အခန်း ၁၃ — ဘယ်သူ ချောင်းကြည့်နေတာလဲ
ခုနစ်ခုမြောက်မင်းသား ရုံရှုးသည် ကျန်းမာရေးမကောင်းသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက မြို့တော်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ချူလျိုယွဲ့ ရုတ်တရက် သတိရသွားသည်။ သူသည် ဤနှစ်များအတွင်း မြို့တော်သို့ တစ်ခေါက်၊ နှစ်ခေါက်ခန့်သာ ပြန်လာဖူးသူဖြစ်သည်။ နန်းတွင်းအရာရှိအချို့ပင် ခုနစ်ခုမြောက်မင်းသား
ရုံရှုးကို အရေးတယူမရှိကြရာ၊ နေ့စဉ်နှင့်အမျှ နှိပ်စက်ခံနေရသော မူလချူလျိုယွဲ့ကဲ့သို့ သာမန်မိန်းကလေးတစ်ယောက်ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ မူလချူလျိုယွဲ့၏ မှတ်ဉာဏ်ထဲတွင် ရုံရှုးနှင့် ပတ်သက်သည့် မှတ်သားချက်မှာ အလွန်နည်းပါးလွန်းလှသဖြင့် သူ မြို့တော်တွင် မရှိကြောင်းကိုပင် ချူလျိုယွဲ့ သတိမထားမိခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့ ခုနစ်ခုမြောက်မင်းသား ပြန်လာတော့မယ်လို့တော့ ငါကြားထားတယ်... လုအာ၊ သမီးက လင်းကျုံးမှာ သူ့ကို တကယ်ပဲ တွေ့ခဲ့တာလား" ချူနင်က စူးစမ်းသလို မေးလိုက်သည်။
ချူလျိုယွဲ့ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး အခြေအနေကို ကြည့်ကာ လိုက်လျောညီထွေ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်အဖေ! သမီးလည်း အဲဒီတုန်းက အံ့သြသွားတာ။ သူပြန်လာတာနဲ့ အခုလို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးလေ"
"ဒါကြောင့်ကိုး... ခုနစ်ခုမြောက်မင်းသား တကယ် ပြန်ရောက်နေပြီထင်တယ်။ ဒါပေမဲ့ မြို့တော်ထဲမှာတော့ ဘာသတင်းမှ မကြားမိသေးပါဘူး" ချူနင်သည် မျက်ခုံးစုကာ ခဏမျှ စဉ်းစားနေသော်လည်း ဤကိစ္စကို သိပ်အလေးမထားတော့ပေ။ မည်သို့ပင်ဆိုစေ ရုံရှူးသည် တော်ဝင်မိသားစုဝင်ဖြစ်ပြီး သူ၏ အလုပ်များကို သူ့နည်းသူ့ဟန်ဖြင့် လုပ်ဆောင်ပေလိမ့်မည်။ ယခုအခါ ချူနင်သည် နန်းတွင်းရေးရာများနှင့် ကင်းကွာနေပြီဖြစ်သဖြင့် ဤအရှုပ်အထွေးများကို ထပ်မံစဉ်းစားနေရန် မလိုတော့ပေ။
သူသည် ချူလျိုယွဲ့၏ ခေါင်းကို အသာအယာ ပွတ်သပ်လိုက်ရင်း "ဒီတစ်ခါတော့ ငါတို့ ခုနစ်ခုမြောက်မင်းသားကို ကျေးဇူးအကြွေး အကြီးကြီး တင်သွားပြီပဲ။ အခွင့်သာရင်တော့ အဖေ ကိုယ်တိုင် သွားပြီး ကျေးဇူးတင်ရမယ်"
ချူလျိုယွဲ့ကမူ စိတ်ထဲမှ ငြင်းဆန်နေမိသည်။ ကျေးဇူးအကြွေး ဟုတ်လား... ကျွန်မက သူ့ရဲ့ ပိပေါ်ကန် ရေအိုင်ကို ခဏပဲ သုံးလိုက်တာပါနော်။ သို့သော်လည်း ချူနင်၏ စိတ်ချလက်ချ ဖြစ်သွားသော မျက်နှာပေးကို ကြည့်ကာ သူမ ထပ်မရှင်းပြတော့ဘဲ ဆူပွက်နေသော ဆေးအိုးဆီသို့ စကားလမ်းကြောင်း လွှဲလိုက်သည်။
"အဖေ... သမီး ဒါကို ဆေးကျမ်းအတိုင်း ကြိုထားတာ။ ဒဏ်ရာဟောင်းတွေအတွက် အသုံးဝင်တယ်လို့ ကြားလို့ပါ။ စမ်းကြည့်ကြည့်ဦး!" ချူလျိုယွဲ့က ဆေးတစ်ခွက် ခပ်ထုတ်လိုက်ပြီး ဘေးနားရှိ ကျောက်စိမ်းသေတ္တာကို ဖွင့်ကာ လက်မခန့် အထူရှိသော တစ်လက်မရှည်သည့် အနီရောင် ဆေးမြစ်တစ်ခုကို ထုတ်လိုက်သည်။ သူမက ထိုဆေးမြစ်ကို အားဖြင့် ညှစ်ချလိုက်ရာ အနီရောင် ဆေးရည်များက ဆေးခွက်ထဲသို့ စီးကျသွားသည်။ ထို့နောက် သူမက ဆေးခွက်ကို ချူနင်ထံ ကမ်းပေးလိုက်သည်။
ချူနင်သည် ခွက်ထဲရှိ အနီဖျော့ရောင် ဆေးရည်ကို ငုံ့ကြည့်ကာ မဝံ့မရဲ ဖြစ်နေသည်။ "လုအာ... ဒါက တကယ်ပဲ အစွမ်းထက်လို့လား"
သူ ဘာကို စိုးရိမ်နေသည်ကို ချူလျိုယွဲ့ သိပြီးသားဖြစ်သည်။ ဘာမှမသိနားမလည်သော ကလေးမလေးတစ်ယောက် ပထမဆုံးအကြိမ် ကြိုထားသည့် ဆေးကို မည်သူက ယုံရဲပါမည်နည်း။ ဆေးစွမ်းထက်ရန်ထက် အဆိပ်မဖြစ်ဖို့သာ သူ ဆုတောင်းနေပေလိမ့်မည်။ သူမသည် မိမိကိုယ်မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောပြ၍ မရသလို၊ အဖေ့၏ ဒဏ်ရာဟောင်းမှာ သူမအတွက် စာဖွဲ့လောက်သည့် ကိစ္စမဟုတ်ကြောင်းလည်း ရှင်းပြ၍ မရသဖြင့် တိုက်ရိုက် တိုက်ကျွေးခြင်းကသာ အကောင်းဆုံးဖြစ်သည်။
"လုအာ... သမီး ဒါကို ဆေးကျမ်းထဲကအတိုင်း သေချာရော လုပ်ထားရဲ့လား..."
ချူလျိုယွဲ့ ရှင်းပြရန် ပြင်လိုက်သော်လည်း ချူနင်က သူမလက်ထဲမှ ဆေးခွက်ကို လှမ်းယူလိုက်ပြီးဖြစ်သည်။ သူက ခပ်ပြုံးပြုံးဖြင့် "သမီးက အဖေ့အတွက် အပင်ပန်းခံပြီး လုပ်ပေးထားတာပဲ၊ အဖေက သမီးရဲ့ စေတနာကို အလဟဿ အဖြစ်မခံနိုင်ပါဘူး" ဟု ပြောကာ ဆေးတစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ချလိုက်တော့သည်။
သောက်ပြီးသွားသောအခါ အားရပါးရပင် ခွက်အလွတ်ကို ချူလျိုယွဲ့အား ပြလိုက်သေးသည်။ "ကြည့်စမ်း! တစ်စက်တောင် မကျန်ဘူး!"
တစ်ကမ္ဘာလုံးက သူ့ကို ဒုက္ခပေးချင်လျှင်ပင် လုအာကတော့ ဒုက္ခပေးမည် မဟုတ်ပေ။ ဤဆေးက ဘာအကျိုးရှိမည်ကို သူ မသေချာသော်လည်း သမီးအချစ်တော်လေး တိုက်သည့်ဆေးမို့ သူ လိုလိုလားလားပင် သောက်ခဲ့ခြင်းဖြစ်သည်။
ချူလျိုယွဲ့သည် ချူနင်၏ ကြည်နူးနေသော မျက်နှာကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး မသိစိတ်ဖြင့် မေးလိုက်မိသည်။ "ဒါ သမီး ပထမဆုံး လုပ်ဖူးတဲ့ ဆေးလေ။ ဘာအတွေ့အကြုံမှလည်း မရှိဘူး။ အဖေ မကြောက်ဘူးလား..."
"အခုတော့ အတွေ့အကြုံ ရှိသွားပြီ မဟုတ်လား။ အဖေ ရှိနေသရွေ့ သမီး ဘာမှ စိတ်ပူစရာ မလိုဘူး! သမီး လုပ်ချင်တာ မှန်သမျှ လုပ်နိုင်တယ်"
ချူလျိုယွဲ့ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ အရင်ဘဝက နာကျင်စရာ သစ္စာဖောက်မှုများကြောင့် သူမ၏ နှလုံးသားမှာ ရေခဲတမျှ အေးစက်ခဲ့ရသည်။ သို့သော် ချူနင်၏ မေတ္တာအပြည့်ပါသော အပြုံးကို ကြည့်ရင်း သူမ၏ နှလုံးသားလေး ပြန်လည် နွေးထွေးလာရသည်။ သူမ ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်လိုက်သည်။
ခဏအကြာတွင် သူမ စကားတစ်ခွန်း ပြောလိုက်သည်။ "အဖေ... အဖေ ပြန်ကောင်းလာမှာပါ!"
ချူနင် မှင်တက်သွားသော်လည်း သူမ၏ စကားတိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"နောင်တစ်နေ့မှာ အဖေ အရင်လို ပြန်ပြီး သန်မာလာမှာပါ! မဟုတ်ဘူး... အရင်ကထက်တောင် ပိုပြီး သန်မာလာဦးမှာ!"
ချူနင်၏ ရင်ထဲတွင်မူ ခါးသီးစွာ ပြုံးမိသည်။ အရင်ကထက် သန်မာလာဖို့ ဟုတ်လား... သူ၏ ခြေထောက်က ကုမရတော့သည့် အခြေအနေဖြစ်ကာ ကျင့်စဉ်လည်း မတိုးတက်နိုင်တော့ပေ။ ထိုစကားမျိုးကို ပြောရန် လွယ်သော်လည်း လက်တွေ့ဖြစ်ရန်မှာ မလွယ်ကူလှ။ သို့သော် သမီးဖြစ်သူ၏ စိတ်ကို မထိခိုက်စေချင်သဖြင့် ပြုံးလျက် ချူလျိုယွဲ့၏ ပါးကို အသာဆွဲကာ မေးလိုက်သည်။
"ဪ... ဒါနဲ့ ဆေးမြစ်တွေအတွက် ပိုက်ဆံက..."
ချူလျိုယွဲ့ မျက်လုံးလေး ကစားလိုက်ရင်း "အိမ်ရှေ့စံက ပေးတာပါ၊ အဲဒါ စိတ်မပူပါနဲ့" ဟု ဖြေလိုက်သည်။
ချူနင်က သူမပြောသည်ကို သိပ်မယုံသော်လည်း သူမ၏ ယုံကြည်မှုရှိသော မျက်နှာပေးကြောင့် ထပ်မမေးတော့ဘဲ အမှာအစကားအချို့ ပြောကာ ထွက်သွားတော့သည်။ မည်သို့ပင်ဆိုစေ သူက ခွင့်ယူပြီး ပြန်လာခြင်းဖြစ်သည်။ သမီးဖြစ်သူ ဘာမှမဖြစ်သည်ကို မြင်ရပြီဖြစ်၍ သူ အလုပ်ပြန်သွားရမည်။
ချူလျိုယွဲ့သည် သူ ထွက်သွားသည်ကို စောင့်ပြီးမှ ဆေးများကို ဆက်ကြိုနေတော့သည်။ ချူနင်၏ ဒဏ်ရာမှာ ပြဿနာကြီးမဟုတ်သဖြင့် ဆေးမြစ်အချို့ကို နှစ်နာရီခန့် ကြိုချက်ရုံဖြင့် လုံလောက်သည်။ နောက်ထပ် ကြိုရမည့်ဆေးကသာ ဤဇာတ်လမ်း၏ အဓိက အသက်သွေးကြော ဖြစ်ပေလိမ့်မည်။
အချိန်များ ကုန်ဆုံးသွားရာ ညနက်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အိမ်ထဲရှိ ဆေးရနံ့များမှာ ပို၍ ပြင်းရှလာသည်။ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသော်လည်း ခြံဝန်းအတွင်းမှာမူ စိတ်ကို ကြည်လင်စေသော ဆေးရနံ့များ ဖုံးလွှမ်းနေသည်။ သို့သော် သူမတို့ နေထိုင်ရာမှာ အိမ်တော်၏ လူသူကင်းဝေးသော ထောင့်တစ်နေရာ ဖြစ်သည့်အပြင် နံနက်ပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ချူမိသားစုဝင် မည်သူမျှ ဤနေရာသို့ ခြေဦးလှည့်လာမည် မဟုတ်ပေ။
ကောင်းကင်ယံတွင် လမင်းကြီးက မြင့်မားစွာ သာထွန်းနေသည်။ အိမ်တွင်းအိမ်ပြင် တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ချူလျိုယွဲ့သည် ကြိုချက်ထားသော ဆေးရည်အားလုံးကို ဘေးတွင် အသင့်ပြင်ထားသည့် ရေချိုးကန် သစ်သားပုံးထဲသို့ လောင်းထည့်လိုက်သည်။ ဆေးရနံ့များနှင့် အငွေ့အသက်များက ပေါင်းစပ်ကာ လေထုထဲတွင် ပျံ့နှံ့သွားသည်။
ထို့နောက် သူမ ခါးပတ်ကို ဖြည်ကာ အဝတ်အစားများ ချွတ်ရန် ပြင်လိုက်သည်။ သူမသည် အလွန် ပိန်လှီသော်လည်း မိန်းမပျိုလေးတစ်ဦး၏ ကောက်ကြောင်းအချို့ ရှိနေပြီဖြစ်သည်။ အဝတ်အစားများ ကြမ်းပြင်ပေါ်သို့ လျောကျသွားသောအခါ ဝင်းပစိုပြေသော ပုခုံးလေးများ ပေါ်ထွက်လာသည်။
ဒုန်း!
အပြင်ဘက်မှ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ချူလျိုယွဲ့ ချက်ချင်းပင် အဝတ်အစားများကို ပြန်ဝတ်ကာ ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး ဖွင့်ကြည့်လိုက်သည်။
"ဘယ်သူလဲ"
ခြံဝန်းတစ်ခုလုံးမှာ သေလောက်အောင် တိတ်ဆိတ်နေသည်။ အဝေးမှ တံတိုင်းပေါ်တွင် အဖြူရောင် ပုံရိပ်တစ်ခု ဖြတ်ခနဲ ပျောက်ကွယ်သွားသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။ သေချာကြည့်ရန် ကြိုးစားလိုက်သော်လည်း ထိုပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ မရှိတော့ပေ။ သူမ သတိကြီးစွာဖြင့် ခဏမျှ စောင့်ကြည့်နေသော်လည်း ဘာအသံမှ ထပ်မကြားရတော့မှသာ ကြည့်ခြင်းကို ရပ်လိုက်သည်။
ပြတင်းပေါက်ကို သေချာပိတ်ရန် ပြင်စဉ်တွင် အတွေးတစ်ခု လက်ခနဲ ဝင်လာသည်။ ရွှယ်ရွှယ် ပြန်လာတာလား။ ဤနေရာသို့ လာနိုင်သူမှာ ထိုခြင်္သေ့ဖြူမှအပ တခြားလူကို သူမ စဉ်းစားမရပေ။ ဒါပေမဲ့ သူက ဘာလို့ ထွက်သွားရတာလဲ။
ခဏမျှ စဉ်းစားပြီးနောက် ချူလျိုယွဲ့သည် ပြတင်းပေါက်ကို ပိတ်လိုက်သော်လည်း အတွင်းမှချက် မချလိုက်ပေ။ အကယ်၍ သူ ပြန်လာပါက ပြတင်းပေါက်မှ ဝင်လာနိုင်ရန်ဖြစ်သည်။ ထို့နောက်တွင်မှ သူမ အဝတ်အစားများကို ထပ်မံချွတ်ကာ ရေချိုးကန်ထဲသို့ ဆင်းလိုက်တော့သည်။
ပူနွေးသော စွမ်းအင်များက သူမ၏ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ တိုးဝင်လာသည်။ ချူလျိုယွဲ့၏ မျက်နှာမှာ သွေးများ တိုးလာသဖြင့် ချက်ချင်းပင် နီမြန်းသွားရသည်။ သူမ၏ မှော်စွမ်းအင် သွေးကြောများမှာ ချို့ယွင်းနေပြီး ခန္ဓာကိုယ်မှာလည်း အားနည်းလွန်းသဖြင့် ဤမျှ ပြင်းထန်သော စွမ်းအင်လှိုင်းများကို ခံနိုင်ရည်ရှိရန် ခဲယဉ်းလှသည်။
ချူလျိုယွဲ့သည် ဘေးရှိ နောက်ဆုံးကျောက်စိမ်းသေတ္တာကို ဖွင့်ကာ ဖန်ခါးသီးခန့်ရှိသော စိမ်းစိုသည့် အေးစက်သော ပုလဲလုံးကို ထုတ်၍ ပါးစပ်ထဲ ငုံထားလိုက်သည်။ ရင်ထဲအထိ အေးစက်သွားစေသော အငွေ့အသက်များက အဆုတ်ထဲသို့ တိုးဝင်သွားသည်။ သူမ၏ တစ်ကိုယ်လုံး တစစ်စစ်နှင့် နာကျင်လာတော့သည်။
အပြင်ဘက်က ပူနွေးနေပြီး အတွင်းဘက်က အေးဆက်နေသည်။ သူမသည် ရေခဲနှင့် မီးတောက်ကြားတွင် တစ်ပြိုင်တည်း တိုက်ခိုက်ခံနေရသလို ခံစားနေရသည်။ သို့သော်လည်း သူမ၏ မှော်စွမ်းအင် သွေးကြောများကို ဤကဲ့သို့ ပြင်းထန်သော တုန်ခါမှုမျိုးဖြင့်သာ ပြန်လည် နိုးထစေနိုင်မည် ဖြစ်သည်။
ချူလျိုယွဲ့သည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ သူမ၏ တန်ထျန်း (Dantian) အတွင်းရှိ စုတ်ပြတ်နေသော မမြင်ရသည့် စာအုပ်စာမျက်နှာများသည် ရေကန်ငယ်လေးများအဖြစ် ပြောင်းလဲသွားကာ ရုတ်တရက် လှိုင်းထလာတော့သည်။
ချူမိသားစု အိမ်တော်အပြင်ဘက်ရှိ မှောင်မည်းသော လမ်းကြားတစ်ခုထဲတွင် ထွားကြိုင်းသော ပုံရိပ်တစ်ခုက မှောင်ရိပ်ခိုနေသည်။ တောက်ပသော လရောင်သည်ပင် သူ၏ မျက်ဝန်းများလောက် ကြည်လင်ခြင်း မရှိပေ။ သူ၏နောက်ကွယ်တွင်မူ ခြင်္သေ့ဖြူတစ်ကောင်သည် နဖူးပေါ်တွင် လတ်လတ်ဆတ်ဆတ် ဖြစ်ပေါ်နေသော အဖုကြီးကို ပွတ်ကာ ငိုမဲ့မဲ့ဖြင့် ဝပ်နေရရှာသည်။
ရုံရှူးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တိတ်ဆိတ်မှောင်မည်းနေသော ခြံဝန်းလေးကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ၏ အသံမှာ အေးစက်လှသည်။
"နောက်တစ်ခါ ထပ်လုပ်ရင် နင့်မျက်လုံးကို ငါ ထိုးပစ်မယ်။ နားလည်လား"