပါနဲ့ အဖေ... သမီး ဘာမှမဖြစ်ပါဘူး"
ချူနင်ကတော့ အငြိမ်မနေနိုင်သေးဘဲ အနီးကပ် သေချာကြည့်ရှုစစ်ဆေးပြီးမှ ဒဏ်ရာဒဏ်ချက် မရှိသည်ကို သိရသဖြင့် ရင်ထဲက အပူလုံးကြီး ကျသွားတော့သည်။ သို့သော် သမီးဖြစ်သူ၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ခု ထူးခြားနေသကဲ့သို့ ခံစားလိုက်ရပြန်သည်။
အရင်တုန်းက ယွဲ့အာသည် အမြဲတမ်း အလျှော့ပေး တုံ့ပြန်တတ်ပြီး နုနယ်သိမ်မွေ့လွန်းသည်။ သို့သော် ယခုအချိန်တွင်မူ သူမ၏ နက်မှောင်သော သူငယ်အိမ်တို့က ညကောင်းကင်ယံမှ အတောက်ပဆုံး ကြယ်ပွင့်များနှယ် တလက်လက် တောက်ပနေ၏။
"အစ်မ ပြန်လာပြီပဲ! ညီမလေးမှာဖြင့် စိတ်ပူလိုက်ရတာ"
ချူလျိုယွဲ့ မော့ကြည့်လိုက်သောအခါ ချူရှန်းမိန် မှာသူမ ပြန်လာသည်ကို အတိုင်းထက်အလွန် ဝမ်းသာနေသည့်ပုံစံမျိုး ဖမ်းနေသည်ကို တွေ့လိုက်ရသည်။
စိတ်ပူတယ် ဟုတ်လား?
ချူလျိုယွဲ့ စိတ်ထဲမှ ခနဲ့လိုက်မိသည်။ ချူရှန်းမိန်၏ စိုးရိမ်မှုသည် သူမ ဘေးကင်းကင်း ပြန်လာသည်ကို မြင်လိုက်ရ၍ ထိတ်လန့်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။
"အို... ညီမလေးက အစ်မကို တကယ်ကြီး စိတ်ပူနေတာလား? ခုနက အစ်မ အပြင်မှာ ရပ်နေတုန်းကတော့ ညီမလေးက အစ်မကို သူခိုးလို့ စွပ်စွဲနေသံ ကြားလိုက်သလိုပဲနော်"
ချူလျိုယွဲ့က တည်တည်ငြိမ်ငြိမ်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။
ချူရှန်းမိန် မှာ ရုတ်တရက် ကျောပြင်မှ ချွေးစေးများ ထွက်လာသလို ခံစားလိုက်ရသည်။
ဒီ ချူလျိုယွဲ့ ဘာတွေ ဖြစ်နေတာလဲ? အသက်ဘေးက လွတ်လာရုံတင်မကဘဲ လူကပါ တခြားတစ်ယောက်လို ပြောင်းလဲသွားသလိုပဲ! လူအများကြီး ရှေ့မှာတောင် ငါ့ကို ပြန်မေးခွန်းထုတ်ရဲတယ်ပေါ့လေ!
"အစ်မ... အစ်မ အထင်လွဲနေတာနေမှာပါ။ အစ်မက ပြန်မလာသေးဘူး၊ မိုးကလည်း ချုပ်နေပြီဆိုတော့ ညီမလေး စိတ်ပူပြီး အကြီးအကဲကို လာမေးကြည့်တာပါ"
ထိုသို့ပြောရင်း သူမ၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာပြန်သည်။
"ဘာပဲဖြစ်ဖြစ်... အစ်မက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့သူပဲလေ။ အပြင်မှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ ခံလိုက်ရရင် ညီမလေး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"
ချူရှန်းမိန် သည် ချူလျိုယွဲ့က ကျင့်ကြံခြင်း မပြုနိုင်သည့် အသုံးမကျသူ ဖြစ်နေသည်ကို တမင်နှိမ်၍ လှောင်ပြောင်နေခြင်း ဖြစ်သည်။ အကယ်၍ ယခင် ချူလျိုယွဲ့သာဆိုလျှင် ချူရှန်းမိန်၏ သရုပ်ဆောင်မှုကို ယုံကြည်မိပေလိမ့်မည်။ သို့သော် ယခု ချူလျိုယွဲ့မှာမူ ထိုကဲ့သို့ အောက်တန်းကျသော နည်းလမ်းများဖြင့် လှည့်ဖြား၍ မရနိုင်တော့ပေ။
ချူရှန်းမိန် သည် ချူမိသားစု၏ မျိုးဆက်သစ်များထဲတွင် ပါရမီအရှိဆုံးသူ ဖြစ်သည်။ သူမက ထိုကဲ့သို့ ပြောဆိုခြင်းမှာ ချူလျိုယွဲ့သည် အိမ်ပြင်ထွက်ခြင်းကပင် ပြဿနာတစ်ခု ဖြစ်နေရလောက်အောင် အသုံးမကျကြောင်း သွယ်ဝိုက်ပြောဆိုနေခြင်းပင်။
ထင်သည့်အတိုင်းပင်၊ အကြီးအကဲ၏ မျက်ဝန်းထဲတွင် နှိမ်ချလိုသော အကြည့်များ ချက်ချင်း ပြည့်နှက်သွားကာ ဒေါသတကြီး ကြိမ်းမောင်းတော့သည်။
"ဒီလောက် မိုးချုပ်တဲ့အထိ အပြင်မှာ ဘာတွေ သွားလုပ်နေမှန်း မသိဘူး! ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင် အဆင်ပြေအောင် မလုပ်နိုင်ရင် နောက်ဆို အပြင်ထွက်ဖို့ မစဉ်းစားနဲ့တော့! မိသားစု နာမည်ကို အရှက်ခွဲဖို့ပဲ ရှိတယ်၊ အသုံးမကျတဲ့ဟာမ!"
ချူနင်၏ မျက်နှာထားက ချက်ချင်း အေးစက်သွားသည်။ သူသည် ချူလျိုယွဲ့၏ ရှေ့တွင် ကာကွယ်ပေးသည့် အနေအထားဖြင့် မတ်တတ်ရပ်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ကို ထိန်းထားရသည်။
"အကြီးအကဲ... ယွဲ့အာက ကလေးပဲ ရှိပါသေးတယ်။ သူ့အပေါ်မှာ ဒီလောက်အထိ ပြင်းပြင်းထန်ထန် ပြောဖို့ လိုလို့လား?"
သူသည် အရင်ကလို အင်အားကြီးသူ တစ်ယောက် မဟုတ်တော့သော်လည်း သူ့သမီးကို သူများ အနိုင်ကျင့်ခြင်းကိုတော့ လုံးဝ ခွင့်မပြုနိုင်ပေ။
ချူလျိုယွဲ့မှာ သူမရှေ့တွင် မားမားမတ်မတ် ရပ်ပေးထားသော ကျောပြင်ကို ကြည့်ရင်း အံ့အားသင့်သွားရသည်။ သူမ ရင်ထဲတွင် လှိုက်ဖိုသွားရ၏။ သူမ၏ အရင်ဘဝတွင် သူမသည် မြင့်မြတ်ပြီး အင်အားကြီးသည့် မင်းသမီးတစ်ပါး ဖြစ်ခဲ့သည်။ အရာအားလုံးကို ကိုယ်တိုင်သာ ရင်ဆိုင်ခဲ့ရသည်။ သူမအတွက် 'အချစ်ခံရခြင်း' ဆိုသည့် ခံစားချက်မှာ အလွန်စိမ်းသက်ပြီး တန်ဖိုးရှိလွန်းလှသည်။ ယခုတစ်ကြိမ်တွင်မူ သူမကို အမှန်တကယ် ချစ်မြတ်နိုးသူများကို ဘယ်လိုနည်းနဲ့မဆို အကာအကွယ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"အဖေ..."
ချူလျိုယွဲ့က ချူနင်၏ လက်ကို အသာဆွဲကာ ရှေ့သို့ တက်လိုက်သည်။ ချူနင်က သူမကို ကြည့်လိုက်သည့်အခါ အရင်လိုပင် သူမက အလျှော့ပေးလိုက်မည်ဟု ထင်နေခဲ့သည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် မြင်တွေ့လိုက်ရသည်မှာ တည်ငြိမ်မှုများသာ ဖြစ်သည်။
ထိုမိန်းကလေးငယ်သည် ကျောကို မတ်မတ်ဆန့်ကာ မေးကို မော့လိုက်၏။ သူမထံမှ ဖော်ပြ၍မရသော ခိုင်မာသည့် ခွန်အားတစ်ရပ် ထွက်ပေါ်နေသည်။
"စိတ်မပူပါနဲ့ အကြီးအကဲ... ဝယ်စရာရှိတာတွေ အားလုံး အဆင်သင့် ဖြစ်နေပါပြီ၊ ဂိုဒေါင်ကိုလည်း အပ်ပေးထားပြီးသားပါ။ မယုံရင် သွားစစ်ကြည့်လို့ ရပါတယ်။ ကျွန်မ ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာရလဲဆိုတာကိုတော့ ညီမလေးက အသိဆုံး ဖြစ်မှာပါ"
"အစ်မ... ဘာတွေ လျှောက်ပြောနေတာလဲ?"
ချူရှန်းမိန် မှာ ထိုစကားကို ကြားရသည့်အခါ အလန့်တကြား ဖြစ်သွားပြီး အသံကပင် မာထန်သွားသည်။ ချူလျိုယွဲ့က စုန်လျန်တို့ကို ငါလွှတ်လိုက်မှန်း ရိပ်မိသွားတာလား?
ချူလျိုယွဲ့က သူမကို အံ့သြချင်ဟန်ဆောင်ကာ ပြုံးပြလိုက်သည်။
"ညီမလေးကပဲ တစ်ခုခု ဝယ်ပေးဖို့ဆိုပြီး အစ်မကို ငွေစတွေ ပေးလိုက်တာ မဟုတ်ဘူးလား?"
ချူရှန်းမိန် စွံ့အသွားသည်။ သူမ ထိုသို့ လုံးဝ မလုပ်ခဲ့ပါ။ သို့သော်... သူမသည် အကြီးအကဲနှင့် ချူနင်ရှေ့တွင် ထိုသို့ပင် လိမ်ညာပြောဆိုထားခဲ့သည် မဟုတ်ပါလား။ သူမသည် ချူလျိုယွဲ့ကို အကွက်ဆင်၍ ထောင်ချောက်ဆင်ရန် ကြံရွယ်ခဲ့သော်လည်း ယခုမူ ချူလျိုယွဲ့က ထိုအခြေအနေကို အသုံးချကာ သူမကို ပြန်၍ ထောင်ချောက်ဆင်နေပြီ ဖြစ်သည်။
ချူလျိုယွဲ့သည် လက်ကို ဖြန့်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် သလဲသီးပုံသဏ္ဌာန် ကျောက်စိမ်းဆွဲသီးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
"ညီမလေး ပေးလိုက်တဲ့ ပိုက်ဆံက မလောက်လို့လေ၊ ဒါကြောင့် ညီမလေးရဲ့ တန်ဖိုးကြီးတဲ့ 'ပန်းလမင်း သလဲသီးကျောက်စိမ်းဆွဲသီး' လေးကို ကျန်းပေါင်ခန်းမမှာ အပေါင်ပစ္စည်းအဖြစ် ထားခဲ့ရတယ်။ မနက်ဖြန် ကျန်တဲ့ပိုက်ဆံ သွားပေးရင်တော့ ပြန်ယူလို့ ရမှာပါ"
ထိုဆွဲသီးမှာ ချူရှန်းမိန် ၏ မိခင်ဖြစ်သူ ပေးခဲ့သည့် ခန်းဝင်ပစ္စည်းဖြစ်သည်။ အလွန်လှပတင့်တယ်ရုံသာမက ခန္ဓာကိုယ်ကိုလည်း နွေးထွေးစေသည့် အစွမ်းရှိသဖြင့် မြို့တော်တစ်ခုလုံးတွင် တစ်ခုတည်းသာ ရှိသည့် အဖိုးတန်ပစ္စည်းလည်း ဖြစ်သည်။ ချူရှန်းမိန်သည် ၎င်းကို အလွန်မြတ်နိုးသဖြင့် အမြဲတမ်း ဝတ်ဆင်ထားလေ့ရှိရာ လူတိုင်းက ထိုဆွဲသီးသည် သူမ၏ အပိုင်ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။
အကြီးအကဲဖြစ်သူသည် ထိုစကားကို ကြားသောအခါ ချူရှန်းမိန်ကို သံသယဖြင့် ကြည့်လိုက်သည်။
"မင်းမင်း... သူပြောတာ တကယ်လား?"
ထိုဆွဲသီးသည် သူမ၏ အမြတ်နိုးဆုံး ပစ္စည်းဖြစ်သည်။ သူမကိုယ်တိုင် မပေးဘဲ မည်သူမှ ယူနိုင်မည်မဟုတ်။ အခြားပစ္စည်းဆိုလျှင် ကိစ္စမရှိသော်လည်း 'ကျန်းပေါင်ခန်းမ' ဆိုသည်မှာ မြို့တော်တွင် အခမ်းနားဆုံးနှင့် ပစ္စည်းတိုင်းက အဖိုးတန်လွန်းသည့် နေရာဖြစ်သည်။ ချူမိသားစုမှာ သူကောင်းမျိုး ဖြစ်သော်လည်း နောက်ပိုင်းတွင် အခြေအနေက တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ အပြင်ပန်းကဲ့သို့ ဟန်မဆောင်နိုင်တော့ပေ။ မိသားစုအကြီးအကဲ ဖြစ်သည့်တိုင် ကျန်းပေါင်ခန်းမကဲ့သို့ နေရာမျိုးတွင် ပိုက်ဆံကို လက်ဖွာ၍ မရနိုင်ပါ။
ချူရှန်းမိန်မှာ ရင်ထဲတွင် ကြိတ်၍ ကြိမ်းဝါးနေမိတော့သည်။ မူလက ချူလျိုယွဲ့ ပစ္စည်းခိုးပြေးသည်ဟု လူတိုင်းထင်အောင် စီစဉ်ခဲ့သော်လည်း ယခုမူ သူမ၏ အစီအစဉ်က သူမကိုပင် ပြန်လည် ထိမှန်သွားခဲ့ပြီ။
"ဟုတ်... ဟုတ်ပါတယ်... ညီမလေးက ကျန်းပေါင်ခန်းမက ပစ္စည်းတစ်ခုကို သဘောကျနေလို့ အစ်မကို ဝယ်ခိုင်းလိုက်တာပါ။ ညီမလေးက အခုတလော ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နေရလို့ အပြင်မထွက်နိုင်တာနဲ့..."
သူမမှာ ဇာတ်လမ်းကို ဆက်၍ ကပြရန်မှတစ်ပါး အခြားမရှိတော့ပေ။ ကျန်းပေါင်ခန်းမက ပစ္စည်းတွေက ဈေးကြီးနိုင်သော်လည်း သူမအတွက် ပိုက်ဆံအနည်းငယ်လောက် သုံးရခြင်းက ပြဿနာမဟုတ်ပေ။ ချူလျိုယွဲ့ကို မရှင်းခင်မှာ စုန်လျန်တို့ သုံးယောက် ဘာဖြစ်သွားလဲဆိုတာကို အရင် စုံစမ်းရမည်။
ကျင့်ကြံခြင်းအကြောင်း ပြောလိုက်သည့်အခါ အကြီးအကဲ၏ မျက်နှာက သိသိသာသာ ပျော့ပျောင်းသွားကာ နူးညံ့စွာ ပြောဆိုသည်။
"ဒါက ဘာအရေးလဲ? မင်းက ငါတို့မိသားစုရဲ့ ပါရမီအရှိဆုံးသူပဲ။ မင်းလိုချင်တာမှန်သမျှ ရစေရမယ်!"
ချူရှန်းမိန်က ချိုသာစွာ ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ချူလျိုယွဲ့ စိတ်ထဲမှ ရယ်မောလိုက်မိသည်။ ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားမယ် ထင်နေတာလား? လောလောဆယ်တွင် သူမသည် ချူရှန်းမိန်ကို လုံးဝ ထိပ်တိုက်မတွေ့နိုင်သေးသော်လည်း ဒီအတိုင်းတော့ အရှုံးခံမည် မဟုတ်ပေ။
"အကြီးအကဲ... ညီမလေးဝယ်မယ့် ပစ္စည်းအတွက် ကျန်တဲ့ ပိုက်ဆံတွေကို မိသားစု အသုံးစရိတ်ထဲကနေ ပေးမှာလားဟင်?" ဟု ချူလျိုယွဲ့က နူးနူးညံ့ညံ့ပင် မေးလိုက်သည်။
အကြီးအကဲနှင့် ချူရှန်းမိန်တို့ တစ်ပြိုင်နက်တည်း ဆွံ့အသွားကြသည်။ ချူမိသားစု၏ စည်းကမ်းမှာ တင်းကျပ်လှသည်။ လူတိုင်း၏ လစဉ်သုံးစွဲငွေကို ရာထူးအလိုက် ခွဲဝေပေးထားခြင်း ဖြစ်သည်။ အကယ်၍ အကြီးအကဲက ချူရှန်းမိန်အတွက် မိသားစုဘဏ္ဍာထဲမှ သုံးစွဲပေးလိုက်လျှင် အခြားမိသားစုဝင်များက ကျေနပ်ကြမည် မဟုတ်ပေ။
"ဒါက မိန်မိန်ရဲ့ ကိစ္စပဲ၊ သူကိုယ်တိုင်ပဲ တာဝန်ယူရမှာပေါ့"
ချူရှန်းမိန်သည် နှစ်ရှည်လများ သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းလာခဲ့သူ ဖြစ်သဖြင့် ယခုကဲ့သို့ အမည်းစက် ထင်ကျန်ရစ်မည်ကို ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူမကိုယ်တိုင်ပင် တာဝန်ယူလိုက်တော့သည်။ ကျန်းပေါင်ခန်းမက ပစ္စည်းတွေက ဈေးကြီးနိုင်သော်လည်း သူမသည် လူတိုင်း၏ အချစ်တော် ဖြစ်သဖြင့် စုဆောင်းထားသော ငွေစများစွာ ရှိနေပါသည်။ ငွေစ ထောင်ဂဏန်းလောက် သုံးရခြင်းမှာ သူမအတွက် ကိစ္စမရှိပေ။ သူမသည် သဘောထားကြီးဟန်ဆောင်ကာ
ချူလျိုယွဲ့ကို ပြုံးကြည့်ရင်း...
"အစ်မ... အဲ့ဒီပစ္စည်းကို မနက်ဖြန် သွားယူလို့ ရပြီမလား?"
ချူလျိုယွဲ့က ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲတွင် လှည့်ကွက်တစ်ခု ဖြတ်ပြေးသွားသည်။
"ဟုတ်တယ် ညီမလေး။ ညီမလေးပေးတဲ့ ငွေစ ၁,၀၀၀ ကိုတော့ ကျန်းပေါင်ခန်းမမှာ အကုန်ပေးခဲ့ပြီးပြီ။ မနက်ဖြန်ကျရင် ကျန်တဲ့ ငွေစ ၁၉၉,၀၀၀ ကို ပေးလိုက်ရင် ရပြီနော်"
ချူရှန်းမိန်သည် နားကြားမှားသည်ဟု ထင်မှတ်ကာ အလန့်တကြား အော်ဟစ်လိုက်မိတော့သည်။
"ဘာ... ဘာပြောတယ်?!"