အခန်း ၂၅ — ပထမဆုံးတွေ့ဆုံခြင်းအတွက် လက်ဆောင်
ရုံကျင်း၏ စိတ်ထဲတွင် ခုနက ဖြစ်ပေါ်ခဲ့သော သာယာကြည်နူးဖွယ် အတွေးစများမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
'ဒီ ချူလျိုယွဲ့ဆိုတဲ့ မိန်းကလေးကြောင့် ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အစွမ်းအစမရှိတဲ့သူနဲ့ စေ့စပ်ထားရတယ်ဆိုပြီး နှစ်အတော်ကြာ ညှိုးနွမ်းခဲ့ရတာ။ အခုလည်း ငါ့ကို တစ်ချက်တောင် အသိမပေးဘဲ အမဲလိုက်ကွင်းကို ရောင်းပစ်လိုက်သေးတယ်။ မင်းညီမင်းသားတွေရှေ့မှာ ငါ့မျက်နှာ ဘယ်လောက် ပျက်သွားရသလဲ။ ဒီအရှက်တရားကို ဆယ်ဆမက ပြန်ပြီးလက်စားမချေနိုင်ရင် ငါ အိမ်ရှေ့စံ လုပ်နေတာ အပိုပဲ!'
ရုံကျင်းမှာ ဒေါသကို အတင်းအကျပ် မျိုသိပ်ကာ ရှေ့သို့ တည့်တည့်လျှောက်လှမ်းလာသည်။ လူအုပ်ကြီးမှာ သူသည် ချူလျိုယွဲ့ရှိရာသို့ ဦးတည်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။ သူသည် ချူလျိုယွဲ့ကို အထက်စီးမှ ကြည့်လိုက်သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုအောက်တွင် ပြင်းထန်သော လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည်ကို မည်သူမဆို မြင်နိုင်ပေသည်။ စူးစမ်းလိုသော မျက်လုံးပေါင်းများစွာက ထိုသူနှစ်ဦးထံတွင် အာရုံစိုက်နေကြသည်။
ပထမအကြီးအကဲနှင့် ကျန်သူများမှာ ချက်ချင်းပင် မတ်တတ်ရပ်ကာ အရိုအသေပြုလိုက်ကြသည်။
"အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်"
သို့သော်ရုံကျင်းက သူတို့ကို ဂရုမစိုက်ပေ။ သူ၏ မျက်ဝန်းများမှာ ချူလျိုယွဲ့ထံ၌သာ စွဲမြဲနေပြီး ခနဲ့တဲ့တဲ့ဖြင့် မေးလိုက်သည်။
"မင်းက ချူလျိုယွဲ့လား"
ချူလျိုယွဲ့က သူ၏အကြည့်ကို ရဲရဲဝံ့ဝံ့ပင် တုံ့ပြန်လိုက်သည်။
"မှန်ပါတယ်"
ရုံကျင်း၏ လက်အင်္ကျီအတွင်းမှ လက်များမှာ တင်းတင်းဆုပ်သွားသည်။ ချူလျိုယွဲ့မှာ ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်ဟု သူ ထင်ထားသော်လည်း ရှေ့မှ မိန်းကလေးမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။ သူမထံတွင် စိုးရွံ့တုန်လှုပ်မှု အစအနမျှပင် မတွေ့ရပေ။ သူမသည် မည်သည့်နေရာမှ ဤမျှ သတ္တိများ ရလာပါသနည်း။
"မင်းက အသက်မကြီးသေးပေမဲ့ သတ္တိကတော့ တော်တော်ကောင်းတာပဲ။ ဒီနေ့ မင်း လာရဲမှာမဟုတ်ဘူးလို့ ငါ ထင်နေတာ"
ချူလျိုယွဲ့က မျက်တောင်လေး ခတ်လိုက်ပြီး "ကျွန်မက ဘာလို့ မလာရဲရမှာလဲ။ အိမ်ရှေ့စံမင်းသားကိုယ်တိုင်ပဲ ချူမိသားစုဆီ လူလွှတ်ပြီး ကျွန်မကို ဒီနေ့ အရောက်လာခဲ့ဖို့ အမိန့်ပေးထားတာ မဟုတ်ဘူးလား"
ရုံကျင်းမှာ တစ်ခါတည်း ဆို့သွားတော့သည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်၏။
"မင်းက စကားပြော တော်တော်တက်တာပဲ"
ချူလျိုယွဲ့က ပြုံးလျက် "ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား"
ရုံကျင်းသည် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ သူ၏ နေရာသို့ သွားလေသည်။
ပထမအကြီးအကဲက သူမဘက်သို့ လှည့်ကာ ရွံရှာသော အကြည့်ဖြင့် "မင်း... ဘာမှမသိဘဲနဲ့..."
"ပထမအကြီးအကဲ... တကယ်လို့ လူအများရှေ့မှာ အရှက်ကွဲချင်တယ်ဆိုရင်တော့ ကျွန်မကို စိတ်ကြိုက် ဆူပူနိုင်ပါတယ်" ချူလျိုယွဲ့က အေးအေးဆေးဆေးပင် ပြောလိုက်ပြီး ပြန်ထိုင်လိုက်သည်။
ပထမအကြီးအကဲမှာ ယခုရောက်နေသည်မှာ ချူမိသားစုအိမ်တော်မဟုတ်ဘဲ မင်ချွေ့နန်းဆောင်ဖြစ်ကြောင်း ချက်ချင်း သတိဝင်သွားသည်။ လူတိုင်းက သူတို့ကို အရှက်ကွဲစေရန် စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ဤနေရာတွင် ပြဿနာရှာမိပါက အခြေအနေမကောင်းနိုင်ပေ။ သူသည် ဒေါသကို ခက်ခဲစွာ ထိန်းချုပ်လိုက်ပြီး လက်အင်္ကျီကို အားပါပါ ဝှေ့ယမ်းကာ ငြိမ်သက်သွားတော့သည်။
အိမ်ရှေ့စံသည် ချူလျိုယွဲ့ကို သိသိသာသာ မုန်းတီးနေလေရာ ခေတ္တအကြာတွင် တစ်ခုခု ပြုလုပ်မည်မှာ သေချာသည်။ ထိုအချိန်ကျမှ သူမကို အိမ်တော်မှ နှင်ထုတ်လိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။
...
နန်းဆောင်အတွင်း စည်ကားမှုများ ပြန်လည်စတင်လာသော်လည်း လူအများမှာ ချူလျိုယွဲ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြဆဲပင်။ သူမကတော့ ဂရုမစိုက်ဟန်ဖြင့် အေးဆေးစွာ ထိုင်နေသည်။ အမှန်စင်စစ် သူမသည် ပတ်ဝန်းကျင်ရှိ လူများကို လျင်မြန်စွာ အကဲခတ်နေခြင်း ဖြစ်သည်။
ဧကရာဇ်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့အတွက် အလယ်ဗဟို အမြင့်ဆုံးနေရာမှလွဲ၍ ခန်းမဆောင်ကြီးမှာ ဘယ်နှင့်ညာ နှစ်ခြမ်း ခွဲထားသည်။ ရှေ့ဆုံးတန်းတွင် မြင့်မြတ်သော မင်းသားနှင့် မင်းသမီးများ ထိုင်နေကြသည်။ သူမ ယခင်က စုံစမ်းထားသည့်အရ ဧကရာဇ်မင်းမြတ်တွင် သားတော် ကိုးပါးနှင့် သမီးတော် သုံးပါး ထွန်းကားခဲ့သည်။ ထိုအထဲမှ သားတော် သုံးပါးနှင့် သမီးတော် တစ်ပါးမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ကြသည်။ လက်ရှိတွင် သားတော် ခြောက်ပါးနှင့် သမီးတော် နှစ်ပါးသာ သက်ရှိထင်ရှား ရှိတော့သည်။
အိမ်ရှေ့စံ၏ တစ်ဖက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် တတိယမင်းသားနှင့် အသက်အရွယ်ချင်း တူပုံရသော်လည်း သူ၏ ရုပ်သွင်မှာ ခန့်ညားပြီး တည်ကြည်လှသည်။ သူ၏ အရှိန်အဝါမှာလည်း လုံးဝ ကွဲပြားနေပြီး စစ်မြေပြင်တွင်သာ ရရှိနိုင်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ရှိနေသည်။ သူကား တတိယမင်းသား ရုံကျို ပင် ဖြစ်သည်။ သူသည် အသက် ၁၅ နှစ်အရွယ်ကပင် အနောက်မြောက်တပ်မတော်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ စစ်ဗိုလ်ချုပ်ငယ်တစ်ဦးအဖြစ် တပ်မတော်အတွင်းတွင် ကျော်ကြားသော ဂုဏ်သတင်း ရှိထားသူလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ မယ်တော်မှာ သာမန်မှူးမတ်မျိုးနွယ် ဖြစ်သော်လည်း အိမ်ရှေ့စံကို ပြန်လည် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
နန်းတွင်းသည် ယခင်ကပင် တိတ်တဆိတ် အုပ်စုနှစ်စု ကွဲနေခဲ့ပြီးဖြစ်သည်။ အိမ်ရှေ့စံတွင် အသာစီးရမှုများ ရှိနိုင်သော်လည်း ရုံကျို ကိုလည်း လျှော့တွက်၍ မရပေ။ ရုံကျင်း၏ ဘက်တွင်မူ သူ၏ မယ်တော်တူ ညီတော်ဖြစ်သော ပဉ္စမမင်းသား ရုံချီ ရှိနေသည်။ သူသည် အိမ်ရှေ့စံမှလွဲ၍ ဘွဲ့အမည် ရရှိထားသော မင်းသားနှစ်ပါးအနက် တစ်ဦးလည်း ဖြစ်သည်။ ရုံကျို၏ ဘေးတွင်မူ အဋ္ဌမမင်းသမီး ရုံရှု နှင့် နဝမမင်းသား ရုံဖုန် တို့ ထိုင်နေကြသည်။ သို့သော် အချို့သော နေရာများမှာ လစ်လပ်နေဆဲပင်။
ထိုသူတို့၏ နောက်တွင်မူ ဝိတိုရိယ မိသားစုကြီး လေးစုဖြစ်သော စီ၊ ကု၊ ချူ နှင့် လု မိသားစုများမှာ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသည်။ ချူမိသားစုမှာ ကုမိသားစု၏ နောက်တွင် ထိုင်နေရသည်။ လုမိသားစုမှာမူ သူတို့နှင့် မျက်နှာချင်းဆိုင်၊ စီမိသားစု၏ နောက်တွင် ရှိသည်။ မိသားစုကြီး လေးစုအနက် စီမိသားစုမှာ အင်အားအကြီးဆုံးဖြစ်ပြီး ချူမိသားစုမှာ အားအနည်းဆုံး ဖြစ်သည်။ မူလက ချူမိသားစုသည် လုမိသားစုထက် အဆင့်အတန်း မြင့်မားခဲ့သော်လည်း နှစ်များကြာလာသည်နှင့်အမျှ မျက်နှာသာပေးခံရမှု လျော့နည်းလာခဲ့သည်။ လုမိသားစုမှာမူ ချမ်းသာကြွယ်ဝမှုဖြင့် သူတို့ကို ကျော်တက်ကာ တတိယနေရာသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ရုံကျင်း နေရာယူပြီး မကြာမီမှာပင် နန်းဆောင်အပြင်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ခန့်ညားထည်ဝါသော ကြေညာသံကို ကြားလိုက်ရ၏။
"ဧကရာဇ်မင်းမြတ် ကြွရောက်လာပါပြီ။ မိဖုရားခေါင်ကြီး ကြွရောက်လာပါပြီ"
လာကြပြီ!
လူတိုင်းသည် ချက်ချင်း မတ်တတ်ရပ်ကာ ဧကရာဇ်နှင့် မိဖုရားရှိရာသို့ ညီညာစွာ အရိုအသေပြုလိုက်ကြသည်။
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ!"
ချူလျိုယွဲ့သည်လည်း အခြားသူများနည်းတူ ပြုလုပ်လိုက်သည်။
"ဟားဟားဟား... အားလုံးပဲ ထိုင်ကြပါ။ ဒီနေ့က ငါ့သားတော်ရဲ့ မွေးနေ့စားပွဲပဲ။ ဒီလောက်ကြီး အလေးအမြတ် ထားနေဖို့ မလိုပါဘူး"
သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အားမာန်ပါသော ရယ်မောသံမှာ နန်းဆောင်အတွင်း ဟိန်းထွက်သွားသည်။
"ကဲ... ကျန်းကျန်း၊ သမီးလည်း သမီးရဲ့ မောင်တော်ဆီကို သွားလိုက်ဦး"
ထိုအခါမှသာ လူတိုင်းသည် မိဖုရားခေါင်ကြီး၏ နောက်တွင် ပါလာသော စတုတ္ထမင်းသမီး ရုံကျန်း ကို မြင်လိုက်ရသည်။ သူမသည် လက်ရှိ မိဖုရားခေါင်ကြီးမှ ဖွားမြင်သော သမီးတော်အရင်း ဖြစ်သည်။ သူမမှာ အသက် ၁၆၊ ၁၇ နှစ်ခန့် ရှိပုံရပြီး ခမ်းနားသော နန်းတွင်းဝတ်စုံမှာ သူမ၏ လှပသော မျက်နှာကို ပိုမိုတောက်ပစေသည်။
"ဒါဆို ခမည်းတော်က ကျန်းကျန်းကို ကတိပေးတယ်ပေါ့နော်?"
ဧကရာဇ် ကျားဝမ်က ချစ်စနိုးဖြင့် ပြုံးလိုက်သည်။ "ဒါပေါ့! သမီးက အားလုံးထဲမှာ အဆိုးဆုံးပဲ။ တခြားသူတွေကို ကြည့်ဦး၊ သမီးလောက် ပြဿနာရှာနိုင်တဲ့သူ မရှိဘူး။ တကယ်လို့ ငါက သဘောမတူရင် ဒီနေ့ သမီး တစ်ခုခု အရှုပ်ရှာဦးမှာကို ငါ ကြောက်ရတယ်"
ရုံကျန်းက နှာခေါင်းလေး ရှုံ့လိုက်သော်လည်း သူမ၏ မျက်နှာတွင်တော့ ချွဲနွဲ့သော အပြုံးတစ်ခု ရှိနေသည်။ သူမသည် ပျော်ရွှင်စွာဖြင့် ရုံကျင်း၏ ဘေးတွင် သွားထိုင်လိုက်သည်။ ဧကရာဇ် ကျားဝမ်သည် သူမကို မည်မျှအထိ အလိုလိုက်ထားကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
မိဖုရားခေါင်ကြီး နေရာယူပြီးမှသာ လူတိုင်း ပြန်ထိုင်ကြသည်။ ချူလျိုယွဲ့သည် ဧကရာဇ်ကို အမြန်ပင် တစ်ချက် လှမ်းကြည့်လိုက်သည်။
ဧကရာဇ် ကျားဝမ် ရုံရှောင်...။ သူမ နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်က 'မဟာညီလာခံ' (Grand Court Meeting) အတွင်း၌ ဖြစ်သည်။ ထိုညီလာခံသို့ ထျန်းလင်းအင်ပါယာ၏ လက်အောက်ခံနိုင်ငံအားလုံး သုံးနှစ်တစ်ကြိမ် လာရောက်ခစားကြရသည်။ ရုံရှောင် ကဲ့ သို့သော အဆင့်အတန်းမျိုးမှာမူ လူအုပ်ကြီး၏ အစွန်ဆုံးမှာသာ ရပ်နေခဲ့ရသူ ဖြစ်သည်။ သူသည် သူမနှင့် စကားပြောဆိုခွင့်ပင် မရှိခဲ့ပေ။
သို့သော် သူမတွင် ထူးကဲသော မှတ်ဉာဏ်ရှိသည်။ ထိုစဉ်က သူမသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံရန် ပြင်ဆင်နေချိန်ဖြစ်သဖြင့် လူတိုင်း၏ ရုပ်သွင်နှင့် သူတို့အချင်းချင်း ဆက်ဆံရေးကို အသေအချာ မှတ်သားထားခဲ့သည်။ ထိုစဉ်ကနှင့် နှိုင်းယှဉ်လျှင် ရုံရှောင် မှာ အိုစာသွားပုံရသည်။ သူ၏ မျက်နှာနှင့် အရှိန်အဝါမှာ များစွာ ကွဲပြားသွားချေပြီ။ ဟုတ်ပေသည်... ထိုစဉ်က သူသည် နှိမ့်ချစွာဖြင့် လူအုပ်ကြားတွင် ရပ်နေရပြီး သူမကို အဝေးမှသာ မော့ကြည့်ခဲ့ရသူ ဖြစ်သည်။ ယခုမူ သူနှင့် သူမ၏ အဆင့်အတန်းမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ!
သူမသည် တစ်ချက်ကြည့်ပြီးနောက် အကြည့်ကို ချက်ချင်း ပြန်လွှဲလိုက်သည်။ ဧကရာဇ် ကျားဝမ်သည် သူ့ထံသို့ ထူးဆန်းသော အကြည့်တစ်ခု ကျရောက်လာသည်ကို သတိပြုမိလိုက်သည်။ သို့သော် သူ လိုက်ကြည့်သောအခါတွင်မူ ထူးခြားမှုကို မတွေ့ရတော့ပေ။
ရုံကျန်း နေရာယူပြီးသည်နှင့် ရုံကျင်း၏ မျက်နှာတွင် မှိုင်းညှို့နေမှု့ကို တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ခုကို သတိရသွားပြီး ချူမိသားစုရှိရာသို့ လှမ်းကြည့်လိုက်သည်။ ချူလျိုယွဲ့မှာ ဒုတိယတန်းတွင် ထိုင်နေသဖြင့် သူမ၏ ပါးလျသော ကိုယ်ဟန်ကိုသာ မြင်လိုက်ရသည်။
သူမသည် ရုံကျင်း၏ အနီးသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ဟိုမှာ ထိုင်နေတာ သူမလား"
ရုံကျင်းက "အင်း" ဟု သာမန်ကာလျှံကာ ဖြေလိုက်သည်။
"ဟင်း! သူက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ။ စိတ်မပူပါနဲ့ မောင်တော်... ကျန်းကျန်း ကူညီပေးမယ်"
ရုံကျင်းက မျက်ခုံးပင့်လိုက်သော်လည်း သူမကို တားဆီးရန် မကြိုးစားပေ။ ဤသည်မှာ လက်ခံလိုက်ခြင်းပင် ဖြစ်သည်။ ရုံကျန်းမှာ ရိုင်းစိုင်းပြီး မောက်မာသူဖြစ်ကာ ထူးဆန်းသော အပြုအမူများကို အမြဲပြုလုပ်တတ်သည်။ သို့သော် သူမ၏ မိဘများက အလွန်အမင်း အလိုလိုက်ထားသဖြင့် သူမ ပြဿနာရှာလျှင်ပင် ဘာမှမဖြစ်နိုင်ပေ။
သူသည် အိမ်ရှေ့စံတစ်ဦးအနေဖြင့် အမဲလိုက်ကွင်းကိစ္စကြောင့် မိန်းကလေးတစ်ဦးနှင့် အငြင်းပွားနေပါက သူ၏ ပုံရိပ်ကို ထိခိုက်နိုင်သည်။ ရုံကျန်းက ဝင်ရောက် ရှင်းလင်းပေးမည်ဆိုပါက အကောင်းဆုံးပင်။
စကားပြောနေကြစဉ်မှာပင် ရုံကျန်းက သူမ၏ နှုတ်ခမ်းကို ဟကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"ဒါ... နာမည်ကျော် ချူမိသားစုက သမီးလေး မဟုတ်လား"
လူတိုင်း ငြိမ်ကျသွားကြသည်။ ထို့နောက် ရုံကျန်းသည် ချူလျိုယွဲ့ကို ပြဿနာရှာတော့မည်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
ချူလျိုယွဲ့က မျက်လုံးလေး ပင့်ကြည့်လိုက်သည်။ ရုံကျန်းက မကောင်းသော အပြုံးဖြင့် "ဒီနှစ်တွေထဲမှာ ငါ မင်းကို သိပ်မတွေ့မိဘူး။ ဒီနေ့မှပဲ ပထမဆုံးအကြိမ် မြင်ဖူးသလို ခံစားရတယ်။ ဒါကြောင့် ပထမဆုံးတွေ့ဆုံခြင်းအတွက် မင်းကို လက်ဆောင်တစ်ခု ပေးချင်တယ်"
ထိုသို့ပြောပြီးနောက် သူမက လက်ခုပ်တီးလိုက်သည်။
"ဟေး... ဘယ်သူရှိလဲ၊ မနေ့က ငါ ရခဲ့တဲ့ ရတနာကို ယူလာခဲ့စမ်း"