အခန်း ၃၁ — သဘောထားသေးသိမ်သူ
"ဘာ..." ဧကရာဇ်ကျားဝမ်သည် သူနားကြားမှားလေသလားဟု ထင်မှတ်သွားပြီး မသိစိတ်ဖြင့်ပင် ပြန်မေးမိလိုက်သည်။ "မင်းက ထျန်းလုအကယ်ဒမီကို တက်ချင်တယ် ဟုတ်လား"
ချူလျိုယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်... ထျန်းလုအကယ်ဒမီက နှစ်စဉ် ဇန်နဝါရီလတိုင်း ကျောင်းသားသစ် ခေါ်ယူလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်မကို အခွင့်အရေးတစ်ခု ပေးသနားဖို့ အရှင်မင်းကြီးကို တောင်းဆိုချင်တာပါ"
ဧကရာဇ်ကျားဝမ်သည် သူမကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။ ဤချူလျိုယွဲ့သည် အလွန်ထူးဆန်းလှသည်။ သူမကို မိုက်မဲသည်ဟု ပြောရမည်လောဆိုပြန်လျှင်လည်း အစမှအဆုံး ပြဿနာအရပ်ရပ်ကို အပြစ်ဆိုဖွယ်မရှိအောင် ဖြေရှင်းနိုင်ခဲ့သည်။ သူမကို ထက်မြက်သည်ဟု ဆိုရမည်လောဆိုလျှင်လည်း အိမ်ရှေ့စံကြင်ယာတော် ရာထူးကို သူမဘာသာ လိုလိုလားလား စွန့်လွှတ်ခဲ့ပြန်သည်။ ယခုမူ ထျန်းလုအကယ်ဒမီကို တက်ရောက်ချင်သည်ဟု ဆိုနေပြန်ပြီ။ ထျန်းလုအကယ်ဒမီသည် တစ်နိုင်ငံလုံးတွင် အဆင့်အမြင့်ဆုံးကျောင်းဖြစ်ပြီး အတော်ဆုံး ပါရမီရှင်များသာ တက်ရောက်နိုင်သည်ကို သူမ မသိရှိဘဲ မနေနိုင်ပေ။ သူမမှာ ယွမ်သွေးကြောပင် မရှိဘဲနှင့် ဤအရာကို မည်သို့ ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။
"ဒါက မခက်ခဲပါဘူး... ဒါပေမဲ့ ထျန်းလုအကယ်ဒမီရဲ့ စစ်ဆေးမှုတွေက အရမ်းခက်ခဲတယ်။ မင်း တကယ်သွားချင်တာ သေချာရဲ့လား။ အဲဒီက အဘိုးကြီးတွေက ငါ့မျက်နှာကြောင့်နဲ့ မင်းကို လွယ်လွယ်ကူကူ ပေးဝင်မှာမဟုတ်ဘူးဆိုတာ မင်းသိထားရမယ်"
ချူလျိုယွဲ့က ခပ်ပါးပါးလေး ပြုံးလိုက်သည်။ "ကျွန်မ သိပါတယ်... စစ်ဆေးမှု ခံယူခွင့် အခွင့်အရေးလေး တစ်ခုရရင်ပဲ ကျေနပ်ပါပြီ"
ဧကရာဇ်ကျားဝမ်သည် သူမကို စိုက်ကြည့်လိုက်ပြီး သူမ နောက်ပြောင်နေခြင်းမဟုတ်သည်ကို အတည်ပြုပြီးနောက် သက်ပြင်းချလိုက်သည်။ "မင်း တကယ် အလိုရှိတယ်ဆိုရင်တော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။ ဒါပေမဲ့ မင်း ကျောင်းဝင်ခွင့် ရမရဆိုတာကတော့ မင်းရဲ့အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"
ချူလျိုယွဲ့သည် ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။ "အရှင်မင်းကြီးရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ရှိပါတယ်"
ဧကရာဇ်ကျားဝမ်က လက်ယမ်းပြလိုက်သည်။ "ကဲ... ဒီနေ့ မင်းလည်း ပင်ပန်းနေရောပေါ့။ အိမ်ပြန်ပြီး အနားယူလိုက်ပါဦး။ ချူနင်... မင်းသမီးလေးကို လိုက်ပို့ပြီး ဂရုတစိုက် စောင့်ရှောက်လိုက်ပါ"
အရေးကြီးဆုံးကိစ္စကို ဖြေရှင်းပြီးပြီဖြစ်ရာ ချူလျိုယွဲ့သည် ထိုနေရာတွင် ဆက်နေရန် ဆန္ဒမရှိတော့သဖြင့် ချူနင်နှင့်အတူ ပျော်ရွှင်စွာ ထွက်ခွာလာခဲ့သည်။ သူတို့သားအဖနှစ်ယောက်၏ ကျောပြင် နန်းတော်အပြင်ဘက် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားမှသာ နန်းတော်အတွင်းရှိ တင်းမာအေးစက်နေသော လေထုမှာ ပြန်လည် နွေးထွေးလာတော့သည်။ သို့သော်လည်း ယနေ့ည ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် မည်သူမျှ စကားကျယ်ကျယ် မပြောရဲကြပေ။ ပျော်ရွှင်စရာကောင်းလှသော မွေးနေ့ပွဲလေးမှာ ပျင်းရိငြီးငွေ့ဖွယ်ရာ အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
ရုံကျင်းသည် မျက်လုံးများကို မှိတ်ကာ မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ယုတ္တိဗေဒအရဆိုလျှင် ချူလျိုယွဲ့နှင့် စေ့စပ်မှုကို ဖြတ်တောက်နိုင်ခဲ့ပြီဖြစ်၍ သူသည် စိတ်ပေါ့ပါးနေသင့်သည်။ သို့သော်လည်း သူ၏ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ခံစားနေရပြီး လုံးဝ မပျော်ရွှင်နိုင်ပေ။ သူသည် အရာရာကို သေသေချာချာ ကြိုတင်ကြံစည်ခဲ့သော်လည်း အခြေအနေများက ဤသို့ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယနေ့ ဖြစ်ရပ်များကြောင့် မြို့တော်သူ မြို့တော်သားများက သူ့အကြောင်းကို မည်သို့ ပြောဆိုကြမည်နည်း။ ဤအရာက အရေးမကြီးသော်လည်း အဓိကအချက်မှာ ခမည်းတော်သည် သူ့အပေါ် စိတ်ပျက်သွားဟန်ရှိခြင်းပင်။
ချူရှန်းမိန် မှာမူ ရုံကျင်းထက်ပင် ပိုမိုဆိုးရွားသော ခံစားချက်ကို ခံစားနေရသည်။ သူမသည် နေရာတွင် ထိုင်နေသော်လည်း မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး တစ်ကိုယ်လုံး ထုံကျင်ကာ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်နေသလို ခံစားနေရသည်။ ယနေ့ ချူလျိုယွဲ့ ပြောသွားသော စကားများက သူမ၏ ဂုဏ်သိက္ခာကို အကုန်အစင် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ဤသို့သော ကိစ္စမျိုးတွင် အမှန်အမှားကို မည်သူကမှ ဂရုစိုက်နေမည်မဟုတ်ပေ။ ချူလျိုယွဲ့ကို ပညာပေးရန် ကြံစည်ရာမှ မိမိကိုယ်ကိုယ် ဒုက္ခတွင်းထဲ ဆွဲနှစ်လိုက်မိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဝိုင်းဝန်းကြည့်ရှုနေကြသော အကြည့်များအောက်တွင် သူမသည် မြေကြီးထဲသို့သာ တိုးဝင် ပုန်းကွယ်နေချင်တော့သည်။
"အဟွတ်... အဟွတ်..." ရုံရှုးက နောက်တစ်ကြိမ် ချောင်းဆိုးပြန်သည်။
ဧကရာဇ်ကျားဝမ် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းရဲ့ ချောင်းဆိုးတာက ပိုဆိုးလာပါလား"
ရုံရှုးက လက်ယမ်းပြသည်။ "မဟု... အဟွတ်..." စကားပင် မဆုံးသေးမီ သူ ထပ်မံ ချောင်းဆိုးပြန်ရာ မျက်နှာမှာ ပို၍ပင် ဖြူလျော့သွားသည်။
ဧကရာဇ်ကျားဝမ်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "အခုချက်ချင်း ပြန်ပြီး အနားယူတော့။ မင်းရဲ့ကျန်းမာရေးက မင်ယွဲ့ထျန်းရှန်းတောင်မှာတုန်းက ခဲရာခဲဆစ် ပြန်ကောင်းလာခဲ့တာ။ မြို့တော်ကို ပြန်ရောက်တာ တစ်လပဲ ရှိသေးတယ်၊ အခြေအနေက ဒီလောက်ထိ ဆိုးနေပြီလား။ နောင်ကို ဘယ်လိုလုပ်မလဲ။ အကယ်၍ မင်းရဲ့ရောဂါသာ ပြန်ထလာမယ်ဆိုရင် မင်းရဲ့ အိမ်တော်ကလူတွေကို ငါ အပြစ်ပေးမှာနော်"
ရုံရှုးက မတတ်သာသလို ပြုံးကာ ထရပ်လိုက်သည်။ သူ့နောက်တွင်ရှိသော ယန်ချင်းက ချက်ချင်းပင် ဝတ်ရုံကို ခြုံပေးလိုက်၏။ "ကျွန်တော်မျိုးကို ခွင့်ပြုပါဦး" ထို့နောက် ရုံရှုးက ရုံကျင်းကို ကြည့်လိုက်သည်။ "နောင်တော်... ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်ကို အိမ်တော်ဆီကို ပို့ထားလိုက်ပါပြီ။ ဒီနေ့ အဖော်မပြုနိုင်တာကိုတော့ ခွင့်လွှတ်ပေးပါဦး"
ရုံကျင်းက အတင်းအပြုံးဖြင့် "ညီလေး... မင်းက တကယ်ကို သဘောကောင်းလှပါတယ်။ မင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်" ဟု ဆိုလိုက်သည်။
ရုံရှုးသည် လှည့်ထွက်သွားခဲ့သည်။ သူ ထွက်ခွာသွားပြီးနောက် ရုံကျိုကလည်း စစ်ရေးကိစ္စများ ကိုင်တွယ်ရန် ရှိသည်ဟုဆိုကာ ထွက်ခွာသွားပြန်သည်။ သူတို့နှစ်ဦး ထွက်သွားပြီးနောက် ထူးဆန်းနေသော လေထုမှာ ပို၍ပင် အေးစက်ကာ အနေရခက်သွားတော့သည်။ အစကတော့ အိမ်ရှေ့စံ၏ ခမ်းနားထည်ဝါသော မွေးနေ့ပွဲမှာ ဤသို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။
...
ရုံရှုးသည် နန်းတော်တံခါးအပြင်ဘက်သို့ ထွက်လာသည့်အခါ လီမင်းသားအိမ်တော်၏ မြင်းရထားဘေးတွင် ရပ်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ချူလျိုယွဲ့နှင့် ချူနင်တို့ပင်။ သူသည် မျက်ခုံးကို အသာပင့်ကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။ "အရာရှိချူ၊ မစ္စချူ... ဘာလို့ ဒီမှာ ရှိနေတာလဲ"
ချူနင်က လက်ယှက်၍ ဂါရဝပြုလိုက်သည်။ "မင်းသားလီ... ခုနက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်သမီးနဲ့ ကျွန်တော်တို့က ဒီကျေးဇူးကို အမြဲတမ်း မှတ်ထားမှာပါ"
ရုံရှုး၏ မျက်လုံးများက အနည်းငယ် ဝေ့ဝဲသွားသည်။ "အရာရှိချူ... အားနာစရာကြီးပါ။ ကျွန်တော် ဒီနေ့ သိပ်ပြီးတော့လည်း မကူညီနိုင်ခဲ့ပါဘူး..."
ချူနင်က ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။ "အနေရခက်တဲ့ အခြေအနေကနေ ကူညီပေးခဲ့တာအပြင် အရင်တုန်းကလည်း သူမရဲ့ အသက်ကို ကယ်ပေးခဲ့သေးတယ် မဟုတ်လား။ အရှင်မရှိခဲ့ရင် ကျွန်တော်တို့ ဘယ်လိုဖြစ်သွားမလဲ မသိနိုင်ပါဘူး။ နောင်တစ်ချိန်မှာ အရှင်ကူညီဖို့ လိုအပ်တာရှိရင် ကျွန်တော့်ကို အမိန့်ပေးပါ"
အရင်တုန်းက? အသက်ကယ်ပေးခဲ့တယ်?
ရုံရှုးက ချူလျိုယွဲ့ကို ကြည့်လိုက်ရာ သူမ၏ တောက်ပသော မျက်လုံးအစုံထံမှ သတိပေးနေသော အကြည့်ကို တွေ့လိုက်ရသည်။ သူ၏ နှုတ်ခမ်းများက အသာအယာ ကွေးညွတ်သွားပြီး မျက်ဝန်းထောင့်တွင်လည်း ပျော်ရွှင်ရိပ်များ သန်းသွားသည်။ "အရာရှိချူ... မပြောပါနဲ့တော့။ ဒါက ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ သူမနဲ့က တစ်ခုခု ဖူးစာဆုံနေလို့ ဖြစ်မှာပါ"
ချူလျိုယွဲ့သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အရင်တုန်းက သူမသည် ချူနင်ကို ရုံရှုးက သူမအား ကယ်တင်ခဲ့သည်ဟု လိမ်ပြောထားခဲ့ခြင်းဖြစ်သည်။ ချူနင်က ဤမျှအထိ စိတ်ထဲမှတ်ထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယခု ရုံရှုးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံသည့်အခါ ချူနင်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရန် ဇွတ်စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူမက တား၍မရသဖြင့် နောက်ဆုံးတွင် အတူတူ စောင့်ဆိုင်းနေရခြင်းပင်။
မကြာမီတွင် တစ်ဖက်လူကလည်း လိုက်လျောညီထွေစွာဖြင့် "မိုးလည်း ချုပ်နေပြီဆိုတော့... ကျွန်တော်ပဲ ခင်ဗျားတို့ သားအဖကို အိမ်ပြန်လိုက်ပို့ပေးပါ့မယ်" ဟု ဆိုလာသည်။
ချူလျိုယွဲ့က ကြားကြားချင်း ချက်ချင်း ငြင်းဆိုလိုက်သည်။ "မလိုပါဘူး!" သူ၏ နှလုံးသားထဲတွင် မည်သို့ တွေးနေသည်ကို မည်သူသိနိုင်မည်နည်း။ လောကတွင် အလကားရသည့် နေ့လယ်စာဟူသည် မရှိပေ။ သူက သူမကို ကူညီလေလေ၊ သူမက ပို၍ သတိထားမိလေလေပင်။ အပေါ်ယံတွင်မူ ဤလူသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး နှိမ့်ချသော လူကြီးလူကောင်းတစ်ဦးကဲ့သို့ ရှိနေသော်လည်း ချူလျိုယွဲ့က ထိုသို့ မထင်ပေ။ သူ၏ မျက်ဝန်းများကို ထွင်းဖောက်ကြည့်နိုင်ခြင်း မရှိသလို အတွေးများကိုလည်း ခန့်မှန်း၍မရသော်လည်း သူမ၏ ဗီဇစိတ်က ဤလူသည် အလွန် အန္တရာယ်များသူဖြစ်ကြောင်း သတိပေးနေသည်။ ဤသို့သော လူမျိုးနှင့် ဝေးဝေးနေခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ချူနင်က သူမကို မနှစ်မြို့သလို ကြည့်လိုက်သည်။ "မင်းသားလီကို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဘူးလေ"
ချူလျိုယွဲ့က နှာခေါင်းကို ရှုံ့လိုက်သည်။ အမှန်တော့ ချူနင်ကိုယ်တိုင်လည်း ဤအခြေအနေမှာ မသင့်တော်ဟု ခံစားနေရသော်လည်း သူ စကားမပြောရသေးမီမှာပင် ရုံရှုးက ဆက်ပြောလိုက်သည်။ "ကျွန်တော်ပြန်မဲ့ လမ်းနဲ့လည်း တူနေတာပဲလေ။ တစ်ခါတည်း လိုက်ပို့ပေးပါ့မယ်။ မစ္စချူလည်း ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် အတော်လေး ပင်ပန်းနေလောက်ပြီ"
ချူနင်၏ ငြင်းဆိုမည့် စကားများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားသည်။ ရွှေရောင်မြွေဟောက်နှင့် တိုက်ခိုက်စဉ်က ယွဲ့အာ ဒဏ်ရာရသွားသလားဆိုသည်ကို သူ တကယ်ပင် စိုးရိမ်နေမိသည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် "ဒါဆိုရင်တော့... မင်းသားလီကို အနှောင့်အယှက် ပေးရတော့မှာပဲ" ဟု ဆိုလိုက်သည်။
"ကြွပါ..."
...
မင်းသားလီအိမ်တော်၏ မြင်းရထားမှာ အမှန်တကယ်ပင် ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိလှသည်။ သူတို့ သုံးယောက်လုံးအတွက် နေရာလွတ်များစွာ ရှိနေ၏။ ချူလျိုယွဲ့သည် ချူနင်၏ဘေးတွင် ထိုင်ပြီး ရုံရှုးနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည်။ ချူလျိုယွဲ့သည် အစပိုင်းတွင် အလွန် သတိထားနေသော်လည်း ရုံရှုးကမူ ရထားပေါ်တက်သည်နှင့် အနားယူနေသကဲ့သို့ မျက်လုံးမှိတ်ထားလိုက်သည်။ သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး နက်ရှိုင်းကာ ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံကို မှိတ်ထား၏။ ကျောက်စိမ်းပေါ်တွင် ထွင်းထုထားသကဲ့သို့ ထင်ရှားလှသော သူ၏ မျက်နှာသွင်ပြင်များမှာ မီးရောင်အောက်တွင် အလွန်ပင် နူးညံ့နေပုံရသည်။ ချူလျိုယွဲ့သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် အကြည့်ကို ပြန်လွှဲလိုက်သည်။
ချူမိသားစု၏ အိမ်တော်သို့ ရောက်သည်အထိ သူတို့အကြား မည်သည့်စကားမျှ မပြောဖြစ်ကြပေ။ ချူနင်က အရင်ဆုံး ရထားပေါ်မှ ဆင်းသွားသည်။ ချူလျိုယွဲ့ ဆင်းရန် ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူမကို ဆွဲထားလိုက်သည်။ ထိုလက်မှာ အနည်းငယ် အေးစိမ့်နေသော်လည်း ထူးဆန်းသော ခံစားချက်တစ်ခုက သူမ၏ ရင်ထဲသို့ တိုးဝင်လာသည်။ ချူလျိုယွဲ့က ခုခံရန် ပြင်လိုက်သော်လည်း တိုးညင်းကာ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ "အဲဒီပစ္စည်းကို ငါ့ကို ပြန်ပေးဖို့ မမေ့နဲ့ဦး"
ချူလျိုယွဲ့ အံ့အားသင့်သွားသည်။ သူမ လှည့်ကြည့်လိုက်သည့်အခါ ရုံရှုးသည် သူမ၏လက်ကို လွှတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပင် မျက်လုံး ပြန်မှိတ်ထားလိုက်ပြီ ဖြစ်သည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ "တကယ့် သဘောထားသေးသိမ်တဲ့လူပဲ"