အခန်း ၂၃ — သူမသွားလျှင် သူလည်းသွားမည်
ချူလျိုယွဲ့က သူ့ကို ခပ်အေးအေးပင် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ "အကြီးအကဲချုပ်... ရှင့်ကြည့်ရတာ လူတွေကို ဒူးထောက်ခိုင်းရတာ တော်တော်ဝါသနာပါတာပဲ။ တခြားသူတွေရဲ့ ဒူးတွေက ရှင့်ဒူးတွေလိုပဲ ပျော့ညံ့နေလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား"
"နင်... နင်!" အကြီးအကဲချုပ်မှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲတွင် မွန်းကျပ်လာပြီး မျက်နှာတစ်ခုလုံးလည်း နီမြန်းလာတော့သည်။ 'ဒီချူလျိုယွဲ့ကတော့ တကယ်ကို ရဲတင်းလွန်းနေပြီ! ငါ့ကို ဒီလိုလေသံမျိုးနဲ့ ထပ်ခါတလဲလဲ ပြောရဲတယ်ပေါ့!'
ဘေးနားရှိ ချူရှန်းမိန်က ချက်ချင်းပင် အနားသို့တိုးကာ အကြီးအကဲချုပ်ကို ဖေးမရင်း နှစ်သိမ့်ပေးလိုက်သည်။ "အကြီးအကဲချုပ်... စိတ်မဆိုးပါနဲ့ဦး၊ ကျန်းမာရေး ထိခိုက်ပါဦးမယ်။ အစ်မက... အစ်မက စိတ်လိုက်မာန်ပါ လုပ်မိသွားတာ ဖြစ်မှာပါ။ အစ်မ... အကြီးအကဲချုပ်နဲ့ အရာရှိကျောက်ကို အမြန်တောင်းပန်လိုက်ပါဦး"
သူမသည် ချူလျိုယွဲ့အတွက် တကယ်ပင် စိုးရိမ်ပေးနေသည့်အလား ပျာပျာသလဲ ပြောဆိုနေသည်။
"မိန်မိန်! သူ့ဘက်ကနေ မပြောပေးနဲ့။ ဒီလို မိဘအပေါ် မရိုသေတဲ့ သားသမီးဆိုးက နှလုံးသားမရှိဘူး။ အဲဒါကြောင့်လည်း ဒီလိုကိစ္စမျိုးကို လုပ်ရဲတာပေါ့" အကြီးအကဲချုပ်က ဒေါသများ ပိုမိုဆူပွက်လာကာ ဟောက်လိုက်တော့သည်။
ချူလျိုယွဲ့၏ မျက်ဝန်းများ အေးစက်သွားပြီး မျက်ခုံးပင့်ကာ မေးလိုက်၏။ "အကြီးအကဲချုပ်... ကျွန်မက မိဘအပေါ် မရိုသေတဲ့ သားသမီးဆိုးဆိုရင် ချူအိမ်တော်က လူတွေကကော ဘာလဲ။ ကျွန်မက ချူအိမ်တော်ရဲ့ အကြီးဆုံးသမီးဆိုတာကို မမေ့ပါနဲ့ဦး။ ဒါနဲ့ ကျွန်မက ဘာတွေများ လုပ်မိလို့ အကြီးအကဲချုပ် ဒီလောက်တောင် ဒေါသထွက်နေရတာလဲ သိပါရစေဦး"
သူတို့အားလုံး၏ ခန္ဓာကိုယ်ထဲတွင် တူညီသော သွေးများ စီးဆင်းနေကြသည်။ ဤကဲ့သို့ အရှက်ခွဲမှုမျိုးက ချူအိမ်တော် တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်သည်။ အကြီးအကဲချုပ်မှာ ရုတ်တရက် စကားပြန်မရတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်အထိ ဒေါသထွက်သွားရသည်။
"နင်က ဘယ်လိုမျက်နှာမျိုးနဲ့ ဒါကို ပြောရဲတာလဲ။ အိမ်ရှေ့စံရဲ့ အမဲလိုက်ကွင်းကို ကျန်းပေါင်ခန်းမဆီ တိတ်တဆိတ် ရောင်းစားပစ်လိုက်တယ်ဆိုတာ တစ်မြို့တော်လုံး သိနေပြီ!"
အိမ်ရှေ့စံ အမြတ်တနိုး ဂရုစိုက်လာခဲ့သည့် အမဲလိုက်ကွင်းမှာ တစ်ညအတွင်း အခြားသူ၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့သည်။ သူ၏ မွေးနေ့ပါတီနေ့မှာပင် တံခါးဝ ၌အငြင်းခံလိုက်ရသည်။ ဤသည်မှာ အလွန်ပင် သိက္ခာကျစရာ ကောင်းလှပေသည်။
အပေါ်ယံတွင်တော့ အိမ်ရှေ့စံ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်နေသဖြင့် မည်သူမျှ မပြောရဲကြသော်လည်း ကွယ်ရာတွင်မူ တောမီးပမာ ပြန့်နှံ့နေပြီ ဖြစ်သည်။ မြို့တော်ရှိ ထင်ရှားသော မိသားစုတိုင်း ဤကိစ္စကို သိထားကြသည်။ အနည်းငယ် စဉ်းစားကြည့်ရုံဖြင့် ထိုအမဲလိုက်ကွင်းမှာ မူလက အင်ပါယာဘုရင်မင်းမြတ်မှ ချူလျိုယွဲ့ကို လက်ဆောင်ပေးထားခြင်းဖြစ်ကြောင်း သတိရမိကြမည်ဖြစ်သည်။ ထို့ကြောင့် အမဲလိုက်ကွင်းက ကျန်းပေါပေါင်ခန်းမ၏ လက်ထဲရောက်သွားခြင်းမှာ ချူလျိုယွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသည်မှာ အထင်အရှားပင်။
ယခုအခါ ချူအိမ်တော်မှာ မြို့တော်၏ ရယ်စရာ အဖြစ်ပျက်ကြီး ဖြစ်နေရပြီ။ ချူလျိုယွဲ့ကမူ ကျန်းပေါင်ခန်းမ၏ နောက်ခံမှာ မည်မျှတောင့်တင်းနေသနည်းဟုသာ တွေးနေမိသည်။ အိမ်ရှေ့စံကို ဤမျှအရှက်ခွဲရဲသည်မှာ သာမန်လူတစ်ယောက် မတတ်နိုင်သည့်အရာ ဖြစ်သည်။ အကယ်၍ ပိုင်ဆိုင်မှုစာချုပ် ရှိနေလျှင်ပင် အိမ်ရှေ့စံ၏ မျက်နှာကို ထောက်ထားကြမည်သာ။ သို့သော် ရုံကျင်းက ကျန်းပေါင်ခန်းမကို မဆန့်ကျင်ရဲသည်မှာ သိသာလှသည်။ အခွင့်အရေးရလျှင် ၎င်းအကြောင်းကို တိတ်တဆိတ် စုံစမ်းကြည့်ရမည်...။
ချူလျိုယွဲ့သည် စိတ်ထဲမှ ဤသို့တွေးနေသော်လည်း မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ "အဲဒီအမဲလိုက်ကွင်းက မူလကတည်းက ကျွန်မပိုင်တာပဲ။ ကျွန်မရဲ့ ပစ္စည်းကို ဘာလုပ်မလဲဆိုတာ တခြားသူတွေရဲ့ သဘောထားကို ကြည့်နေဖို့ လိုသေးလို့လား"
သူမက မိမိလုပ်ရပ်မှာ မည်သို့မျှ မှားယွင်းခြင်းမရှိသကဲ့သို့ ရဲရဲဝံ့ဝံ့ပင် ပြောဆိုလိုက်သည်။ အကြီးအကဲချုပ်မှာလည်း အံ့အားသင့်သွားရသည်။
ဘေးနားရှိ ကျောက်ချန်က မျက်မှောင်ကြုတ်လိုက်ကာ "ချူအိမ်တော် သခင်မလေး... မင်းကပဲ ပိုင်ဆိုင်မှုစာချုပ်ကို ရောင်းလိုက်တာလို့ ဆိုချင်တာလား"
အစကမူ ချူလျိုယွဲ့တွင် ဦးနှောက်မရှိဘဲ တစ်ပါးသူ၏ လှည့်ဖြားမှုကို ခံလိုက်ရသည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ယခုကြည့်ရသည်မှာ သူမက တမင်သက်သက် လုပ်လိုက်ခြင်း ဖြစ်ပုံရသည်။
ချူလျိုယွဲ့က ရိုးသားစွာပင် ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါဆို ဘာဖြစ်လဲ"
ကျောက်ချန်က ရုတ်တရက် ထရပ်လိုက်ပြီး သူမကို စူးရှသော အကြည့်များဖြင့် ဒေါသတကြီး ကြည့်လိုက်သည်။ မမြင်ရသော ဖိအားတစ်ခုမှာ တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။
"ပိုင်ဆိုင်မှုစာချုပ်မှာ သခင်မလေးရဲ့ နာမည် ရေးထားတာ မှန်ပါတယ်။ ဒါပေမဲ့ မမေ့ပါနဲ့ဦး... ဒီအမဲလိုက်ကွင်းက အင်ပါယာဘုရင်မင်းမြတ်က မင်းတို့ရဲ့ လက်ထပ်ပွဲအတွက် ပေးထားတဲ့ လက်ဆောင်ပါ။ ဆိုလိုတာက မင်းက အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာမှသာ ဒီအမဲလိုက်ကွင်းက တကယ်တမ်း မင်းပိုင်တာ ဖြစ်လာမှာ။ အခုအချိန်မှာတော့ မင်းမှာ ကိုယ့်သဘောနဲ့ကိုယ် စီမံပိုင်ခွင့် မရှိသေးဘူး"
ချူလျိုယွဲ့က ခေါင်းလေးစောင်းကာ "အရာရှိကျောက်... ရှင့်အနေနဲ့ မေ့နေပုံရတယ်။ နောက်ရက်အနည်းငယ်ဆိုရင် ကျွန်မရဲ့ ၁၄ နှစ်ပြည့် မွေးနေ့ရောက်ပြီ။ အဲဒါက အိမ်ရှေ့စံနဲ့ ကျွန်မရဲ့ စေ့စပ်ပွဲနေ့ပဲလေ။ မကြာခင်မှာ ကျွန်မက အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာတော့မှာပဲ။ အမဲလိုက်ကွင်း တစ်ခုလောက် ရောင်းတာက ဘာများ မှားနေလို့လဲ။ ဒါမှမဟုတ်... အိမ်ရှေ့စံက ကျွန်မနဲ့ စေ့စပ်ဖို့ အစီအစဉ် မရှိတော့လို့လား"
သူမသည် အပြစ်ကင်းစင်သော မျက်နှာထားဖြင့် အရာအားလုံးက ယုတ္တိတန်နေသကဲ့သို့ ပြောဆိုနေသည်။ ကျောက်ချန်မှာ ရုတ်တရက် စကားပြန်မရတော့သော်လည်း ဒေါသများကတော့ ဆူပွက်နေဆဲပင်။ 'ဒီချူလျိုယွဲ့က တကယ်ပဲ ရူးနေတာလား။ သူမလို အသုံးမကျတဲ့သူက အိမ်ရှေ့စံကြင်ယာတော် ဖြစ်ဖို့ ဘယ်လိုတောင် အိပ်မက်မက်နေရတာလဲ'
ချူရှန်းမိန်သည် 'အိမ်ရှေ့စံကြင်ယာတော်' ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ အလွန်ပင် ဒေါသထွက်သွားရသည်။ ချူလျိုယွဲ့ကတော့ တကယ်ကို အခြေအနေမှန်ကို မသိသေးဘူးပဲ။ အိမ်ရှေ့စံက အခုထိ ဘာမှမလုပ်သေးတာကို သူမက အိပ်မက်ယောင်နေတုန်းပဲ။
သူမ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု လက်သွားပြီးနောက် လေးနက်နေသော ကျောက်ချန်ကို ကြည့်ကာ ညင်သာစွာ နှစ်သိမ့်လိုက်သည်။ "အရာရှိကျောက်... အစ်မက ဒီကိစ္စမှာ မှားတာ မှန်ပါတယ်။ ဒါပေမဲ့..."
"ငါလုပ်တဲ့အရာက မှန်လား မှားလားဆိုတာ ဆုံးဖြတ်ဖို့ နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ" ချူလျိုယွဲ့က စကားဖြတ်ပြောလိုက်သည်။
ချူရှန်းမိန်က ဝမ်းနည်းပူဆွေးသည့် အမူအရာကို ဖော်ပြလိုက်ကာ မျက်ရည်များ ချက်ချင်းပင် ဝဲတက်လာသည်။ သူမက သနားစဖွယ် ပြောလိုက်၏။ "အစ်မက... ကျွန်မအပေါ် စိတ်ဆိုးနေတုန်းပဲ ထင်တယ်။ ဒါပေမဲ့ အစ်မရယ်... ကိုကြီးကျင်းနဲ့ ကျွန်မက အစ်မထင်သလို မဟုတ်ပါဘူး။ အကယ်၍ ဒီနားလည်မှုလွဲတာကြောင့် အစ်မက စိတ်လိုက်မာန်ပါနဲ့ အမဲလိုက်ကွင်းကို ရောင်းလိုက်တာဆိုရင် ဒါက တကယ်ပဲ ကျွန်မရဲ့ အမှားပါ!"
ဤစကားတစ်ခွန်းက ချူလျိုယွဲ့ဘက်က ရပ်တည်ပေးနေသကဲ့သို့ ရှိသော်လည်း အမှန်စင်စစ်တွင်မူ သူတစ်ပါးကို ချူလျိုယွဲ့အပေါ် ပိုမိုမုန်းတီးလာအောင် လုပ်ဆောင်လိုက်ခြင်းပင်။ သူမသည် အလွန်ပင် စိတ်ပုတ်ကာ ကိုယ့်ကိုယ်ကိုယ်သာ ဗဟိုပြုသူ ဖြစ်သည်ဟု ထင်မြင်စေသည်။
ချူလျိုယွဲ့က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်။ "ဘာနားလည်မှုလွဲတာလဲ။ အိမ်ရှေ့စံနဲ့ စေ့စပ်ထားတာက ငါလေ။ နားလည်မှုလွဲစရာ ဘာရှိလို့လဲ။ ဒါမှမဟုတ်... နင်က ငါ့ရဲ့ လက်ထပ်ခွင့်ကို တကယ်ပဲ လုယူချင်နေတာလား"
ချူရှန်းမိန်၏ မျက်နှာ ဖြူလျော့သွားသည်။ ယခုအချိန်တွင် သူမ၌ မည်သည့်အခွင့်အရေးမျှ မရှိသကဲ့သို့ ဖြစ်သွားရသည်။ ချူလျိုယွဲ့မှာ ထိုစေ့စပ်ကြောင်းလမ်းမှုကြောင့်သာ ပို၍ မောက်မာနေခြင်း ဖြစ်သည်။ သူမသည် ဝမ်းနည်းသည့်ဟန်ဖြင့် ခေါင်းငုံ့ကာ စကားတစ်လုံးမျှ မဆိုတော့ပေ။
ကျောက်ချန်က နှာခေါင်းရှုံ့လိုက်သည်။ "ချူအိမ်တော် သခင်မလေးက ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
အိမ်ရှေ့စံက ချူရှန်းမိန်ကို သဘောကျနေသည်မှာ လူတိုင်းသိသည့်ကိစ္စ ဖြစ်သော်လည်း ချူလျိုယွဲ့က လက်ထပ်ပွဲအကြောင်းကို ပြောရဲသေးသည်။ အိမ်ရှေ့စံက လက်ထပ်ခွင့်ကို စွန့်လွှတ်လိုက်တဲ့အခါမှ သူမရဲ့ မာန်မာနတွေ ဘယ်လောက်ကျန်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့။
"သခင်မလေးက ပိုင်ဆိုင်မှုစာချုပ်ကို ပြန်မယူချင်ဘူးဆိုရင်တော့... အင်ပါယာဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြဖို့ ဒုက္ခပေးရပါလိမ့်မယ်" သူက ပြောရင်း အကြီးအကဲချုပ်ကို ကြည့်ကာ ဦးညွှတ်လိုက်သည်။ "ယနေ့ည စားသောက်ပွဲအတွက် အကြီးအကဲချုပ်နဲ့ သခင်မလေးတို့ကို နန်းတော်ထဲ လာရောက်ဖို့ ဖိတ်ကြားလိုပါတယ်။ အိမ်ရှေ့စံနဲ့ စေ့စပ်ပွဲအကြောင်းကိုလည်း အဲဒီမှာ တစ်ခါတည်း ပြောလို့ရတာပေါ့"
နောက်ဆုံးစကားလုံးမှာ လှောင်ပြောင်သရော်မှုများ ဖုံးကွယ်မရအောင် ပါဝင်နေသည်။ အကြီးအကဲချုပ်က အလျင်စလိုပင် "စိတ်ချပါ အရာရှိကျောက်" ဟု ပြန်ပြောလိုက်သည်။
ကျောက်ချန်သည် စကားဆုံးသည်နှင့် လှည့်ထွက်သွားတော့သည်။ ချူလျိုယွဲ့၏ ဘေးမှ ဖြတ်သွားစဉ် သူက တမင်တကာ ခေတ္တရပ်လိုက်ပြီး "သခင်မလေး... ကျွန်တော်... မင်းအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ဆိုသည်။
သူ၏ ရန်လိုမှုများက ချူလျိုယွဲ့ထံသို့ တိုက်ရိုက် ဦးတည်နေသည်။ သို့သော် ချူလျိုယွဲ့ကမူ အမူအရာ မပျက်ဘဲ ခပ်အေးအေးပင် ပြုံးလိုက်၏။ "ဒီဆုတောင်းကိုပဲ အိမ်ရှေ့စံဆီ ပြန်ပေးလိုက်ပါတယ်"
ကျောက်ချန်သည် သူမ၏ မျက်ဝန်းများကို ကြည့်လိုက်မိသည့်အခါ အေးစက်လှသော ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ နှလုံးခုန်သံမှာ မသိစိတ်ဖြင့် မြန်ဆန်သွားပြီး သူထုတ်လွှတ်ထားသော ရန်လိုမှုများမှာလည်း မသိမသာ လျော့နည်းသွားရသည်။ သူက နှာခေါင်းတစ်ချက်ရှုံ့ကာ လက်သီးကို တင်းတင်းဆုပ်၍ လှည့်ထွက်သွားတော့သည်။
အကြီးအကဲချုပ်က ချူလျိုယွဲ့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ "ဒီည စားသောက်ပွဲ ပြီးသွားတဲ့အခါမှာကော နင်က ဒီလောက်အထိ မောက်မာရဲဦးမလား ကြည့်ကြသေးတာပေါ့"
ချူလျိုယွဲ့က ပခုံးတွန့်ပြလိုက်သည်။ "ဘယ်သူက နောက်ဆုံးမှ ရယ်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ" စကားဆုံးသည်နှင့် သူမသည် လှည့်ထွက်သွားတော့သည်။
အကြီးအကဲချုပ်ကတော့ "မိန်းမယုတ်!" ဟု နောက်မှ လှမ်းဆဲကျန်ရစ်သည်။
ချူရှန်းမိန်၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု လက်သွားသည်။ ယနေ့ည ပြီးသွားလျှင် ချူအိမ်တော်ရော၊ အိမ်ရှေ့စံပါ ချူလျိုယွဲ့ကို ဂရုစိုက်တော့မည် မဟုတ်ပေ။
...
လီမင်းသားစံအိမ်...
ဖိတ်စာ လာရောက်ပေးအပ်သော အရာရှိမှာ တံခါးအပြင်ဘက်တွင် ကျိုးနွံစွာဖြင့် ဦးညွှတ်လျက် စောင့်ဆိုင်းနေသည်။ အပူရှိန်ပြင်းလွန်းသဖြင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသော်လည်း သူသည် မရိုသေရာ ရောက်မည်စိုးသဖြင့် မလှုပ်မယှက် ရပ်နေရရှာသည်။
အတွင်းမှ ပုဂ္ဂိုလ်မှာ မြို့တော်သို့ ပြန်ရောက်သည်မှာ မကြာသေးသော်လည်း 'လီမင်းသား' ဟူသော ဘွဲ့အမည်ကပင် အင်ပါယာဘုရင်မင်းမြတ်၏ စိတ်ထဲတွင် သူ၏ အဆင့်အတန်း မည်မျှရှိသည်ကို ဖော်ပြနေပေသည်။
ကျွီ...
တံခါးပွင့်လာပြီး အစိမ်းနုရောင် ဝတ်ရုံဝတ်ဆင်ထားသော လူငယ်ရဲမက်တစ်ဦး ထွက်လာသည်။ သူသည် ဤသူမှာ လီမင်းသား၏ ကိုယ်ရံတော် 'ယန်ချင်း' ဖြစ်ကြောင်း သိသဖြင့် ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။ "နှုတ်ခွန်းဆက်သပါတယ် အရာရှိယန်ချင်း။ ယနေ့ည အိမ်ရှေ့စံရဲ့ စားသောက်ပွဲကို လီမင်းသား တက်ရောက်မှာလားဆိုတာ သိပါရစေ"
လီမင်းသား ပြန်ရောက်လာသည်မှာ တစ်လနီးပါး ရှိပြီဖြစ်သော်လည်း အပြင်သို့ တစ်ခါမှ ထွက်လေ့မရှိပေ။ ထို့ကြောင့် ယခုလည်း တက်ရောက်မည် မဟုတ်ဟု ထင်ရသော်လည်း...
"ဒါပေါ့... ငါ တက်ရောက်မှာပါ"
စာကြည့်ခန်းအတွင်းမှ လူငယ်တစ်ဦး၏ သြဇာညောင်းပြီး နှစ်လိုဖွယ်ကောင်းသော အသံမှာ ကျောက်မျက်ရတနာချင်း ထိခတ်သံကဲ့သို့ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
သူမ သွားမည်ဖြစ်ရာ သူလည်း သေချာပေါက် သွားရမည် မဟုတ်ပါလား။