အခန်း ၃၇ — စမ်းသပ်စစ်ဆေးခြင်း
ချူလျိုယွဲ့သည် သူမ၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူမ၏ နှုတ်ခမ်းအစုံမှာ စိတ်ဝင်တစား ပြုံးယောင်သန်းသွားသည်။ ‘ထျန်းလု’ အကယ်ဒမီသည် ယောင်ချန်တစ်နိုင်ငံလုံးတွင် အဆင့်အမြင့်ဆုံး အကယ်ဒမီဖြစ်ပြီး ဂုဏ်သတင်း အလွန်ကြီးမားလှသည်။ မြေတစ်လက်မလျှင် ရွှေတစ်လက်မတန်သော မြို့တော်ကြီးထဲ၌ပင် ထျန်းလုအကယ်ဒမီမှာ ကျယ်ပြောလှသော ဧရိယာကို သိမ်းပိုက်ထားနိုင်ဆဲပင်။
ပြာလဲ့သော ကျောက်မျက်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံမှာ ရှေးဆန်ပြီး ခံ့ညားထည်ဝါလှသည်။ အဝင်ဝတွင် ကောင်းကင်ယံမှ မြေပြင်သို့ ထိုးစိုက်ကျလာသော ဓားရှည်တစ်လက် ပုံသဏ္ဌာန်ရှိသည့် ကျောက်စိမ်းနက်တုံးကြီး တစ်ခုရှိပြီး ၎င်းအပေါ်တွင် ‘ထျန်းလုအကယ်ဒမီ’ ဟူသော စာလုံးကို ရွှေရောင်ဖြင့် ထွင်းထုထားသည်။ အကယ်ဒမီအတွင်းပိုင်းမှ ပစ္စည်းများကို ထားရစ်ဦး၊ ဤအပြင်ဘက် အခင်းအကျင်းကပင် အဖိုးတန်လွန်းလှပေသည်။
အဝင်ဝရှေ့တွင် ကျောက်ဖြူများ ခင်းထားသော ကျယ်ဝန်းသည့် ကွင်းပြင်ကြီးတစ်ခု ရှိသည်။ ၎င်းမှာ အကယ်ဒမီ၏ နယ်မြေဖြစ်ပြီး နှစ်စဉ် ကျောင်းသားအသစ်များ ခေါ်ယူရာတွင် အသုံးပြုသော နေရာလည်း ဖြစ်သည်။ သို့သော်လည်း ချူလျိုယွဲ့ စာမေးပွဲဖြေရန် ရောက်လာချိန်တွင်မူ ထိုကွင်းပြင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့တွင်မူ စားပွဲငယ်လေး တစ်လုံးသာ ရှိတော့သည်။ စားပွဲပေါ်တွင် အနက်ရောင် သစ်သားသေတ္တာ သုံးလုံး တင်ထားပြီး ၎င်းတို့မှာ စာမေးပွဲ ကဏ္ဍသုံးခုကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ ကြည့်ရတာ သူတို့က ချူလျိုယွဲ့ကို ကွင်းပြင်အလယ်တွင် စနစ်တကျ စာမေးပွဲစစ်ဆေးရန်ပင် ရည်ရွယ်ချက်မရှိပုံရသည်။
ချူလျိုယွဲ့က အရိုအသေပေးလိုက်ရင်း သာသာယာယာ မေးလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ။ ရိုင်းတယ်လို့ မထင်ရင် ဆရာ့ရဲ့ နာမည်လေး သိပါရစေရှင့်”
ထိုအမျိုးသားမှာ အစောပိုင်းကတည်းက ချူလျိုယွဲ့အပေါ် မကျေမနပ် ဖြစ်နေသူဖြစ်သည်။ အစွမ်းမရှိသော လူဖျင်းတစ်ယောက်က ထျန်းလုအကယ်ဒမီကို တက်ချင်နေသည်မှာ စိတ်ကူးယဉ်လွန်းသည်ဟု သူက ယူဆထားသည်။ သို့သော်လည်း ဧကရာဇ်မင်းမြတ်၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် အချည်းနှီး ဖြစ်မည်မှန်း သိလျက်နှင့်ပင် လုပ်ဆောင်ပေးနေရခြင်း ဖြစ်သည်။ သူသည် ယနေ့တွင် အရေးကြီးကိစ္စတစ်ခု ရှိနေသော်လည်း နောက်ဆုံးမိနစ်ကျမှ ချူလျိုယွဲ့ကို စာမေးပွဲစစ်ရန် စေလွှတ်ခြင်း ခံလိုက်ရသည်။ ထို့ကြောင့် သူ အလွန်စိတ်တိုနေပြီး ချူလျိုယွဲ့ကို အလွယ်တကူ အောင်မြင်ခွင့်ပေးမည် မဟုတ်ချေ။ စာမေးပွဲအတွက် လိုအပ်သော ပစ္စည်းများကိုပင် သူက ဖြစ်သလိုသာ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ချူလျိုယွဲ့၏ အပြောအဆိုကို ကြားသောအခါ သူက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။ အစွမ်းအစသာ မရှိရင် ကျန်တာတွေက အပိုပဲ။ ငါ့ကို လာပြီး ဖားနေလည်း အလကားပဲ။
“ပိုင်ချန်း!”
ချူလျိုယွဲ့က ရယ်မောလိုက်ပြီး မလှမ်းမကမ်းရှိ ကွင်းပြင်ကြီးကို ညွှန်ပြလိုက်သည်။ “ဆရာပိုင်ချန်း... ကျွန်မ ကြားဖူးတာကတော့ ထျန်းလုအကယ်ဒမီရဲ့ စာမေးပွဲတွေကို ဟိုကွင်းပြင်ကြီးထဲမှာ ကျင်းပတာဆို။ အခုတော့ အဲ့ဒီနေရာက ဖွင့်မထားသလိုပဲ... ဆရာ့အနေနဲ့ ကျွန်မကို ကူညီပြီး အဲ့ဒီနေရာမှာ စစ်ဆေးပေးလို့ ရမလားရှင့်”
ပိုင်ချန်းက ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ သူမကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “တခြားသူတွေက အဲ့ဒီကွင်းပြင်ထဲမှာ ဖြေရတာက သူတို့မှာ တိုက်ခိုက်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ ရှိလို့လေ။ အဲ့ဒီကနေ ထွက်ပေါ်လာတဲ့ စွမ်းအားတွေကို ကွင်းပြင်မှာ ခင်းထားတဲ့ အစီရင်ခံစနစ်က ထိန်းညှိပေးနိုင်လို့ပဲ။ မင်းအတွက်ကျတော့... အဲ့ဒီနေရာက လိုအပ်လို့လား”
ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ ထိုစကားကို ကြားသောအခါ ဝါးလုံးကွဲမတတ် ရယ်မောကြတော့သည်။
“ဟုတ်ပါ့! သူမအတွက်က လိုလို့လား... ဟားဟား!”
“ထျန်းလုအကယ်ဒမီက ထူးချွန်တဲ့ ပါရမီရှင်တွေကိုပဲ လက်ခံတာ။ ဝိညာဉ်သွေးကြောတောင် မရှိတဲ့သူက ဘယ်လိုတောင် အကယ်ဒမီထဲ ဝင်ဖို့ စိတ်ကူးရဲတာလဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာပဲ”
“တခြားသူတွေက သူမကို ဂရုတောင်မစိုက်တာ တွေ့လား။ ဧကရာဇ်ကြောင့်သာ အခွင့်အရေး ပေးလိုက်ရတာ... ဒီနေ့ကစပြီး မြို့တော်ထဲမှာ လှောင်စရာ နောက်ထပ် တစ်ခု တိုးလာတော့မှာပဲ...”
ချူလျိုယွဲ့မှာ ထိုလှောင်ပြောင်သံများကို မကြားချင်ယောင် ဆောင်ထားပြီး သူမ၏ အမူအရာမှာလည်း ပျက်ယွင်းခြင်း မရှိချေ။ သူမက ပိုင်ချန်းကို ကြည့်ကာ ဆက်လက် မေးမြန်းလိုက်သည်။ “ဒါဆို... အဲ့ဒီကွင်းပြင်ကို ဖွင့်ပေးဖို့ ကျွန်မ ဘာလုပ်ရမလဲ”
ပိုင်ချန်းက သူမကို အကဲခတ်ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ မည်သည့် စွမ်းအားလှုပ်ရှားမှုမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ “ဒီအနက်ရောင် သစ်သားသေတ္တာ သုံးလုံးထဲက တစ်လုံးလုံးကို မင်း ဖွင့်နိုင်ရင် ရပြီ”
ထိုအနက်ရောင် သစ်သားသေတ္တာများကို အဖိုးတန် မှော်ဝင်သစ်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သေတ္တာတစ်ခုချင်းစီတွင် စာမေးပွဲကဏ္ဍအလိုက် မတူညီသော အစီရင်ခံ တံဆိပ်ခတ်နှိပ်မှုများ ရှိသည်။ သာမန်လူတစ်ယောက်အတွက် ဖွင့်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကျောင်းသားတစ်ဦးအနေဖြင့် စာမေးပွဲမေးခွန်းကို သိလိုပါက ထိုသေတ္တာကို ကိုယ်တိုင်ဖွင့်ရမည် ဖြစ်သည်။ ဤသည်မှာ စာမေးပွဲ၏ ပထမအဆင့်ပင် ဖြစ်သည်။
ချူလျိုယွဲ့က ခေါင်းညိတ်လိုက်ပြီး ဘာမျှထပ်မပြောတော့ပေ။ သူမ ရှေ့သို့ တိုးသွားပြီး ဘယ်ဘက်အစွန်ဆုံးရှိ သေတ္တာကို တိုက်ရိုက် လှမ်းကိုင်လိုက်သည်။ လူအုပ်ကြီးမှာ ပွဲကြည့်ရန် စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ဖြူသွယ်သော လက်ကလေးမှာ အနက်ရောင် သေတ္တာပေါ်သို့ ကျရောက်သွားသည်။ ပိုင်ချန်းက မျက်မှောင်ကြုတ်လိုက်မိ၏။ ကိုယ့်အခြေအနေကိုယ် မသိတဲ့ကလေး...
ကလောက်!
တိုးညင်းသော်လည်း ကြည်လင်သော အသံလေး ထွက်ပေါ်လာသည်။ ချူလျိုယွဲ့က သေတ္တာကို အလွယ်တကူ ဖွင့်လိုက်ခြင်းပင်။
လေထုမှာ တခဏချင်းအတွင်း တိတ်ဆိတ်သွားတော့သည်။ ပိုင်ချန်း၏ မျက်နှာမှာလည်း အံ့သြမှုကြောင့် တောင့်တင်းသွားရသည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ချူလျိုယွဲ့က သေတ္တာထဲမှ စာရွက်လေးကို ကောက်ယူလိုက်ပြီ ဖြစ်သည်။ “တတိယအဆင့် စစ်သည်တော် ဖြစ်လာရင် အောင်မြင်မည်”
တတိယအဆင့် စစ်သည်တော် ဖြစ်ရမည်ဟူသော သတ်မှတ်ချက်မှာ ရိုးရှင်းပုံရသော်လည်း ထျန်းလုအကယ်ဒမီက လက်ခံသော ကျောင်းသားများသည် အသက် ၂၀ အောက်များသာ ဖြစ်ကြသည်။ ထိုအသက်အရွယ်ဖြင့် တတိယအဆင့်သို့ ရောက်ရှိနေသူမှာ အငြင်းပွားဖွယ်မရှိ ပါရမီရှင်ပင် ဖြစ်သည်။
ပိုင်ချန်းမှာ ချူလျိုယွဲ့က ထိုသေတ္တာကို မည်သို့ဖွင့်လိုက်သည်ကိုပင် မစဉ်းစားနိုင်သေးမီ သူမ ရွေးချယ်လိုက်သော ကဏ္ဍကို မြင်လိုက်ရသဖြင့် ရယ်မောလိုက်တော့သည်။
“စစ်သည်တော် စမ်းသပ်ပွဲ!” သူက ချူလျိုယွဲ့ကို အထက်စီးမှ ကြည့်လိုက်သည်။ “တတိယအဆင့် စစ်သည်တော် စံနှုန်းကို ရောက်ရင် အောင်မယ်။ ဒါပေမဲ့... ငါ့အမှတ်အသားအရ မင်းရဲ့ ဝိညာဉ်သွေးကြောက မပြည့်စုံဘူးလေ၊ မင်းက စစ်သည်တော်တောင် မဟုတ်သေးဘူး မဟုတ်လား”
လူအုပ်ကြီးမှာလည်း ထိန်းမထားနိုင်တော့ဘဲ ဟားတိုက် ရယ်မောကြတော့သည်။ အခြားသူများအတွက် ဤအခြေအနေမှာ ဖြစ်နိုင်သော်လည်း ချူလျိုယွဲ့အတွက်မူ တစ်သက်လုံး ကြိုးစားလျှင်ပင် ဖြစ်လာနိုင်စရာ မရှိချေ။ အချို့ကမူ လှောင်ပြောင်အော်ဟစ်ကြသည်။
“ပြန်တော့! အရှက်မကွဲခင် ထွက်သွားလိုက်တော့!”
“ဟားဟားဟား!”
ပိုင်ချန်းက ခေါင်းခါလိုက်ပြီး ပစ္စည်းများကို ပြန်သိမ်းရန် ပြင်လိုက်သည်။
“ခဏလေးပါ” ချူလျိုယွဲ့က ရုတ်တရက် ပြောလိုက်သည်။ “ဆရာပိုင်ချန်း... ကျွန်မရဲ့ စွမ်းဆောင်ရည်က တတိယအဆင့် စစ်သည်တော် စံနှုန်းကို ရောက်တယ်ဆိုရင် အောင်မြင်တယ်လို့ သတ်မှတ်မှာလား”
“ဘာ!” ပိုင်ချန်းက သူ နားကြားမှားသလားဟုပင် သံသယဝင်သွားသည်။
ချူလျိုယွဲ့က ထပ်မံမေးမြန်းလိုက်သည်။ “အကယ်၍ ကျွန်မက တတိယအဆင့် စစ်သည်တော်တစ်ယောက်ကို အနိုင်ယူနိုင်ရင်ကော... အဲ့ဒီစံနှုန်းနဲ့ ကိုက်ညီတယ်လို့ ဆရာ ပြောနိုင်မလား”
ပိုင်ချန်းက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့! ဒါပေမဲ့... မင်း တကယ် လုပ်နိုင်လို့လား”
ချူလျိုယွဲ့၏ နှုတ်ခမ်းအစုံမှာ အသာအယာ ကွေးညွှတ်သွားသည်။ “ကျွန်မ စမ်းကြည့်ချင်တယ်”
ပိုင်ချန်းက သဘောပေါက်သွားပြီး သူ၏ ဝတ်ရုံလက်အင်္ကျီကို ဝေ့ယမ်းလိုက်သည်။ “ကောင်းပြီ... ငါ့ရဲ့ စွမ်းအားတွေကို တတိယအဆင့် စစ်သည်တော်အထိ လျှော့ချထားပေးမယ်။ မင်း ငါ့ဆီက တိုက်ကွက် သုံးကွက်ကို ခံနိုင်ရင် မင်း နိုင်ပြီပဲ”
သူပြောပြီးသည်နှင့် လက်ကို ဝေ့ယမ်းလိုက်ရာ ကွင်းပြင်ကြီးမှာ တုန်ခါသွားတော့သည်။ ထို့နောက် သူက သူ၏ စွမ်းအားကို မြှင့်တင်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားသော လင်းယုန်ငှက်ကဲ့သို့ ခုန်တက်လိုက်သည်။ သူသည် ပေတစ်ဆယ်ကျော် အကွာအဝေးသို့ တခဏချင်းအတွင်း ရောက်ရှိသွားပြီး ကွင်းပြင်၏ အလယ်ဗဟိုသို့ အသံမထွက်ဘဲ တိကျစွာ ဆင်းသက်လိုက်သည်။
ချူလျိုယွဲ့က တစ်လှမ်းချင်း လျှောက်သွားပြီး ပိုင်ချန်း၏ ရှေ့တွင် ရပ်လိုက်သည်။ “ဆရာ... သင်ပြပေးပါဦးရှင့်”
ပိုင်ချန်းက သူမကို ဂရုမစိုက်ပေ။ စကားတစ်ခွန်းမှ မဆိုဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ချူလျိုယွဲ့ထံသို့ တည့်တည့် ထိုးနှက်လိုက်သည်။
ဝှူး!
သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချူလျိုယွဲ့၏ ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ ပြင်းထန်သော လက်သီးချက်မှာ လေထုကို ဖြတ်သန်းသွားပြီး သူ၏ ကြီးမားလှသော ခွန်အားကို အသုံးချထားသည်။ တခဏချင်းအတွင်းမှာပင် သူ၏လက်သီးမှာ ချူလျိုယွဲ့နှင့် လက်တစ်ကမ်းအကွာသို့ ရောက်နေပြီဖြစ်သည်။ သူသည် သူ၏ အစွမ်းကို တတိယအဆင့်အထိ လျှော့ချထားသဖြင့် မည်သည့် ကိုယ်ခံပညာ တိုက်ကွက်မျှ အသုံးပြုစရာ မလိုဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်သာ ချူလျိုယွဲ့ကို ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ ဤလက်သီးတစ်ချက်ကပင် အရာရာကို အဆုံးသတ်ပေးလိမ့်မည်။
ချူလျိုယွဲ့သည် သူမထံသို့ တိုးဝင်လာသော လက်သီးချက်ကို မျက်လုံးထောင့်မှ မြင်နေရသည်။ သူမသည် ကျောကို မတ်မတ်ထားလျက် ထိုနေရာတွင်ပင် ရပ်နေသဖြင့် ကြည့်နေသူများက သူမမှာ ကြောက်လန့်လွန်းသဖြင့် တောင့်တင်းနေသည်ဟု ထင်မှတ်နေကြသည်။
ပိုင်ချန်းလည်း ထိုအတိုင်းပင် တွေးလိုက်မိသည်။ သို့သော် သူ၏လက်သီးမှာ သူမကို ထိမှန်တော့မည်ဟု ထင်လိုက်ချိန်တွင် ရှေ့ရှိ မိန်းကလေးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ချူလျိုယွဲ့၏ ကိုယ်ခန္ဓာမှာ ထူးဆန်းစွာ လှုပ်ရှားသွားပြီး ထိုလက်သီးချက်ကို အံ့သြဖွယ်ကောင်းအောင် ရှောင်တိမ်းလိုက်ခြင်းပင်။
ပိုင်ချန်းမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်သွားရသည်။ နောက်တစ်စက္ကန့်တွင်မူ သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားလေသည်။ အေးစက်လှသော သတ်ဖြတ်လိုစိတ်များက သူ့ကို လွှမ်းခြုံလာတော့သည်။
သူ မသိစိတ်ဖြင့် သူ၏ စွမ်းအားကို လှည့်ပတ်လိုက်ပြီး တိုက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်သည်။
“လျှပ်စီးထိတ်လန့်ခြင်း!”
ဘုန်း... ဝုန်း!
ပြာလဲ့သော မီးလုံးကြီးတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ သို့သော် ထိုနေရာတွင် မည်သူမျှ ရှိမနေပေ။ ပိုင်ချန်းမှာ ထိတ်လန့်သွားပြီးမှ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ အခြေအနေကို သဘောပေါက်သွားတော့သည်။ ထင်သည့်အတိုင်းပင် ချူလျိုယွဲ့သည် မည်သည့် ဒဏ်ရာမျှ မရဘဲ ထိုနေရာတွင် ရပ်နေသည် မဟုတ်ပါလား။
ချူလျိုယွဲ့က သူ့ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဆရာပိုင်ချန်း... ခုနက ဆရာ သုံးလိုက်တာက တတိယအဆင့် စစ်သည်တော်ထက် ကျော်လွန်နေတဲ့ စွမ်းအားတွေ ထင်တယ်နော်... မဟုတ်ဘူးလားရှင့်”
ပိုင်ချန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။ ငါ... သူမရဲ့ ထောင်ချောက်ထဲကို မိသွားပြီပဲ!