အခန်း ၃၆ — ပွဲကြည့်ပရိသတ်များ
“ဘယ်သူ့ကိုမှ မတွေ့ဘူး”
ထိုစကားကို ချူလျိုယွဲ့ အတိုင်းသား ကြားလိုက်ရသည်။ သူမ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်ခုံးကို အသာအယာ ပင့်လိုက်မိ၏။
ယုမိုမှာလည်း ထိုစကားကြောင့် ကြောင်အမ်းသွားရသည်။ မတွေ့ဘူး ဟုတ်လား... သခင်က အရင်ကတော့ ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ ပြောထားတာ မှန်ပေမဲ့၊ ချူမိသားစုရဲ့ သမီးကြီး ရောက်လာရင်တော့ ချက်ချင်း အကြောင်းကြားရမယ်လို့ မှာထားတာပဲ။ ဒါကြောင့်လည်း သူက သူမကို တန်းခေါ်လာရဲတာ မဟုတ်ပါလား။ အခုကျမှ သခင်က ဘာလို့ မတွေ့ချင်ဘူးလို့ ပြောရတာလဲ။ သူက ယန်ချင်းကို ကြည့်ကာ ဘာဖြစ်တာလဲဆိုသည့် အဓိပ္ပာယ်ဖြင့် မျက်ရိပ်ပြ မေးလိုက်သည်။
ယန်ချင်းမှာလည်း ဝေခွဲမရ ဖြစ်နေရသည်။ ငါက ဘယ်လိုလုပ် သိမှာလဲ... သခင်က ချူမိသားစုရဲ့ သမီးကြီးကို တစ်နေကုန် စောင့်နေခဲ့တာကို သူ ကိုယ်တိုင် မြင်ခဲ့ရသည်လေ။ သူမကို မတွေ့ချင်ဘူးဆိုတာကတော့ လုံးဝ မဖြစ်နိုင်တာ အသေအချာပင်။ ချူလျိုယွဲ့ ရောက်မလာလို့ စိတ်ကောက်နေတာ မဟုတ်ဘူးလား။ အခု သူမ ရောက်လာပြန်တော့လည်း သခင်က စိတ်မကြည်တဲ့အပြင် တွေ့ဖို့တောင် ငြင်းနေပြန်ပြီ။
“သခင်... အခုက... ချူမိသားစု သမီးကြီးက...”
ရုံရှုးက ခေါင်းမော့လိုက်ပြီး ယန်ချင်းကို စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်လိုက်သည်။ ယန်ချင်းမှာ ပြောလက်စ စကားလုံးများကို ချက်ချင်း ပြန်မြိုချလိုက်ရပြီး ခေါင်းငုံ့လျက် ဘေးသို့ ကပ်ရပ်နေလိုက်တော့သည်။
ရုံရှုးက သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းကာ စာအုပ်ကို နောက်တစ်မျက်နှာ လှန်လိုက်သည်။ လေတိုးသံနှင့်အတူ သူက လက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပါးစပ်ကို ပိတ်ကာ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်၏။ သို့သော် သူ၏ မျက်ဝန်းအစုံမှာမူ အစမှ အဆုံးထိ
ချူလျိုယွဲ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ချေ။
ချူလျိုယွဲ့မှာ အချိန်ဆွဲမနေတော့ဘဲ ယုမိုကို ကြည့်လိုက်သည်။ “နင့်သခင် နေမကောင်းဘူးဆိုမှတော့ ငါ နောက်ထပ် မနှောင့်ယှက်တော့ပါဘူး။ ဒီပစ္စည်းလေးကို သူ့ဆီ ပြန်ပေးပေးပါဦး၊ ပြီးတော့ ငါ့ကို ကူညီခဲ့တဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါ”
ချူလျိုယွဲ့က ပြောပြောဆိုဆိုဖြင့် အိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ပေးလိုက်သည်။ ယုမိုက ထိုလက်ကိုင်ပဝါကို ကြည့်ကာ မျက်လုံးအစုံ ပြူးထွက်မတတ် အံ့သြသွားရသည်။ ဒါ... ဒါက သခင် အမြဲတမ်း ဆောင်ထားတဲ့ ကိုယ်ပိုင် လက်ကိုင်ပဝါ မဟုတ်လား။ သခင်က ဒီပဝါကို အရမ်းတန်ဖိုးထားပြီး အမြဲတမ်း အနားမှာ ထားတတ်တာ၊ အခု ဘာလို့ ချူလျိုယွဲ့ဆီ ရောက်နေရတာလဲ။ ယုမိုမှာ ထိုနေ့က နန်းတော်ထဲသို့ မလိုက်ပါခဲ့သဖြင့် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မသိချေ။ သခင်က ဒါကို ချူလျိုယွဲ့ကို တကယ်ပဲ ပေးခဲ့တာလား...။
“ချူမိသားစု သမီးကြီး... ဒါက...” ယုမိုက လက်ကိုင်ပဝါကို လှမ်းယူရန် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားသည်ကို ခံစားလိုက်ရသည်။ သူ တုန်လှုပ်သွားပြီးနောက် အလေးအနက် အမူအရာဖြင့် ချက်ချင်း ငြင်းဆိုလိုက်သည်။ “မိန်းကလေးချူ... ဒါက သခင်ရဲ့ ပစ္စည်းပါ၊ မိန်းကလေး ကိုယ်တိုင်ပဲ ပြန်ပေးသင့်ပါတယ်”
ချူလျိုယွဲ့မှာ ဆွံ့အသွားရသည်။ လက်ကိုင်ပဝါ တစ်ထည်တည်းကိုပဲ ဘာလို့ ဒီလောက်တောင် အရေးတကြီး လုပ်နေကြတာလဲ။ သူမကလည်း ပြန်ပေးချင်တာပေါ့! မဟုတ်ရင် သူ့အိမ်အထိ အရောက်လာပါ့မလား။ ဒါပေမဲ့ မတွေ့ချင်ဘူးလို့ ပြောနေတာက ရုံရှုးကိုယ်တိုင်လေ၊ သူမ ဘာလုပ်နိုင်မှာလဲ။
သူမ အထဲသို့ တစ်ချက် ပြန်ကြည့်လိုက်သည်။ ဟဟကလေး ပွင့်နေသော တံခါးမှတစ်ဆင့် ခံ့ညားသော ပုံရိပ်တစ်ခုကို မြင်နေရသည်။ နွေးထွေးသော မီးရောင်အောက်တွင် သူ၏ ဘေးတိုက်အလှမှာ အပြစ်ပြောစရာမရှိအောင်ပင်။ သူ၏ မျက်ဝန်းများမှာ အနည်းငယ် နှိမ့်ထားပြီး ပါးလွှာသော နှုတ်ခမ်းအစုံမှာလည်း တင်းတင်းစေ့ထားသည်။
ရုံရှုး... စိတ်ကောက်နေတာလား။ ဘာကို စိတ်ဆိုးနေတာလဲ။ ချူလျိုယွဲ့မှာ သူ ဘာတွေးနေမှန်း မသိသဖြင့် ခေတ္တမျှ စဉ်းစားပြီးနောက် ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူမက ရုံရှုးရှိရာသို့ တိုက်ရိုက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပစ္စည်းကို ပြန်ပေးပြီးပါပြီ။ မင်းသားလီ... ကျွန်မ ရှင်နဲ့ ဘာမှ မပတ်သက်တော့ဘူး မဟုတ်လား။ အရင်အကြိမ်တွေက ကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက သူများ ကျေးဇူးအောက်မှာ နေရတာ မကြိုက်ဘူး။ ကျွန်မတို့က ဘဝချင်း မတူကြဘူးလေ။ နောက်နောင် ပြဿနာတွေ မဖြစ်အောင်လို့ ကျွန်မတို့ ထပ်မတွေ့ကြတာ အကောင်းဆုံးပါပဲ”
သူမ စကားဆုံးသည်နှင့် ရုံရှုး၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ လက်ကိုင်ပဝါကို ယုမို၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ရုံရှုးက အသံတိတ် ရယ်မောလိုက်သည်။ သူ တကယ်ပဲ သူမကို ဘယ်လိုမှ လုပ်မရပါလား။ နောက်ဆုံးတွင် သူက ခေါင်းမော့လာပြီး သူ၏ မျက်ဝန်းအစုံမှာ ချူလျိုယွဲ့ထံသို့ ဝန်းရံကျရောက်သွားတော့သည်။
“မဟုတ်ဘူး... မင်း ငါ့ကို ကျေးဇူးနှစ်ခု တင်နေသေးတယ်”
ချူလျိုယွဲ့၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။
“ပထမတစ်ခုက... ရွှယ်ရွှယ်က မင်းကို ကယ်ခဲ့တာ” သူ၏ လေသံမှာ အရင်အတိုင်း တည်ငြိမ်အေးဆေးနေသော်လည်း လရောင်ထက်ပင် ပို၍ အေးစက်နေသည်။ “ဒုတိယတစ်ခုကတော့... ဒီနေ့ မင်းကို သတ်ဖို့ အိမ်ရှေ့မင်းသားက လူလွှတ်ခဲ့တာ မဟုတ်ဘူး”
ချူလျိုယွဲ့၏ မျက်ဝန်းများမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
ထိုနေ့က မြို့တော်ကြီးမှာ အေးချမ်းနေပုံရသော်လည်း တကယ်တမ်းတွင်မူ တိတ်တဆိတ် လှုပ်ခတ်နေသည်။ အိမ်ရှေ့မင်းသား နန်းဆောင်၏ စာကြည့်ခန်းအတွင်း၌...ရုံကျင်းနှင့် မီးခိုးရောင် ဝတ်ရုံဝတ် အဖိုးအိုတစ်ဦးသာ ရှိနေသည်။
“မြို့တော်ထဲမှာ သတ္တမအဆင့် သားရဲရှိနေတာ တကယ်ပဲ သေချာလို့လား။ ကျွန်တော် ဘာသတင်းမှ မကြားမိပါလား...” ရုံကျင်းက သံသယဖြင့် မေးလိုက်သည်။
“အဲ့ဒီ သတ္တမအဆင့် သားရဲက ခဏလေးပဲ ပေါ်လာတာ၊ သာမန်လူတွေကတော့ သတိထားမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် သွားစစ်ဆေးကြည့်ပြီးပြီ၊ မြို့တော်ရဲ့ မြောက်ဘက်ခြမ်းက ရှစ်ထောင့်လမ်းကြားမှာ သတ္တမအဆင့် သားရဲရဲ့ တိုက်ခိုက်မှု အမှတ်အသားတွေ အထင်အရှား ရှိနေတယ်။” အဖိုးအိုက သူ၏ မုတ်ဆိတ်မွေးကို ယုံကြည်မှုရှိရှိ ပွတ်သပ်လိုက်သည်။ “ပြီးတော့ အဲ့ဒါက မြို့တော်မှာ ရှိနေကျ သားရဲမဟုတ်ဘဲ အသစ်ပေါ်လာတာလို့ ကျွန်တော် အာမခံနိုင်တယ်။ ပိုပြီး သေချာတာကတော့ အဲ့ဒီသားရဲမှာ ပိုင်ရှင် ရှိနေတယ်”
ရုံကျင်းက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့ မြို့တော်မှာ သတ္တမအဆင့် သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်တဲ့သူက လက်ချိုးရေလို့ ရပါတယ်... ဘယ်သူ ဖြစ်နိုင်မလဲ”
အဖိုးအိုက ခေါင်းခါပြလိုက်သည်။ “မြို့တော်မှာရှိတဲ့ ဘယ်သူ့ကိုမှ လျှော့မတွက်ပါနဲ့။ တစ်ဖက်လူက သတ္တမအဆင့် သားရဲကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူက တကယ်ကို ရင်ဆိုင်ရ ခက်မယ့်သူပဲ။ အကယ်၍ သူက မင်းသားကို ပစ်မှတ်ထားနေတာဆိုရင်တော့ ပိုပြီး သတိထားရမယ်”
အဖိုးအိုက ဆက်လက်၍ “မင်းသားက အိမ်ရှေ့မင်းသား ဖြစ်နေပြီဆိုပေမဲ့ ဒီနေရာကို မျက်စိကျနေတဲ့သူတွေ အများကြီး ရှိသေးတယ်။ ချူလျိုယွဲ့နဲ့ စေ့စပ်ပွဲ ပျက်သွားတာကလည်း ရလဒ်က မကောင်းခဲ့ဘူး၊ ဧကရာဇ်မင်းမြတ်ကလည်း မင်းသားအပေါ် မကျေမနပ် ဖြစ်နေတာ။ ဒီအချိန်မှာ ထပ်ပြီး ပြဿနာ မရှာမိဖို့ အရေးကြီးတယ်”
ထိုအကြောင်းကို သတိရသွားသောအခါ ရုံကျင်းမှာ ဒေါသထွက်သွားရသည်။ “ဒါတွေ အားလုံးက အဲ့ဒီ ချူလျိုယွဲ့ကြောင့်...”
“သူမက အသုံးမကျတဲ့ လူဖျင်းတစ်ယောက်ပဲ၊ စိတ်ပူစရာ မလိုပါဘူး။ ဒီကာလမှာတော့ ငြိမ်ငြိမ်လေးနေပြီး ကောလာဟလတွေ ငြိမ်သွားတဲ့အထိ စောင့်လိုက်ပါ။ အခု အရေးကြီးဆုံးကတော့ မင်းသားရဲ့ စွမ်းရည်တွေကို မြှင့်တင်ပြီး ဧကရာဇ်မင်းမြတ်ကို သက်သေပြဖို့ပါပဲ”
ရုံကျင်းက အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။ “ဆရာ ပြောတာ မှန်ပါတယ်။ ကျွန်တော် ဒီဆုံးမစကားကို အမြဲ မှတ်ထားပါ့မယ်”
“ဒါက ‘ထျန်းလု’ အကယ်ဒမီမှာ မင်းသားရဲ့ နောက်ဆုံးနှစ်ပဲ။ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့၊ နားလည်လား”
“နားလည်ပါပြီ!”
သတ္တမအဆင့် သားရဲအကြောင်း သတင်းများမှာ တိတ်တဆိတ် ပျံ့နှံ့သွားခဲ့ပြီး မကြာမီမှာပင် ထင်ရှားကျော်ကြားသော မိသားစုများ၏ နားထဲသို့ ရောက်ရှိသွားတော့သည်။ ရုံကျန်းမှာလည်း ထိုသတင်းကို သိရှိသွားရာ သူမမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ယခင်က သားရဲများမှာ အဆင့်မမြင့်လှသော်လည်း ယခုကဲ့သို့ ရှားပါးလှသော သတ္တမအဆင့် သားရဲတစ်ကောင် ပေါ်လာသည်ဆိုမှတော့ သူမ သွားကြည့်မှ ဖြစ်တော့မည်။ အကယ်၍ သူမသာ ထိုသားရဲကို ဖမ်းဆီးနိုင်ပြီး သစ္စာခံ ကတိပြုနိုင်လျှင်မူ အလွန်ပင် အံ့သြစရာ ကောင်းပေလိမ့်မည်။ ထို့ကြောင့် သူမသည်လည်း ထိုသတ္တမအဆင့် သားရဲ၏ တည်နေရာကို စုံစမ်းရန် လူလွှတ်လိုက်တော့သည်။
တစ်ဖက်တွင်လည်း ချူလျိုယွဲ့ကို လုပ်ကြံရန် ကြိုးပမ်းမှုမှာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင်။ လူနှစ်ဦး ပျောက်ဆုံးသွားခြင်းကပင် မည်သူ့အာရုံကိုမျှ မဖမ်းစားနိုင်ခဲ့ချေ။ ဤကဲ့သို့ အေးဆေးနေပုံရသော အခြေအနေတွင် ချူလျိုယွဲ့သည် ‘ထျန်းလု’ အကယ်ဒမီမှ အကြောင်းကြားစာကို နောက်ဆုံးတွင် ရရှိခဲ့သည်။
ထျန်းလုအကယ်ဒမီသည် ဧကရာဇ်မင်းမြတ်၏ တောင်းဆိုချက်ကို လက်ခံလိုက်ပြီး ချူလျိုယွဲ့ကို အကယ်ဒမီသို့ တက်ရောက်နိုင်ရန် အထူးအခွင့်အရေးတစ်ခု ပေးအပ်ခဲ့သည်။ သူမအနေဖြင့် ဝင်ခွင့်စာမေးပွဲကို အောင်မြင်ပါက ထျန်းလုအကယ်ဒမီသို့ တက်ရောက်ကာ အကယ်ဒမီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။
သြဂုတ်လ ၁၀ ရက်နေ့သည် ချူလျိုယွဲ့၏ ၁၄ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ထိုနေ့သည်ပင် သူမ၏ ထျန်းလုအကယ်ဒမီ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်နေ့လည်း ဖြစ်သည်။ ချူနင်က သူမ စားရန်အတွက် သက်ရှည်ခေါက်ဆွဲကို ကြိုတင်ပြင်ဆင်ပေးထားသည်။
သူမ၏ ယခင်ဘဝတွင်မူ မွေးနေ့တိုင်းကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ရသည်။ လူပေါင်းများစွာက သူမကို ဆုတောင်းပေးရန် လာရောက်ကြပြီး လက်ဆောင်ပစ္စည်း စာရင်းမှာလည်း အဆုံးမရှိနိုင်အောင်ပင်။ ယခုမူ သူမ၏ ဘေးတွင် ချူနင်တစ်ဦးတည်းသာ ရှိသော်လည်း ဤသက်ရှည်ခေါက်ဆွဲ တစ်ပွဲက သူမကို ယခင်ကထက် ပို၍ နွေးထွေးလုံခြုံမှု ပေးစွမ်းနိုင်ခဲ့သည်။
ချူလျိုယွဲ့က ခေါက်ဆွဲကို ကုန်အောင်စားလိုက်ပြီး ပစ္စည်းများကို အကျဉ်းချုံး ပြင်ဆင်ကာ ထျန်းလုအကယ်ဒမီသို့ ဦးတည်လိုက်သည်။ ချူနင်က လိုက်ပို့ချင်သော်လည်း သူမက ငြင်းပယ်ခဲ့သည်။ ချူနင်မှာ မကြာသေးမီက အလုပ်များနေသည်ကို သူမ သိထားသလို၊ သူမ၏ အမြင်တွင်မူ အကယ်ဒမီသို့ ဝင်ခွင့်ရရန်မှာ အလွန်လွယ်ကူလှသဖြင့် မည်သူမျှ လိုက်ပို့ပေးရန် မလိုအပ်ဟု ယူဆထားခြင်းဖြစ်သည်။
သို့သော် ချူလျိုယွဲ့က ထျန်းလုအကယ်ဒမီ၏ တံခါးဝသို့ ရောက်ရှိသွားသောအခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ချူလျိုယွဲ့ ပေါ်လာသည်နှင့် လူပေါင်းများစွာ၏ အကြည့်များက သူမထံသို့ ရောက်ရှိလာတော့သည်။
ချူလျိုယွဲ့မှာ ဤလူများသည် ပွဲကြည့်ရန်အတွက် ရောက်လာကြခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
ထျန်းလုအကယ်ဒမီ၏ တံခါးဝတွင် တည်ကြည်သော မျက်နှာထားဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ သူက ချူလျိုယွဲ့ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် မကျေနပ်မှုများ ခပ်ရေးရေး ပေါ်လွင်နေသည်။
“မင်းက ချူလျိုယွဲ့လား။ ဧကရာဇ်မင်းမြတ်က မင်းအတွက် စကားပြောပေးထားလို့ ထျန်းလုအကယ်ဒမီက မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဝင်ခွင့်စာမေးပွဲအတွက် ကဏ္ဍသုံးခု ရှိတယ်— စစ်သည်တော်၊ လောကီဆရာ (Xuan Master) နဲ့ နတ်ဆေးဆရာ ဆိုပြီးတော့ပေါ့။ မင်းအနေနဲ့ ကြိုက်တဲ့တစ်ခုကို အောင်မြင်ရင် ရပြီ။ ဘယ်တစ်ခုကို ရွေးချင်လဲ”
( မှတ်ချက်။ ။ Xuanmen ဆိုတာ တာအိုအယူအဆကို အခြေခံထားတဲ့ လောကီ၊ လောကုတ္တရာဆိုင်ရာ လျှို့ဝှက်ပညာရပ်တွေကို ဆိုလိုတာပါ။ ထိုပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ထားသူကို Xuan Master လောကီဆရာ လို့ခေါ်ပါတယ်။ Xuan Master တစ်ယောက်ဟာ ဖုန်းရွှေပညာ၊ ဗေဒင် ကံကြမ္မာဟောခြင်း၊ ဝိညာဥ်ထုတ်ခြင်း၊ မကောင်းဆိုးဝါးနှိမ်နှင်းခြင်း၊ အင်းအိုင်လက်ဖွဲ့ စတဲ့ပညာရပ်များကို တတ်ကျွမ်းကြပါတယ်။
Heavenly Doctor နတ်ဆေးဆရာ ဆိုတာဟာ လူတိုင်းက ရိုသေကြောက်ရွံ့ရတဲ့၊ အင်အားကြီးဂိုဏ်းချုပ်တွေတောင် မျက်နှာချိုသွေးရတဲ့ အဆင့်အတန်းမြင့်မားလှတဲ့ ပညာရှင်ကြီးတွေ ဖြစ်ပါတယ်။နတ်ဆေးဆရာတွေဟာ ဝိညာဥ်အစအနလေး တစ်ခုပဲကျန်ရင်တောင် သူတို့၏အစွမ်းဖြင့် ပြန်လည်ရှင်သန်အောင်လုပ်ပေးနိုင်ခြင်း၊ ကျင့်ကြံခြင်းဆေးလုံးများ အဆိပ်ဖြေဆေးများဖော်စပ်ခြင်း၊ အပ်စိုက်ကုထုံးဖြင့် ဝိညာဥ်လမ်းကြောင်းဖွင့်ခြင်း၊ စွမ်းအင်ထိန်းချုပ်ခြင်း၊ ဝိညာဥ်ကို ကုသခြင်း စတာတွေလုပ်နိုင်ပါတယ်။ )